ခံစားမှုဆိုတာ ကဗျာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် ကဗျာဆိုတာ ပညာရပ်ပုံစံတစ်ခုဖြစ်တယ်

ကဗျာဆရာမောင်ဒေးနဲ့တွေ့ဆုံခြင်း

ကဗျာပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ၂၀၁၅ ခုနှစ် ဇွန် ၂၀ ရက်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် ပြုလုပ်ခဲ့ပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ ကဗျာ ဆရာမောင်ဒေးက မျက်နှာပြင်၏ အလွန်ဆိုတဲ့အမည်နဲ့ ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ ကဗျာလောကအတွင်းမှ ကဗျာဆရာများပါဝင်တက်ရောက်ကြပါတယ်။ ကဗျာပညာရပ်ဆိုင်ရာများကို အပြန်အလှန်ဆွေးနွေးခြင်း၊ ဖလှယ်ခြင်းနဲ့အတူ လေ့ကျင့်ခန်းများကိုလည်း အတူတကွပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲကို အခြေခံပြီး ကဗျာဆရာမောင်ဒေးကို မေးခွန်းအချို့ထုတ်နုတ်မေးမြန်းခဲ့ပါတယ်။

ထုတ်နုတ်မေးမြန်းခဲ့တဲ့ မေးခွန်းတွေကို အပိုင်းလိုက်ပြန်လည် စုစည်းလိုက်တဲ့အခါ အောက်ဖော်ပြပါအတိုင်း အဖြေများထွက်ပေါ်လာပါတယ်။ ကဗျာအကြောင်း အနှစ်ချုပ်ခေါင်းစဉ်ငယ်မေးခွန်းနဲ့အတူ မောင်ဒေးရဲ့ အယူအဆများ မျှဝေချက်များကို လေ့လာအကဲဖြတ်နိုင်ပါလိမ့်မယ်။

ကဗျာနဲ့ကဗျာအလုပ်ရုံဆွေးနွေးပွဲ

ပဲန်မြန်မာမှာလုပ်ခဲ့တဲ့ Workshop ကို ကျေနပ်အားရမှု ရှိပါတယ်။ ကဗျာရေးသူတွေ ဆုံရတယ်။ ကဗျာအကြောင်းပြောကြတယ်ဆိုတော့ အလိုလို အကျိုးရှိပြီးသားပါ။ ကဗျာရေးသူ အချင်းချင်းအကြားမှာ ကဗျာနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဖော်ထုတ်နိုင်တယ်။ အဖြေရှာနိုင်တယ်။ တက်လာသူတွေ အနေနဲ့လဲ ကဗျာရေးသားပုံအမျိုးမျိုး၊ ချဉ်းကပ်ပုံအမျိုးမျိုးကို ဖလှယ်နိုင်တယ်။ ဖလှယ်ခွင့်ရတဲ့အတွက် အကျိုးအမြတ်တော်တော်လေးရှိတယ်လို့ ထင်တယ်။

ကဗျာအကြောင်းကို ဆောင်းပါးတွေ ရေးထားတာ ရှိတယ်။ အရင်းအမြစ်တွေ ရှိတယ်။ ဒါကို ယူသုံးလိုက်လို့ ရတယ်။ အဲဒါတွေထဲက တစ်ချို့ရေးသားမှု ပုံသဏ္ဍာန်တွေမှာ ဘာဆက်လုပ်ရမယ်မှန်း မသိတော့တဲ့ ပြဿနာတွေ ရှိတယ်။ Workshop တွေမှာ ဒီလိုမျိုး ပြဿနာတွေကို ဖော်ထုတ်နိုင်တယ်လို့ ထင်တယ်။ အရင်းအမြစ်ရှိနေရုံနဲ့မရဘူး။ အရင်းအမြစ်ကို ဘယ်လိုသုံးစွဲရမလဲဆိုတဲ့ နည်းလမ်းတွေ သိဖို့လိုတယ်။ ကျွန်တော် ပြင်ဆင်ခဲ့တဲ့အထဲမှာ လေ့ကျင့်ခန်းတွေနဲ့ ပြင်ဆင်ခဲ့တယ်။ တစ်ခုခုကို သယ်ဆောင်သွားပြီး ဆက်လုပ်လို့ရမယ့်ပုံစံမျိုးကို ပြင်ဆင်ခဲ့ပါတယ်။

ကဗျာက အလိုလိုဖြစ်တာမျိုး မဟုတ်ဘူးလို့ နားလည်ဖို့ လက်ခံဖို့ လိုလာပြီ။ ခံစားမှုဆိုတာ ကဗျာရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် ကဗျာဆိုတာ ပညာရပ်ပုံစံတစ်ခုဖြစ်တယ်။ သူ့နောက်မှာ ဝိုင်းဝန်းနေတဲ့ အတတ်ပညာရှိတယ်။ အတတ်ပညာကို အသားပေးတဲ့ workshop မျိုးတွေ ဖြစ်လာဖို့လိုပါ တယ်။

ကဗျာအတတ်ပညာနဲ့နယ်ပယ်အကျယ်အဝန်း

ခံစားမူကို ဗဟိုပြုပြီး ရေးတဲ့ကဗျာတွေ ရှိပါတယ်။ ဒါက ကိုယ့်ရဲ့အတ္တ၊ ကိုယ့်ရဲ့ခံစားမူကို ရိုမန့်တိုက် လုပ်တာပဲ။ ဒါပေမယ့် ဘောင်ကျဉ်းလွန်းတယ်။ အတ္တကြီးကများနေတော့ ကိုယ့်ရဲ့ပြဿနာကြီးက များနေတယ်။ အတတ်ပညာကို အခြေခံစဉ်းစားတဲ့အခါကျတော့ ကဗျာရဲ့အကျယ်အဝန်းကို မြင်လာတယ်။ ကဗျာရဲ့အလွှာတွေကိုလည်း သိလာရတယ်။ ဒိုင်မေးရှင်းတွေ အများကြီးနဲ့ ကဗျာရေးလို့ရတဲ့အရာတွေ အတတ်ပညာမှာရှိတယ်။ ပြောဆိုလို့ရလာတယ်။ သိခွင့်ရလာတယ်။

အတတ်ပညာကို အခြေခံတဲ့ကဗျာတွေမှာ ဘာပါလာသလဲဆိုတော့ အကြောင်းအရာအားလုံးကို ဆက်စပ်တဲ့ link တွေကို ချိတ်ပြလို့ရတယ်။ တစ်ဦးချင်းရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ လူမှုရေး နိုင်ငံရေးတွေ သက်ရောက်တယ်။ သဘာဝပတ်ဝန်းကျင်အကြောင်းတွေဆိုရင်လည်း ကျွန်တော်တို့နဲ့ ချိတ်ဆက်နေတာပဲ။ ဒါတွေအားလုံးကို ချိတ်ဆက်ပြီးတော့ ပြလို့ရတယ်။ ဒိုင်မေးရှင်းတွေ ပိုများလာတယ်။ တွေးစရာတွေ ပိုများလာတယ်။

ကဗျာမှာ ပုံသဏ္ဍာန်ဆိုတာကြီးက ရှိနေပေမယ့် အမြင်သစ်နဲ့ ရေးထားတာတော့ မဟုတ်ဘူး။ အမြင်သစ်နဲ့ တွေးထားတာ မဟုတ်တော့ဘဲ ပုံသဏ္ဍာန်ကြီးပဲ ကျန်ခဲ့တယ်။ ပုံသဏ္ဍာန်က မဆန်းဘူး။ အသစ်အဆန်းတွေ အများကြီးရှိတယ်။ ကဗျာထဲမှာ ဘယ်လိုအလုပ် လုပ်နေသလဲဆိုတာ ရှိနေတယ်။ တူညီနေတဲ့ ပုံသဏ္ဍာန်တွေကိုပဲ ပြန်ပြီးထုတ်လုပ်နေမယ်ဆိုရင် စက်ရုံကြီးကနေကဗျာကို ထုတ်နေသလို ဖြစ်နေမယ်။

ကဗျာနဲ့ပညာရေးအဆောက်အအုံ

မြန်မာစာမှာ ကဗျာဆိုတာ ရှိတယ်။ စကားပြေလည်း ရှိနေတာပဲ။ အင်္ဂလိပ်စာသင်တဲ့အခါမှာလဲ ကဗျာဆိုတာပါတယ်။ သင်ပေးတဲ့ဆရာတွေက ကဗျာတွေကို သင်ကြားပေးတဲ့အခါမှာ အဆင်မပြေဘူး။ တတ်မြောက်အောင် နားလည်အောင်သင်နိုင်တာမျိုး မဟုတ်ဘူး။ နုတ်တိုက်ရွက်ဆိုရတယ်။ ကဗျာကို စကားပြေပြန်ရေးတဲ့အခါမျိုးမှာလဲ ကျူရှင်မှာ ထုတ်ထားတဲ့စာတွေကို ပြန်ရေးတာမျိုးတွေဆိုတော့ အနုပညာကို ကျောင်းမှာလဲ သေချာမသင်ဘူး။ လုပ်ရကောင်းတယ်ဆိုတာလဲ မသိတော့ဘူး။ နံပါတ်တစ်အချက်အနေနဲ့ ပညာရေးမူမှာ ပြန်ပြင်ရမယ်။ ပညာရေးက ပံ့ပိုးပေးရမယ်။

တက္ကသိုလ်ပညာရေးကနေပြီးတော့ ထွက်လာတဲ့အပိုင်းက မရှိဘဲ ကဗျာဆရာကိုယ်တိုင်က အင်စတီကျူးရှင်းဖြစ်နေတယ်။ ကဗျာဆရာက တစ်ချိန်တည်းမှာ ကဗျာလည်း ရေးနေရတယ်။ ကဗျာအကြောင်းကို ပြန်လည်ပြောနေရတယ်။

ပညာရေးအဆောက်အအုံက ထွက်လာတာမျိုးမရှိဘဲနဲ့ ကဗျာရေးသူကိုယ်တိုင်က လုပ်နေရတယ်ဆိုတော့ ထင်သလောက် မကျယ်ဝန်းနိုင်ဘူး။ ကျွန်တော်တို့မှာ စဉ်းစားစရာ ရှာဖွေစရာ အရင်းအမြစ်တွေက မရှိတဲ့အခါကျတော့ ခက်ခဲတယ်။ ပညာရေးမှာလည်း သင်ကြားသင့်တယ်။ သင်ကြားတဲ့အခါမှာလည်း ဘယ်လိုကဗျာ အမျိုးအစားကို သင်မလဲဆိုတာ ထည့်သွင်းစဉ်းစားရဦးမယ်။

ကဗျာနဲ့ကဗျာဝေဖန်ရေး

ဘယ်အရပ် ဘယ်နိုင်ငံဖြစ်ဖြစ် ကဗျာလောကမှာ အုပ်စုကလေးတွေ ရှိတတ်ကြတယ်။ အချင်းအချင်းအကြားမှာရှိတဲ့ ပဋိပက္ခတွေကလည်း ရှိနေဖြစ်နေကြ ကိစ္စပါ။ ပဋိပက္ခက ပြဿနာမဟုတ်ဘူးလို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ်မြှောက်ဖို့ သူများကို နိမ့်ချလိုက်ဖို့တော့ မဖြစ်သင့်ဘူး။ ပဋိပက္ခကနေ ပိုကောင်းတဲ့ ရလာဒ်တွေ ထွက်သင့်တယ်။

ကျွန်တော်တို့မှာ ရီဗျူး မရှိဘူး။ လေ့လာပြ၊ သုံးသပ်ပြနိုင်တာ နည်းတယ်။ အဲဒီဟာတွေ ရှိချင်အားဖြင့် ကဗျာကို ဖတ်တဲ့သူက ပိုပြီး နားလည်လွယ်မယ်။ အသိပညာထုတ်လုပ်ပြီးသား ဖြစ်သွားမယ်။ အခု ရီဗျူးရေးတယ်ဆိုရင် စာအုပ်အပြင်အဆင်က ဘယ်လို တို့ဘာတို့လောက်ပဲ ရေးတယ်။ အထဲက အနှစ် သာရကို ဘာမှမရေး နိုင်ဘူး။ ဘာမှလဲ မပြောနိုင်ဘူး။ အဲဒါမျိုးတွေက များနေတယ်။ ကဗျာဝေဖန်ရေးက မရှိသလောက်ဖြစ်နေတယ်။

ကဗျာဝေဖန်မယ်ဆိုရင် ကဗျာအပေါ်မှာ ကျွမ်းကျင်သူဖြစ်ရမယ်။ ကဗျာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပုံသဏ္ဍာန်တွေ၊ သမိုင်းတွေနဲ့ ကဗျာကို အတတ်ပညာအဖြစ် နားလည်ရမယ်။ ကဗျာကို ချဉ်းကပ်ပုံ၊ ရေးသားထုတ်လုပ်ပုံ၊ အဆင်တန်ဆာသုံးစွဲပုံတွေနဲ့ ဘယ်လိုပုံသဏ္ဍာန်နဲ့ ရေးနေသလဲဆိုတဲ့ ကိစ္စတွေကို သိပြီးမှ အဲဒါမျိုးတွေကို ပြောလို့ရမယ်။ ဝေဖန်လို့ရမယ်။ အခုကဗျာဝေဖန်ရေးက အပေါ်ယံလောက်ပဲ ဖြစ်နေတယ်။

ကဗျာနဲ့ရောစပ်ခြင်း

ပုံသဏ္ဍာန်တွေကို ရောပစ်တယ်။ စကားပြေတွေကလည်း ကဗျာထဲကို ရောက်လာတယ်။ တစ်ခြားနယ်ပယ်တစ်ခုက အတတ်ပညာတစ်ခုကို ပြန်သုံးတာ မျိုးတွေ၊ ပညာရပ်နယ်ပယ်ဖြစ်တဲ့ ဇီဝဗေဒတို့ သတ္တဗေဒတို့ အဲဒီလိုပညာရပ်တွေကနေ အသိပညာတွေကို ယူပြီးတော့ သုံးတာမျိုးတွေ ရှိတယ်။ ဓာတ်ပုံ၊ ဗီဒီယိုနဲ့လုပ်တာမျိုးတွေ ရှိတယ်။ Hybird Poem သဘောက တခြားဟာတွေ ပေါင်းစပ်ပါဝင်တယ်။ လုပ်ငန်းပြုလုပ်ခြင်းအပေါ်မှာ အခြေခံတယ်။ ရောစပ် တယ်ဆိုတဲ့အခါမှာလည်း ဘယ်လိုရောစပ်မလဲဆိုတဲ့လုပ်ငန်း လုပ်ကိုင်ခြင်း ပါဝင်တယ်။ ရလာတဲ့ ရလာဒ်ကြီးပဲ မဟုတ်ဘဲ process ကလည်း အရေးပါ တယ်။ Hybird လုပ်ပြီဆိုရင် ဖြစ်နိုင်ချေတွေ အများကြီးကို ရှာဖွေတယ်။ မျိုးစိတ်တွေကို ထည့်သွင်းပြီးတော့ ရောစပ်တယ်။

ကဗျာနဲ့နိုင်ငံရေး

ပင်မရေစီးကဗျာမှာတော့ ပြောချင်ဆိုချင် မက်ဆေ့ပေးချင်တာ တွေနဲ့ ပြည့်နေတယ်။ အဲဒါက နိုင်ငံရေးဖြစ်ရင် ဖြစ်မယ်။ တခြားတစ်ခုလည်း ဖြစ်ရင်ဖြစ်မယ်။ ပင်မရေစီးဆိုတဲ့အတိုင်းပဲ လူအများကြိုက်တယ်။ ရင်ဘတ်ကို ထိတယ်။ ကြာတော့ အခြားရှိနေတဲ့အရာတွေရဲ့ ရှိနေခြင်းကို လက်မခံချင်ဘူး။ အဲဒါတွေကို မြည်းစမ်းဖို့ ဝန်လေးလာတယ်။ အပြောင်းအလဲလို့ ပြောပေမယ့် အပြောင်းအလဲကို လိုချင်သလား။ မလိုချင်ဘူးသလားဆိုတာ မသေချာဘူး။ အပြောင်းအလဲလုပ်တယ်ဆိုတာ ရှိပြီးသားထဲက ထွက်ရတယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတယ်။ စွန့်စားရတယ်။

အခုနိုင်ငံရေးကဗျာရေးတယ်ဆိုတာ ဂုဏ်ပြုနေတဲ့သဘောဘဲ ဆောင်နေတယ်။ ဒါကို မှားတယ်။ မှန်တယ်လို့ မဆိုလိုချင်ပါဘူး။ နိုင်ငံရေးအခြေခံတဲ့ကဗျာ ဆိုတာလည်း တောက်လျှောက်ရှိနေခဲ့တယ်။ ဖြစ်နိုင်ရင်တော့ ဘယ်လိုရေးမလဲဆိုတာကို နည်းနည်းထပ်ပြီး စဉ်းစားသင့်တယ်။ တစ်အုပ်လှန်ရင်လည်း ဒီအကြောင်းပဲဖြစ်နေတယ်ဆိုရင်တော့ ပျင်းစရာကောင်းပါတယ်။ ဘာလုပ်မယ်ဆိုတာ ရှိမယ်။ ဘယ်လိုလုပ်မယ်။ ဘာကြောင့်လုပ်ရသလဲဆိုတဲ့ ကိစ္စတွေကို စဉ်းစားပြီးတော့မှ လုပ်သင့်ပါတယ်။

ကဗျာနဲ့တိုင်းရင်းသားကဗျာ

ကဗျာရေးတဲ့သူများလာကလဲ ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ ဘယ်လိုဟာတွေ ရေးမှာလဲ။ ဘယ်လိုရေးမလဲဆိုတာတွေကိုတော့ ကျွန်တော်တို့ အားစိုက်ကြရ မယ်။ ကဗျာရဲ့သဘော၊ ကဗျာအတတ်ပညာသဘောကို ထည့်သွင်းစဉ်းစားပြီး လုပ်လာမှသာလျှင် ပိုပြီးအဆင်ပြေမယ်။ ကဗျာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ ဆွေးနွေးဖို့ ပြောဆိုဖို့လိုတယ်။ ကဗျာလို့ပြောရင် ထည့်ပြီးစဉ်းစားသင့်တဲ့ တိုင်းရင်းသားကဗျာတွေလည်း ရှိတယ်။ ဖတ်သင့်တယ်။ ရှာဖွေသင့် တယ်။ ဖော်ထုတ်ပေးသင့်တယ်။

မောင်ဒေးဟာ ကဗျာဆရာ၊ အယ်ဒီတာ၊ အမြင်ဆိုင်ရာဖန်တီးမှုအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ကဗျာစာအုပ်များကို ရေးသားထုတ်ဝေထားခဲ့ပါတယ်။ နိုင်ငံတကာမှာထုတ်ဝေတဲ့မဂ္ဂဇင်းများမှာလဲ မောင်ဒေးရဲ့ကဗျာများကို ဖော်ပြခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းသမျှ အကြောင်းအရာများကို အလေးထား ဖြေကြားပေးတဲ့ ကဗျာဆရာ မောင်ဒေးကို ကျေးဇူးတင်ပါတယ်။

ဟန်ဆန်း

၂၀၁၅ ခုနှစ် ဇွန် ၂၉ ရက်ထုတ် အလင်းတန်းဂျာနယ် အမှတ် ၈၆၁ တွင် ဖော်ပြပါရှိခဲ့သော စာမူဖြစ်သည်။

Please follow and like us:
0