အာရုံနွမ်းချိန်

ဒါရိုက်တာကျော့သီရိညွန့်၏ အာရုံ ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားမှ ဓာတ်ပုံကို တန်ခူးရုပ်ရှင်မှ အသုံးပြုခွင့်ပေးခဲ့ပါသည်။

ဓာတ်ပုံဆရာတစ်ဦးသည် ပြတင်း‌ပေါက်တစ်ခုအနားတွင်ထိုင်၍ ဂက်(စ်)မီးခြစ်တစ်လုံးကို ‌ထောက်ထောက် မြည်‌အောင် လှည့်ခါ‌ဆော့‌နေသည်။ သူစိတ်‌ညောင်း‌နေဟန်တူသည်။ တစ်စုံတစ်ခုအတွက် တစ်စုံတစ်ခုကို ‌တွေး‌တော‌နေသည်။ ပြတင်းအနီး ပတ်ဝန်း ကျင်တွင် ဓာတ်ပုံများကို အဝတ်လှန်းသလို ချိတ်ဆွဲထားသည်။ ကင်မရာအချို့ရှိသည်။ စားပွဲတင်နာရီတစ်လုံးရှိသည်။ မွန်းလွဲ ၂ နာရီထိုးရန် ၁၅ မိနစ်လို‌သေး‌ကြောင်း နာရီက ပြသ‌နေသည်။

ဓာတ်ပုံဆရာသည် ‌ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ မီးခိုး‌ငွေ့များကို မှုတ်ထုတ်‌နေသည်။ ‌ဆေးလိပ်ပြာခွက်ထဲတွင် ‌သောက် ပြီးသည့် ‌ဆေးလိပ်တို ရှစ်ခုရှိ‌နေခဲ့သည်။ သူထိုင်၍ ‌ငေးငိုင်‌နေချိန်သည် အ‌တော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင်တွင် ကျေးငှက်တို့ ‌တေးသီ‌နေသည်။ ဓာတ်ပုံဆရာသည် တိတ်ဆိတ်ငြိမ်သက်‌နေသည်။ ချိတ်ဆွဲထား‌သော ဓာတ်ပုံတစ်ပုံကို ဖြုတ်ကြည့် လိုက်သည်။ ကင်မရာတစ်လုံးကို ‌ကောက်ယူ၍ ဓာတ်ပုံဆရာသည် ‌လေးလံ‌နေ‌သော ‌ခြေလှမ်းများဖြင့် အခန်းထဲမှ လမ်းမ‌ပေါ်သို့ ထွက်ခဲ့သည်။

သူထိုင်၍ တစ်စုံတရာကို ‌တွေး‌တောခဲ့သည်။

ပြတင်း‌ပေါက်အနီးတွင် လမ်း‌ပေါ်ကဓာတ်ပုံများ ကျစ်ရစ်ခဲ့သည်။

နာရီတစ်လုံးကျန်ခဲ့သည်။ သုံး‌ချောင်း‌ထောက်တစ်‌ချောင်းကျန်ခဲ့သည်။

သူ့သဘာဝအတိုင်း ရှင်သန်‌နေ‌သော လမ်းမ‌ပေါ်က သက်ရှိတို့၏ လှုပ်ရှားမှုများကို ဓာတ်ပုံတစ်ပုံအဖြစ် အနုပညာ‌မြောက်ထုတ်‌ဖော်ရိုက်ကူးနိုင်ရန် မှာ လွယ်ကူလှသည်မဟုတ်ပါ။ သဘာဝတရားက‌ပေးထား‌သော အခင်းအကျင်းနှင့် သဘာဝအတိုင်းဖြစ်တည်‌နေ‌သော လှုပ်ရှားမှုများကို အထားအသို ‌ကောင်း‌ကောင်း၊ အ‌ရောင်အ‌သွေး‌ကောင်း‌ကောင်းဖြစ်‌စေရန် ပြုပြင်ဆင်ယင်၍ ရိုက်ကူး နိုင်ခဲ့ပါက ကြည့်‌ကောင်းရှု‌ကောင်း‌သောအလှဓာတ်ပုံတစ်ပုံ သို့ တည်းမဟုတ် ရှု‌မျှော်ခင်းဓာတ်ပုံတစ်ပုံသာ ဖြစ်တန်‌ကောင်းပါ သည်။

သက်ရှိတို့အကြားတည်‌နေ‌သော သဘာဝရုပ်ဝတ္ထုအခင်းအကျင်းနှင့်သက်ရှိတို့၏ ဖြစ်တည်‌နေ‌သောစရိုက်များကို ဓမ္မတာအတိုင်း အ‌ခြေအ‌နေ၊ ‌နေရာ၊ အချိန်၊ အထားအသို၊ အယူအဆ မှန်ကန်စွာ အမိအရရိုက်ကူးလိုက်နိုင်ပါမှ လမ်း‌ပေါ်ကအစစ်အမှန်ပုံရိပ်များ သည် လက်ရာ‌မြောက်‌သောအနုပညာဖြစ်လာမည်။

‌လောက၏ စစ်မှန်‌သော သစ္စာတရားကို ထုတ်‌ဖော်နိုင်မည်။

ဓာတ်ပုံဆရာမြင်‌တွေ့ယူဆလိုက်‌သော ပုံရိပ်တို့သည် ထင်ကျန်ရစ်မည်ဖြစ်သည်။

အပြာ‌ရောင်တံခါးကြီးတစ်ချပ်နှင့်‌လှေကားထစ်အနည်းငယ်တို့သည် ‌နောက်ခံကားချပ်တစ်ခုအဖြစ် ‌ကောင်းမွန်‌သောအထားအသို ဖြင့် ရှိ‌နေသည်။ ‌လှေကားထစ်အနည်းငယ်‌ပေါ်တွင် လူတစ်ဦးလှတပတထိုင်နိုင်‌ခြေရှိသည်။

လေးလံ‌နေ‌သော‌ခြေလှမ်းများဖြင့် လမ်းမထက်သို့ ကင်မရာလွယ်၍ထွက်လာ‌သော ဓာတ်ပုံဆရာသည် မြင်ကွင်းအတွင်းသို့ ဝင်လာ သည်။ မြင်ကွင်း သည် ဓာတ်ပုံရိုက်ရန်တင့်တယ်‌နေ‌ကြောင်း ဓာတ်ပုံဆရာသိသည်။ ကင်မရာနှင့်ထိုးချိန်လိုက်သည်။ ခလုတ်မနှိပ်မိ ပါဘဲ မြင်ကွင်းအတွင်းတွင် တစ်စုံတရာ လိုအပ်‌နေသည်ဟု ဓာတ်ပုံဆရာတွက်ဆသည်။

မြင်ကွင်းအတွင်းမှ ဓာတ်ပုံဆရာထွက်ခွာခဲ့သည်။ သူထွက်ခွာပြီး စက္ကန့်ပိုင်းပင်မခြားချိန်တွင် မြင်ကွင်းအတွင်းသို့ လက်ကိုင်ဖုန်း တစ်လုံးကိုင်‌ဆောင်ထား‌သော ဆံပင်ရှည်ရှည်နှင့်မိန်းမပျိုတစ်ဦးဝင်‌ရောက်လာသည်။ ‌လှေကားထစ်‌ပေါ်တွင် လှပစွာဝင်‌ရောက် ထိုင်လိုက်သည်။

မြင်ကွင်းသည် ဓာတ်ပုံဆရာ၏ စိတ်ကူးပုံရိပ်အတွင်းမှ အထားအသိုအတိုင်းတည်ရှိ‌နေခဲ့သည်။

ဓာတ်ပုံဆရာသည် ထိုမြင်ကွင်းကို ‌စောင့်ဆိုင်းမ‌နေခဲ့သလို တစ်‌ကျော့ပြန်လှည့်ကြည့်ခြင်း အလျဉ်းမရှိခဲ့ပါ။

ဒုတိယမြင်ကွင်းတစ်ခုအတွင်းသို့ ဓာတ်ပုံဆရာသည် ဝင်ခဲ့ပြန်သည်။ ဖွင့်ထား‌သောတံခါးတစ်ချပ်၊ ‌စေတနာအပ်ချုပ်ဆိုင်နှင့်‌ခြေနင်းအဝတ်ချုပ်စက်တစ်လုံးတို့ဖြင့် မြင်ကွင်းသည် အလွန်‌ကောင်းမွန်‌သော အထားအသိုအဖြစ် တင့်တယ်‌နေသည်။

ဓာတ်ပုံဆရာသည် ထိုမြင်ကွင်းကို ကင်မရာဖြင့် ထိုးချိန်သည်။ သူ၏ အနုပညာစိတ်အဆာကို ‌ဖြေ‌ဖျောက်နိုင်‌သောမြင်ကွင်းတစ်ခု ဖြစ်‌ကြောင်းသိ‌သော်လည်း မြင်ကွင်းအတွင်းတွင် ဓာတ်ပုံဆရာစိတ်ဝင်စား‌လောက်သည့် သက်ရှိတစ်စုံတရာရှိမ‌နေခဲ့ပါ။ သူသည် မြင်ကွင်းအတွင်းမှ ဒုတိယအကြိမ် ထွက်ခွာခဲ့ပြန်သည်။

သူထွက်ခွာပြီး စက္ကန့်ပိုင်းပင်မခြားသည့်အချိန်တွင် ‌ခြေနင်းအဝတ်ချုပ်စက်‌ပေါ်သို့ အမျိုးသားကြီးတစ်ဦး‌ရောက်လာသည်။ ဖွင့်ထား‌သောတံခါးတစ်ချပ်အဝသို့ လူရွယ်တစ်‌ယောက်ထွက်လာကာ ‌ဆေးလိပ်တစ်လိပ်ဖွာ‌လေသည်။

မြင်ကွင်းသည် ဓာတ်ပုံဆရာနှစ်သက်နိုင်‌ချေရှိ‌သော အထားအသို အ‌နေအထား အချိန်အခါသို့‌ရောက်ရှိ‌လေ‌သော်လည်း ဓာတ်ပုံ ဆရာသည် ‌စောင့်ဆိုင်း‌နေခြင်း၊ တစ်‌ကျော့ပြန်လှည့်ကြည့်ခြင်း အလျဉ်းမရှိခဲ့ပါ။

လမ်းမများ၊ လူသူထင်ရှားမြင်သာ‌သော လူမြင်ကွင်းများ၊ လူစည်ကားရာ အရပ်‌ဒေသများ၊ သဏ္ဍာန်အမျိုးမျိုး ဟန်အမျိုးမျိုးဖြင့် တည်‌နေ‌သော အ‌ဆောက်အဦးများနှင့် ထိုမြင်ကွင်းများအတွင်း ရှင်သန်လှုပ်ရှား‌နေ‌သော လူသူနှင့်သက်ရှိများကို တွဲဖက်‌ပေါင်းစပ် ၍ တစ်စုံတရာအရသာ‌ပေးနိုင်‌သော ဓာတ်ပုံများကို ဓာတ်ပုံဆရာအချို့သည် ရိုက်ကူး‌လေ့ရှိသည်။ သူတို့သည် သူတို့လိုချင်‌သော အ‌နေအထားတစ်ခုအတွက် တစ်စုံတရာပြင်ဆင်ခြင်း၊ သရုပ်‌ဆောင်ခိုင်းခြင်း အလျဉ်းမပြုကြပါ။

ဓမ္မတာအတိုင်းတည်‌နေ‌သော အ‌နေအထားတစ်ခုတွင် ရိုက်ကူးလို‌သော ဓာတ်ပုံတစ်ပုံအတွက် နုတ်လို‌ပေါင်းလိုပါက သင့်တင်‌လျောက်ပတ်‌သော အချိန်ကာလတစ်ခုကို ဓာတ်ပုံဆရာသည် ‌စောင့်ဆိုင်းရပါသည်။

စောင့်ဆိုင်းနိုင်ပါမှသာ တည်‌နေ‌သောအ‌နေအထားနှင့်လူမှုဘဝတွဲဖက်ရှိ‌နေမှုကို ထုတ်‌ဖော်ပြသနိုင်မည်ဖြစ်သည်။

အာရုံနွမ်း‌နေ‌သော ဓာတ်ပုံဆရာသည် လက်လွတ်ဆုံးရှုံးခဲ့‌သောအ‌နေအထားများကို ချန်ထားရစ်ခဲ့ပြီး ‌လေးလံ‌သော‌ခြေလှမ်းများ ဖြင့် ‌ကော်ဖီဆိုင်တစ်ဆိုင်သို့ ဝင်‌ရောက်ခဲ့သည်။ ‌ကော်ဖီဆိုင်သည် ဓာတ်ပုံဆရာထိုင်‌နေကျ‌ကော်ဖီဆိုင် ဖြစ်တန်‌ကောင်းသည်။ ဓာတ်ပုံဆရာက လက်ညှိုးတစ်ချက်‌ထောင် ပြရုံသက်သက်ဖြင့် ‌ကော်ဖီတစ်ခွက်ကို မှာယူနိုင်‌နေခြင်းသည် ထိုင်‌နေကျ သောက်‌နေကျ စားသုံးသူများသာရရှိသည့် အခွင့်အ‌ရေးတစ်ခုဖြစ်သည်။ ဓာတ်ပုံဆရာသည် သူ၏ကင်မရာအတွင်းမှဓာတ်ပုံများနှင့်‌ကော်ဖီခွက်ကလွဲ၍ ပတ်ဝန်ကျင်းကို သတိပြုမိဟန်မတူပါဘဲ ကင်မရာအတွင်းမှဓာတ်ပုံများ ကိုသာ ပြန်လည်ကြည့်ရှု‌နေသည်။

သူ၏မျက်နှာသည် ဓာတ်ပုံများနှင့်ပတ်သက်၍ ‌ကျေနပ်‌နေသည့်ပုံစံ လုံးဝမ‌ပေါ်ပါ။ ရိုက်ကူးပြီးခဲ့‌သော ဓာတ်ပုံများ၏ မြင်ကွင်းနှင့် အထားအသို များသည် လှပ‌သောရှုခင်းတစ်ခုအဖြစ် လက်ခံနိုင်ဖွယ်ဓာတ်ပုံများဖြစ်‌ကောင်းဖြစ်နိုင်‌သော်လည်း လူ‌နေမှုသဘာဝ အစစ်အမှန်များကို ထုတ်‌ဖော်ပြသနိုင်‌သော ဓာတ်ပုံအနုပညာလက်ရာတစ်ခုအဖြစ်ဘဝသို့ ‌ရောက်ရှိမလာခဲ့ပါ။

 အထူးသဖြင့် သူရိုက်ကူးခဲ့‌သော ဓာတ်ပုံများအတွင်းတွင် လူသားပုံရိပ်များ ‌ပျောက်ဆုံး‌နေခဲ့သည်။ လူမြင်ကွင်း သူမြင်ကွင်း လူမှု ဝန်းကျင်မှ လူမှုဘဝသရုပ်သကန်များသည် သူဖမ်းယူခဲ့‌သော ဓာတ်ပုံများတွင် ‌ပျောက်ဆုံး‌နေခဲ့သည်။

 သူသည် ဓာတ်ပုံ‌ပေါင်းများစွာကို ရိုက်ယူခဲ့သည်တိုင်‌အောင် လောကအလှသစ္စာတရားကို မ‌ဖော်ထုတ်နိုင်ခဲ့ပါ။

 ‌ကော်ဖီဆိုင်သည် ကဗျာဆန်‌နေသည်။ ‌ခေတ်‌ဟောင်းက ရုပ်ဝတ္ထုပစ္စည်းအချို့တို့ဖြင့် ‌ခေတ်သစ်‌ကော်ဖီဆိုင်ကို ပြင်ဆင်ထားသည်။ ငြိမ့်‌ညောင်း သည့် ဂီတသံတစ်ခုသည် လွင်‌နေသည်။ မြင်ကွင်း၏ ဘယ်ဘက်အထက်နားတွင် အမျိုးသမီးတစ်ဦး၏ အဖြူအမည်း ပုံတူဓာတ်ပုံတစ်ပုံ ချိတ်ဆွဲထား သည်။ ညာဘက်ရှိစားပွဲတွင် ပုံတူဓာတ်ပုံထဲမှ အမျိုးသမီးနှင့်အသွင်သဏ္ဍာန်ခပ် ဆင်ဆင်တူ‌သော အမျိုးသမီးတစ်ဦးသည်ထိုင်၍ သာယာငြိမ့်‌ညောင်း‌သော ‌တေးသံသာကို အာရုံစိုက်‌နေသည်။

 ထိုမြင်ကွင်းကို ဓာတ်ပုံဆရာသည် ဆိုင်အတွင်း‌ရောက်ရှိပြီး အချိန်အ‌တော်ကြာသည့်အချိန်တွင် သတိပြုမိသွားသည်။ ပုံ‌ကောင်း တစ်ပုံအတွက် အလွန်‌သေသပ်‌ကောင်းမွန်‌သော အထားအသို‌ကောင်းတစ်ခုဖြစ်သည်ဟု ဓာတ်ပုံဆရာသည် ချက်ချင်းသိခဲ့သည်။

 အား‌ကောင်း‌သော မြင်ကွင်းများ၏ ‌ပေးထားချက်နှင့်တင်ပြလို‌သောအ‌ကြောင်းအရာ၏ ချိတ်ဆက်မှုကို ထုတ်‌ဖော်ပြသနိုင်‌အောင် ကြိုးစားပါဆို‌သော ဝါရင့်ဓာတ်ပုံဆရာတို့၏ အဆိုရှိသည်။ ထိုအဆိုအတိုင်း ဓာတ်ပုံဆရာသည် သူမြင်‌တွေ့လိုက်‌သောမြင်ကွင်းကို ရိုက်ကူး‌ဖော်ထုတ်ပြသနိုင်ရန် အားထုတ်သည်။

 ပျောက်ဆုံး‌နေခဲ့‌သော လူသားပုံရိပ်ကိုဖမ်းယူရန် အငမ်းမရ ကြိုးစားအားထုတ်သည်။

 ရိုက်ကူးလို‌သောအ‌ကြောင်းအရာနှင့် နီးကပ်နိုင်သည့်အတိုင်းအတာအထိ နီးကပ်‌အောင်ကြိုးစားအားထုတ်ပါဆို‌သော အဆို အတိုင်းလည်း ဓာတ်ပုံ ဆရာသည် မြင်ကွင်းနှင့်သူ‌ဖော်ထုတ်ပြသလို‌သောအ‌ကြောင်းအရာအနီးသို့ ချဉ်းကပ်သွားပြန်သည်။

 ဓာတ်ပုံဆရာသည် ကင်မရာတကားကားဖြင့် ရှေ့သို့တိုးသွားရာ စားပွဲတစ်လုံးကို ဝင်တိုးမိခဲ့သည်။

 ‘‘ဘယ်သူလဲမသိဘူး’’

ဓာတ်ပုံဆရာ‌ဖော်ထုတ်ပြသရန် အားထုတ်‌နေ‌သော မြင်ကွင်းထဲမှအမျိုးသမီးက ခုံတိုးမိသံအကြားတွင် ‌မေးလိုက်‌သော အသံဖြစ် သည်။

ဓာတ်ပုံဆရာသည် ဆွံ့အသွားသည်။ လှုပ်ရှားမှုတို့ ငြိမ်သက်သွားသည်။ ကင်မရာခလုတ်ကို နှိပ်ရန် ‌မေ့‌လျော့သွားသည်။ အမြင်အာရုံချို့တဲ့‌နေ‌သော အမျိုးသမီးဖြစ်‌နေ‌ကြောင်း ဓာတ်ပုံဆရာသည် မြင်သိခဲ့သည်။ ဓာတ်ပုံရိုက်ကူး‌နေမှုကို ရပ်တန့်ခဲ့သည်။

‌ကော်ဖီဆိုင်အတွင်းမှ လှည့်ထွက်သွားခဲ့သည်။

ဓာတ်ပုံဆရာသည် သူ၏ ပြတင်း‌ပေါက်အနီးသို့ ပြန်‌ရောက်ခဲ့သည်။

ရှုပ်‌ထွေးလှ‌သော အ‌တွေးများဖြင့် ‌ငေး‌နေသည်။

ကော်ဖီဆိုင်အတွင်း မြင်ခဲ့ရ‌သောအမျိုးသမီး၏ ပုံရိပ်များကို ပြန်လည်မြင်‌ယောင်‌နေသည်။

ဆေးလိပ်တစ်လိပ်ကို မီးညှိရန် မီးခြစ်ကို တစ်ခြစ်ခြစ်ဖြင့် ခြစ်သည်။ မီးက မ‌တောက်။

ဓာတ်ပုံဆရာသည် ‌ဆေးလိပ်ကို လွွှင့်ပစ်လိုက်သည်။

ပုံ‌ကောင်းတစ်ပုံမရ‌သော ဓာတ်ပုံဆရာတစ်ဦး၏ ည‌နေခင်းအ‌ကြောင်း ကြာချိန်ရှစ်မိနစ်ရှိသည့် ဇာတ်လမ်းတိုရုပ်ရှင်ကားတစ်ကား ကို ခုနှစ်ကြိမ်‌မြောက် ၂ဝ၁ရ ခုနှစ် ဝဿန်ရုပ်ရှင်ပွဲ‌တော်တွင် ကြည့်ရှုခဲ့ရသည်။ ဒါရိုက်တာမှာ ‌ကျော့သီရိညွန့် ဖြစ်သည်။ တန်ခူး ရုပ်ရှင်မှ ထုတ်လုပ်သည်။

ဇာတ်လမ်းတိုရုပ်ရှင်၏ အမည်မှာ ‘‘အာရုံ’’ ဖြစ်သည်။

အာရုံသည် အလွန်ရိုးစင်း‌သော ဇာတ်လမ်းတိုရုပ်ရှင်ကားတစ်ကားဖြစ်သည်။ နိုင်ငံ‌ရေး၊ လူ့အခွင့်အ‌ရေး၊ လူ့ရပိုင်ခွင့်၊ ဟိုအ‌ရေး ဒီကိစ္စများပါမှ အနုပညာလက်ရာတစ်ခုအထ‌မြောက်‌တော့မည်ဟု ထင်မှတ်‌နေ‌သော ယ‌နေ့ကာလတွင် မျက်ရည်များလှိုင်လှိုင်ထွက်‌အောင် ဇာတ်နာမပြဘဲ အလွန်ရိုးဆင်း ‌သောအ‌တွေးကို ‌သေသပ်စွာ ရိုက်ကူးပြသွား‌သော ဇာတ်ကားတစ်ကားဖြစ်သည်။

ရှစ်မိနစ်သာ ကြာမြင့်သည့် ပြသချိန်အတွင်း ဓာတ်ပုံပညာအ‌ခြေပြုရုပ်ရှင်ဇာတ်လမ်းတိုတစ်ခု၏ ‌နေရာထိုင်ခင်း အခင်းအကျင်းကို ‌သေသပ်စွာ ပြသနိုင်ခဲ့သည်။ အာရုံနွမ်း‌နေသူတစ်ဦး၏ ‌လေးကန်‌သောသရုပ်သကန်အတွက် အ‌ရောင်အ‌သွေးတို့သည် မှိုင်းပြ‌နေခဲ့ သည်။ ရှစ်မိနစ်သာကြာမြင့်သည့် ဇာတ်လမ်းတိုတွင် ပတ်ဝန်းကျင်မှ သဘာဝအသံများကိုသာ ကြားခဲ့ရသည်။

‘‘ဘယ်သူလဲမသိဘူး’’ဆို‌သော လူသား၏ နှုတ်ထွက်စကားသံသည် ရုပ်ရှင်ဘာသာစကားကိုသာအသုံးပြု‌ကြောင်း သက်‌သေပြုခဲ့‌သော တစ်ခွန်းတည်း‌သော စကားသံဖြစ်သည်။

အာရုံသည်

ပညာ‌ပေးဇာတ်ကားမဟုတ်ပါ။

ဖျော်‌ဖြေ‌ရေးဇာတ်ကားမဟုတ်ပါ။

သတင်းအချက်အလက်တစ်စုံတရာပြန်ကြား‌သော ဇာတ်ကားမဟုတ်ပါ။

အာရုံသည် အလွန်ကျယ်ပြန့်ကြီးမားလှ‌သော လူမှုဘဝအဖုံဖုံမှ လူ့သဘာဝ လူ့စရိုက်များမှ အလွန်‌သေးငယ်‌သော အစိတ်အပိုင်း တစ်ခုကို ‌ဖော်ထုတ်ပြသထား‌သော ဇာတ်လမ်းတိုရုပ်ရှင်ကားတစ်ကားသာဖြစ်သည်။ အာရုံနွမ်းသွားသူတစ်‌ယောက်အ‌ကြောင်းသာဖြစ်သည်။

အမြင်အာရုံချွတ်ယွင်း‌နေ‌သော အမျိုးသမီးကို မြင်‌တွေ့ခဲ့ရ‌သော ဓာတ်ပုံဆရာသည် မိမိ၏အနုပညာအတ္တဖြစ်‌သော ဓာတ်ပုံ‌ကောင်း တစ်ပုံအတွက် ‌သွေး‌အေးစွာဖြင့်တစ်ချက်ခြင်း ခလုတ်နှိပ်ရိုက်ကူးနိုင်ခဲ့‌သော်လည်း မည်သည့်အတွက်‌ကြောင့် မရိုက်ယူခဲ့ပါသလဲ။

သနားစိတ်‌ကြောင့်လား။

စာနာစိတ်‌ကြောင့်လား။

တစ်ဖက်လူ၏ ဂုဏ်သိက္ခာအတွက်‌ကြောင့်လား။

လူ့ရပိုင်ခွင့်‌ကြောင့်လား။

တရားဥပ‌ဒေ‌ကြောင့်လား။လူ့ကျင့်ဝတ်‌ကြောင့်လား။

‌လောက၏ မထုတ်‌ဖော်အပ်‌သော သစ္စာတရားများ‌ကြောင့်လား။

 ဟန်ဆန်း

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ

Please follow and like us:
0