ထွေသူ၏ မှတ်စု

၁။

ကျွန်တော် ရူးနေတယ်။

“ကျွန်တော် အရူးဗျ”

“မင်း မရူးပါဘူးကွာ”

“ရူးတယ်ဗျာ”

“ဟေ့ကောင်၊ အရူးက ဘယ်တော့မှ သူ့ကိုယ်သူ ရူးတယ်လို့ မပြောဘူး။ မင်းအခုလို ပြောနိုင် သေးရင်၊

မင်း မရူးသေးဘူး။”

အရူးက ရူးတယ်လို့ ပြောခဲ့ရင် ရူးတယ်လို့ မခေါ်ဘူးတဲ့။

ကျွန်တော် ရူးနေတယ်ဆိုတာ သူတို့ မယုံဘူး။

၂။

ကျွန်တော် ငိုတတ်တယ်။

စိတ်အရမ်း ထိခိုက်လာရင် ကျွန်တော် ငိုတယ်။ အားကောင်း မောင်းသန် ယောကျာ်း ရင့်မာကြီးဆိုတော့ လူကြား သူကြားထဲမှာ ကျွန်တော် ဘယ်ငိုမလဲ။ ရှက်တယ်။မြောက် ကိုးရီးယားက ဟိုချာတိတ်၊ လူကြား သူကြားထဲ ငိုတာဘယ်လောက် ရယ်ရလဲ။ ခင်ဗျာတို့ တွေ့လိုက်တယ် မဟုတ်လား။ ကျွန်တော့်ကို လူတွေက အဲဒီလို ဝိုင်းရယ်ကြမှာ။ ဒါကြောင့် ကျွန်တော်က လူကြား သူကြားထဲမှာ မငိုဘူး။ ကျိတ်ပြီးတော့ ငိုတယ်။

ငိုတဲ့သူက ငိုတယ်လို့ ပြောခဲ့ရင် သူတို့က ငိုတယ်လို့ မခေါ်ဘူးတဲ့။

ကျွန်တော် ငိုတတ်တယ်ဆိုတာ သူတို့ မယုံဘူး။

၃။

ကျွန်တော် စိတ်ကူးယဉ်တယ်။

စိတ်ကူးကမ္ဘာထဲမှာ နေရတာလောက် ပျော်စရာ ကောင်းတာ မရှိဘူး။ စိတ်ကူးထဲမှာ လုပ်ချင်တာ လုပ်လို့ရတယ်။ စိတ်ကူးထဲ ကအတိုင်း အပြင်မှာ တော့ မလုပ်မိ စေနဲ့။ အရပ်ထဲက ပြောသလို ဒုက္ခနဲ့ လှလှတွေ့ပြီး ဒုက္ခလှလှ ဖြစ်သွားမယ်။ စိတ်ကူး ထဲမှာ ခင်ဗျား ကမ္ဘာကို ခင်ဗျား ကြိုက်သလို လုပ်နိုင် တယ်။ ခင်ဗျားကို တရားဆွဲ မယ့်သူ၊ ထိန်းသိမ်းမယ့် သူ မရှိဘူး။

အမေရိကန် နိုင်ငံရဲ့ ရာသက်ပန်သမ္မတကြီးဟာ ကျွန်တော်ပဲ။ စိတ်ကူးကမ္ဘာတစ်ခုလုံးက ကျွန်တော့ကို မည်း(မဲမဟုတ်ပါ။) ပေးထားကြတယ်။ အပြတ်အသတ်ပဲ။ ခင်ဗျား မယုံဘူးလား။

သမ္မတက သမ္မတလို့ ပြောခဲ့ရင် သူတို့က ဟုတ်ပါ့ မလားတဲ့။

ကျွန်တော် ရာသက်ပန် သမ္မတ ဖြစ်တယ်ဆိုတာ သူတို့ မယုံဘူး။

၄။

ကျွန်တော် ပြုံးတယ်။

ကျွန်တော် မဲ့ပြုံး ပြုံးတယ်။ သူတို့က နှစ်လိုဖွယ် ကောင်းတယ်တဲ့။ ခက်လိုက်တာ။ ကျွန်တော်က မကျေနပ်လို့ အမြင်ကပ်လို့  မဲ့ပြုံး ပြုံးလိုက်တယ်။ ကျွန်တော်က အရာရာကို မကောင်းမြင်တတ်လို့ ဘယ်လို အခြေအနေဖြစ်ဖြစ် ပြုံးရင် မဲ့ပြုံးပဲ ပြုံးတယ်။

မဲ့သူက မဲ့တယ်လို့ ပြောခဲ့ရင် သူတို့က မျက်နှာချို တယ်တဲ့။

ကျွန်တော် မျက်နှာခါး တယ်ဆိုတာ သူတို့ မယုံဘူး။

၅။

ကျွန်တော် သွေးဆူတယ်။

စိတ်ရှိလက်ရှိ လုပ်လိုက်ချင်တဲ့ ကိစ္စတွေမှ အများကြီး။ ဒေါနဲ့မောနဲ့ ပြောလိုက်ချင်တဲ့ ကိစ္စတွေကလည်း အများကြီး။ စိတ်ရှိ တိုင်းသာလုပ်ထည့်လိုက်လို့ကတော့ ထောင်နန်းစံ ဘဝကနေ ကျွတ်မှာကို မဟုတ်ဘူး။ အရာရာကို ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတယ်။ ထိန်းရတယ်။

သွေးဆူသူက ဆူပါတယ်လို့ ပြောခဲ့ရင် သူတို့က တည်ငြိမ်ပါတယ်တဲ့။

ကျွန်တော် မတည်ငြိမ်ဘူးဆိုတာ သူတို့ မယုံဘူး။

၆။

ကျွန်တော် မြင်တယ်။

ကျွန်တော်မြင်တာကို ပြောတယ်။ ဟုတ်တယ်။ ကျွန်တော်မြင်တာ ကကြီးပဲ။ သူတို့က မဟုတ်ဘူး အင်္ဂလိပ်အက္ခရာသရီးတဲ့။ မယုံရင် ငါတို့ နေရာက လာကြည့်၊ အင်္ဂလိပ်အက္ခရာ သရီးတဲ့။ မကြည့်ပါဘူး။ ကျွန်တော် သူတို့ နေရာက သွားကြည့်ရင် သူတို့လည်း ကျွန်တော့်နေရာကနေ လာပြန်ကြည့်ပေါ့။ ဒီလိုကျတော့ မလာကြဘူး။ သူတို့ဆီပဲ လာတဲ့။

မြင်တဲ့သူက မြင်တာကိုပဲ ပြောခဲ့ရင် သူတို့က အမြင်ကျဉ်း တယ်တဲ့။

ကျွန်တော် မြင်တယ် ပြောတာ သူတို့ မယုံဘူး။

၇။

ကျွန်တော် ကိုယ်တိုင်ပဲ ရွေးချယ်ချင်တယ်။

ကျွန်တော် ရွေးချယ်ခွင့်ရှိတဲ့ကိစ္စတိုင်းကို ကျွန်တော်ကိုယ်တိုင်ပဲ ရွေးချင်တယ်။ အရွေးမှားရင် ကျွန်တော့်ဘာသာ ကျွန်တော် ခံမယ်။ အမှားလုပ်မိရင် အမှန်ကို ပြန်ရောက်အောင်လုပ်မယ်။ မရင့်ကျက်သေးရင် ရင့်ကျက်အောင်လုပ်မယ်။

ကျွန်တော်ရသင့်တဲ့အခွင့်အရေးကိုပဲ တောင်းပါတယ်။ မိရိုးဖလာတဲ့။ ရွေးခွင့်မရှိဘူးတဲ့။ လူ့အခွင့်အရေး ကြေညာစာတမ်း ကလည်း ကျွန်တော့်ကို မကယ်နိုင်ပါဘူး။ သူ့ထဲမှာတော့ ကျွန်တော်လိုချင်တာကို ရေးထားလေရဲ့။

ရွေးချယ်ခွင့်ရှိသူက ရွေးပါရစေလို့ ပြောခဲ့ရင် သူတို့က ခွင့်မပြုဘူးတဲ့။

ကျွန်တော် ကိုယ်တိုင် ရွေးချယ်နိုင်တယ်ဆိုတာသူတို့ မယုံဘူး။

၈။

ကျွန်တော် လူကောင်းပါ။

“ကျွန်တော် လူကောင်းပါ။”

“မင်း လူကောင်း မဟုတ်ဘူး။”

“လူကောင်းဗျ”

“ဟေ့ကောင်၊ သူခိုးက ဘယ်တော့မှ သူ့ ကိုယ်သူ ခိုးတယ်လို့ မပြောဘူး။ မင်းအခုလို ပြောနေရင်၊ မင်း လူကောင်း မဟုတ်ဘူး။”

မခိုးတဲ့ သူက မခိုးပါဘူး လို့ပြောရင် လူကောင်း မဟုတ်ဘူးတဲ့။

ကျွန်တော် လူကောင်း တစ်ယောက် ဆိုတာ သူတို့ မယုံဘူး။

၉။

ကျွန်တော် သူမကို ချစ်တယ်။

ချစ်တယ်။ ကျွန်တော် သူမကို အရမ်းချစ်တယ်။ ချစ်တယ်ဆိုတဲ့ ဂန္တဝင်သီချင်းထဲကလို နှလုံးသား အသည်းထဲ နစ်အောင် ချစ်နေတယ်လို့ ပြောချင်ခဲ့တယ်။

စစ်မတိုက်ခင်က မြားကုန်ခဲ့ရတဲ့ စစ်သည်တွေလို ကျွန်တော်ချစ်တဲ့အကြောင်းကို သူမက ပြောခွင့်မပေးခဲ့ဘူး။ အဘိုးတို့ အဘွားတို့၊ အဖေတို့ အမေတို့ ပြောခွင့်ရခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကို ကျွန်တော် မပြောခဲ့ရဘူး။

ချစ်တဲ့သူက ချစ်တဲ့ သူကို ချစ်တယ်လို့ မပြောရဘူးတဲ့။

ကျွန်တော် ချစ်တယ်ဆိုတာ သူမ မယုံဘူး။

၁၀။

ကျွန်တော် ဘာမှမဖြစ်ဘူး။

ဘာတွေလဲ။ ကျွန်တော် မသိဘူး။ကျွန်တော့်ကို ဘယ်ခေါ်မလို့လဲ။ မလိုက်ဘူး။ မလိုက်ဘူး။ ကျွန်တော် မလိုက်ဘူး။ ဘာဖြစ်လို့ လိုက်ရမလဲ။ ကျွန်တော် ဘာမှမဖြစ်ဘူး။ မဖြစ်ဘူး။ ကျွန်တော့်ကို ဒီအတိုင်းပဲ နေခွင့်ပေးပါ။ ဒီအတိုင်းပဲ နေပါရစေ။ ကျွန်တော် အဆင်ပြေပါတယ်။ ပြေပါတယ်။ ဘယ်လိုမှ ပြောလို့ မရပါလား။ မရဘူး။ မရတော့ဘူး။

ဘာမှ မဖြစ်တဲ့ သူက မဖြစ်ဘူး ဆိုတာ သူတို့ မယုံဘူး။

+  +  +  +  +  +

သူတို့ရဲ့ မယုံမှုတွေက ကျွန်တော့်အပေါ်ကို ပိလွန်းတယ်။ ဒီလိုပိရင်းနဲ့ ကာလတွေ ရွေ့လျားလာတယ်။ ဒေသတွေ ပြောင်းလာတယ်။ ကျွန်တော့်ရဲ့ ခံနိုင်ရည်အားလည်း ကုန်ခမ်းသွားခဲ့တယ်။

အခုတော့ ကျွန်တော့် ဂူဗိမာန်လေးမှာ ကျွန်တော် လဲလျောင်းနေပါပြီ။ ဒီနေရာကို သူတို့ပဲ အရောက်ပို့ခဲ့တယ်။ ကျွန်တော့်ကို ပို့ခဲ့ကြပြီး တစ်ပတ်လောက် ကျွန်တော့်အကြောင်းကို ဟာသလုပ်ကြတယ်။ သူတို့ အသံတွေက ပဲ့တင်ထပ်လာလို့ ကျွန်တော် ပြန်ကြားရတယ်။ သူတို့က ဒီလိုလူတွေပဲ။ ဒီလောက်တော့ ရှိလိမ့်မယ်။ ဒီလောက်တော့ ပြောလိမ့်မယ်။

ကျွန်တော် ဒီလိုဖြစ်အောင် သူတို့ပဲ လုပ်ခဲ့ကြတယ်။ သူတို့အတွက် အရသာကောင်းလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ ခါးသက်သက်။ ကျွန်တော့်ကို စည်းအပြင်ရောက်အောင် သူတို့ပဲ တွန်းပို့ခဲ့တယ်။ စည်းအပြင်ရောက်တော့ ဟားတိုက်ကြတယ်။ ထွေလွန်တဲ့ အသိုင်းအဝိုင်းထဲမှာ ကျွန်တော်ဟာ တံဆိပ်ကပ်ခံရတဲ့ သတ္တဝါတစ်ကောင် ဖြစ်နေခဲ့တယ်။

+  +  +  +  +  +

တံဆိပ်တွေ၊ လက်မှတ်တွေ၊ အသိအမှတ်ပြုမှုတွေကို ကျွန်တော် မလိုချင်တော့ဘူး။ ဒါတွေကို လိုချင်တပ်မက်အောင် သူတို့ပဲ သွေးထိုးပေးခဲ့တယ်။ သူတို့ သွေးထိုးပေး မှန်းသိလို့ ဖီဆန်တယ်။ ဖီဆန်လို့ ကျွန်တော့်ကို အပြစ်ပေးတယ်။ အပြစ်ကို ခါးစည်းခံတော့လည်း စည်းအပြင်ရောက်မဲ့ တံဆိပ်၊ လက်မှတ်၊ အသိအမှတ်တွေကို ကျွန်တော့် ကိုယ်ပေါ်ထပ်ပြီး ကပ်ကြတယ်။ ဒါတွေကြောင့် အဝေးကို ကျွန်တော်ထွက်ခဲ့ပြီ။ သူတို့လည်း ကျေနပ်ပြီး နေခဲ့ကြတယ်။

ကျွန်တော်ဟာ ကျွန်တော် မဖြစ်ခဲ့။

သူတို့ဟာ ကျွန်တော် ဖြစ်တယ်။

သင်ဟာ သင်သာ ဖြစ်ပါစေ။

ကျွန်တော့် ကံတရားဟာ သင်တို့အတွက် သင်ခန်းစာဖြစ်စေ။

ဟန်ဆန်း

Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂

Please follow and like us:
error0