တက္ကသိုလ်မှာ ကျုပ်က ချစ်သူ့လက်ကို တွဲခဲ့ချင်တာ

ဖူးငုံမဂ္ဂဇင်းမှာ ကောလိပ်ဂျင်စာမျက်နှာ ကဏ္ဍကိုတွေ့တော့ ကျုပ်ရဲ့ စိတ်တွေ မရိုးမရွဖြစ်ရတယ်။ ဒီကဏ္ဍအတွက် တောင်းတာက တက္ကသိုလ်၊ ကောလိပ် အတွေ့အကြုံဆိုတော့ ကျုပ်က ဖူးငုံတို့ဆီက တောင်းတယ်ထင်တာပါပဲ။ ကျုပ်အသက်က ဖူးငုံတို့ အသက်လောက် ဆယ်ကျော်သက် မဟုတ်တော့ဘူး။ နှစ်ဆယ်ကျော်သက်။ ဒါပေမယ့် ကျုပ်က ကျုပ်တက်ခဲ့ဖူးတဲ့ တက္ကသိုလ်အကြောင်း ပြောချင်တယ်ဗျ။ ဆယ်မှုဆယ်သွေး ပြန်တယ်ပေါ့ဗျာ။ ပြောပါရစေ။

တက္ကသိုလ်…တက္ကသိုလ်။ ခုတော့ လွမ်းခဲ့ရပြီပေါ့ဗျာ။ သူနဲ့ မနီးစပ်ခင်ကတော့ ကျုပ်မှာ မျှော်လင့်ချက်တွေ များခဲ့တယ်။ ကျုပ် နှလုံးသားက နုတယ်ဗျ။ ဖတ်ခဲ့ဖူးတဲ့ တက္ကသိုလ်၊ ကြည့်ခဲ့ဖူးတဲ့ တက္ကသိုလ်နောက်ခံ ရုပ်ရှင်၊ နားဆင်ခဲ့ရတဲ့ တက္ကသိုလ် တေးသံ။ ဒါတွေဟာ ကျုပ် နှလုံးသားမှာ စွဲနေသပေါ့။

တက္ကသိုလ်ကျောင်းသားဘဝရောက်မှ ကြင်ယာရှာပါ။ ဒါမှ ပညာလည်းစုံ၊ ကြင်ယာလည်းစုံ၊ ဂုဏ် တင့်ပေမယ်ပေါ့ဆိုတဲ့ ရင်ခုန်စရာစကားတွေက ကျုပ်နှလုံးသားကို နိုးကြွစေခဲ့တာပေါ့။ ငယ်ဘဝကပဲ စပြီး ကျုပ်ပြောပါတော့မယ်။

ကျုပ်တို့ ဆွေမျိုးအသိုက်အဝန်းမှာ တက္ကသိုလ်ဘွဲ့ရ မရှိဘူးဗျ။ အဖေ့ဘက်လည်း မရှိဘူး။ အမေ့ ဘက်လည်း မရှိဘူး။ အို … ကျုပ်တို့ လက်ထက်များကျတော့ ဘွဲ့ရတွေ စက်နဲ့ရိုက်ထုတ်သလား အောက် မေ့ရတယ်။ ပေါမှပေါ။ ကျုပ်အဖေဘက်က မောင်နှမများတယ်။ ပညာလိုလားကြတယ်။ ဒါပေမယ့် ကျုပ် အဘိုးက အတွေးတစ်မျိုးဗျ။ သူက ကုန်သည်လုပ်စားရတာကို သဘောကျတယ်။ သူ ပြောတတ်တဲ့ စကား က ကိုယ့်နဖူးစာ ရောင်းမစားဘူးတဲ့။

အဲဗျာ။ ကျုပ်တို့ အထက်တန်းကျောင်းသား ဘဝရောက်တော့ ကျုပ်အဘိုးက သူ့သား ဘယ်သူက တော့ ဆရာဝန်ဆို ကောင်းမယ်။ သူ့ သမီး ဘယ်ဝါကဖြင့် ကထိကဖြစ်ရင်ကောင်းမယ်။ ပြောလာတယ်ဗျ။ ဟေ့ ဟေ့။ အကြောင်းသိတဲ့ သူ့သားသမီးတွေက ပြုံးကြတယ်ဗျ။ ဒါနဲ့ ကျုပ်တို့ လက်ထက်ရောက်တော့ ပညာတတ်ရေးက ပထမဖြစ်လာတယ်။ ကျုပ်အဖေကလည်း ကျုပ်ကို သူမလုပ်ခဲ့ရတာ မှန်သမျှ ကျုပ်ကို အကုန်ဖြစ်စေချင်တော့တာ။ ကျုပ်ကလည်း မြင်းကို ချိုတပ်ပေးလိုက်သလို ထင်ရာကို စိုင်းတော့တာပါပဲ။

အထက်တန်းအောင်တော့ တက္ကသိုလ်တက်ဖို့ပြင်ကြတယ်။ အလိုလေး ခေတ်က ပြောင်းပါ သကော။ ကျုပ်အတွေးထဲက အင်းလျားပျောက်သွားတယ်။ ဂျက်ဆင်လည်း ဝေးသွားတယ်။ အဓိပတိလမ်း မပေါ်မှာလည်း ခြေရာမထင်နိုင်တော့ဘူး။ တက္ကသိုလ်အသစ်တွေ ပေါ်လာသကိုး။ ဘဝအတွက် လေ့လာ သင်ယူစရာလည်း များလာတယ်။ ဒါနဲ့ ကျုပ် အဝေးသင်တက္ကသိုလ်တက်ခဲ့တယ်။

အမယ် အထင်တော့ မသေးနဲ့။ တက္ကသိုလ်မှာ ကျုပ်က ကျုပ်ကြိုက်တဲ့ မေဂျာကိုပဲ ယူတာဗျ။ အဝေးသင်တက်လိုက်၊ အပြင်မှာ သင်တန်းတွေစုံအောင် တက်လိုက်နဲ့ ကျုပ်ပညာရေးခရီးက အဆင်ပြေ ပါတယ်။

အဝေးသင်တက္ကသိုလ် စာမေးပွဲတွေ မဖြေခင် အနီးကပ် ၁၀ ရက် တက်ရတယ်။ အဲဒီကျမှ ကျုပ် စိတ်ဝင်စားတဲ့ မေဂျာက ကျုပ်ဆရာ၊ ဆရာမတွေနဲ့ တွေ့ရတယ်ဗျ။ ဒီမေဂျာက ကျုပ်ကြိုက်သကိုး။ စိတ် ပညာလေ။ ဒီမေဂျာကို ကျုပ်က လျှောက်တော့ ကျုပ်ဆွေမျိုးတွေက ဝိုင်းလှောင်ကြသဗျ။ သွားပြီ။ နဂိုကမှ ကြောင်တောင်တောင်ကောင် ခုပိုဆိုးပြီတဲ့။ ကျုပ်ကို ချစ်ကြတာလေ။

ဒါနဲ့ ကျုပ်က ကျုပ်မေဂျာက ဆရာမတွေကို ကျုပ်ဖတ်ဖူးတဲ့ စိတ်ပညာ စာအုပ်တွေထဲက အကြောင်းတွေကို တောင်မေး၊ မြောက်မေး မေးတော့တာပဲ။ ကျုပ်တို့ ဆရာတွေများ ဖြေလိုက်တာမှ ကရား ရေလွှတ် ဒလဟောပဲ မောင်ရေ့။ သူတို့ခမျာလည်း မေးမယ့်တပည့် ရှားတယ်ထင်ပါရဲ့။ မေးသူ ကျုပ်တစ် ယောက်တည်းကို ဖြေတဲ့ဆရာက တစ်ကျိပ်လောက်ရှိတယ်။

ကျုပ်က တက္ကသိုလ်ကျောင်း စတက်ကတည်းက ဆရာတွေနဲ့ သူငယ်ချင်းဖြစ်ရတာ။ မသိတဲ့ ကျောင်းသားများက ကျုပ်ကို ဆရာအမှတ်နဲ့ ဆရာ ဆရာလို့ ခေါ်ကြတယ်ဗျ။ အရသာရှိသဗျို့။ ကျုပ် ကလည်း ပုံတုံးကြီးဆိုတော့ ကွက်တိပေါ့။ ဆရာတွေကနေစပြီး ပါမောက္ခအဆုံး ကျုပ်ကို ချစ်လိုက်ကြ တာ မပြောနဲ့တော့။

နောက်ဆုံးတော့ ကျုပ်တို့ဌာနအတွက် ဆရာကန်တော့ပွဲ၊ ဘာပွဲညာပွဲတွေလုပ်ဖို့ အဖွဲ့ဖွဲ့ကြတယ်။ ကျုပ်က အလုပ်အမှုဆောင်(EC)ဖြစ်ရရောဗျို့။ အမှုဆောင်တောင်မှ ရိုးရိုးမဟုတ်ဘူး မောင်ရေ့။ အမှုဆောင်အားလုံးရဲ့အချုပ် အမှုဆောင်ချုပ်ဗျ။ ကျောင်းသားတွေက အီးစီချုပ်လို့ ဝိုင်းပြီး ကင်ပွန်း တပ်လိုက်ကြတယ်။

ကျုပ်က ဆရာ၊ ဆရာမတွေနဲ့ အတော့ကို နီးစပ်တော့ ကျုပ်နားမှာ ကျောင်းသူ၊ ကျောင်းသားတွေ ဝိုင်းနေတာပေါ့။ ကျုပ်ကလည်း သူတို့အပေါ်မှာ ချုပ်ဗျ။ ကျောင်းသားတွေက အီးစီချုပ်လို့ ဝိုင်းပြီး ကင်ပွန်း တပ်လိုက်ကြတယ်။

ကျုပ်က ဆရာ၊ ဆရာမတွေနဲ့ အတော့ကို နီးစပ်တော့ ကျုပ်နားမှာ ကျောင်းသူ၊ ကျောင်းသားတွေ ဝိုင်းနေတာပေါ့။ ကျုပ်ကလည်း သူတို့အပေါ်မှာ ဩဇာညောင်းသပေါ့။ ဒါပေမယ့် ကျုပ်က ဘုဘောက်ကျသ ဗျ။ စာအုပ်ကြီး သိပ်ဆန်တာ။ ငါလုပ်ချင်တာက ဒါ။ ဟိုဟာ မဟုတ်ဘူး။ ဘာညာတွေလုပ်တော့ ကျုပ်အ နားကို ကျောင်းသူတွေ မကပ်တော့ဘူး မောင်ရေ့။ ဘိုကေတစ်ထောင်မှာ တစ်ယောက်လောက်တော့ ကြိုက် မှာပေါ့ ဆိုပေမယ့် ဘိုကေ ကျုပ်တစ်ယောက်တည်းကို မေတ္တာသက်ဝင်တဲ့သူ ရှားသွားရပြီ။

အဝေးသင်တက္ကသိုလ်ဆိုလေတော့ ကျုပ်မှာ အပြင်က သင်တန်းတွေ၊ အလုပ်တွေက ရှိနေသေး။ ကျုပ်က စပ်စပ် စပ်စပ်ဆိုတော့ မအားရပါဘူး။ အနီးကပ် ၁၀ ရက်ပြီးလို့ စာမေးပွဲတွေ ပြီးသွားသည့်တိုင် အောင် ကျုပ်က နောက်နှစ်က ကျောင်းသားတွေကို နောင်တော်ကြီးအနေနဲ့ နတ်လမ်းညွှန်ရသေးတယ်။ ဒီ တော့ ကျုပ်က ရာသက်ပန် ကျောင်းသားကြီးဘဝ ရရောဗျာ။

ဒါတင်ဘယ်ကမလဲ ကျုပ်တို့ ဌာနအတွက် ကွန်ပျူတာစာစီပေးရ၊ ပါဝါပွိုင့်လုပ်ပေးရ၊ ပရိုဂျက်တာ ထိုးဖို့ ဖလင်ပြားလုပ်ပေးရနဲ့ ကျောင်းစာရေးတစ်ပိုင်းပါ ဖြစ်လာရတယ်။ ဒီ့ပြင် ဘယ်ကမလဲ။ ဆရာ၊ ဆရာမတွေနဲ့ အရှေ့ပိုင်းတက္ကသိုလ်ရောက်လိုက်၊ လှိုင်နယ်မြေရောက်လိုက်။ ရန်ကုန်တက္ကသိုလ်ထဲ ရောက် လိုက်နဲ့ စုံနေတာပါပဲ။ ဒီလိုအလုပ်တွေနဲ့ ပွေလီရှုပ်နေတဲ့ ကျုပ် တက္ကသိုလ်တကာလည်နေပေမယ့် ချစ်ရေး ချစ်ရာမှာ မစွံခဲ့ပါဘူး။

ကျောင်းတတ်နေချိန်မှာ မိန်းကလေးတွေ အနားဝဲနေပေမယ့် သူတို့ လိုချင်တာများ မရလေတော့ မြို့ပေါ်ကြီးပြီး တောဂိုက်ထွက်နေတဲ့ ကျုပ်ကို သူတို့ မစဉ်းစားတာ အပြစ်မှ မဟုတ်တာပဲ။ တက္ကသိုလ် ဇာတ်လမ်းတွေကို ရင်ခုန်ခဲ့ရတဲ့ ကျုပ်က တက္ကသိုလ်မှာ ချစ်ဇာတ်လမ်းလေး ရေးဖွဲ့ချင်တာပေါ့ဗျာ။ ဆိုပေ မယ့် ဘွဲ့သာရသွားတယ်။ တက္ကသိုလ်မှာ ချစ်သူရည်းစား မရခဲ့ပါဘူးလေ။ တကယ်ကျောင်းတက်ရတာ လည်း ၁၀ ရက်တည်းကိုး။

မည်သို့ပင်ဆိုစေ။ ကျုပ်က လက်မလျှော့ခဲ့ပါဘူး။ အဓိပတိလမ်းကို ကျောင်းသားဘဝနဲ့ ရအောင် ခြေချခဲ့တော့ပေါ့။ ဘွဲ့လွန်တက်ခဲ့တာပေါ့။ ကျုပ်စိတ်ထဲကလည်း ‘ငါသည် ဧကန်စစ်စစ် ဒီတစ်ကြိမ်မှာ တော့ ချစ်သူရ, ရစေမယ်။ ဤနယ်မြေရဲ့ ဘုန်းတန်ခိုးနဲ့ ချစ်ကံပွင့်ရမယ် ‘ လို့ တွေးထင်ထားခဲ့တယ်။

ကျုပ် ကံ့ကော်တောကိုလည်း တွေ့ရပြီ။ ရေတမာပင်ကိုလည်း မြင်ရပြီ။ သစ်ပုတ်ပင်ကိုလည်း မော့ ကြည့်နေပြီ။ တစ်ချိန်က ဒေါက်တာမောင်မောင်ခရဲ့ ခုံတန်းပြာကိုလည်း မှန်းဆနိုင်နေပြီ။ အာစီကိုလည်း ဖြတ်သန်းနေပြီ။ ဦးချစ်မှာလည်း ထိုင်နေပြီ။ ကျုပ်တို့ မေဂျာရှိရာ ရာမညကို ဦးတည်ခဲ့ပြီပေါ့။

ဒီလိုနဲ့ ကျုပ်ဟာ ဘွဲ့လွန်ကျောင်းသားဖြစ်ခဲ့ရတယ်။ ကျောင်းစတက်ရတဲ့နေ့မှာ ကျုပ်ရင်ထဲမှာ၊ ရင်ထဲမှာ ကျုပ်၊ ကျုပ် သိပ်မျှော်လင့်ခဲ့တယ်။ သူ ဘယ်လိုပုံ ရှိမလဲလို့။

ဆိုသော်ငြားလည်း ကျုပ်တက်ရတဲ့ အတန်းက ဘွဲ့လွန်တန်းလေ။ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်တက် ရတဲ့နှစ်မှာ ကျုပ်က အငယ်ဆုံးပေါ့။ ကျုပ်ထက် အိုမင်းရင့်ရော်သော လူကြီးများနဲ့သာ ပေါင်းသင်းခဲ့ရ တယ်။ ကျုပ် မျှော်လင့်သလို ချစ်သူလက်ကို မတွဲရပါဘဲ မမကြီးများ၊ အန်တီကြီးများ၏ အမှုဆောင် ကလေးတစ်ယောက်တော့ ဖြစ်ခဲ့ရတယ်။ သူတို့တွေကလည်း တက္ကသိုလ်ထဲမှာ ငယ်မူငယ်သွေး လာပြန် ကြတယ်ထင်ပ။ ကျုပ်ကတော့ဖြင့် မျှော်လင့်ချက်နဲ့ ဝေးခဲ့ရပေသည်။

 ဟန်ဆန်း

(ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း၊ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ)

Please follow and like us:
0