ဒေါရစ်လက်စင်း ဆိုသူမှာ

Doris_lessing_01
ဒေါရစ်လက်စင်း

ဒေါရစ်လက်စင်း(Doris Lessing) ဆိုသူမှာ စာပေဆိုင်ရာနိုဘယ်ဆုရရှိထားသူ ဗြိတိန်နိုင်ငံသား စာရေးဆရာမကြီးဖြစ်သည်။ ကမ္ဘာ့စာပေအသိုက်အဝန်းတွင် ထင်ရှားကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးလည်းဖြစ်သည်။

၁၉၀၃ ခုနှစ်မှ ၂၀ဝ၇ ခုနှစ်အတွင်း စာပေဆိုင်ရာနိုဘယ်ဆုရရှိသူ အမျိုးသမီးစာရေးဆရာမ ၁၁ ဦးရှိသည်။ ထိုစာရင်းတွင် လက်စင်းသည်  ၁၁ ဦးမြောက်ဖြစ်သည်။ လက်စင်းကို ၁၉၁၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် အီရန်နိုင်ငံ၌ မွေးဖွားခဲ့သည်။ ဗြိတိန်သျှကိုလိုနီပြုထားသည့် ဇင်ဘာဘွေနိုင်ငံသို့ ၁၉၂၅ ခုနှစ်၊ အသက် ၆ နှစ်အရွယ်တွင် မိသားစုနှင့်အတူ လက်စင်း ပြောင်းရွေ့နေထိုင်ခဲ့သည်။ ဇင်ဘာဘွေနိုင်ငံရှိ ဒိုမီနီကမ် ခရစ်ယာန် သီလရှင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ အသက် ၁၄ နှစ်အရွယ်တွင် ကျောင်းမှထွက်ခဲ့သည်။ အသက် ၁၅ နှစ်အရွယ်တွင် မိသားစုနှင့်ခွဲခွာခဲ့ပြီး သူနာပြုအလုပ်ကို လုပ်ကိုင်ခဲ့သည်။ ထိုသို့လုပ်ကိုင်ရင်း နိုင်ငံရေးနှင့်လူမှုရေးရာဘာသာရပ်များကို စတင်လေ့လာခဲ့သည်။ ထိုကာလတွင်ပင် စာပေများကို လက်စင်းက စတင်ရေးသားနေပြီဖြစ်သည်။ ထိုနောက်ပိုင်းကာလများတွင် လက်စင်းသည် တယ်လီဖုန်းအော်ပရေတာ အဖြစ်လည်းကောင်း၊ အိမ်ထောင်သည်ဘဝအဖြစ်လည်းကောင်း နေထိုင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပြောင်းရွေ့ နေထိုင်ခဲ့သည်။ ထိုနောက် စာပေရေးသားခြင်းကို အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

ဇင်ဘာဘွေနိုင်ငံတွင် ဖြစ်ပျက်နေသည့် ကိုလိုနီခေတ် လူဖြူလူမည်းပြဿနာများကို အခြေခံထားသည့် လုံးချင်းဝတ္ထုကို လက်စင်းရေးသားခဲ့ ပြီး ၁၉၅၀ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ဝတ္ထုအမည်မှာ The Grass is Singing ဖြစ်သည်။ လက်စင်း၏ ပထမဦးဆုံးလုံးချင်းဝတ္ထုဖြစ်ပြီး ဥရောပနှင့်အမေရိကတို့တွင် လူသိများခဲ့သောစာအုပ်ဖြစ်သည်။

လက်စင်း၏ ငယ်ဘဝအတွေ့အကြုံများ၊ နိုင်ငံရေးအတွေ့အကြုံများ၊ လူမှုရေးအတွေ့အကြုံများ၊ လူမျိုးစုများအကြား မညီမျှမှုများနှင့်ယဉ်ကျေးမှုများအကြား ပဋိပက္ခဖြစ်ပွားခြင်း အတွေ့အကြုံများက သူမ၏ စာပေဘဝကို လွှမ်းမိုးခဲ့သည်။ သူမ၏ စာပေလက်ရာများသည် သူမဖြတ်သန်းရသည့် ဘဝများထဲမှ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။

လက်စင်း၏ အကောင်းဆုံးစာပေလက်ရာအဖြစ် ၁၉၆၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် The Golden Note book ကို ပြောဆိုကြ သည်။ ထိုစာအုပ်ကို ဆွိဒစ်ရှ်အကယ်ဒမီက ၂၀ ရာစုအတွက် အမျိုးသား-အမျိုးသမီးလူမှုဆက်ဆံရေးဆိုင်ရာများ အကြောင်းကို အခြေပြုရေးသားထားသည့် ရှေ့ဆောင်စာအုပ်တစ်အုပ်အဖြစ်ပြောဆိုသည်။ လက်စင်းသည် အမျိုးသမီးဆိုင်ရာ အကြောင်းအရာများကိုအခြေခံပြီး ရသစာပေများရေးသားလေ့ရှိသော်လည်း အမျိုးသမီးအခွင့်အရေးဆိုင်ရာလှုပ်ရှားမှုများနှင့် ဝေးဝေးနေထိုင်သူဖြစ်သည်။ ထိုလှုပ်ရှားမှုများတွင် သူမအနေဖြင့် ပါဝင်လေ့မရှိပါ။ Harper Collins စာအုပ်တိုက်မှ စီအီးအို Charlie Redmayne က လက်စင်းသည် ထူးချွန်ထက်မြက်သော စာရေးဆရာမတစ်ဦးဖြစ်ကြောင်း၊ သူမတွင် စူးရှသော အတွေး အခေါ်များရှိကြောင်းနှင့် နွေးထွေးသောနှလုံးသားဖြင့် သူမ ယုံကြည်ရာကို ထုတ်ဖော်ပြောဆိုရန် မကြောက်ရွံ့သူဖြစ်ကြောင်း ပြောဆိုခဲ့သည်။

စာပေဆိုင်ရာနိုဘယ်ဆုကို အသက် ၈၈ အရွယ်၊ ၂၀ဝ၇ ခုနှစ်တွင် လက်စင်း ရရှိခဲ့သည်။ ၁၉၉၅ ခုနှစ် ဇွန်တွင် ဟားဗက် တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့သည်။ The Grass is Singing(1950), Children of Violence, The Golden Notebook(1962), Briefing for a Descent into Hell, The Good Terrorist, Canopus in Argos, The Cleft တို့သည် လက်စင်း၏ လူသိများသော လုံးချင်းစာအုပ်များဖြစ်သည်။ ၂၀ဝ၈ ခုနှစ်တွင် Alfred and Emily လုံးချင်းစာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ် သည် လက်စင်း၏နောက်ဆုံးစာပေလက်ရာလည်းဖြစ်သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်၊ အသက် ၉၄ နှစ်အရွယ်တွင်  လက်စင်း ကွယ်လွန်ခဲ့သည်။ သူမ၏ စာပေလက်ရာအဖြစ် လုံးချင်းစာအုပ် ၅၀ ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။ သူမကွယ်လွန်မှုနှင့်ပတ်သက်ပြီး စာရေးဆရာမ Fay Weldon က သူမနှင့်ထပ်တူကျနိုင်မည့် စာရေးဆရာမတစ်ဦးကို နောက်တစ်ကြိမ်တွင် ထပ်တွေ့နိုင်တော့မည်မဟုတ်ဟု ပြောဆိုခဲ့သည်။ ထို့အတူ သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ Jonathan Clowers က လည်း ကိုယ်ပိုင်စိတ်ကူးစိတ်သန်းနှင့် နှစ်လိုဖွယ် ကောင်း၍ စွဲဆောင်မှုအပြည့်ရှိသောစာကို ရေးသားနိုင်သူသည် လက်စင်းဖြစ်သည်ဟု ဆိုခဲ့သည်။

၁၉၇၇ ခုနှစ်တွင် လက်စင်းစာပေလေ့လာသူများကို ကူညီထောက်ပံ့ရန်အတွက် Doris Lessing Society ကို ထူထောင်ခဲ့ကြသည်။ ထိုအဖွဲ့က ဒေါရစ်လက်စင်းသတင်းလွှာကို ၁၉၇၇ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ ထိုသတင်းလွှာကို ဒေါရစ်လက်စင်း လေ့လာမှုဂျာနယ်အဖြစ် ၂၀ဝ၂ ခုနှစ်တွင် ပြောင်းလဲထုတ်ဝေခဲ့သည်။ လင်စင်းသည် English PEN ၏ သက်တမ်းအရှည်ဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ တစ်သက်တာလုပ်ဆောင်မှုများအတွက် Golden PEN ဆုကို ၂၀ဝ၂ ခုနှစ်တွင် ရရှိခဲ့ပြီး စာပေဆိုင်ရာ ဆုများကိုလည်း ရရှိထားသူဖြစ်သည်။

ဟန်ဇော်

Ref: www.news.bbc.co.uk, www.dorislessing.org, www.wikipedia.org

အလင်းတန်းဂျာနယ် အမှတ် (၇၈၄)၊ ၉ ဒီဇင်ဘာ ၂၀၁၃ ခုနှစ်

ဂရပ်ဖစ်လက်ရာအတွက် အကြိမ်သတ်မှတ်ခြင်းဆိုသည်မှာ

သစ်ထွင်းပုံနှိပ်ဂရပ်ဖစ်အနုပညာလက်ရာ
သစ်ထွင်းပုံနှိပ်ဂရပ်ဖစ်အနုပညာလက်ရာ

ဂရပ်ဖစ်အနုပညာလက်ရာများကို ထုတ်လုပ်သောအခါ တစ်ခုထက်ပိုသောအနုပညာလက်ရာများကို ထုတ်လုပ်နိုင်ပါသည်။ ထိုသို့ထုတ်လုပ်နိုင် ခြင်းမှာ ဂရပ်ဖစ်၏မူလသဘာဝတွင် တစ်ခုထက်ပိုသော အရေအတွက်ကို ထုတ်လုပ်နိုင်သော သဘာဝရှိသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ဂရပ်ဖစ်အနုပညာလက်ရာရှင်သည် မိမိအနေဖြင့် လက်ရာအရေအတွက်မည်မျှကို ထုတ်လုပ်ထားကြောင်း ကြေညာပေးရလေ့ရှိပါသည်။ ကြေညာနိုင်ရန်လက်ရာအရေအတွက်တစ်ခုမှ စတင်၍ မိမိအလိုရှိရာအရေအတွက်အထိ  သတ်မှတ်၍ ထုတ်လုပ်နိုင်သည်။

ဂရပ်ဖစ်အနုပညာတစ်ခုကို စာဖတ်သူက ကွန်ပျူတာဖြင့် ဖန်တီးခဲ့သည်ဆိုပါဆို့။ ထိုမူရင်းလက်ရာသည် စာဖတ်သူ၏ ကွန်ပျူတာအတွင်းတွင် ရှိနေပေလိမ့်မည်။ ယင်းကို ထုတ်ယူပြသရန်အတွက် စာဖတ်သူသည် ပုံနှိပ်နည်းစနစ်တစ်ခုကို အသုံးပြုရမည်ဖြစ်သည်။ ထိုသို့ ပုံနှိပ်ထုတ်လုပ်ရာ တွင် စာဖတ်သူသည် စက္ကူပေါ်တွင် ပုံနှိပ်သည့်နည်းစနစ်ကို အသုံးပြုသည်ဆိုပါစို့။ ပုံနှိပ်စက်ကို အသုံးပြုသောကြောင့် စာဖတ်သူသည် ပုံနှိပ်ထုတ်ဝေမည် အရေအတွက်ကို သတ်မှတ်ရမည်ဖြစ်သည်။ ထိုသို့သတ်မှတ်ရာတွင် တစ်ခုတည်းသောအရေအတွက်မှ စာဖတ်သူသတ်မှတ်လို သည့်အရေအတွက်အထိ သတ်မှတ်နိုင်မည်ဖြစ်သည်။ ကွန်ပျူတာတွင်ဖန်တီးထားသည့် ဂရပ်ဖစ်အနုပညာလက်ရာကို တစ်ခု သို့မဟုတ် တစ်ရာ သို့မဟုတ် တစ်ထောင်စသဖြင့် ပုံနှိပ်ထုတ်လုပ်နိုင်သည်ကို ဆိုလိုရင်းလည်းဖြစ်သည်။ ထိုသို့ပုံနှိပ်ထုတ်လုပ်ရာတွင် အနုပညာလက်ရာရှင်သည် ထုတ်လုပ်ထားသည့် အရေအတွက်ကို မိမိလက်ရာစုဆောင်းသူအတွက် ထုတ်ဖော်ကြေညာပေးထားရသည်။ ထို့အပြင် မိမိလက်ရာကို ဝယ်ယူသွား သူအတွက်လည်း မိမိရောင်းချသည့်လက်ရာအမှတ်စဉ်ကို ထည့်သွင်း၍ လက်မှတ်ရေးထိုးပေးရလေ့ရှိသည်။ (စကားချပ်-ကွန်ပျူတာတွင် ဖန်တီးထားသည့်လက်ရာကို ပုံနှိပ်ပြသရုံသာပြသ၍ မိမိလက်ရာကို စုဆောင်းသူအား ရောင်းချရာတွင် ဆော့လ်စ်ကော်ပီ (Softcopy)ကို စီဒီဖြင့်ပေးအပ်သည့် အခြေအနေတစ်ရပ်လည်းရှိပါသည်။)

ထိုသို့သတ်မှတ်ခြင်းကို ထုတ်လုပ်သည့်အရေအတွက် သို့မဟုတ် ထုတ်လုပ်သည့်အကြိမ်ဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။ ထိုစကားကို အင်္ဂလိပ် ဘာသာဖြင့် Edition ဟု သုံးနှုန်းပါသည်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းများတွင်လည်း အကြိမ် (Edition)ဟူသောစကားကို သုံးပါသည်။ အနုပညာလက်ရာများအတွက် အသုံးပြုသည့်အကြိမ် (Edition)နှင့်စာအုပ်ထုတ်ဝေရေးတွင် အသုံးပြုသည့် အကြိမ်အသုံးအနှုန်းသည် ကွာခြားသည်ဟု သုံးသပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် များပြားလှသည့် စာအုပ်အရေအတွက်(ဥပမာ-တစ် ထောင်၊ တစ်သောင်း၊ တစ်သိန်း)ကို အကြောင်းအရာတစ်ခုအတွက် တစ်ကြိမ် ထုတ်ဝေခြင်းကို ပထမအကြိမ်ဟု သုံးနှုန်းပါသည်။ ဂရပ်ဖစ်အနုပညာလက်ရာတွင်မူ အနုပညာလက်ရာတစ်ခုတည်းအတွက် ထုတ်လုပ်သည့်အရေအတွက်ကို အပြီးသတ်သတ်မှတ်ခြင်းဖြစ်ပါသည်။ စာအုပ်ထုတ်ဝေရာ ဒုတိယ အကြိမ်ကို အရေအတွက်များစွာ ထပ်မံထုတ်လုပ်နိုင်သော်လည်း အနုပညာလက်ရာတွင် ထိုသို့ပြုလုပ်ရန်မသင့်ပါ။

ဂရပ်ဖစ်အနုပညာလက်ရာကို ထုတ်လုပ်သည့်အရေအတွက် သတ်မှတ်ပြီးလျှင် ထိုလက်ရာများပေါ်တွင် ပထမ၊ ဒုတိယ၊ တတိယ အစရှိသဖြင့် သတ်မှတ်ပေးရပါသည်။ အနုပညာလက်ရာဖန်တီးသူက မိမိလက်ရာအရေအတွက် ၁၀ ခုသတ်မှတ်၍ မိတ္တူထုတ်လုပ်ပါက ထိုလက်ရာများတွင် ပထမမူ၊ ဒုတိယမူကို ကိုယ်စားပြုသည့် ၁/၁၀၊ ၂/၁၀၊ ၃/၁၀၊ ၄/၁၀၊ ၅/၁၀၊ ၆/၁၀၊ ၇/၁၀၊ ၈/၁၀၊ ၉/၁၀၊ ၁၀/၁၀ စသည်တို့ကို ဖော်ပြ သတ်မှတ်ရပါသည်။ ထိုသတ်မှတ်ချက်များကို အနုပညာရှင်က မိမိအနုပညာလက်ရာပေါ်တွင် သတ်မှတ်ပေးလိုက်ရပါသည်။ ထိုအနုပညာ လက်ရာ၏ တန်ဖိုးကလည်း ထိုကိန်းဂဏန်းများအပေါ်တွင်သာ မူတည်ပါသည်။ ထိုအနုပညာလက်ရာ ၁၀ ခုရောင်းချချိန်တွင်တည်ရှိသည့် တန်ဖိုးသည် တူညီနိုင်သော်လည်း အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ထိုလက်ရာများ၏ တန်ဖိုးသည် ပြောင်းလဲလာနိုင်ပါသည်။ ထိုသို့ပြောင်းလဲလာရာတွင် ၁/၁၀ ၏ တန်ဖိုးသည် ပိုမိုကြီးမားနေတတ်ပါသည်။

ဟန်ဇော်

အလင်းတန်းဂျာနယ်၊ အမှတ်(၇၈၁)၊ နိုဝင်ဘာ ၁၈ ၊ ၂၀၁၃ ခုနှစ်

ဂရပ်ဖစ်အနုပညာဆိုသည်မှာ

အန်ဒီဝါဟိုလ်၏ ပိုးဇာပုံနှိပ်အနုပညာလက်ရာ ဖြစ်သည်။
အန်ဒီဝါဟိုလ်၏ ပိုးဇာပုံနှိပ်အနုပညာလက်ရာ ဖြစ်သည်။

ဂရပ်ဖစ်အနုပညာ(Graphic Art)ဆိုသည်မှာ အမြင်ဆိုင်ရာအနုပညာအမျိုးအစားများထဲတွင်ပါဝင်သော အနုပညာပုံသဏ္ဍာန်တစ်ခုဖြစ်သည်။ ဂရပ်ဖစ်အနုပညာကို ပုံနှိပ်ခြင်းအနုပညာဟု ဝက်ဘ်စ်တာအဘိဓာန် ကဖွင့်ဆိုပြီး ဓာတ်ပုံနည်းပညာ၊ ကျောက်ပုံနှိပ်နည်းပညာ၊ သစ်ထွင်းနည်းပညာ၊ ကြေးပုံနှိပ်နည်းပညာ အစရှိသည်တို့ကိုအသုံးပြု၍ တီထွင်ဖန်တီးသောအနုပညာလက်ရာများဟု အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ ထို့အပြင် လိုင်းများ၊ အသွေးအနုအရင့်နှင့်ရုပ်လုံးရုပ်ကြွများ ပေါ်လွင်ရန်သရုပ်ဖော်ရသော အမြင်ဆိုင်ရာ အနုပညာအမျိုးအစားဟု အောက်စဖို့အဘိဓာန်က အဓိပ္ပါယ်ဖွင့်ဆိုပါသည်။

အမြင်ဆိုင်ရာတင်ပြချက်များကို မျက်နှာပြင်တစ်ခုပေါ်တွင် ရေးဆွဲတင်ပြထားခြင်းကို ဂရပ်ဖစ်ဟု ခေါ်ဆိုသည်။ နံရံ၊ ကင်းဗတ်၊ ပိုးဇာ၊ စက္ကူ၊ ကျောက်တုံးနှင့်ပုံနှိပ်နိုင်သော သို့မဟုတ် ရေးဆွဲနိုင်သော ကြားခံအလွှာတစ်ခုကို မျက်နှာပြင်ဟု ခေါ်ဆိုသည်။ ပုံနှိပ်ခြင်း သို့မဟုတ် ရေးဆွဲခြင်းများတွင် သတင်း အချက်အလက်များ၊ သရုပ်ဖော်ပုံများ၊ ဖျော်ဖြေရေးဆိုင်ရာအကြောင်းအရာများနှင့် အနုပညာဆိုင်ရာ တင်ပြချက်များပါဝင်နိုင်သည်။ သို့သော် ဂရပ်ဖစ်အတတ်ပညာတစ်ခုခုကိုအသုံးပြု၍ ထုတ်လုပ်လိုက်သော လက်ရာတိုင်းကို အနုပညာပစ္စည်းဖြစ်သည်ဟု ခေါ်ဆိုနိုင်မည်မဟုတ်ပါ။ အနုပညာမြောက်ခြင်းသည် သီးခြားတည်ရှိသော ဂုဏ်သတ္တိတစ်ခုဖြစ်သည်။

ဂရပ်ဖစ်ဆိုသောဝေါဟာရသည် ဂရိဝေါဟာရဖြစ်သည်။ ဂရပ်သည် ဂရပ်ဖစ်စကားလုံး၏ ရုပ်ရင်းစကား လုံးဖြစ်သည်။ x  ဝင်ရိုးနှင့် y  ဝင်ရိုးသည် ဂရပ်ဝေါဟာရကို ကိုယ်စားပြုသည်။ ထို့ကြောင့် နှစ်ဖက်မြင်ဟု ဆိုနိုင်ပါ သည်။ ကွန်ပျူတာနည်းပညာတိုးတက်လာသောအခါ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ဂရပ်ဖစ် လုပ်ငန်းများကို လုပ်ကိုင်လာကြသည်။ ထိုသို့လုပ်ကိုင်ရာတွင် နှစ်ဖက်မြင်အမျိုးအစားနှင့် သုံးဖက်မြင် အမျိုးအစားများ ပါဝင်နေပါသည်။ ပုံနှိပ်ရန် သို့မဟုတ် ပုံနှိပ်ထုတ်ဝေရန်ရည်ရွယ်၍ဖန်တီးသော အရာဝတ္ထုတိုင်းကို နှစ်ဖက်မြင်အမျိုးအစားဟုခေါ်သည်။ တီဗီ သို့မဟုတ် ကွန်ပျူတာမော်နီတာပေါ်တွင် သရီးဒီမျက်မှန်ကဲ့သို့ အခြားအရာဝတ္ထုတစ်ခုကို ကြားမခံပဲ မျက်မြင်ဖြင့် တိုက်ရိုက်ကြည့်ရှုရသော အရာဝတ္ထုတိုင်းကိုလည်း နှစ်ဖက်မြင်ဟုသာခေါ်သည်။ ထို့ကြောင့် သုံးဖက်မြင်နည်းပညာဖြင့် ထုတ်လုပ် လိုက်သော ရုပ်ရှင်ကားများသည်လည်း ဂရပ်ဖစ်တွင် အကြုံဝင်သည်။ ဂရပ်ဖစ်အနုပညာတွင် သုံးဖက်မြင် ဖန်တီးထားသည့် အနုပညာလက်ရာများကိုလည်း ထည့်သွင်းထားသည်။ သုံးဖက်မြင်ရုပ်ရှင်ကားများကို မျက်မှန်တပ်၍ ကြည့်ရှုသောအခါ x  နှင့် y  ဝင်ရိုးအပြင် z  ဝင်ရိုး(ထုထည်) ပါဝင်လာသည့် အတွက် သုံးဖက်မြင်ဟု ခေါ်ဆိုနိုင်ခြင်းဖြစ်သည်။

ဂရပ်ဖစ်အနုပညာလက်ရာများသည် ခရစ်မပေါ်မီနှစ်ပေါင်း ၂၅၀ဝ က တည်းက တည်ရှိခဲ့သည်။ အီဂျစ် လူမျိုးများသည် ဂရပ်ဖစ်ကို စတင်အသုံးပြုခဲ့ကြသည်။ ဂရပ်ဖစ်အနုပညာသည် ပုံနှိပ်ခြင်းနည်းစနစ်များ တွင် အများစုတည်မီသည်။ ထို့ကြောင့် နည်းပညာတိုးတက်မှုနှင့်အတူ ဂရပ်ဖစ်၏ တိုးတက်ပြောင်းလဲမှု သည်လည်း မြင့်မားခဲ့သည်။ အရှိန်အဟုန် ကောင်းခဲ့သည်။

ဆန်နီညိမ်း၏ ဂရပ်ဖစ်အနုပညာစာအုပ်တွင် ဂရပ်ဖစ်အနုပညာသည် ရှည်လျားတဲ့ သမိုင်းကြောင်းရှိပါ တယ်။ သစ်ထွင်းပန်းချီ(Wood Cut)၊ အိုင်ချင်(Etching)၊ ကျောက်ပုံနှိပ်(Lithography)မှအစ ဂျပန်ရိုးရာဂျိုတာဂု (Gyotaku)ခေါ်တဲ့ ငါးပုံနှိပ်စသဖြင့် ယဉ်ကျေးမှုသမိုင်းကြောင်းတစ်လျှောက်မှာ လုပ်ကိုင်ခဲ့ကြတာတွေ အများအပြားရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ အိုင်တီနည်းပညာရဲ့ ပံ့ပိုးမှုနဲ့ ကွန်ပျူတာဂရပ်ဖစ်ကို အသုံးပြုနေတာ ဖြစ်ပါတယ် ဟု ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် ဂရပ်ဖစ်အနုပညာသည် ကွန်ပျူတာနှင့် အတူပေါ်လာခြင်း မဟုတ်ပါ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ထွန်းကားလာခဲ့သော အနုပညာ ပုံသဏ္ဍာန်တစ်ခုဖြစ်သည်။

နိုင်ငံတကာတွင် ဂရပ်ဖစ်နည်းပညာကို အသုံးပြုပြီး အနုပညာလက်ရာမြောက်သော အနုပညာပစ္စည်း များကို ဖန်တီးခဲ့ကြသည်။ ထို့အတူ ပြည်တွင်းမှ အနုပညာရှင်အချို့သည်လည်း သစ်ထွင်းပုံနှိပ်၊ ကြေးပုံနှိပ်၊ ပိုးဇာပုံနှိပ်တို့ကိုအသုံးပြုပြီး အနုပညာလက်ရာများကို ဖန်တီးခဲ့ကြသည်။ လက်ရှိကာလတွင်လည်း ဂရပ်ဖစ်နည်းပညာကို အသုံးပြုပြီးအနုပညာလက်ရာများကို ဖန်တီးလျှက်ရှိကြသည်။

ဟန်ဇော်

အလင်းတန်းဂျာနယ်၊ အမှတ်(၇၈၀)၊ နိုဝင်ဘာ ၄၊ ၂၀၁၃ ခုနှစ်

အင်တာနက်အနုပညာဆိုသည်မှာ

အင်တာနက်အနုပညာလက်ရာ
အင်တာနက်အနုပညာလက်ရာ

အင်တာနက်အနုပညာ(Internet Art)ဆိုသည်မှာ အင်တာနက်မှတဆင့် ဖြန့်ဝေပြသနိုင်သော အနုပညာလက်ရာများကို ခေါ်ဆိုခြင်းဖြစ်သည်။ အနုပညာဖန်တီးသူအချို့သည် အနုပညာလက်ရာများကို အနုပညာပြခန်းများ၊ အနုပညာပြတိုက်များ ထဲတွင် ပြသနေခြင်းမှ ရှောင်ထွက်လိုခဲ့ကြသည်။ အနုပညာပြခန်းများသို့ လာရောက်လေ့ရှိကြသူများနှင့် မြို့ပြနယ်နမိတ် အတွင်းနေထိုင်သူများနှင့်သာ အနုပညာလက်ရာများ ထိတွေ့ခွင့်ရရှိနေသည်ကို ကြိုက်နှစ်သက်ခြင်းမရှိသော အနုပညာရှင် များက အင်တာနက်ကို အနုပညာလက်ရာများ ဖော်ပြသည့်နေရာအဖြစ် အသုံးပြုလာကြသည်။ ထို့ကြောင့် သူတို့၏ အနုပညာ လက်ရာများကို အချိန်မရွေး၊ နေရာမရွေးဘဲ ကြည့်ရှုနိုင်ကြသည်။ အနုပညာလက်ရာကို ထိတွေ့ခံစားနိုင်ကြသည်။ ထိုသို့ဖြင့် အင်တာနက်သည် အနုပညာလက်ရာများရှင်သန်ရာ ကြားခံအလွှာတစ်ခု ဖြစ်လာခဲ့သည်။ အင်တာနက်အနုပညာနှင့် တပ်ဆင်မှုအနုပညာတို့သည် ဆက်စပ်လျက်ရှိသည်။ ထိုနှစ်ခုကိုချိတ်ဆက်၍ အနုပညာလက်ရာများကို ဖန်တီးလေ့ရှိကြသည်။

အနုပညာလက်ရာများသည် အင်တာနက်ကြားခံအလွှာသို့ ရောက်ရှိလာသည့်အတွက် အနုပညာရှင်နှင့် ခံစားကြည့်ရှုသူ တိုက်ရိုက်ထိတွေ့နိုင်ခြင်း၊ လက်ရာနှင့်ပတ်သက်၍ မှတ်ချက်ပေးနိုင်ခြင်း၊ အပြန်အလှန်ပြောဆိုနိုင်ခြင်းနှင့် ခံစားကြည့်ရှုသူ များကလည်း ပါဝင်နိုင်ခြင်းစသည့်အကျိုးရလာဒ်များကိုလည်း ရရှိစေသည်။

အင်တာနက်အနုပညာအဖြစ် ပြသနိုင်သောအနုပညာအုပ်စုဝင်များမှာ တပ်ဆင်ခြင်း၊ ဗီဒီယို၊ အနုပညာလက်ရာတစ်ခုအတွက် အနုပညာရှင်က သီးခြားဖန်တီးထုတ်လုပ်ထားသောဆော့ဝဲလ်၊ အနုပညာလက်ရာတစ်ခု အတွက် အနုပညာရှင်က သီးခြားဖန်တီးထားသော အင်တာနက်စာမျက်နှာ အစရှိသည်တို့ ပါဝင်သည်။ ထို့အပြင် မီဒီယာအသစ်အနုပညာ၊ အီလက်ထ ရောနစ်အနုပညာ၊ ဆော့ဝဲလ်အနုပညာ၊ ဒီဂျစ်တယ်အနုပညာအစရှိသည်တို့ နှင့် ကူးလူးထိစပ်၍ ဆက်နွယ်နေသည်။ ထို့အပြင် ဒါဒါဝါဒ၊ စိတ်ကူးအဓိကအနုပညာ၊ ဗီဒီယိုအနုပညာ၊ တယ်လီမက်တစ်အနုပညာအစရှိသည့် အယူအဆရေးရာများနှင့် ဆက်သွယ်နေပြီး ထိုအယူအဆရေးရာများမှ အင်တာနက်အနုပညာသည် မြစ်ဖျားခံလာခဲ့သည်ဟု သုံးသပ်ပြောဆိုကြသည်။

အင်တာနက်အနုပညာသည် အင်တာနက်ဖွံ့ဖြိုးမှုအားကောင်းလာခဲ့သည့် ၁၉၉ဝ ခုနှစ် နောက်ပိုင်းကာလများတွင် ဖွံ့ဖြိုးလာ သည်ဟု ယေဘုယျဆိုနိုင်သည်။ အင်တာနက်အနုပညာကို နက်အခြေပြုအနုပညာ (net-base art)၊ နက် အနုပညာ(net art, Net.art)နှင့် ဝက်ဘ်အနုပညာ(web art) ဟုလည်း ခေါ်ဆိုကြသည်။ ခေတ်ပြိုင်အနုပညာထဲတွင် ပါဝင်သောအနုပညာအမျိုး အစားတစ်ခုအဖြစ် အင်တာနက်အနုပညာကို ထည့်သွင်းပြောဆိုကြသည်။

အင်တာနက်အနုပညာလက်ရာကို http://www.mon3y.us/ တွင်ဝင်ရောက်ကြည့်နိုင်ပါသည်။

ဟန်ဇော်

ဗီဒီယိုအနုပညာဆိုသည်မှာ

Black Room Cycle_Wolf Vostell
Black Room Cycle_Wolf Vostell

ဗီဒီယိုအနုပညာ(Video Art)ဆိုသည်မှာ ဗီဒီယိုရိုက်ကူးမှုနည်းပညာကို အသုံးပြုပြီးဖန်တီးထုတ်လုပ်ထားသော အနုပညာလက်ရာကို ခေါ်ဆိုခြင်း ဖြစ်သည်။ ရုပ်သံရိုက်ကူးထုတ်လွှင့်ခြင်း၊ စမ်းသပ်ရိုက်ကူးထုတ်လုပ်မှုရုပ်ရှင်(Experimental Film) အစရှိသည်များနှင့် ဗီဒီယိုအနုပညာ လက်ရာများ ကို တူညီသည်ဟု ထင်မြင်ယူဆလေ့ရှိကြသည်။ ဗီဒီယိုအနုပညာသည် ထိုသို့မဟုတ်ဘဲ သီးခြားပုံသဏ္ဍာန်တစ်ခုဖြင့် ခိုင်မာစွာရပ်တည်နေသော အနုပညာပုံစံတစ်ခုဖြစ်သည်။ တနည်းအားဖြင့် ဗီဒီယိုအနုပညာသည် အနုပညာအမျိုးအစားများထဲမှ အနုပညာတစ်ခုသာဖြစ်သည်။

၁၉၅ဝ ခုနှစ်နောက်ပိုင်းကာလများတွင် အီလက်ထရောနစ်နည်းပညာများ တိုးတက်မှုအားကောင်းလာခဲ့သည်။ ၁၉၆ဝ ခုနှစ်နှင့် ၁၉၇ဝ ခုနှစ်ဝန်းကျင်နှစ်များတွင် လူသားများသည် အီလက်ထရောနစ်နည်းပညာပစ္စည်းများနှင့် ထိတွေ့နီးစပ်မှုများပြားလာခဲ့သည်။ ထိုပစ္စည်းများကို လွယ်လင့်တကူအသုံးပြုလာနိုင်ကြသည်။ ထိုဖြစ်စဉ်များနှင့်အတူ ဗီဒီယိုအနုပညာသည် မွေးဖွားလာခဲ့သည်။ ၁၉၆ဝ ခုနှစ်နှောင်းပိုင်းကာလနှင့် ၁၉၇ဝ ခုနှစ်အစောပိုင်းကာလများကို ဗီဒီယိုအနုပညာစတင်သော ကာလများအဖြစ် သတ်မှတ်ပြောဆိုကြသည်။

ဗီဒီယိုအနုပညာကို တင်ပြသည့်ပုံသဏ္ဍာန် များစွာရှိသည်။ ဗီဒီယိုအနုပညာဖန်တီးသူသည် သူ၏လက်ရာကို ရုပ်သံမီဒီယာတစ်ခုမှ ထုတ်လွှင့်ပြသခြင်း၊ အနုပညာပြခန်းတွင် ပြသခြင်း၊ အချိန်နေရာသတ်မှတ်၍ ပြသခြင်း၊ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း၊ အခြားသောအနုပညာ လက်ရာများနှင့် ချိတ်ဆက်တွဲဖက်၍ဖြစ်စေ၊ အကြောင်းအကျိုးဆက်စပ်၍ဖြစ်စေ ပြသခြင်း၊ ရုပ်သံပြစက်၊ ဗီဒီယိုမော်နီတာအစရှိသည်များပေါ် တွင် ပြသခြင်းနှင့် ဗီဒိယိုခွေ၊ စီဒီ၊ ဒီဗီဒီအခွေဖြင့် ဖြန့်ချိခြင်းအစရှိသည့် နည်းလမ်းများကိုအသုံးပြု၍ အများပြည်သူထံသို့ ပြသလေ့ရှိသည်။

ဗီဒိယိုအနုပညာလက်ရာတစ်ခု၏ ထူးခြားသောလက္ခဏာများမှာ ငှါးရမ်းထားသည့် သို့မဟုတ် လက်ရာအတွက် အလုပ်ခန့်ထားသည့် သရုပ်ဆောင်များ မပါဝင်ခြင်း၊ စကားပြောဆိုခြင်းများ တစ်စိတ်တစ်ပိုင်းပါဝင်နိုင်သော်လည်း ရုပ်ရှင်ကားများကဲ့သို့ ဇာတ်ဝင်စကားလုံးများ မပါဝင်ခြင်း၊ ဇာတ်လမ်း၊ ဇာတ်ကွက်နှင့် ဇာတ်ကြောင်းပြော်ဆိုခြင်းများ မပါဝင်ခြင်း၊ တင်ပြသည့်အကြောင်းအရာများတွင် ပညာပေးလိုခြင်း၊ ပြန်ကြားပေးလိုခြင်း၊ ဖျော်ဖြေပေးလိုခြင်းစသည့် အကြောင်းအရာတစ်စုံတစ်ခု မပါဝင်ခြင်းတို့ဖြစ်သည်။ ဗီဒီယိုအနုပညာသည် ဖျော်ဖြေရေးအနု ပညာများ၊ ပင်မရေစီးရုပ်ရှင်ပညာရပ်၊ မှတ်တမ်းရုပ်ရှင်၊ ရုပ်ရှင်ဇာတ်လမ်းတို၊ စမ်းသပ်ရိုက်ကူးထုတ်လုပ်မှုရုပ်ရှင်များနှင့် သဘောသဘာဝခြင်း တူညီမှုလုံးဝမရှိပါ။

ဗီဒီယိုအနုပညာသည် အနုပညာလက်ရာဖန်တီးသူ၏ တင်ပြလိုခြင်း၊ စိတ်ကူး၊ ဖော်ပြလိုသောခံစားချက်နှင့် လက်ရာအား ကြည့်ရှုသူ ပရိသတ်ကို ပါဝင်စေလိုခြင်းများကိုအဓိကထား၍ ထုတ်လုပ်တင်ပြခြင်းဖြစ်သည်။ ဗီဒီယိုအနုပညာသည် အခြားသောအနုပညာပစ္စည်းများဖြစ် သော ပန်းချီ၊ ပန်းပုများကဲ့သို့ အနုပညာပစ္စည်းတစ်ခုသာဖြစ်သည်။

Wolf  Vostell  နှင့် Nan June Paik တို့ကို ခေတ်ဦးဗီဒီယိုအနုပညာရှင်များအဖြစ် ပြောဆိုကြသည်။ အဆိုပါ အနုပညာရှင်နှစ်ဦးက ဗီဒီယို အနုပညာကို စတင်ခဲ့ကြောင်း လေ့လာသိရှိရသည်။ ၁၉၅၈ ခုနှစ်တွင် Wolf Vostell သည် သူ၏အနုပညာလက်ရာတစ်ခုတွင် ရုပ်မြင်သံကြားစက် များကို ကြားခံအလွှာတစ်ခုအနေဖြင့် ထည့်သွင်းပြသခဲ့သည်။ ထိုလက်ရာ၏အမည်မှာ Black Room Cycle ဖြစ်သည်။ ထို့အတူ Transmigracion 1-3 လက်ရာကို ၁၉၅၈ ခုနှစ်၊ 6 TV Dé-coll/age လက်ရာကို ၁၉၆၃ ခုနှစ်နှင့် Sun in your head လက်ရာကို ၁၉၆၃ ခုနှစ်တို့တွင် ပြသခဲ့သည်။

ထို့အတူ Nam June Paik ဆိုသူ အနုပညာရှင်သည်လည်း ဗီဒီယိုအနုပညာလက်ရာများကို ၁၉၆ဝ ခုနှစ်ဝန်းကျင်တွင် ဖန်တီးထုတ်လုပ်ခဲ့ သည်။ Nam June Paik  သည် ဗီဒီယိုအနုပညာ စွန့်ဦးဖန်တီးသူတစ်ဦးဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် သူ၏ ဗီဒီယိုအနုပညာလက်ရာများကို ပြသခဲ့ သည်။ Nam June Paik ၏ အနုပညာလက်ရာများကြောင့် ဗီဒီယိုအနုပညာမွေးဖွားခဲ့သည်ဟု ပြောဆိုကြသည်ကို လေ့လာမှုများအရ သိရှိရသည်။ ထိုကာလနောက်ပိုင်းတွင် ဗီဒီယိုအနုပညာလက်ရာများ မြောက်မြားစွာထွက်ပေါ်လာခဲ့သည်။ ခိုင်မာသောအနုပညာပုံစံတစ်ခုအဖြစ် ဗီဒီယို အနုပညာသည် ရှင်သန်လှုပ်ရှားနေပြီဖြစ်သည်။

ဗီဒီယိုအနုပညာလက်ရာများကိုပြသရာတွင် လက်ရာတစ်ခုတည်းကို ရုပ်မြင်သံကြားတစ်ခုပေါ်တွင်ဖြစ်စေ၊ ပိတ်ကားပေါ်တွင်ဖြစ်စေ၊ ပရိုဂျက်တာဖြင့်ဖြစ်စေအသုံးပြု၍ ယနေ့တွင်ပြသနေကြသည်။ ထို့အပြင် တပ်ဆင်ခြင်းအနုပညာပုံစံဖြင့်လည်း ဗီဒီယိုအနုပညာများကို ပြသလေ့ ရှိသည်။ ထိုသို့ ပြသရာတွင် ဗီဒီယိုအနုပညာကို အခြားသောအနုပညာပုံစံများဖြင့် တွဲဖက်၍ လည်းကောင်း၊ တစ်ခုထက်ပိုမိုသော ဗီဒီယိုအနုပညာ လက်ရာများကို တပ်ဆင်ခြင်းအနုပညာပုံစံဖြင့်လည်းကောင်း ပြသကြသည်။ ဗီဒီယိုအနုပညာကို ပြသရာတွင် တပ်ဆင်ခြင်းအနုပညာ(Installation)  ပုံစံကို အများအားဖြင့် အသုံးပြု၍ ပြသလေ့ရှိကြောင်းတွေ့ရသည်။

စာရေးသူ၏ နီးစပ်ထိတွေ့မှုအရ မြန်မာအနုပညာရှင်အချို့သည် ဗီဒီယိုအနုပညာလက်ရာများကို ဖန်တီးနေကြကြောင်းတွေ့ရသည်။ စာရေးသူအနေဖြင့် လက်လှမ်းမှီသိရှိသောအနုပညာရှင်များမှာ ချောအိသိမ်း၊ ငြိမ်းချမ်းဆု၊ ထွန်းဝင်းအောင်၊ နိုရာ၊ ပိုပို၊ ဖြိုးကြည်၊ မင်းသိမ်းစွန်၊ ဝါနုနှင့် ဝေမာညွန့်တို့ ဖြစ်ကြသည်။ စာရေးသူအနေဖြင့် လက်လှမ်းမမှီသောအနုပညာရှင်များရှိနိုင်သကဲ့သို့ ဗီဒီယိုအနုပညာလက်ရာများကို စမ်းသပ်လုပ်ကိုင်နေသူများလည်း ရှိနိုင်ပါသည်။

ဟန်ဇော်

အလင်းတန်းဂျာနယ်၊ အမှတ်(၇၇၈)၊ အောက်တိုဘာ ၂၈ ၊ ၂၀၁၃ ခုနှစ်

မောင်ဝဏ္ဏ၊ ထွန်းဝင်းအောင်၊ ဝါနုနှင့် ဓာတ်ခဲဇာတ်ကားဖြင့် အနုပညာလက်ရာ

001 NNLC

ထွန်းဝင်းအောင်နှင့်ဝါနုတို့၏ အချက်အလက်များ ဟုအမည်ရသော အနုပညာလက်ရာနှင့် ဓာတ်ခဲ ဟုအမည်ရသော အနုပညာ လက်ရာများကို တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြသလျှက်ရှိသည်။ ထိုအနုပညာပြပွဲကို nnncl & mixrice ဟု အမည်ပေးထားသည်။ nnncl မှ ထွန်းဝင်းအောင်နှင့်ဝါနုတို့ ဇနီးမောင်နှံနှင့်အတူ mixrice မှ တောင်ကိုးရီးယားနိုင်ငံသား ဇနီးမောင်နှံလည်း ပါဝင်ပြသနေသည်။

အနုပညာပြပွဲ၏ အဓိကအကြောင်းအရာမှာ မြို့ပြအဖြစ် ပြောင်းလဲတိုးတက်မှုများ၊ တိုးတက်ပြောင်းလဲခြင်းကြောင့် ရရှိလာ သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများ၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ဖြစ်သည်။ ထွန်းဝင်းအောင်နှင့် ဝါနုတို့က ပြသထားသော အနုပညာလက်ရာမှာ အချက်အလက်များနှင့် ဓာတ်ခဲဖြစ်သည်။

အချက်အလက်များသည် mixed media installation အမျိုးအစားဖြစ်သည်။ ထိုလက်ရာတွင် ပန်းချီရေးချယ်ထား သော တောတောင်သဘာဝကားလိပ် ၆ ခုနှင့် ၂၀ မိနစ် ၅၄ စက္ကန့်ကြာမြင့်သည့် ဗီဒီယိုတစ်ခုဖြစ်သည်။ ထိုလက်ရာအတွက် ထွန်းဝင်းအောင်သည် ရန်ကုန်အနီးတစ်ဝိုက်၊ ပဲခူးရိုးမဝန်းကျင်၊ ဧရာဝတီ၊ အလယ်ရိုးမ၊ အနောက်ရိုးမ၊ ရှမ်းပြည်နယ်အစရှိ သည့်ဒေသများသို့သွားရောက်၍ လက်ရှိကာလတွင် ဖြစ်တည်နေသောအခြေအနေများကို ဗီဒီယိုရိုက်ယူခဲ့သည်။ ဗီဒီယိုရိုက် ကူးမှုမတိုင်မီတွင် ထိုဒေသများနှင့် ပတ်သက်သောအချက်အလက်များကို ကဗျာ၊ အက်ဆေး၊ သမိုင်းဆိုင်ရာအထောက်အထား နှင့် လူတွေ့မေးမြန်းမှုများဖြင့် ရယူခဲ့သည်။ ထိုသို့ရယူပြီးသောအခါ လက်ရှိကာလအဖြစ် ဗီဒီယိုကို ပြသ၍ အတိတ်ကာလ၏ အကြောင်းအရာများအဖြစ်အချက်အလက်များကို စာသားများဖြင့် ဗီဒီယိုအတွင်းတွင်ထည့်သွင်း၍ ဖန်တီးခဲ့သည်။

ထွန်းဝင်းအောင်နှင့်ဝါနုတို့သည် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများနှင့် အတိတ်၏ အမှတ်ရစရာများ ကို ပြန်လည်၍ ပြောဖြစ်ခဲ့ကြသည်။ ထိုသို့ ပြောဆိုကြရင်း ဝါနုသည် ဖခင်ဖြစ်သူ ဒါရိုက်တာမောင်ဝဏ္ဏနှင့်ပတ်သက်ဆက် နွယ်သော အနုပညာလက်ရာတစ်ခုဖန်တီးရန် ဆန္ဒရှိခဲ့သည်။ ထွန်းဝင်းအောင်၏ငယ်ဘဝထဲတွင် ပါဝင်ပတ်သက်ခဲ့သော ရုပ်ရှင်ရုံတစ်ရုံသည် နယ်ဒေသတစ်ခုတွင် ရှိခဲ့သည်။ ထိုရုပ်ရှင်ရုံနှင့် ရင်းနှီးကျွမ်းဝင်နေမှု အတိုင်းအတာကြောင့် ရုပ်ရှင်ရုံ၏ စက်ခန်းအတွင်းအထိတိုင်အောင် ထွန်းဝင်းအောင်သည် ရောက်ရှိခဲ့သည်။ စက်ခန်းအတွင်းမှ ရုပ်ရှင်ဖလင်ဖြတ်စများကို ကောက်ယူစုဆောင်းခဲ့သည်။ ရုပ်ရှင်ဖြတ်စများဖြင့် ကိုယ်ပိုင်ရုပ်ရှင်များကို သူငယ်ချင်းများနှင့်အတူ ဖန်တီးထုတ်လုပ်၍ ပြသ ခဲ့ဖူးသည်။

ထိုအချက်အလက်အကြောင်းအရင်းများ စုစည်းလာသောအခါ ထွန်းဝင်းအောင်နှင့်ဝါနုတို့သည် ဓာတ်ခဲဟုအမည်ရသော အနုပညာလက်ရာတစ်ခုကို ဖန်တီထုတ်လုပ်ရန်ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဖခင်ဖြစ်သူ ဒါရိုက်တာမောင်ဝဏ္ဏကို ထိုလက်ရာ နှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြသည်။ ထိုအခါ ဒါရိုက်တာမောင်ဝဏ္ဏက သူကိုယ်တိုင်ရိုက်ကူး ထုတ်လုပ်ခဲ့သော ဓာတ်ခဲ ရုပ်ရှင်ဇာတ်ကားကို ရွေးချယ်ပေးခဲ့သည်။ ထိုရုပ်ရှင်ဇာတ်ကားသည် အောင်မြင်ခဲ့သော်လည်း ဒါရိုက်တာမောင်ဝဏ္ဏ၏ အကောင်းဆုံးအနုပညာလက်ရာဟု မဆိုနိုင်ပါ။ မောင်ဝဏ္ဏ၏ ရုပ်ရှင်ဇာတ်ကားများတွင် အနုပညာလက်ရာမြောက်သော ဇာတ် ကားများစွာရှိသည်။ ဒါရိုက်တာမောင်ဝဏ္ဏသည် ယင်းဇာတ်ကားတွင် သူ့၏တင်ပြလိုသော တင်ပြချက်များ၊ ရိုးရှင်းသော ဇာတ်လမ်း၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်မှ ရပ်ဆွေရပ်မျိုးများကို အမှတ်တရအဖြစ် ထည့်သွင်းထားနိုင်ခဲ့သည်။ မြန်မာ့ ဓလေ့များကိုလည်း အသေးစိတ်ထည့်သွင်းထားနိုင်ခဲ့သည်။ မြို့ပြတွင် ပျောက်ဆုံးလုနီးပါးဖြစ်နေသော မြန်မာ့ဓလေ့များကို သေသပ်လှပစွာ ထည့်သွင်းထားနိုင်ခဲ့သည်။

ဓာတ်ခဲရုပ်ရှင်ဇာတ်ကားကို ထွန်းဝင်းအောင်နှင့်ဝါနုတို့သည် ရွာတစ်ရွာသို့ သယ်ဆောင်သွားခဲ့ကြသည်။ ထိုရွာတွင် ပိတ်ကား ထောင်ဇာတ်ကားပြသမှုအဖြစ် ပြသမည်ဖြစ်ကြောင်း ရွာသူရွာသားများကို အသိပေးခဲ့သည်။ ထိုသို့ အသိပေးခဲ့ခြင်းကြောင့် ရုပ်ရှင်ကားပြမှုနှင့်အတူ ရွာတွင် ပွဲဈေးတစ်ခုဖြစ်ပေါ်ခဲ့သည်။ ဘုရားပွဲ၊ ဇာတ်ပွဲ၊ ကြည့်ချင်ပွဲများကဲ့သို့ ရွာဓလေ့ပွဲတော် တစ်ခုအသွင်ဖြစ်ခဲ့သည်။ ဒါရိုက်တာမောင်ဝဏ္ဏ၏ ဓာတ်ခဲရုပ်ရှင်ကားကို ဇာတ်ကားအစ မှအဆုံးအထိ ပြခဲ့သည်။ ထိုသို့ပြသ နေသည်များနှင့် ဇာတ်ကားပြသနေစဉ်အတွင်း ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော အခြေအနေများအားလုံးအတွက် အကောင်းဆုံး ဖြစ်မည့်မြင်ကွင်းတစ်ခုကို ထွန်းဝင်းအောင်နှင့်ဝါနုသည် ရွေးချယ်သတ်မှတ်၍ ရိုက်ကူးယူခဲ့သည်။ အနုပညာလက်ရာအဖြစ် ထုတ်လုပ်ခဲ့သည်။

မောင်ဝဏ္ဏ၏ ဓာတ်ခဲရုပ်ရှင်ကို ထွန်းဝင်းအောင်နှင့်ဝါနု၏ ဓာတ်ခဲအနုပညာလက်ရာအဖြစ် ပြန်လည်ကူးပြောင်းနိုင်ရန် ရိုက် ကူးချိန် ၁၁၂ မိနစ် ကြာမြင့်ခဲ့သည်။ ထိုမိနစ် ၁၁၂ မိနစ်အတွင်း ဓာတ်ခဲရုပ်ရှင်ဇာတ်ကားနှင့်အတူဖြစ်ပေါ်ခဲ့သော ပိတ်ကား ထောင်ရုပ်ရှင်ပြသခြင်းအကြောင်းကို သဘာဝအရှိတရားအတိုင်းရယူခဲ့ကြသည်။ ထိုဗီဒီယိုကို တည်းဖြတ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြုပြင်ခြင်းတစ်စုံတရာ မပြုလုပ်ဘဲ အနုပညာလက်ရာအဖြစ် ပြသခဲ့သည်။ မောင်ဝဏ္ဏ၏ ဓာတ်ခဲရုပ်ရှင်ကားကို ထွန်းဝင်း အောင်နှင့် ဝါနုတို့၏ အနုပညာလက်ရာအဖြစ် ပြန်လည်မွေးဖွားနေချိန်တွင် မောင်ဝဏ္ဏသည် ကွယ်လွန်ခဲ့ပြီးဖြစ်သည်။ ထိုလက် ရာကို မမြင်တွေ့ခဲ့ရသော်လည်း ကောင်းမွန်စွာသိရှိသွားခဲ့သည်။ nnncl & mixrice အနုပညာပြပွဲကို တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှ စတင်ပြသခဲ့ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်အထိ နေ့စဉ် ပြသထားမည်သည်။

ဟန်ဇော်

အလင်းတန်းဂျာနယ်၊ အမှတ် ၇၇၇၊ ၂၁ အောက်တိုဘာ ၂၀၁၃ ခုနှစ်

အယူအဆအဓိကအနုပညာ မှတ်စု

cover

အယူအဆအဓိကအနုပညာဟာ ရောင်းချနိုင်တဲ့၊ စုဆောင်းထားနိုင်တဲ့ အနုပညာရုပ်ဝတ္ထုတွေရဲ့ အစဉ်အလာဂုဏ်တွေကို စိန်ခေါ်တာပဲ ဖြစ်တယ်။ တနည်းအားဖြင့် အယူအဆအဓိကအနုပညာကို စားသုံးသူလူ့အဖွဲ့အစည်းအပေါ် ဝေဖန်သုံးသပ်ချက်တစ်ရပ်အဖြစ်လည်း မြင်နိုင်ပါတယ်။ အကြောင်းကတော့ အဲဒီလက်ရာမျိုးဟာ အစဉ်အလာပုံသဏ္ဍာန်မျိုးကို မယူထားဘဲ ကြည့်သူဆီက ပိုပြီးတက်ကြွတဲ့ တုံ့ပြန်မှုမျိုးကို တောင်းဆိုတယ်။

(အယူအဆအဓိက အနုပညာ ကြေညာစာတမ်း၊ ပိုပို၊ စိတ်ကူးချိုချို၊ ပထမအကြိမ်၊ ၂၀ဝ၉ ခုနှစ် အောက်တိုဘာ၊ စာ – ၁၇ မှ)

ဒီဂျစ်တယ်အနုပညာ ခေတ်ဦးကြိုးပမ်းမှု

ဘင်ဂျမန် ဖရမ်စစ် လပိုးစကီး ဖန်တီးခဲ့သည့် အရောင်ပါသောအော်စီလိုလက်ရာတစ်ခုဖြစ်သည်။
ဘင်ဂျမန် ဖရမ်စစ် လပိုးစကီး ဖန်တီးခဲ့သည့် အရောင်ပါသောအော်စီလိုလက်ရာတစ်ခုဖြစ်သည်။

၁၉၅၀ ခုနှစ်တွင် ဘင်ဂျမန် ဖရမ်စစ် လပိုးစကီး (Benjamin Francis Laposky, 1914-2000)ဆိုသူသည် အော်စီလိုစကုပ်ပုံရိပ်တစ်ခုကို အီလက်ထရော နစ်နည်းပညာဖြင့် ထုတ်လုပ်နိုင်ခဲ့သည်။ ထိုသို့ထုတ်လုပ်နိုင်ရန် အော်စီလိုစကုပ်ကို အသုံးပြုခဲ့သည်။ အော်စီလိုစကုပ်ဖြင့် အော်စီလိုစကုပ်ပုံရိပ် လက်ရာများကို ထုတ်လုပ်ခဲ့သည်။ အော်စီလိုပုံရိပ်များကို ဖန်သားပြင်ပေါ်တွင်သာ မြင်တွေ့နိုင်ခဲ့သည်။ ထိုလက်ရာများကို ပုံနှိပ်ထုတ်လုပ်ရန် အခြေအနေ မပေးခဲ့ပါ။ ထိုကြောင့် အော်စီလိုပုံရိပ်များကို ဓာတ်ပုံကင်မရာဖြင့် ဓာတ်ပုံရိုက်ယူခဲ့ရသည်။

အော်စီလိုစကုပ်ပုံရိပ်သည် ကွန်ပျူတာဂရပ်ဖစ်၏ အစဦးဖြစ်သည်။ ဒီဂျစ်တယ်အနုပညာ၏ ပျိုးခင်းဖြစ်သည်။ နည်းပညာကိုစိတ်ဝင်စားသော အနုပညာရှင်တစ်ဦး၏ နည်းပညာအခြေပြု တီထွင်ဖန်တီးမှုတစ်ခုဖြစ်သည်။ သူ၏ တီထွင်ဖန်တီးမှုသည် မြန်နှုန်းမြင့်တိုးတက်နေသော နည်းပညာနှင့်အတူ အနုပညာဖွံ့ဖြိုးမှုများ လန်းဆန်းတကြွလာစေရန် ကြားခံအလွှာ(medium)တစ်ခုကို မွေးဖွားခြင်း၏အစပိုင်း အမြုတေအပိုင်း အစတစ်ခုဖြစ်သည်။ သူသည် ဒီဂျစ်တယ်အနုပညာဆိုသော အနုပညာပုံသဏ္ဍာန်တစ်ခုကို စတင်မွေးဖွားသူတစ်ဦး၊ ဒီဂျစ်တယ်အနုပညာ၏ ဖခင်တစ်ဦးဖြစ်သည်။

ဘင်ဂျမန်ကို ၁၉၁၄ ခုနှစ်၌ အိုင်အိုဝါတွင် မွေးဖွားသည်။ သူသည် သင်္ချာပညာရှင်တစ်ဦး ဖြစ်သည်။ ပုံဆွဲဆရာတစ်ဦး ဖြစ်သည်။ အနုပညာရှင် တစ်ဦးဖြစ်သည်။ သူသည် အော်စီလိုစကုပ်ပုံရိပ်ကို ဒြပ်မဲ့အနုပညာဖန်တီး မှုတစ်ခုအဖြစ် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဘင်ဂျမန်၏ အစောပိုင်း အော်စီလိုလက်ရာများသည် အဖြူအမည်းများသာဖြစ်ခဲ့သော်လည်း နောက်ပိုင်းလက်ရာများကို အရောင်များဖြင့် ဖန်တီးနိုင်ခဲ့သည်။

ဘင်ဂျမန်၏ အော်စီလိုလက်ရာများနောက်ပိုင်းမှသာ အနုပညာရှင်များသည် အနုပညာလက်ရာဖန်တီးရန်အတွက် စက်ပစ္စည်းများနှင့် အန်နာလော့ခ်ကွန်ပျူတာများကို အသုံးပြုလာကြသည်။ ကွန်ပျူတာသည် ၁၉၆၀ ဝန်းကျင်ခုနှစ်များအထိ တန်ဖိုးကြီးမားနေစဲဖြစ်သည်။ သုတေသနဌာနများ၊ တက္ကသိုလ်များနှင့် စီးပွားရေးကော်ပိုရေးရှင်းကြီးများတွင်သာ ကွန်ပျူတာကိုအသုံးပြုနိုင်ကြသည်။

ထိုကာလက ကွန်ပျူတာများသည် ယနေ့ခေတ်ကာလတွင် အသုံးပြုနေရသောကွန်ပျူတာနှင့် တူညီမှုမရှိသေးပါ။ မောက့်စ်(mouse)ကဲ့သို့သော ကိရိယာများကိုလည်း အသုံးပြုနိုင်ခြင်း မရှိသေးပါ။ အသုံးချဆော့ဝဲလ်များလည်း အများအပြားမရှိသေးပါ။ ဂရပ်ဖစ်ဆိုင်ရာ၊ ရုပ်ရှင်ဆိုင်ရာနှင့် အနုပညာဆိုင်ရာဆော့ဝဲလ်များ အသုံးပြုနိုင်သည့်အခြေအနေသည် ထိုကာလက ဝေးကွာလွန်းခဲ့သည်။ အနုပညာရှင်တစ်ဦးသည် အနုပညာ လက်ရာတစ်ခုကို နည်း ပညာအားပြု၍ဖန်တီးလိုပါက ကွန်ပျူတာပရိုဂရမ်များကို ကွန်ပျူတာသိပ္ပံပညာရှင်များနှင့်ပူးတွဲ၍ ကိုယ်တိုင်ဖန်တီးရေး သားခဲ့ရသည်။ အနုပညာရှင်များအသင့်အသုံးပြုနိုင်သော ဆော့ဝဲလ်များ ထိုကာလက မရှိသေးပါ။

ဓာတ်ပုံနှင့်ပုံရိပ်များကိုဖတ်ရှု၍ ဒီဂျစ်တယ်စနစ်ဖြင့် သိမ်းဆည်းနိုင်မှုကို ၁၉၅၇ ခုနှစ်တွင် စတင်ပြုလုပ်နိုင်ခဲ့သည်။ ထိုစမ်းသပ်မှုကို ရပ်စဲလ် ခရစ်ခ်(Russell Kirsch)ဆိုသူက ဝဲလ်လင်တန်တွင် ပြုလုပ်နိုင်ခဲ့သည်။ သားဖြစ်သူ၏ ဓာတ်ပုံကို ပုံဖတ်စက်(scanner)ဖြင့် ဖတ်ခဲ့သည်။ ထိုပုံသည် ပထမဦးဆုံးသော ဒီဂျစ်တယ်ပုံရိပ်တစ်ခုအဖြစ် နည်းပညာသမိုင်းတွင် ထင်ကျန်ရစ်ခဲ့သည်။

စက်ပစ္စည်းများ၊ ကွန်ပျူတာများဖြင့် ထုတ်လုပ်လိုက်သော အနုပညာလက်ရာများကို ပုံနှိပ်ထုတ်လုပ်ရန်အတွက် စက်ကိရိယာများလည်း မရှိခဲ့ပါ။ ၁၉၆၀ ခုနှစ်ဝန်းကျင်တွင် ပုံနှိပ်ထုတ်လုပ်ရန်အတွက် ပလော့တာ(plotter) ဟုခေါ်သော စက်ကိရိယာများကိုသာ အားထားခဲ့ရသည်။ စက်ကိရိယာ များတွင် မင်တံများနှင်စုတ်တံများကို တင်ဆင်ရသည်။ ထို့နောက် ကွန်ပျူတာများနှင့်ချိတ်ဆက်ခါ မင်တံ၊ စုတ်တံတို့၏ လှုပ်ရှားမှုများကို ထိန်း ချုပ်၍ အနုပညာလက်ရာများကို ဖန်တီးရသည်။ ထိုနည်းဖြင့် ကွန်ပျူတာနည်းပညာကပေးသော အနုပညာလက်ရာများကို ဖန်တီးထုတ်လုပ်ခဲ့ရ သည်။

ထို့အပြင် အီလက်ထရောနစ်လက်နှိပ်စက်ကဲ့သို့ ကိရိယာများကိုလည်း ပုံထုတ်စက်အဖြစ်အသုံးပြု၍ အနုပညာလက်ရာများကို ထုတ်လုပ်ခဲ့သည်။ ထိုစက်ကိရိယာတို့၏ ထုတ်လုပ်ပေးနိုင်သော သဘာဝအပေါ်မူတည်၍ အနုပညာလက်ရာများကို ထုတ်လုပ်ရခြင်းလည်း ဖြစ်သည်။ ဥပမာအားဖြင့် ဆိုရသော ပလော့တာတွင် မင်တံတပ်ဆင်အသုံးပြုခြင်းဖြင့် မျဉ်းကြောင်းများကိုသာ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အနုပညာလက်ရာ များကို မျဉ်းကြောင်းများကိုအားပြု၍ ထုတ်လုပ်ရသည်။ အရိပ်များ၊ ထုထည်များကို ဖန်တီးလိုပါကလည်း မျဉ်းကြောင်းများကိုအားပြု၍သာ ဖန်တီးထုတ်လုပ်ရသည်။ ပလော့တာများ၊ အီလက်ထရောနစ်လက်နှိပ်စက်များဖြင့် ထုတ်လုပ်လိုက်သောအနုပညာလက်ရာများသည် အဖြူနှင့် အမည်းနှစ်ရောင်သာရှိသည့် လက်ရာများဖြစ်သည်။ ထိုကာလက အဖြူအမည်းနှစ်ရောင်ဖြင့်သာ အနုပညာလက်ရာများကို ထုတ်လုပ်နိုင်သေး သည်။

သို့သော်လည်း ဖရီဒါ နက်ခ်f(Fireder Nake) ဆိုသူသည် အရောင်ပါဝင်သောပုံရေးဆွဲမှုများကို ပလော့တာဖြင့် ပြုလုပ်နိုင်ခဲ့သည်။ ‘Hommage à Paul Klee 13/9/65 Nr.2’ အမည်ရသော လက်ရာတစ်ခုကို ဖရီဒါ နက်ခ်သည် ၁၉၆၅ ခုနှစ်တွင် ထုတ်လုပ်နိုင်ခဲ့သည်။ ထိုလက်ရာသည် ထိုခေတ်ကာလ အတွက် ရှုတ်ထွေးလှသော သင်္ချာဆိုင်ရာကိန်းဂဏန်းများကို အသုံးပြု၍ ထုတ်လုပ်နိုင်ခဲ့သော လက်ရာတစ်ခုဖြစ်သည်။

ဒီဂျစ်တယ်အနုပညာ၏ ခေတ်ဦးကာလများကိုလေ့လာပါက ဘဲလ်သု တေသနဓာတ်ခွဲခန်းကို ချန်လှန်ထား၍ ရမည်မဟုတ်ပါ။ ယခုအခါတွင် ဘဲလ်ကို နယူးဂျာစီ၌ အခြေစိုက်ထားပြီဖြစ်သည်။ ဒီဂျစ်တယ်အနုပညာ၏ ခေတ်ဦးပညာရှင်များသည် ဘဲလ်တွင် အလုပ်လုပ်ခဲ့ကြသည်။ သူတို့အထဲတွင် အနုပညာရှင်များနှင့်ကွန်ပျူတာသိပ္ပံကျွမ်းကျင်သူများပါဝင်ခဲ့သည်။ သူတို့သည် အနုပညာနှင့်နည်းပညာဆိုင်ရာ(Art and Technology, EAT) သုတေသနစမ်းသပ်မှုများကို အတူတကွပေါင်းစည်းလုပ်ကိုင်ခဲ့ကြသည်။ သူတို့သည် နည်းပညာကိုအသုံးပြု၍ အနုပညာလက် ရာများ ဖန်တီးထုတ်လုပ်ရန် အတူတကွကြိုးပမ်းခဲ့ကြသည်။ အနုပညာနှင့်နည်းပညာအကြား ချိတ်ဆက်နေမှုများကို ရှာဖွေလေ့လာခဲ့ကြသည်။

၁၉၆၇ ခုနှစ်တွင် ဘဲလ်မှ လီအို ဟာမွန်(Leon Harmon)နှင့် ကမ် နိုလတန်(Ken Knowlton)တို့သည် Studies in Perception, 1967 အမည်ရသော လက်ရာတစ်ခုကို အောင်မြင်စွာ ဖန်တီးထုတ်လုပ်နိုင်ခဲ့သည်။ ထိုလက်ရာ သည် ကြဘန လက်ရာတစ်ခုဖြစ်သည်။ လေ့လာမှုများအရ ဒီဂျစ်တယ် အနုပညာခေတ်ဦးကို ၁၉၅၀ မှ ၁၉၉၀ ခုနှစ်အထိ ပြောဆိုကြကြောင်းတွေ့ရ သည်။ စာရေးသူ၏ ယခုတင်ပြမှုသည် ၁၉၆၀ ခုနှစ်အထိ ယေဘုယျ အခြေ အနေများသာ ဖြစ်နေသေးသည်။ ထို့ကြောင့် ဆက်လက်တင်ပြပါဦးမည်။

ဟန်ဇော်

မန္တလေးအိုင်ကွန်မဂ္ဂဇင်း၊ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ

မြန်မာ ခေတ်ပြိုင်အနုပညာ ဒီဗွီဒီမဂ္ဂဇင်း-၂၀၁၃ အခမဲ့ဖြန့်ချိ

အောင်မြတ်ဌေး
အောင်မြတ်ဌေး

မြန်မာ ခေတ်ပြိုင်အနုပညာ ဒီဗွီဒီမဂ္ဂဇင်း-၂၀၁၃ ဖြန့်ချိခြင်း အခမ်း အနားကို စက်တင်ဘာ ၂၈ ရက်၊ ညနေက ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ်အနုပညာပြခန်းတွင် ကျင်းပခဲ့သည်။ ယင်းဒီဗွီဒီကို အခမဲ့ဖြန့်ချိခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ခေတ်ပြိုင်အနုပညာ ဗီဒီယိုမဂ္ဂဇင်း ၂၀၁၃ သည် မျက်မှောက်ခေတ်ကာလ၏ ပန်းချီနှင့် အနုပညာနယ်ပယ်တွင် ဖန်တီးလုပ်ကိုင်လျှက်ရှိကြသော အနုပညာရှင်များနှင့် ယင်းတို့၏ အမျိုးမျိုးသော ဖန်တီးမှုများနှင့် စမ်းသပ်လေ့လာမှုများကို ထိတွေ့ခံစားနိုင်ရန် ရည်ရွယ်ပြီး၊ လက်ရာ(သို့မဟုတ်)စိတ်ကူးတစ်ခုကို ချဉ်းကပ်မှုအမျိုးမျိုးဖြင့် တင်ပြရှင်းလင်းချက်များပါဝင်သည်။ ခေတ်ပြိုင်အနုပညာသည် ခေတ်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာ၊ တန်ဖိုးနှင့်ပြောင်းလဲ တိုးတက်သော နည်းပညာများ၊ ယဉ်ကျေးမှုများကို ထင်ဟပ်သော စူးစမ်းလေ့လာမှုအတွေ့အကြံများ ဖြစ်သည်။ ထို့အပြင် အလှအပ၊ အပြင်ဆင် သရုပ်ဖော်နှင့် ဖျော်ဖြေမှု၊ ပုံကားချပ် ရုပ်ဝတ္ထုဖန်တီးမှုများဟု လက်ခံသိရှိထားသော ပန်းချီနှင့် အနုပညာရပ်ဝန်းကို ထိုထက်ပိုမိုသော မျက်မြင်အတွေ့အကြုံသစ် စိတ်ကူးပုံစံများကို ထပ်ပေါင်းဖြည့်စွက်လိုခြင်းလည်း ဖြစ်သည်ဟု ဒီဗွီဒီမဂ္ဂဇင်းရိုက်ကူးထုတ်လုပ်သူ အောင်မြတ်ဌေးက ဆိုသည်။ ထို့အပြင် ယင်းဒီဗွီဒီနှင့်ပတ်သက်၍ ဒီဗွီဒီအချပ်ထဲမှာပါတဲ့လက်ရာတွေဟာ ယခင်ကာလတုန်းက လူထုကို ပြသခွင့်မရခဲ့တဲ့ လက်ရာတွေပါ။ အကြောင်းအမျိုးမျိုး ကြောင့် မပြဖြစ်တဲ့ လက်ရာတွေလဲပါတယ်။ အနုပညာကျောင်းတွေ၊ တက္ကသိုလ်တွေမှာမသင်ယူရတဲ့ အနုပညာအမျိုးအစား တွေပါတယ် ဟု အောင်မြတ်ဌေးက ပြောသည်။ အောင်မြတ်ဌေးသည် အနုပညာရှင်တစ်ဦးဖြစ်ပြီး ပန်းချီဆိုင်ရာစာအုပ်များနှင့် ခေတ်ပြိုင်အနုပညာ ဆိုင်ရာစာအုပ်များကို ရေးသားခဲ့သူတစ်ဦးဖြစ်သည်။

ယင်းဒီဗွီဒီတွင် အောင်မြင့်၊ အေးကို၊ ချောအိသိမ်း၊ ဟိန်းသစ်၊ ကောင်း ဆု၊ မအိ၊ မင်းသိန်းစွန်၊ စန်းဦး၊ ငြိမ်းချမ်းဆု၊ နိုရာ၊ ဖြိုးကြည်၊ ဖြူမွန်၊ ပို ပို၊ စူးမြင့်သိန်း၊ သွိုင်တာ၊ ထွန်းဝင်းအောင်၊ ဝါနု၊ ဝေမာညွန့်၊ ရတနာနှင့် ဈာမင်းထိုက်တို့၏ အနုပညာလက်ရာများ၊ ရည်ရွယ်ချက်များနှင့် အနုပညာရှင်တို့၏ ကိုယ်တိုင်ရှင်းလင်းချက်များကို ထည့်သွင်းဖော်ပြထားသည်။ ယင်း အနုပညာရှင်တို့၏ အနုပညာအမျိုးအစားများမှာ ပန်းချီ၊ တပ်ဆင်မှု၊ ဓာတ် ပုံ၊ ဗွီဒီယို၊ ဒီဂျစ်တယ်၊ ပါဖောမန့်၊ စာသားနှင့် ရုပ်ရှင်တို့ဖြစ်သည်။ အနု ပညာ ၂၀ ဦး၏ အနုပညာလက်ရာ ၂၀ ကို ထည့်သွင်းဖော်ပြထားခြင်း လည်းဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ မတူကွဲပြားတဲ့ အနုပညာလက်ရာများကို အနုပညာရှင်တွေကနေ ရှင်းပြထားတယ်။ မိတ်ဆက်ပေးထား တယ်။ ဖန်တီးထားတဲ့အနုပညာလက်ရာတွေကို ထည့်ထားတယ်။ အဓိကကတော့ မိတ်ဆက်သဘောပါပဲ။ မြန်မာ့ခေတ်ပြိုင် အနုပညာကို အများကြီးရှင်းပြနေမယ့်အစား၊ အပြင်ကနေတို့ ထိနေမယ့်အစား၊ တကယ်ဖန်တီးထားတဲ့ အနုပညာရှင်တွေရဲ့ အသံကို ပြည်သူလူထုရဲ့ လက်ထဲကိုထည့်တဲ့ သဘောပါဟု ငြိမ်းချမ်းဆုကပြောသည်။ မြန်မာ ခေတ်ပြိုင်အနုပညာ ဒီဗွီဒီမဂ္ဂဇင်း ၂၀၁၃ ကို အခမဲ့ဖြန့်ချိခြင်းဖြစ်ပြီးStudio Square ၊ New Zero Art Space နှင့်အနုပညာပြခန်းများတွင် အခမဲ့ကူးယူ နိုင်ကြောင်းသိရသည်။

ဟန်ဇော်

အောက်တိုဘာ ၇ ၂၀၁၃ ခုနှစ်၊ အလင်းတန်းဂျာနယ်