ကျွန်ုပ်အကြောင်း ကိုယ်ရေးအကျဉ်းသည်ကား …။ ဤသို့

၁။ တစ် နေ့၌ ဂန္ထဝင် စကားလုံး ကောင်းကင် မောင်ရင်ညို ဆိုသူသည် အိမ်ဖျားထက်သို့ မိုးများ ယိုစိမ့်လာ၍ အိပ်မရဘဲ ရှိနေလေသည်။

ယင်းသို့ အိပ်မရသော အခါ မောင်ရင်ညိုသည် အတွေးများကို တောင်သို့တစ်ခါ မြောက်သို့တစ်လှည့် ပို့လျက် ရှိလေ၏။ အတွေးများကို တောင်တစ်ခါ မြောက်တစ်လှည့် ပို့ရင်း မောင်ရင်ညို၏ အတွေး အပိုင်းအစ တစ်ခုသည် တောင်မရောက်၊ မြောက်မရောက် နေရာ တစ်ခုတွင် ရပ်တန့် သွားခဲ့သည်။ ထိုသို့ ရပ်တန့် သွားသည်နှင့် အတူ မိုးခြိမ်းသံ တစ်ခုသည်လည်း အချိန်ကိုက် ပေါ်ပေါက်လာခဲ့သည်။

မောင်ရင်ညို တွေးမိလေသော အတွေးသည်ကား အခြားမဟုတ်။ သူ၏ ကိုယ်ရေး အကျဉ်းကို ကြိုတင် ရေးသားထားရန် ဖြစ်လေ၏။ ယင်းကြောင့် မောင်ရင်ညိုသည် ဘုတ်အုပ်နှင့် မင်တံကို ယူလတ္တံ့ပြီး သူ၏ ကိုယ်တိုင်ရေး ကိုယ်ရေး အကျဉ်းကို စတင် ရေးသား လေသတည်း။ ထိုအချိန်တွင် မိုးသက်လေပြင်းတို့သည် မောင်ရင်ညို့ အိမ်ကို ရိုက်ခတ်သောကြောင့် အိမ်သည် တသိမ့်သိမ့် လှုပ်ခါ နေတော့သည်။

၂။ မောင်ရင်ညိုသည် သူ၏ အမည်ကို ဘုတ်အုပ်၏ ထိပ်ဘက်အလယ် လောက်တွင် မောင်ရင်ညို(ဂန္ထဝင်စကားလုံး ကောင်းကင်)ဟု ရေးထိုးလိုက်သည်။ ယင်းနာမည် အောက်တွင် သူ၏ မွေးနှစ်ဖြစ်သော ၁၉၇၉ ခုနှစ်ကို ရေးထိုးလိုက်ကာ သူ၏ သေနေ့ ဖြစ်နိုင်သော နေ့ကို မှန်းဆရန် ခဲယဉ်း၍ နှစ်ထောင်ကျော် နှစ်များကို ကိုယ်စားပြုသည့် အနေဖြင့် ၂၀xx ခုနှစ်ဟု ရေးထိုးလိုက်သည်။ ယင်းနောက် သူ၏ ကိုယ်ရေး အကျဉ်းကို အောက်ပါအတိုင်း ရေးသားလေ၏။

က။ မောင်ရင်ညိုကို ၁၉၇၉ ခုနှစ်၊ မြန်မာခုနှစ် ၁၃၄၁၊ ဇူလိုင်လ ၁၃ ရက်၊ ဝါဆို လပြည့်ကျော် ၁၄ ရက်နေ့တွင် အဘ ဦးမောင်ရင်၊ အမိ ဒေါ်ညိုတို့မှ မွေးဖွားသည်။ တစ်ဦးတည်းသော သား၊ တစ်ဦး အရူးဟု အရပ်က ဆိုကြသည်။ မွေးရပ်ကိုမူ စုံစမ်း မသိနိုင်၍ ယခု အခါတွင် ဖော်ပြနိုင်ခြင်း မရှိပေ။ ၁၉၈၅ ခုနှစ်တွင် ရွာဦးကျောင်း၌ ဘုန်းတော်ကြီး စာသင် ယူခဲ့၍ ၁၉⁠၉၆ ခုနှစ်တွင် ဘ၀ တက္ကသိုလ်မှ ကျောင်းဆင်းခဲ့သည်။

၁၉⁠၉၇ ခုနှစ်၌ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း အရပ်ရှိ လေးထောင့်ကန် လမ်းမကြီးတွင် ဆိုက်ကားနင်းသော အလုပ်ကို စတင် လုပ်ကိုင်ခဲ့သည်။ ယင်းသို့ ဆိုက်ကား စတင်နင်းစဉ်တွင် လေးထောင့်ကန် လမ်းမကြီးသည် ကတ္တရာ လမ်းမကြီး ဖြစ်ခဲ့ပြီး ယခုကာလ ၂၀၁၀ ပြည့်နှစ်၌ ယင်းလမ်းမကြီးသည် ကွန်ကရစ် လမ်းမ အဖြစ်သို့ ရောက်ရှိ နေခဲ့သည်။

ဆိုက်ကား စတင် နင်းချိန်တွင် ခရီးတို အတွက် ဆိုက်ကားနင်းခ ၃၀၀ ကျပ် ရရှိ၍ ခရီးရှည် အတွက် ဆိုက်ကားနင်းခ ၅၀၀ ကျပ် ရရှိလေသည်။ ယခု ကာလတွင် ခရီးတို အတွက် ဆိုက်ကားနင်းခ ၅၀၀ ကျပ်ရရှိ၍ ခရီးရှည် အတွက် ၁၀⁠၀၀ ကျပ်အထိ ရရှိခဲ့သည်။ ၁၉⁠၉၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ကျွန်ုပ်၏ ဝင်ငွေသည် တိုးလာသည်ဟု ယူဆ ရသော်လည်း အိမ်၌ ရှိလတ္တံ့သော အဘနှင့် အမိတို့က အသုံးစရိတ် မလုံလောက်ဟု ဆိုကြလေသည်။

ခ။ ကျွန်ုပ် မောင်ရင်ညို၏ တစ်နေ့တာ လုပ်ငန်းစဉ်များကို မောင်ရင်ညို့ တစ်နေ့တာ အဖြစ် ဤနေရာတွင် ဖော်ပြလိုပေသည်။ (ရုပ်မမြင်သံ မကြား ဖြစ်၍ စာအဖြစ်သာ ဖတ်ကြပါကုန်။)ကျွန်ုပ် မောင်ရင်ညိုသည် မနက် ၅ နာရီခန့်တွင် အိပ်ရာမှ နိုးထ၍ ကိုယ်လက် သန့်စင်ပြီးသော် ထမင်းကြမ်း ခဲကို ငါးပိရည်ကျိုဖြင့် လွေးလေ၏။ ယင်းနောက် ဆိုက်ကားပိုင်ရှင် ဖြစ်သူ အုံနာထံ သွားရောက်၍ ဆိုက်ကား ထုတ်ယူပြီး ကျွန်ုပ်၏ တစ်နေ့တာ အလုပ်ကို စတင်သည်။

မနက် ဝေလီဝေလင်း အခါဖြစ်၍ ဆိုက်ကားကို နှစ်ကြောင်း၊ သုံးကြောင်းခန့် မောင်းနှင်ရတတ်၏။ မိန်းမတို့၏ အလှအစစ်ကို မနက် စောစောတွင် ကြည့်ရှုရသည်ဟု ကျွန်ုပ် မှတ်သားဖူးသော်လည်း ဆိုက်ကားနင်း သက်တမ်း တစ်လျှောက်တွင် ကျွန်ုပ်သည် စာ၌ဆိုသော မိန်းမတို့၏ အလှ အစစ်ကို မမြင်တွေ့ဖူးပေ။

အထက်တွင် ဆိုခဲ့လေသလို ဆိုက်ကားနှစ်ကြောင်း၊ သုံးကြောင်း နင်းသော် ကျွန်ုပ်၏ အိတ်ကပ်တွင် ငွေတစ်ထောင်ခန့် စီလေသည်။ ယင်းသို့ စီလျှင် ကျွန်ုပ်သည် ဆိုက်ကားဂိတ် အနီးရှိ ရွှေကြေးစည် လက်ဖက်ရည် ဆိုင်သို့ ယွန်းလေ၏။ ရွှေကြေးစည် လက်ဖက်ရည် ဆိုင်သို့ ရောက်လျှင် ကျွန်ုပ်သည် ၃၀၀ ကျပ်တန် လက်ဖက်ရည်ကို မှာယူ သောက်သုံး၍ ၅၀ ကျပ်တန် စီးကရက် ၂ လိပ်ကို ဖွာလေ၏။ ထို့နောက် ဆိုင်ရှင် ဦးလေးကြီးအား ကျသင့်ငွေ ၄၀၀ ကျပ်ကို အစဉ် ပေးသွင်းခဲ့သည်။ ယင်းကဲ့သို့ အမှုကို ကျွန်ုပ်သည် နေ့စဉ်ပြုလေ၏။

ယင်းသို့ နေ့စဉ် ပေးသွင်း၍ အားပေးခဲ့သော ငွေကြေးများကို စုပေါင်းတွက် ချက်သော် ဆိုင်ရှင်ဦးလေးကြီးကို အားပေးခဲ့သည်မှာ မနည်းလှပေ။ အကယ်၍ ယင်းဆိုင်ရှင်သည် စားသုံးသူ အခွင့်အရေးကို ချိုးဖောက်ခဲ့သည် ရှိသော် ဆိုင်ရှင် ဦးလေးကြီးမှ ကျွန်ုပ်ကို မနည်းမနော လျော်ကြေး ပေးရနိုင်ဖွယ် ရှိသည်။ သို့သော် ယင်းလက်ဖက်ရည်ဆိုင်သည် ယနေ့အထိ ဤသို့ ပြုမူနိုင်သော အမူအရာ မတွေ့ရသေးပေ။

ဂ။ လက်ဖက်ရည် သောက်ပြီးသကာလ ကျွန်ုပ်သည် ဆိုက်ကားနင်းခြင်း အမှုကို ဆက်လက်ပြု လုပ်လေသည်။ နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် ထမင်းစားရန် ဆိုက်ကားဂိတ်မှ အိမ်သို့ ပြန်လေသည်။ ယင်းသို့ အိမ်သို့ပြန်လျှင် အများက စာရေးဆရာ ပေါက်စဟု ခေါ်ဆိုသော စာရေး ဆရာဟာညံ⁠ညံနှင့် တွေ့တတ်လေသည်။ ထိုကဲ့ သို့တွေ့တိုင်း စာရေးဆရာ ဟာညံ⁠ညံက “ဘော်ဒါကြီး။အိတ်ကပ်ထဲ ဘယ်လောက် စီပလဲ” ဟု မေးလေ့ရှိသည်။ ထိုအခါ ကျွန်ုပ် အိတ်ကပ်ထဲတွင် ငွေပမာဏ မည်၍မည်မျှ ရှိသည်ကို ယင်းစာရေးဆရာအား ပြောပြရလေသည်။ ထိုသို့ ပြောတိုင်းတွင် စာရေးဆရာ ဟာညံ⁠ညံက“အားကျတယ်ဗျာ”ဟု ပြန်ပြောတတ်ပေသည်။

စာရေးဆရာ ဟာညံညံ ထိုသို့ပြောတိုင်း ကျွန်ုပ်စိတ်ထဲတွင် “တူမလား။ ငါက ရုပ်သဘောတွေ အားကိုးနဲ့ အလုပ်လုပ်တယ်။ မင်းက ဘုတ်အုပ်နဲ့ မင်တံပဲ အားကိုးတယ်။ ပြီးတော့ တောင်ရေးခြစ်၊ မြောက်ရေးခြစ်လုပ်တယ်။ ဟင့် တူမလားကွ” ဟု တီးတိုး ရေရွတ်မိတတ်၏။ ယင်းတို့ကို စိတ်ထဲရှိသည့် အတိုင်း ယင်းအား ထုတ်ပြောရန် မဖြစ်ချေ။ အဘယ့်ဆိုသော် အခါ တစ်ပါးက ဟာညံ⁠ညံကို ကျွန်ုပ်ထိုသို့ ပြောဆိုမိရာ ညနေ၌ သင်းသည် ဘဲခေါင်းဆိုင်တွင် ထိုင်စောင့်၍ ကျွန်ုပ် နားမလည်သော စကားများ ပြော၍ ပြန်လည် ချေပလေ၏။ သူ၏ နောက်တွင်လည်း ရေးဖော် သောက်ဖက်ဆိုသူများ အမြဲရှိနေ ၍ ကျွန်ုပ်သည် ဟာညံ⁠ညံအား မလှန်ဝံ့ပေ။ ထို့ အပြင် စားသောက်ထားသည့် အပိုင်းအစများ အားလုံးကို ကျွန်ုပ်က အပြစ်ကျေကြေး အဖြစ် ငွေစ များဖြင့် ရှင်းပေးရ၏။ ယင်းကား စာရေးဆရာ ဟာညံ⁠ညံနှင့် ကျွန်ုပ်၏ ပတ်သက်မှု တစ်ပိုင်း ္စ ဖြစ်ပေသည်။

ဃ။ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ကျွန်ုပ်သည် မိခင်ကြီး ချက်ပြုတ် ကျွေးမွေးသော ထမင်းနှင့် ဟင်းကို စားလေ၏။ ထို့နောက် နေ့လယ်ခင်း တစ်ရေးအိပ်လေ၏။ ညနေ ၃ နာရီ ဝန်းကျင်တွင် ကျွန်ုပ်သည် အိပ်စက်ရာမှ ထ၍ မိခင်ကြီး ဖျော်ပေးသော ကော်ဖီမစ်ကို သောက်လေ၏။ ယင်းနောက် ဆိုက်ကားပေါ်သို့ တက်၍ ဆိုက်ကားဂိတ်သို့ ပြန်ထွက်လာ၏။ ထို့နောက် ကျွန်ုပ် လုပ်ရန်ဖြစ်သည့် ခရီးသည် ဆိုသူတို့အား ဆိုက်ကား နင်း၍ လိုရာအရပ်သို့ ပို့ဆောင်ပေး ရလေသည်။ ယင်းသို့ ပို့ဆောင်ရာတွင် အသက် အရွယ်ကြီး ရင့်သူတို့ ပါဝင်၏။ အလွန် လေးလံသော ခန္ဓာကိုယ်ကြီးများကိုလည်း တင်၍ နင်းရတတ်၏။ အလွန်ပေါ့ပါးသော ခန္ဓာကိုယ်များကိုလည်း သယ်ဆောင်ရတတ်၏။ ကလေးများလည်း ပါ၏။ တစ်ခါတစ်ရံ ခွေးများကိုလည်း အိမ်တစ်အိမ်မှ တစ်အိမ်သို့ ဆိုက်ကားနင်း၍ ပို့ပေးရတတ်၏။

ဆိုက်ကားဂိတ် အနီးတွင် စူပါဈေးကြီးဟု ခေါ်၍ ပျိုမဒီ အငယ်လေးများ လာလေ့ရှိသည့် ဈေးဆိုင် အစုအဝေးကြီး တစ်ခု ရှိလေသည်။ ယင်း ဈေးဆိုင် အစုအဝေးကြီးသို့ စကတ်တို၊ ပေါင်တိုနှင့် ဂျင်းအကျပ်ဝတ်သည့် ပျိုမဒီငယ်များ လာတတ်ကြလေ၏။ ပျိုမဒီငယ်တို့သည် အခါတစ်ပါး၌ ကျွန်ုပ်၏ ဆိုက်ကားကို သုံးလေ၏။ စကတ်တို၊ ပေါင်တိုတို့သည် ကျွန်ုပ်၏ ဆိုက်ကားကို အသုံး ပြုသည့်အခါ ကျွန်ုပ်သည် ရင်ဖို၍ ရင်တုန်ရပေသည်။ အဘယ့်ဆိုသော် သင်းတို့သည် ကျွန်ုပ်၏ ဆိုက်ကား ရှေ့ခန်းတွင် ထိုင်ကြ၏။ ထိုသို့ ထိုင်၍ ကျွန်ုပ်၏ ဆိုက်ကားကို စီးလျှင် သင်းတို့၏ စကတ်တိုများသည် လေတစ်ချက် အဝှေ့ကို ခံနိုင်မည် မဟုတ်ပေ။ ယင်းကြောင့် သင်းတို့ကိုယ်စား ရင်ဖို ရင်တုန်ဖြစ်၍ စိတ်မသက်မသာ ဖြစ်ရလေသည်။

ညနေ ၆ နာရီနှင့် ၇ နာရီဝန်းကျင်တွင် ကျွန်ုပ်သည် ဆိုက်ကားနင်းခြင်း အလုပ်ကို ရပ်နား ၍ ဆိုက်ကားပိုင်ရှင် အုံနာထံသို့ ဆိုက်ကား ပြန်အပ်ရလေသည်။ ထိုသို့ ပြန်လည် အပ်နှံရာတွင်လည်း ဆိုက်ကား တစ်နေ့တာ ငှားရမ်းခဟု ဆို သော အုံနာခ ငွေစ တချို့ကို ပေးအပ်ရ၏။ ယင်းအမှု ကိစ္စတို့ ပြီးလေသော အခါ ကျွန်ုပ်သည် အိမ်သို့ ပြန်လေ၏။ တစ်ခါတစ်ရံ ဘဲခေါင်းဆိုင်သို့ သွားလိုသော်လည်း စာရေးဆရာ ဟာညံ⁠ညံနှင့် တွေ့၍ သူ၏ တရားများကို နာယူရမည် ကြောက်သောကြောင့် ရှောင်ရှားလေ၏။

အိမ်သို့ ပြန်ရောက်လေသော အခါ မိခင်ကြီး ချက်ပြုတ် ကျွေးမွေးသော ညစာ ထမင်းကို စားသောက်၍ ရုပ်မြင်သံကြားဟု ခေါ်တွင်သော အိမ်တွင်း ဓာတ်ရှင်ပြစက် ရှေ့သို့ ရောက်လေ၏။ ယင်းနောက် ကျွန်ုပ်သည် အိမ်တွင်း ဓာတ်ရှင် ပြစက်ရှေ့တွင် အိပ်ပျော်တတ်သကဲ့သို့ တစ်ခါတစ်ရံ အိမ်ဖျားထက်တွင် အိပ်ပျော် တတ်လေသည်။ ယင်းသို့ အိပ်ပျော်ခဲ့လျှင် မနိုးနိုင်တော့ဘဲ မနက် ၅ နာရီမှ ဘုန်းကြီးကျောင်း အုန်းမောင်းနဲ့ အတူ ပြန်လည် နိုးထရပေသည်။

ယင်းသို့ လည်ပတ်နေသော ကျွန်ုပ်၏ တစ်နေ့တာ လုပ်ငန်းများကို ဆိုက်ကားဂိတ် အနီးတွင် နေထိုင်သည့် မှတ်တမ်းဓာတ်ရှင် ဒါရိုက်တာ ဓာတ်ခဲက ဓာတ်ရှင် ဇာတ်လမ်းအတို ရိုက်ကူးလေသည်။ ယင်းတို့ရိုက်ကူးပြီးသည့် နောက်ပိုင်း ကာလများမှ စ၍ မှတ်တမ်း ဓာတ်ရှင်ဒါရိုက်တာ ဓာတ်ခဲက

“ကိုရင်ညိုကြီး ဓာတ်ရှင်မင်းသား ဖြစ်သွား ပြီနော်။ ကျွန်တော့် ဇဝန လိုက်ပို့ ”ဟုဆိုကာ ကျွန်ုပ် ဆိုက်ကားကို အဖိုးအခ မပေးဘဲ အမြဲ စီးလေသည်။

ဓာတ်ခဲပြောသဖြင့် ကျွန်ုပ်သည် ဓာတ်ရှင် မင်းသားဘွဲ့ခံရသော်လည်း ကျွန်ုပ်သည် ဓာတ်ခဲ၏ အစ်ကို ဓာတ်ရှင်မင်းသားကဲ့သို့ လူအလယ်တွင် ဝိုင်းကြည့်မခံရပေ။ ဆိုက်ကားနင်းခြင်းအမှု ကို ကောင်းစွာလုပ်နိုင်၏။ ဆိုက်ကားဆရာ အစည်းအဝေး၌ အရေးပေး ခံရ၏။ ဆိုက်ကားဂိတ်၌ ဂိတ်မှူး ဖြစ်ခဲ့ရ၏။ ကျွန်ုပ်၏စကားဩဇာသည် အောင်၏။ ဤသို့ အရေးပေးမှုများရခဲ့ဖူး၏။

အခါတစ်ပါးကလည်း ကျွန်ုပ်တို့ ဆိုက်ကား ဂိတ်အနီးတွင် နေထိုင်သည့် ပါးဖောင်းဖောင်း အနုပညာ ဇနီးမောင်နှံသည် ကျွန်ုပ် ဆိုက်ကားကို တစ်နေ့တာ ငှားရမ်း၍ ပါးဖောင်းဖောင်း အနုပညာ လုပ်ဖူးလေ၏။ ယင်းကိစ္စရပ်ကို စာရေးဆရာ ဟာညံ⁠ညံအား ထုတ်ဖော် ပြောမိလေသည်။ ဟာညံ⁠ညံသည် ပါးဖောင်းဖောင်း အနုပညာ ဆိုသည့် အသံကို ကြားသည်နှင့် ကျွန်ုပ်အား အလွန်ဒေါသ ထွက်၍ ကန်ကျောက်လေသည်။ ယင်းနောက်

“ပါးဖောင်းဖောင်း မဟုတ်ဘူး။ ပါဖောင်း မင့်ကွ။ ပါဖောင်းမင့်။ မင်းလိုအကောင်ရဲ့ ဆိုက်ကားကို အခုလို အနုပညာ ပစ္စည်းအဖြစ် ဂုဏ်မမြောက်သင့်ဘူးကွာ” ဟု အော်ဟစ်လေသည်။ ကျွန်ုပ် မောင်ရင်ညိုသည် ဟာညံ⁠ညံ၏ စကားလုံးတို့ကို ယနေ့တိုင် နားလည်ခြင်း မရှိရိုး အမှန်ပေ။ ထို့အတူ ကျွန်ုပ်သည် ဟာညံ⁠ညံအား ကြောက်ရွံ့၏။ ကျွန်ုပ်၏ အချစ်။ ကျွန်ုပ် ရည်ငံ နေသူနှင့်လည်း ဟာညံ⁠ညံကြောင့် ဝေးခဲ့ရပေ၏။ ကျွန်ုပ်သည် ဤအကြောင်းကို ဤနေရာ၌ ဋီကာ မချဲ့လိုပေ။ ဋီကာချဲ့မိက မျက်ရည်မိုးရွာ၍ သင်္ဃန်းကျွန်း အရပ်၌ ရေကြီး နိုင်ပေသည်။

ကျွန်ုပ် မောင်ရင်ညိုသည် ဘ၀ တစ်သက်တာလုံးတွင် ဤသို့နေထိုင်ခဲ့ပြီး လက်ရှိ ကာလတွင် အဘ ဦးမောင်ရင်၊ အမိ ဒေါ်ညိုတို့နှင့် အေးချမ်းစွာ နေထိုင်လျက် ရှိလေသည်။ ကျွန်ုပ်၏ ဇနီးနှင့် သားသမီးတို့ကို ဖော်ပြလိုသော်လည်း ကျွန်ုပ်၌ ဖော်ပြရန်မရှိပေ။ ဤကား ကျွန်ုပ်အကြောင်း အကျဉ်းပေ။မောင်ရင်ညို(ဂန္ထဝင်စကားလုံး ကောင်းကင်)

၃။ မောင်ရင်ညိုသည် ထိုကဲ့သို့ သူ၏ ကိုယ်တိုင်ရေး ကိုယ်ရေး အကျဉ်းကို ရေးသားပြီးသော အခါ ဆိုက်ကား နင်းဖော် နင်းဖက်တို့ကို ပြသလေသည်။ ထိုအခါ ဆိုက်ကား နင်းဖော်နင်းဖက်တို့က မောင်ရင်ညိုအား

“မင်းက ဒါတွေ မလိုပါဘူးကွာ”ဟု ပြောဆိုကြသည်။

ထိုအခါ မောင်ရင်ညိုက “ငါက ဘာလို့ မလိုရမှာလဲ။ ဟိုတစ်နေ့က ဘဲခေါင်းဆိုင်မှာ သေသွားတဲ့ စာရေးဆရာ ဟာညံညံ အသုဘတုန်းက ဒါမျိုး စာရွက်တွေ ပေးတယ်ကွ။ ဟာညံ⁠ညံတောင် ဒါမျိုး လုပ်ခဲ့ သေးတာပဲ။ မင်းတို့ကလည်း” ဟု ပြန်လည်ပြောဆို ချေပလေသည်။

၄။ ထိုတစ်နေ့က မောင်ရင်ညိုသည် ညဘက် အိပ်ရေးပျက်၍ ရွှင်ပျ လန်းဆန်းခြင်း မရှိဘဲ ထိုင်းမှိုင်းနေ၏။ ညက ရွာခဲ့သောမိုးသည် မနက်မိုးလင်း တွင် သူမဟုတ်သကဲ့သို့ ပြုမူနေပြီး နေမင်းကို အလှည့်ပေးကာ ပူပြင်းစေလေသည်။ ထိုဒဏ်ကို မောင်ရင်ညိုလည်း ခါးစည်း ခံနေရ၏။ စာရေး ဆရာ ဟာညံ⁠ညံကိုလည်း သတိရနေ၏။ လွမ်းသလို၊ စိတ်မကောင်းသလို၊ ငြီးစီစီ ဖြစ်သလိုရှိ နေ၏။ တစ်ခါတစ်ရံလည်း ဟာညံညံ မရှိခြင်းသည် ကောင်းလေ၏ဟု တွေးနေသည်။

အမှန်တွင်ကား မောင်ရင်ညိုသည် စာရေး ဆရာ ဟာညံ⁠ညံကို အားကျခဲ့ပြီး မောင်ရင်ညို့အား ဂန္တဝင် စကားလုံး ကောင်းကင်ဟု ခေါ်ဆိုရ ခြင်းသည်လည်း မောင်ရင်ညို၏ ဤသို့ လုပ်ရပ်များကြောင့် ဖြစ်တန်၏။ မည်သို့ပင် ဆိုစေ မောင်ရင်ညို၏ လုပ်ရပ်သည် စာရေးဆရာ ဟာညံ⁠ညံကို ခြေရာ တိုင်းသဘိသို့ ရှိလေသည်။ မောင်ရင်ညိုက ကျေနပ် နေလို၍ စာရေး ဆရာ ဟာညံ⁠ညံက မသိနိုင်တော့ပေ။ ဤတွင် ဤဇာတ်လမ်း ပြီးဆုံးလေသတည်း။

ဟန်ဆန်း (Teen မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၀)

Please follow and like us:
error0