ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်(စာအုပ်)

ပထမအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေသည်။

Raymond Chapman ရေးသားပြုစုခဲ့သည့် Linguistics and Literature, An Introduction to Literary Stylistics, 1973 စာအုပ်ကို ဒေါက်တာဇော်ထွန်းက ‘‘ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်’’အမည်ဖြင့် ဘာသာပြန်ဆို ထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို ‘‘နှစ်ကာလများ’’စာအုပ်တိုက်က ၂ဝ၁၅ ခုနှစ် မေလတွင် ပထမအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချိခဲ့သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေခဲ့သည်။ မူရင်းစာအုပ်ကို ထုတ်ဝေသည့်နှစ် ၁၉၇၃ ခုနှစ်မှစတင်၍ ရေတွက်လျှင် မြန်မာဘာသာသို့ နှစ်ပေါင်း ၄ဝ ကျော်ကြာမှာသာ ဘာသာပြန်ဆိုနိုင် ခဲ့သည်။ နှစ် ၄ဝ ခန့်နောက်ကျသည့် သဘောဖြစ်သည်။

သို့သော်လည်း စာပေရေးဟန်ပညာရပ်နှင့်ပတ်သက်၍ အားကိုးအားထားပြုလောက်သည့် စာအုပ်စာတမ်းရှားပါးသော မြန်မာနိုင်ငံအတွက် အဖိုးတန်စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ထိုအချက်နှင့်ပတ်သက်၍ ‘‘အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ရေးဟန်ဆိုင်ရာစာအုပ်စာတမ်းများ အများအပြားရှိသည် မှန်သည်။ သို့သော် မြန်မာဘာသာဖြင့် ရေးသားထားသော စာအုပ်စာတမ်းမှာ အလွန်နည်းပါးသေးသည်။ ထို့ကြောင့် ရေးဟန်ပညာကို စိတ်ဝင်တစား လေ့လာသူများ အလွယ်တကူ လေ့လာဖတ်ရှု ကိုးကားနိုင်ဖို့ မြန်မာလိုရေးထားသော ရေးဟန်ဆိုင်ရာစာအုပ်စာတမ်းများ ပေါ်ထွက်နိုင်ရန် အလွန်လိုအပ်နေပါသည်’’ဟု ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)က အမှာစာတွင် ထုတ်ဖော်ပြောဆိုထားသည်။

(ဆရာ)ဒေါက်တာဇော်ထွန်း၏ ဘာသာပြန်လက်ရာဖြစ်သော ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက် စာအုပ်သည် ဘာသာဗေဒလေ့လာမှုနှင့်စာပေရေးဟန်လေ့လာမှုအကြား မတူညီသောအကြောင်းအရင်းများ၊ ချဉ်းကပ်ပုံချဉ်း ကပ်နည်းများ၊ ကွာဟချက်များအကြောင်းကို အခြေခံအားဖြင့် မိတ်ဆက်တင်ပြထားသည့် အခြေခံကျမ်းတစ်ခုဖြစ်သည်။

(ဆရာ)ဒေါက်တာဇော်ထွန်းသည် မူရင်းစာရေးသူ Raymond Chapman ၏ အရေးအသားကို ဘာသာပြန်ခြင်း သက်သက် မဟုတ်ဘဲ သက်ဆိုင်ရာအကြောင်းအရာနှင့်လိုက်ဖက်ညီသည့် ဥပမာများကို လက်သည်းကွင်း(-)ဖြင့် ထည့်သွင်းဖြည့်စွက် ၍ ရေးသားထားသည်။ အခန်းတစ်ခန်းအပြီး ထိုအခန်းနှင့်သက်ဆိုင်သည့် ရည်ညွွှန်းကိုးကားစာရင်းကို စနစ်တကျဖော်ပြ ထားသည်။ ထိုရည်ညွွှန်းကိုးကားများကတစ်ဆင့် သက်ဆိုင်ရာပညာရပ်နယ်ပယ်ကို ထပ်မံလေ့လာနိုင်မည် ဖြစ်သည်။ အား နည်းချက်ဟုဆိုနိုင်မည့်အချက်မှာ စာအုပ်၏နောက်ဆုံးပိုင်းတွင် ဝေါဟာရအညွွှန်း မပါဝင်ခြင်းဖြစ်သည်။ ထိုသို့ မပါဝင်နိုင် ခြင်းကို အားနည်းချက်ဟု မြင်နိုင်သည့်အပြင် ဘာသာပြန်ပြုစုသူ(ဆရာ)ဒေါက်တာဇော်ထွန်းအနေဖြင့် ပြုစုရန်အခြေအနေ မပေးသည့် ခက်ခဲခြင်းလည်း ဖြစ်နိုင်သည်။

ထိုစာအုပ်တွင် အခန်း(၁) ဘာသာဗေဒနှင့်စာပေ မိတ်ဆွေလော ပြိုင်ဘက် ရန်သူလော၊ အခန်း(၂) စာပေနှင့်ရေးဟန် ပညာ၊ အခန်း(၃) ဘာသာစကား၊ စာပေနှင့်သမိုင်း၊ အခန်း(၄) ပြောစကားနှင့်အရေးအသား၊ အခန်း(၅) ဝါကျတည်ဆောင်ပုံ (Syntax)၊ အခန်း(၆) စကားလုံးများနှင့်အဓိပ္ဋာယ်များ၊ အခန်း(၇) စကားအလင်္ကာ၊ အခန်း(၈) နရီနှင့်ကဗျာ စည်းဝါးမတြာစနစ်နှင့် အခန်း(၉) ဝါကျ၏ ဟိုမှာဘက်ဆီသို့ စသော အခန်းပေါင်း(၉)ခန်းပါဝင်သည်။ ထို့အပြင် ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)နှင့် စာရေးသူ(ဆရာ)ဒေါက်တာဇော်ထွန်းတို့၏ အမှာစာလည်း ပါဝင်သည်။

အဖြစ်အပျက်၊ အကြောင်းအရာ၊ ဇာတ်လမ်းသဘောများသာပဲ စာပေရေးဟန်ပညာတွင် အဓိကကျနေသည်မဟုတ်ဘဲ စာရေးဆရာအသုံးပြုသည့် ဘာသာစကား၊ ဘာသာဗေဒ၊ ဝေါဟာရ၊ ဝေါဟာရအနက်၊ ဝါကျ၏ အလှအပ၊ တန်ဆာဆင်မှု နှင့် ဘာသာစကားမှပေးသော ရသအင်အားတို့သည်အလွန်ပင် အရေးပါ၍ အရေးကြီးကြောင်းကို ထိုစာအုပ်က ပေါ်လွင်စေ သည်။ ဖွင့်ဆိုရှင်းလင်းသည်။

ထို့အပြင် ဘာသာဗေဒလေ့လာခြင်းနှင့်ရေးဟန်ပညာလေ့လာခြင်းတို့အကြား ခြားနားထားသည့် ပညာရပ်ဆိုင်ရာမျဉ်း ပါးပါးတစ်ကြောင်းကိုလည်း မြင်တွေ့ရသည်။ ထိုမျဉ်းပါးလေကို ဟိုဘက်ဒီဘက် ဖြတ်ကျော်နင်းနိုင်သည့်တိုင်အောင် ဘာသာဗေဒနှင့်ရေးဟန်ပညာတို့တွင် ရေးဟန်ပညာသည့် ဘာသာစကားနှင့်ဘာသာဗေဒတို့မှ သွေဖည်နေကြောင်းတို့သည် ထိုစာအုပ်၌ အတိအကျပေါ်လွင်နေသည်။

ထိုအချက်နှင့်ပတ်သက်၍ ‘‘မောင်ခင်မင်(ဓနုဖြူ)က သုံးရိုးသုံးစဉ်မှ သွေဖည်၍ ဆောင်းပါးတွင် အဓိပ္ပါယ်သွေဖည်သော အသုံးအနှုန်းနှင့်ပတ်သက်၍ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ ဟူသော ဆရာဇော်ဂျီ၏ ကဗျာစာသားကို ကိုးကား၍ ရှင်းလင်းဖော်ပြဖူးပါသည်။ မိုးဝသို့ ထောင်နေသော ရွက်ဖတ်များပါရှိသော်လည်း ဗေဒါ၌ ပျံစရာ တောင်ပံမပါ။ အံခဲစရာ သက်ရှိသတ္တဝါလည်း မဟုတ်၊ ဗေဒါပန်းဖြစ်သော်လည်း ခေါင်းထက်မှာ အမှန်တကယ် ပန်းပန်မထား၊ သို့ဖြစ်စေကာမူ စာဖတ်သူတို့က ငြင်းချက်မရှိ လက်ခံခဲ့ကြသော၊ အနုပညာချစ်သူအားလုံး၏ ရင်ထဲဝယ် စွဲကျန်ဆဲဖြစ်သော ကဗျာစာသား များပင်ဖြစ်သည်’’ဟု (ဆရာ)ဒေါက်တာဇော်ထွန်းက ဖွင့်ဆိုရှင်းလင်းထားသည်။ ထို့အပြင် ‘‘သွေဖည်ခြင်းအဓိပ္ပါယ် သည် စာရေးဟန်ပညာ၌ အရေးကြီးသောအယူအဆဖြစ်သည်။ ထင်ရှားသော စံနမူနာကို ကိုင်ဆောင်လျက် သီးခြားဘာသာ စကားအပြုအမှုများကို ချိန်ထိုးကြည့်ပါက သွေဖည်ခြင်းသည် နည်းလမ်းနှစ်သွယ်ဖြင့် ပေါ်ထွက်လာခဲ့သည်။ ပထမနည်း လမ်းမှာ ကိန်းဂဏန်းများအရ သွေဖည်ခြင်းမျိုး ဖြစ်သည်။ ဒုတိယသွေဖည်ခြင်း အမျိုးအစားမှာ စာရေးဆရာတစ်ဦးက တစ်မူထူးခြားသောအသုံးအနှုန်းဖြင့် ရေးဖွဲ့တတ်သည့် သွေဖည်ခြင်းအမျိုးအစားဖြစ်သည်’’ဟုလည်း ဖွင့်ဆိုရှင်းလင်းထား သည်။

ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်စာအုပ်သည် ဘာသာစကား၊ ဘာသာဗေဒလေ့လာနေသူများ၊ သုတေသီများနှင့် စာပေဝေဖန်ရေးဆရာများသာ လေ့လာဖတ်ရှုသင့်သည့်စာအုပ်ဟုမှတ်ယူမိပါက အလွန်အမင်းမှားယွင်းသွား မည်ဖြစ်သည်။ အမှန်စင်စစ်တွင် ထိုစာအုပ်သည် စာရေးခြင်းအတတ်ပညာကို လေ့လာနေသူများအပါအဝင် မိမိကိုယ်ကို စာရေးဆရာဟု အတိအပ ခံယူထားသူများ မဖြစ်မနေဖတ်သင့်သော စာအုပ်တစ်အုပ်သာဖြစ်သည်။ မိမိတို့သည် စာပေရေးသား ဖန်တီးသူများသာဖြစ်သည်။ ပညာရပ်ဆိုင်ရာများကို သုတေသီများနှင့်ဝေဖန်ရေးဆရာများကသာ လေ့လာကြမည်ဟု ယုံမှတ်နေမည်ဆိုသူများကို ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်စာအုပ်၏ စာမျက်နှာ ၈၁ မှ စာသားအချို့ ကို ဖော်ပြလိုပါသည်။ ထိုစာသားမှာ ‘‘စာရေးဆရာများသည် ခေတ်တစ်ခေတ်၏ အမြင်ဖြင့် ဘာသာစကားအပေါ် ရှုမြင် လျက် စာပေကို ဖန်တီးရေးသားခဲ့ခြင်းဖြစ်သည်။ သို့သော် စိတ်ကူးဉာဏ်ဖြင့် ဖန်တီးရေးသားကြသော စာရေးဆရာတို့သည် ဘာသာဗေဒသီဝရီနှင့် ထဲထဲဝင်ဝင်ရှိနေခဲ့သည်ဟု အထင်မမှားသင့်ပေ။ ထိုစာရေးဆရာတို့သည် ခေတ်ပြိုင်သဒ္ဒါပညာရှင် များနှင့် ဒူးတိုက်ဆွေးနွေးပြီးမှ စာပေရေးသားခဲ့ကြသည်ဟုလည်း ကောက်ချက်မဆွဲသင့်ပါ။ သို့သော် အနုပညာရှင်၊ စာရေး ဆရာတို့အနေဖြင့် အနုပညာဟူသော ကြားခံပစ္စည်းသည် ထိုခေတ်၏ လူမှုအသိုင်းအဝန်းတစ်ခုလုံးအတွင်း မည်သို့လှုပ်ရှား သက်ဝင်ခဲ့သည်ကို သတိမမူဘဲ မနေခဲ့ကြချေ’’ဟုဖြစ်သည်။ ထိုကဲ့သို့သော အဖိုးတန်ပညာရပ်ဆိုင်ရာများသည် ထိုစာအုပ် တွင် များစွာပါဝင်ပေသည်။

စာပေရေးဟန်ပညာမိတ်ဆက်ဟူသောအဆိုအတိုင်း ထိုစာအုပ်သည် ဗမာဘာသာဖြင့် ပညာရပ်ဆိုင်ရာလေ့လာစရာ နည်းပါးသော မြန်မာ့စာပေအသိုက်အဝန်းအတွက် အလွန်အရေးပါသောကဏ္ဍတစ်ခုအဖြစ် သတ်မှတ်လိုသည်။ ထို့အပြင် မကဘဲ စာပေရေးဟန်ပညာရပ်၏ ခရီးလမ်းစအဖြစ် သတ်မှတ်၍ ပိုမိုခေတ်မီသည့်၊ ပိုမိုနက်နဲသည့် ရေးဟန်ပညာရပ်များကို ဆက်လက်လေ့လာလိုက်စား ပြုစုအသုံးချနိုင်ရန်လည်း လိုအပ်နေမည်ဖြစ်သည်။

ဟန်ဆန်း

Linguistics and Literature, An Introduction to Literary Stylistics ကို
ဒေါက်တာဇော်ထွန်းက ‘‘ဘာသာဗေဒနှင့် စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်’’ဟု ဘာသာပြန်ဆို၍
နှစ်ကာလများစာပေက ၂ဝ၁၅ ခုနှစ် မေလတွင် ပထမအကြိမ် အဖြစ် ထုတ်ဝေဖြန့်ချိခဲ့သည်။
ဒုတိယအကြိမ်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထပ်မံဖြန့်ချိခဲ့သည်။

Please follow and like us:
0