တိုင်ကြားနိုင်သည် စကားရပ်ဖြင့် အနိုင်ယူခြင်းခံလိုက်ရသည့် စာနယ်ဇင်းကောင်စီ

ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ်တင်မြှောက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု၏ ကြေညာချက်ကို သတင်းအဖြစ် Bi မွန်းတည့်နေသတင်း ဂျာနယ်က ဖော်ပြခဲ့သည်။ ထိုသတင်းကြောင့် Bi မွန်းတည့်နေသတင်းဂျာနယ်မှ သတင်းသမားများကို ၂၀၁၄ ခုနှစ် ဇူလိုင်လက ဖမ်းဆီး၍ ပုဒ်မ ၅(ည)၊ ၅(ဃ)ဖြင့် အမှုဖွင့်ခဲ့သည်။ တိမ်းရှောင်လာသည့် ထုတ်ဝေသူအချို့ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အထိ သွားရောက်ဖမ်းဆီးခဲ့သည်။ ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ပုဒ်မ၅၀၅(ခ)ဖြင့် ပြောင်းလဲ၍ အမှုဖွင့်ခဲ့သည်။ ထိုအမှု၏ စီရင်ချက်အဖြစ် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် Bi မွန်းတည့်နေသတင်းဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီတာအဖွဲ့နှင့် သတင်းထောက်ကို ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုပြစ်ဒဏ်သည် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပုဒ်မ ၅၀၅(ခ)၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပြီး သတင်းမီဒီယာနှင့်မဏ္ဍိုင်အသီးသီးအကြား နားလည်မှုနှင့်ယုံကြည်မှု တည်ဆောက်နေစဉ်ကာလအတွင်း ပြောင်ပြောင်တင်းတင်း ပြင်းပြင်းထန်ထန် ချမှတ်လိုက်သော ပြစ်ဒဏ်တစ်ခုဖြစ်သည်။

သတင်းမီဒီယာဥပဒေဖြင့် အရေးယူရန်တောင်းဆို

ထိုသို့ ပြစ်ဒဏ်ချမှတ်ခဲ့သည်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)၊ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းနှင့် မြန်မာဂျာနယ်လစ် ကွန်ရက်တို့က ပြစ်ဒဏ်သည် ပြင်းထန်ကြောင်း၊ တပ်မတော်အပါအဝင် မဏ္ဍိုင်အသီးသီးနှင့်တည်ဆောက်နေသော ယုံကြည်မှုကို ပျက်ပြားစေကြောင်း၊ အသက်ဝင်နေပြီဖြစ်သော သတင်းမီဒီယာဥပဒေဖြင့်သာ အရေးယူပေးရန် ကြေညာချက်များထုတ်၍ အသီးသီးတောင်းဆိုခဲ့ကြသည်။ သတင်းမီဒီယာဥပဒေကို နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၀၁၄ ခုနှစ်၊ မတ် ၁၄ ရက်တွင် လက်မှတ်ရေးထိုး၍ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။ ထိုဥပဒေကိုအသက်ဝင်စေမည့် သတင်းမီဒီယာနည်းဥပဒေကိုရေးဆွဲ၍ သက်ဆိုင်ရာသို့ ပေးပို့ထားပြီးလည်းဖြစ်သည်။

သတင်းမီဒီယာဥပဒေဖြင့် အရေးယူခြင်း

သတင်းမီဒီယာဥပဒေ၊ အခန်း (၈)၊ အရေးယူခြင်းတွင် နစ်နာသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦး ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့်ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ဖောက်ဖျက် ကြောင်းယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည် ဟု ဖော်ပြပါရှိ သည်။

ရှေးဦးစွာကောင်စီသို့ တိုင်ကြားနိုင်သည်၏ အားနည်းချက်

ထိုသို့ အမြင့်ဆုံးပြစ်ဒဏ်ဖြင့် အရေးယူခြင်း၊ သတင်းမီဒီယာဥပဒေဖြင့် အရေးယူရန်တောင်းဆိုခြင်းနှင့် သတင်းမီဒီယာဥပဒေဖြင့် အရေးယူနိုင်ခြင်း အခြေအနေများ ရှိနေပါသော်လည်း သက်ဆိုင်ရာတရားစီရင်ရေးက အဘယ် ကြောင့် ထိုအခြေအနေများကို မျက်ကွယ်ပြုနေနိုင်ပါသနည်းဟု မေးခွန်းထုတ်ရ မည်ဖြစ်သည်။ ထိုမေးခွန်း၏ အဖြေသည် သတင်းမီဒီယာဥပဒေပါ ရှေးဦးစွာကောင်စီသို့ တိုင်ကြားနိုင်သည် ဆိုသောအချက်ပင်ဖြစ်သည်။ တိုင်ကြားနိုင်သည် ဟုဆိုထားသောကြောင့် နစ်နာသူတစ်စုံတစ်ဦးသည် ကောင်စီသို့ တိုင်ကြား၍ နစ်နာမှုတစ်စုံတရာကို ဖြေရှင်းခြင်းမပြုဘဲ နေလိုက နေနိုင်သည့်အခြေအနေတွင် ရှိနေပါသည်။ အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် နေပြည်တော်၌ပြုလုပ်ခဲ့သည့် မဏ္ဍိုင် ၃ ရပ်နှင့်သတင်းမီဒီယာတွေ့ဆုံ ဆွေးနွေးပွဲတွင်လည်း ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

ထိုသို့ဆွေးနွေးရာတွင် မီဒီယာဥပဒေမှာ သက်ဆိုင်ရာကော်မတီကို ကနဦး တိုင်ကြားရမည်လို့ မပါပါဘူး။ ပုဒ်မ-၉ နဲ့ပတ်သက်လို့ တိုင်နိုင်သည်လို့ ရေးသားတာဟာ ပုဂ္ဂိုလ်တစ်ဦးက အသရေဖျက်လို့ပါဆိုပြီး တရားရုံးလာတိုင်ရင် တရားရုံးက လက်မခံလို့မရဘူး။ ကောင်စီကို ကနဦးတိုင်ရမယ်လို့ ဥပဒေထဲမှာ မပါဘူး ဟု တရားစီရင်ရေးမဏ္ဍိုင်က အတိအလင်းဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးချက်နှင့်အတူ တရားရုံးကို တိုင်ကြားလာခဲ့လျှင် တရားရုံးက ဥပဒေအတိုင်းသာ လက်ခံဆောင်ရွက်ပေးရပါမည်ဟုပင် ထည့်သွင်းဆွေးနွေးခဲ့ပါသေးသည်။

သတင်းမီဒီယာဥပဒေတွင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည် ဆိုသောစကားရပ်အစား ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားရမည်ဆိုသော စကား ရပ်ကိုသာ ထည့်သွင်းသုံးနှုန်း၍ ပြဋ္ဌာန်းနိုင်ခဲ့မည်ဆိုပါက သတင်းမီဒီယာဥပဒေ ၏ သတင်းသမားများအပေါ်အကာအကွယ်ပေးမှုနှင့် စာနယ်ဇင်းကောင်စီအပါ အဝင် စာနယ်ဇင်းအဖွဲ့အသီးသီးက တောင်းဆိုနေသော သတင်းမီဒီယာဥပဒေဖြင့် သာ အရေးယူပေးပါရန်ဆိုသောအချက်သည် ပိုမိုအားကောင်း၍ ထိရောက်နိုင်မည် ဖြစ်သည်။ ယခုတွင် ထိုသို့မဟုတ်ပါဘဲ ထိုအချက်သည် အလွန်ကြီးမားသော အားနည်းချက်ကြီးတစ်ခုအဖြစ် ရှိနေခဲ့ပြီဖြစ်သည်။

လက်ရှိအခြေအနေတွင် မည်သို့ပင်တောင်းဆိုစေကာမူ တိုင်ကြားနိုင်သည် နှင့်တိုင်ကြားရမည်အကြားတွင် ဥပဒေကို လက်တစ်လုံးခြား လုပ်ပိုင်ခွင့်ရှိနေပါ သည်။ ထိုသို့လုပ်ပိုင်ခွင့်ကို မိမိကိုယ်ကို ကြိုးကွင်းစွပ်ခဲ့သည့်နှယ် မိမိတို့၏ သတင်းနှင့်စာနယ်ဇင်းသမားများကသာပြုခဲ့သည့်ကံဟု ဆိုရမည်ဖြစ်သည်။ ပယ် ဖျက်ရန် သို့မဟုတ် ပြုပြင်ရန် လွယ်လင့်တကူရှိမည့် အချက်တစ်ချက် မဟုတ် ကြောင်းလည်း အတိတ်မှဥပမာများက နှလုံးသားအတွင်းသို့ တိုးဝှေ့သတိပေး နေပါသည်။

တိုင်ကြားနိုင်သည်၊ တိုင်ကြားရမည်ဆိုသော စကားရပ်၏ ဖြစ်တည်မှုများ ကို အသီးသီးဆွေးနွေးကြသည့်အခါ တိုင်ကြားရမည်ဆိုသော စကားရပ်အတိုင်း သတင်းမီဒီယာဥပဒေတွင် ထည့်သွင်းရေးသားရန် ကြိုးစားခဲ့သော်လည်း သက် ဆိုင်ရာနှင့်အသီးသီးညှိနှိုင်းသောအခါ တိုင်ကြားနိုင်သည် ဆိုသောစကားရပ်ကို ပြောင်းလဲအသုံးပြုပေးခဲ့ရပါသည် ဟု စာနယ်ဇင်းကောင်စီ(ယာယီ)ကဆိုသည်။

သတင်းမီဒီယာဥပဒေ၏ မူကြမ်း ကို စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲရပါသည်။ ထိုသို့ရေးဆွဲပြီးသော အခါ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိ နှိုင်းဆွေးနွေးရပါသည်။ ထိုသို့ဆွေးနွေး ပြီးမှသာ ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့် အဖြစ် သတင်းမီဒီယာဥပဒေကို ဥပဒေ ပြုရေးမဏ္ဍိုင်ကိုတင်သွင်း၍ ဥပဒေ ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်ရပါသည်။ ထိုသို့သော အခြေအနေ၌၊ မည်သည့် နေရာ၌၊ မည်သည့်အဆင့်၌၊ မည်သို့ သော အခြေအနေကြောင့် တိုင်ကြားရ မည်အစား တိုင်ကြားနိုင်သည် ပြင်ဆင် ပေးလိုက်ရသည်ကို အတိအကျသိခွင့် မရခဲ့သော်လည်း တိုင်ကြားရမည်လို့ ရေးဖို့ ကြိုးစားပါတယ်။ နောက်ဆုံး အဆင့်ဆင့်ညှိနှိုင်းတဲ့အခါ တိုင်ကြားနိုင် သည်ဖြစ်သွားပါတယ် ဟု စာနယ်ဇင်း ကောင်စီ(ယာယီ)က မဏ္ဍိုင် ၄ ရပ် တွေ့ဆုံပွဲတွင် ပြောခဲ့ပါသည်။ ထို့ကြောင့် မည်သို့မည်မျှပင် တောင်းဆို စေကာမူ နိုင်သည်၊ ရမည် စကားရပ် ကြောင့် သတင်းသမားများသည် သတင်းမီဒီယာဥပဒေ၏အကာအကွယ် ပေးနိုင်မှုကို အပြည့်အဝရရှိမည် မဟုတ်သကဲ့သို့ သတင်းသမားများကို အကာအကွယ်ပေးရန်နှင့် ညှိနှိုင်းဆောင် ရွက်ပေးရန်အတွက် ဖွဲ့စည်းထားသော စာနယ်ဇင်းကောင်စီ(နောင်တွင်သတင်း မီဒီယာကောင်စီဟုခေါ်ဆိုမည့်)၏ အခန်းကဏ္ဍသည် အများအမြင်တွင် သာတင့်တယ်နေပြီး သတင်းမီဒီယာ သမားများအတွင်း၌ ခြစားခံရသကဲ့သို့ အတွင်းလှိုက်စားခြင်း ခံရမည်သာဖြစ်သည်။

တည်ဆဲဥပဒေများ

သတင်းမီဒီယာသမားများနှင့် တိုက်ရိုက်ငြိစွန်းနေသည့် ဥပဒေများကို စာနယ်ဇင်းကောင်စီကပြုစု၍ ဥပဒေပြုရေးမဏ္ဍိုင်၏ ရေးရာကော်မတီသို့ ပေးပို့ ရန်၊ ပေးပို့လာသော ပြုစုထားမှုများကို ရေးရာကော်မတီက နားလည်သဘော ပေါက်ပါက ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း အစရှိသည်တို့ကို ဆက်လက်ဆောင် ရွက်မည်ဟု မဏ္ဍိုင် ၄ ရပ်တွေ့ဆုံပွဲတွင် နားလည်သဘောတူခဲ့ကြပါသည်။ သို့ပါသော်လည်း ယင်းလုပ်ငန်းများကို လုပ်ဆောင်နေစဉ်အတွင်းမှာ သတင်းမီဒီ ယာသမားများကို ကျူပင်ခုတ် ကျူငုတ် မကျန်အောင်၊ မလှုပ်ရဲ၊ မကိုင်ရဲအောင် ဖိနှိပ်ထားလိုက်နိုင်ပါသည်။

သတင်းထောက် မခိုင်ကို အသရေဖျက်မှုဖြင့် အရေးယူခဲ့ခြင်း၊ ယူနတီ အပတ်စဉ်ထုတ်သတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့်သတင်းထောက် ၄ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်များဥပဒေဖြင့် အရေးယူခဲ့ခြင်း၊ သတင်းထောက် ဦးဇော်ဖေ(ခေါ်)သူရသက်တင်အား ရာဇဝတ်မှုဖြင့် အရေးယူခဲ့ခြင်းနှင့် Bi မွန်းတည့်နေသတင်းဂျာနယ်မှ သတင်းသမားများကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ဖြင့် အရေးယူလိုက်ခြင်းတို့နှင့် ထိုသို့သော အခြေအနေများကို သတင်းမီဒီယာ ဥပဒေက အကာအကွယ်ပေးနိုင်မည့်အခြေအနေတွင် ရှိ၊ မရှိ ချိန်ထိုးချိန်ဆ ကြည့်မည်ဆိုပါက ကိုယ်လည်ပင်းကို ကိုယ်ကိုယ်တိုင် ကြိုးကွင်းစွပ်ပေးခဲ့ရသည် ကို မြင်သာနိုင်မည်ဖြစ်သည်။ ထို့အတူ သတင်းမီဒီယာသမားများကို အချိန်မရွေး အရေးယူနိုင်နေသည့် တည်ဆဲဥပဒေများကလည်း အသင့်စောင့်ကြိုနေကြမည် ဖြစ်သည်။

ကောင်စီ၏ အခန်းကဏ္ဍ

ထိုသို့သောကိစ္စရပ်များကြောင့် စာနယ်ဇင်းကောင်စီ(သို့မဟုတ်)အနာဂတ် တွင် ဖြစ်တည်လာမည့် သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍသည်လည်း မှေးမှိန်နေမည်ဖြစ်သည်။ သတင်းမီဒီယာဥပဒေတွင် နစ်နာသော ဌာန၊ အဖွဲ့ အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦး၊ ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့်ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ယူဆလျှင် ရှေးဦးစွာကောင်စီသို့ တိုင်ကြားနိုင်သည်။

ကောင်စီသည် ပုဒ်မ ၂၁ အရ တိုင်ကြားချက်ကို လက်ခံရရှိပါက နှစ်ဖက် တွေ့ဆုံညှိနှိုင်းဖြေရှင်းခြင်းဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ရမည်။ ပုဒ်မ ၂၂ အရ ကောင်စီ၏ရှေ့မှောက်တွင် ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှုမရှိပါက တိုင်ကြားသူ သို့မဟုတ် ကျေနပ်မှုမရှိသူ သည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်သည်ဟု ဖော်ပြ ထားသော်လည်း ကျေနပ်မှုမရှိသူသည် ကောင်စီသို့ တိုင်ကြားခြင်း မပြုဘဲ၊ သတင်းမီဒီယာဥပဒေကို အသုံးမပြုဘဲအခြားသော တည်ဆဲဥပဒေများဖြင့် တိုက် ရိုက်တရားစွဲဆိုနိုင်သည်ဖြစ်၍ သတင်းလွပ်လပ်ခွင့်ကို ကျားကုတ်ကျားခဲ ကာ ကွယ်ပေးရမည့်ကိစ္စရပ်များတွင် ကောင်စီသည် မည်သို့သော ဖြေရှင်းကာကွယ် ပေးမှုကိုမျှ ထိရောက်စွာလုပ်ဆောင်ပေးနိုင်မည်မဟုတ်ဟု ယုံကြည်ပါသည်။

ထို့အတူ သတင်းမီဒီယာဥပဒေအရ ကောင်စီဖွဲ့စည်းခြင်းတွင်လည်း ဖွဲ့စည်း မည့်ကောင်စီအတွက် သီးခြားဖွဲ့စည်းပုံကို သတင်းမီဒီယာသမားများက ပြုစု ပြဋ္ဌာန်းရန် သင့်ပါသော်လည်း ထိုသို့ပြဋ္ဌာန်းနိုင်ခြင်းမရှိဘဲ သတင်းမီဒီယာဥပဒေ ထဲတွင် အပြီးသတ်ထည့်သွင်းထားသည်ကို တွေ့ရသည်။ ထို့ကြောင့် သတင်း မီဒီယာသမားအတွက် သတင်းမီဒီယာကောင်စီကို သတင်းမီဒီယာသမားများက မိမိတို့၏ သီးခြားဖွဲ့စည်းပုံဖြင့် လွတ်လပ်သောအဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းနိုင် ခြင်းမရှိပါဘဲ သတင်းမီဒီယာဥပဒေတွင် ထည့်သွင်း၍ ကန့်သတ်ထိန်းချုပ်ထား သည်ဟု ယူဆပါသည်။ သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များအရ သတင်း မီဒီယာသမားများသည် လွပ်လပ်သော စာနယ်ဇင်းကောင်စီ သို့မဟုတ် သတင်း မီဒီယာကောင်စီကို မည်သည့်အခါမျှ ဖွဲ့နိုင်မည်မဟုတ်ပါ။

နယ်စည်းမထားသတင်းထောက်များအဖွဲ့၏ ညွှန်းကိန်း

နယ်စည်းမထားသတင်းထောက်များအဖွဲ့က သတင်းလွတ်လပ်ခွင့်နှင့်သက် ဆိုင်သော ညွှန်းကိန်းများကို နှစ်စဉ်ထုတ်ပြန်လျက်ရှိသည်။

၁။ မီဒီယာအမြင် ပေါင်းစုံပါဝင်နိုင်ရေးဗဟုဝါဒ၊

၂။ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနှင့်စစ်ရေး ကဏ္ဍများတွင် မီဒီယာ၏လွတ်လပ်မှု၊

၃။ မီဒီယာဆိုင်ရာဥပဒေများ၏ အရည် အသွေး၊

၄။ မီဒီယာထိန်းကျောင်းရေးအဖွဲ့များ၏ ထင်သာမြင်သာရှိမှု၊

၅။ မီဒီယာအထောက်အကူပြု အခြေခံအဆောက်အအုံဖော်ဆောင်ရေး၊

၆။ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် စသည့် အချက် ၆ ချက်ကိုအခြေခံ၍ သတင်းလွတ် လပ်ခွင့်ကို နယ်စည်းမထားသတင်းထောက်များအဖွဲ့က အကဲဖြတ်သည်။

၂၀၁၄ ခုနှစ်ညွှန်းကိန်းအရ မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့်သည် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် အဆင့် ၁၄၅၊ အနီရောင်အဆင့် သတင်းလွတ်လပ်ခွင့်တွင် ရှိပြီး ခက်ခဲနေသောအခြေအနေ၌သာ ရှိနေသေးကြောင်းတွေ့ရသည်။ အဆင့် ၁၄၅ ညွှန်းကိန်းသည် ယခင်နှစ်ညွှန်းကိန်းထက် အဆင့် ၆ ဆင့်ခုန်တက်ခဲ့သော် လည်း ယခုနှစ်အတွင်း မြန်မာအစိုးရ၏လုပ်ဆောင်ချက်များကြောင့် မီဒီယာပြုပြင် ပြောင်းလဲမှုအခြေအနမှာ စိုးရိမ်ပူပန်နေရကြောင်း နယ်စည်းမထားသတင်း ထောက် များအဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံခြင်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့်တွေ့ဆုံခြင်း၊ မဏ္ဍိုင် ၄ ရပ်တွေ့ဆုံခြင်း၊ ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံခြင်း စသည့်တို့နှင့် လူကြားသူကြားကောင်းရုံ ပြသနေရုံဖြင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းသည် လာမည့်နှစ်တွင် တိုးတက်လာဖွယ်မရှိပါ။ သတင်းသမားတို့၏ နှလုံးသားအတွင်းမှ မြန်မာနိုင်ငံ၏သတင်းလွတ်လပ်ခွင့်ကို နှစ်နှစ်ကာကာယုံကြည် အားကိုးမိပါမှသာ မြန်မာ့သတင်းလွတ်လပ်ခွင့်သည် ကမ္ဘာ့အလယ်တွင် တင့်တယ်နိုင်မည်ဖြစ်သည်။

ဟန်ဇော်

(အဆိုပါ ဆောင်းပါးသည် ပဲ့တင်သံဂျာနယ် တွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ဖော်ပြပါရှိခဲ့ပါသည်။)

Please follow and like us: