“မီ”ရုပ်ရှင်ကို ကြည့်၍ ရယ်သောသူများနှင့်မရယ်သောသူများ

မီ ရုပ်ရှင်ဇာတ်ကားတါင် ပိုင်ဖြိုးသု သည် မီ အဖြစ် သရုပ်ဆောင်ခဲ့သည်။

ဆရာမကြီး ကြည်အေး၏ ၀တ္ထုဖြစ်သော “မီ” ကို ဒါရိုက်တာ ဏကြီးက ပိုင်ဖြိုးသု၊ နေတိုး၊ ရဲအောင်၊ မင်းဦး၊ အောင်ရဲထိုက်နှင့်သားညီတို့ ကို အဓိကသရုပ်ဆောင်များအဖြစ်ထားရှိပြီး “မီ” အမည်ဖြင့် မြန်မာရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးထုတ်လုပ်ပြသခဲ့ပါသည်။ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်မပြသမီကပင် ရုပ်ရှင်မြတ်နိုးသူများအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့သလို ရုပ်ရှင်ပြသနေစဉ်ကာလတွင် လည်း“မီ”ရုပ်ရှင်နှင့်ပတ်သက်၍ အမျိုးမျိုးသောအသံများဖြစ်သည့် ပြစ်တင်သံ၊ ဝေဖန်သံ၊ အားပေးသံ၊ ချီးကျူးသံ၊ ငြင်းခုန်သံ၊ ကန့်ကွက် သံ၊ ထောက်ခံသံ စသည်စသော မတူကွဲပြား၊ အမျိုးစုံလင်လှသော အသံပေါင်းများစွာကို ကြားရ မြင်ရ သိရပါသည်။ မတူကွဲပြားသော သဘောထားများနှင့်စုံလင်များပြားလှသော အသံပေါင်းများစွာကို ကြားရ မြင်ရနေသည်ကို အပေါင်းလက္ခဏာ၊ အပြုသဘောအဖြစ် မြင်မိ ပါသည်။

“မီ”အကြောင်းကို အလွှာအသီးသီး၊ အသိုင်းအဝိုင်းအသီးသီက ပြောနေကြပါသည်။ ပြောကြဆိုကြသော အသံများတွင် ရုပ်ရှင်ဇာတ်ကား သည် ရယ်စရာမပါဘဲ ရယ်နေကြသည်ဆိုသော ဝေဖန်သံတစ်ခုကို ကြားရသည်။ ထိုဝေဖန်သံသည် ရုပ်ရှင်ကို ဝေဖန်ခြင်းမဟုတ်ဘဲ ရုပ်ရှင် ကြည့်သူများ၏ ရယ်သံအပေါ် မချိတင်ကဲဖြစ်ပြီး ရုပ်ရှင်ကြည့်သူအပေါ်ဝေဖန်သည်ကို တွေ့ရသည်။ ထိုအကြောင်းကို လူမှုကွန်ရက်စာ မျက်နှာများတွင် ပြောကြသလို ရုပ်ရှင်ကြည့်သူအချင်းချင်းလည်း ထိုအကြောင်းကို ပြောကြသည်။ စာရေးသူသည်လည်း ထိုရယ်သံကို ရုပ်ရှင်ရုံအတွင်း ကြားရပါသည်။ ကိုယ်တိုင်လည်း ပြုံးမိသလို ရုပ်ရှင်ကြည့်သူများက ဘာကြောင့် ရယ်ကြသလဲဆိုတာကို ဆက်စပ်ချင့်ချိန် စဉ်းစားမိပါသည်။ ရုပ်ရှင်ကြည့်၍ ရယ်သောအသံများကိုလည်း အကဲဖြတ်ကြည့်မိပါသည်။ ရုပ်ရှင်ကြည့်သူများ၏ ရယ်သောအသံများသည် ခွပ်ထိုးခွပ်လှန် ဝေါခနဲ ရယ်ကြသည်မဟုတ်သလို ရုပ်ရှင်ရုံတစ်ရုံလုံး ဝေါခနဲ ပြိုင်တူရယ်လိုက် ကြသည်လည်းမဟုတ်ဟု မြင်မိသိမိပါသည်။ ထို့အတူ ဟာသရသ(အသောရသ)နှင့်ပတ်သက်၍ ဖတ်မှတ်ဖူးသည်ကိုလည်း တစ်ပြိုင်တည်း သတိရမိပါသည်။

အနုပညာလက်ရာတစ်ခုအပေါ် အနှစ်ချုပ်ကျေနပ်မှုသည် “နှစ်သက်ခြင်း”ဖြစ်သည်ဟု မြန်မာပညာရှိများက ဆိုခဲ့ပါသည်။ “နှစ်သက်ခြင်း” ကို အကျယ်တဝင့်ဆိုခြင်းကို ရသကိုးပါးဖြစ် ဖွင့်ဆိုပါသည်။ ရသကိုးပါးထဲတွင် ဟာသရသ ပါဝင်ပါသည်။ “ဟာသရသကို ဆရာဇော်ဂျီက အသောရသဟုလည်း ဆိုပါသည်။ စိတ်ထိခိုက်ခံစားရသော အဆွေးရသကို ဖြေပေးနိုင်သည့် အစွမ်းရှိကြောင်း မပဋာ၊ ကိုဒါသဇာတ်ဖြင့် သာဓကဆောင်သည်။ မပဋာကိုဒါသဇာတ်ခေါ် ပဋာစာရီဇာတ်သည် မပဋာ၏ ကြေကွဲဖွယ်ဖြစ်ရပ်များကို ဆင့်ကာဆင့်ကာဖွဲ့သောဇာတ်ဖြစ် သည့်အတွက် အလွန်ဇာတ်နာသည်။ မပဋာဇာတ်ကို ဇာတ်မင်းသမီးကြီး မထွေးလေးက အလွမ်းအဆွေးအသော စုံလင်စွာ ကပြ သရုပ် ဆောင်သည်။ ထိုဇာတ်မှာ ကိုဒါသနှင့်မပဋာ အိမ်ထောင်ပြုပြီးဆိုကတည်းက ဆွေးစရာတွေ ဆက်ကာ ဆက်ကာဖြစ်ရသော အဆွေးဇာတ်ဖြစ် သည်။ ကိုဒါသ မြွေကိုက်၍ သေသည်။ မပဋာ၏ သားတစ်ယောက်ကို စွန်ချီသွားသည်။ သားတစ်ယောက်ရေထဲ မျောသွားသည်။ မုန်တိုင်း ဒဏ်ကြောင့် တစ်အိမ်လုံးပြိုလဲပြီး မိဘမောင်ဖွားအားလုံးလည်း သေရသည်။ စိတ်ထိခိုက်စရာများစွာ ကြုံရသည့်အတွက် မပဋာ ရူးပါတော့ သည်။ ထိုဇာတ်ကွက်များကို တစ်ခုပြီးတစ်ခု ကြည့်ရသော ပရိသတ်မှာ ရင်ထဲမှာ အလွန်နာနေပါပြီ။ ထိုအချိန်တွင် မပဋာသည် “ပေါင်မှန်လို့ မျက်စိကျိုး၊ သွားဟောက်တောက်ကန်း”ဆိုသော မတော်မတည့်အရူးသီချင်းကို သီဆိုကပြကာ အသောအရသာဖြင့် ရှေ့ကအဆွေးများကို ဖြေပေးလိုက်သည်”ဟု (ဆရာ)မောင်ခင်မင်(ဓနုဖြူ)၏ “ချစ်သူများကို အဆုံးစီရင်ခြင်း”စာအုပ်ပါ “ဟာသ အပေါ့ အငန်” ဆောင်းပါး တွင် အဆွေးဇာတ်များတွင် အသောရသ(ဟာသရသ)ထည့်သွင်းခြင်းကို တင်ပြရေးသားထားပါသည်။ အသောရသ(ဟာသရသ)သည် အဆွေးရသများကို အထောက်အပံ့ပေးကြောင်းနှင့် ပရိသတ်၏ စိတ်ထိခိုက်ခံစားရမှုကို သက်သာရာသက်သာကြောင်း ဖြေပေးနိုင်ကြောင်း တို့ကို (ဆရာ)ဇော်ဂျီကို ကိုးကား၍ တင်ပြခြင်းဖြစ်ပါသည်။

“မီ”ရုပ်ရှင်ဇာတ်ကားတွင် သော်ဆွေသည် မီနှင့်ပတ်သက်၍ မီကို ချစ်မိလာသည်။ မီ့အကျင့်စရိုက်များကို သိနားလည်းရ ခက်လာသည်။ မီအနီးအပါးက အမျိုးသားများကို ရန်လိုလာသည်။ ရန်ပွဲတွေ ဖြစ်လာသည်။ တစ်ဖက်တွင် မီကို သော်ဆွေသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာ သည်။ မီကို ကျေလည်း မကျေနပ် ဒေါသလည်း ဖြစ်ရသည်။ မီ့ဘ၀ကို ကယ်တင်မည်ဟု ကြိုးစားသော်လည်း မီက လက်မခံဘဲ အင်မတိ အင်မတန်ကို နားလည်းရခက်သလို မီအကြောင်းတွေက ဟိုကတစ်စ ထွက်လာ၊ ဒီကတစ် ထွက်လာနှင့် စိတ်ရှုပ်စရာကောင်းသည်။ ထိုအခြေ အနေတွင် သော်ဆွေသည် မောင်ကိုလေးကို စာနာထောက်ထားနေရသည့်အပြင် မောင်ကိုလေးအတွက်လည်း နာကျင်ခံစားနေရသည်။ မီအကြောင်းကို ရုပ်ရှင်ကြည့်သူများသည် သော်ဆွေသိသလောက်သာ သိနေရပြီး သော်ဆွေနေရာက သော်ဆွေခံစားရသလိုသာ လိုက်လံ ခံစားရသည်။ ရုပ်ရှင်ကြည့်သူများသည် သော်ဆွေအဖြစ်ကို ကြည့်ပြီး ပိတ်မိနေကြရသလို မောင်ကိုလေးလိုပဲ သော်ဆွေလည်း ခံစားရတော့ မည် ကြုံရတော့မည်ဟု ရုပ်ရှင်ကြည့်သူများက သိမြင်နေကြသည်။ ထို့ကြောင့် ရုပ်ရှင်ကြည့်ရင်း မွန်းကြပ်သည့် ခံစားမှုကို ခံစားရသည်။ မွန်းကြပ်မှုကို ဖြေပေးနိုင်မည့် အခြေအနေတစ်ခုကို ရုပ်ရှင်ကြည့်သူများ မရရှိခဲ့ကြသလို ထွက်ပေါက်ဖြစ်စေမည့် အခြေအနေတစ်ခုလည်း ရုပ်ရှင်က ပေးမထားနိုင်သည်ကို တွေ့ရသည်။ ထိုအခါ ရုပ်ရှင်ကြည့်သူများသည် မွန်းကြပ်မှုအတွက် ထွက်ပေါက်ရှာလာကြသည်ဟု သုံးသပ် မိသည်။ မီရုပ်ရှင်ဇာတ်ကားအစတွင် မောင်ကိုလေးပြောခဲ့သော စကားများကို သော်ဆွေက ပြန်လည်ပြောချိန်တွင် ထွက်ပေါက်သည် သွားရှိနေသည့် အပြင် ရုပ်ရှင်ကြည့်သူများက သူတို့၏ဘ၀အသိအမြင်ကြောင့် သော်ဆွေကို စာနာ၍လည်းကောင်း၊ သော်ဆွေခံရတော့မည် ဟုသိနေကြ၍ လည်းကောင်းနှင့် မွန်းကြပ်မှုအတွက် ထွက်ပေါက်ရှာလို၍လည်းကောင်း ရယ်ကြသည်ဟု ထင်မြင်သုံးသပ်မိပါသည်။ ရယ်သံသည် အသောရသကို တောင်းဆိုသောပရိသတ်၏ ရယ်သံဖြစ်သည်ဟု ယူဆမိသည်။ ရုပ်ရှင်ကြည့်ရင်း မရယ်သောသူများလည်း ရှိနေသေးရာ ထိုသူများ သည် အသောရသမလို၍ မတောင်းဆိုသော ပရိသတ်များဟု ဆိုရပေမည်။ ထို့ကြောင့် အနုပညာလက်ရာများနှင့် ပတ်သက်၍ ပရိသတ်များ ရယ်မောခြင်းနှင့်ဟာသရသနှစ်သက်ခြင်းကို မြန်မာပညာရှိများက ခွဲခြားပြသထားသည်များကို ဆက်လက်တင်ပြ လိုပါသည်။

“ရယ်ရွှင်ဖွယ် အရသာကို ခံစားရသူတို့၏ ရယ်ပုံအဆင့်ဆင့်ကိုလည်း အလင်္ကာကျမ်းမှာ ခွဲပြထားသည်။ မျက်စိပွင့်ရုံရယ်ခြင်း၊ သွားအနည်း ငယ်ပေါ်ရုံ ရယ်ခြင်း၊ သာယာညင်းပျောင်းသော အသံထွက်၍ ရယ်ခြင်း၊ ပခုံးနှင့်ဦးခေါင်းလှုပ်၍ ရယ်ခြင်း၊ မျက်ရည်ထွက်အောင် ရယ်ခြင်း၊ ကိုယ်ကိုပစ်၍ ခုန်ပေါက်ရယ်ခြင်းဟူ၍ (၆)မျိုးရှိသည်။ (၂)မျိုးစီ အစဉ်အတိုင်းတွဲပြီး မြတ်သောသူတို့၏ ရယ်ခြင်း၊ အလယ်အလတ်ဖြစ် သူတို့၏ ရယ်ခြင်း၊ ယုတ်သောသူတို့၏ ရယ်ခြင်းဟု ခွဲပြသည်။ ဤခွဲခြားမှုသည် ဟာသ၏ အရည်အသွေးကို အဆင့်အတန်းခွဲခြားမှုဖြစ် သည်ဟုလည်း ယူဆနိုင်မည်ထင်ပါသည်။ အဆင့်မြင့်သော ဟာသမျိုးကို ခံစားရလျှင် မျက်လုံးဖွင့်ရုံသွားပေါ်ရုံ ရယ်မည်။ အလယ်အလတ် ဟာသမျိုးကို ခံစားရလျှင် အသံတိုးတိုးထွက်ပြီး ရယ်မည်။ ပခုံးလှုပ်ဦးခေါင်းလှုပ်၍ ရယ်မည်။ အနိမ့်စားဟာသ မျိုးကို ခံစားရလျှင် မျက်ရည် ထွက်အောင် ရယ်မည်။ ကိုယ်ကို ခုန်ပေါက်၍ ပစ်ခတ်ရယ်သည်။ ဟာသ၏ အဆင့်ကိုလိုက်၍ ခံစားပုံကွဲပြားခြင်းဖြစ်မည်။

ရသခံစားမှုကို ဆရာဇော်ဂျီက ရသနှစ်သက်ခြင်းသက်သက်နှင့်ဘ၀အသိအာနိသင်ပါသော နှစ်သက်ခြင်းဟု အဆင့်ခွဲပြသည်။ ဟာသရသကို သာဓကဆောင်ရလျှင် လူရွှင်တော်၏ ပြက်လုံးကို သဘောကျပြီး ဝါးခနဲရယ်လိုက်ရသော နှစ်သက်ခြင်းသည် ရယ်ပြီးဘာမှ မကျန်ခဲ့ဘဲ ပျောက်သွားသော နှစ်သက်ခြင်းမျိုးဖြစ်၍ ရသနှစ်သက်ခြင်း သက်သက်ဖြစ်သည်”ဟု (ဆရာ)မောင်ခင်မင်(ဓနုဖြူ)၏ “ချစ်သူများကို အဆုံးစီရင်ခြင်း”စာအုပ်ပါ “ဟာသ အပေါ့ အငန်”ဆောင်းပါးတွင် ဖော်ပြထားပါသည်။

“မီ”ရုပ်ရှင်ဇာတ်ကားသည် ရယ်ရွှင်ဖွယ်ကောင်းအောင် တင်ပြထားသော ဟာသကားတစ်ကား မဟုတ်သလို ရုပ်ရှင်ကြည့်သူအားလုံးတညီ တညွတ်တည်း ဝေါခနဲရယ်ကြသည်လည်းမဟုတ်၍ ရယ်သောသူများသည် အဆွေးရသကို ဖြေလျော့လိုသူများ ဖြစ်နိုင်သလို၊ ဘ၀အသိ အမြင်အရ တစ်စုံတရာကို ကြုံတွေ့ရတော့မည်ဟု သိမြင်ပြီး စာနာစိတ်အရ ဘ၀အသိအာနိသင်ပါသော နှစ်သက်ခြင်းအတွက် ရယ်ခြင်းဟု လည်း ဆိုနိုင်ဖွယ်ရှိပါသည်။ ထိုယူဆချက်သည် ထင်မြင်ယူဆချက်တစ်ခုသာ ဖြစ်ပါသည်။ မီရုပ်ရှင်ကြည့်ပြီး ရယ်ခြင်းနှင့်ပတ်သက်၍ အခြား သော အယူအဆများရှိနေသည်ကိုလည်း ရုပ်ရှင်တတ်သိသူများနှင့်ဆွေးနွေးကြည့်ရာတွင် စာရေးသူသိမြင်လာရပါသည်။ ထိုအခြားသော အယူအဆများမှာ- ရုပ်ရှင်ဇာတ်ကားတွင် ရယ်စရာရည်ရွယ်ချက်မပါဘဲ ရုပ်ရှင်ကြည့်သူများရယ်ခြင်းသည် ဖန်တီးရိုက်ကူးမှု၏ တစ်စုံ တစ်ရာ အားနည်းချက်ကြောင့်ဟုလည်းကောင်း၊ ဇာတ်ကောင်းစရိုက်သဘာ၀ကို သရုပ်ဆောင်တင်ပြသည့် သရုပ်ဆောင်၏ အားနည်းချက် ကြောင့် ဟုလည်းကောင်းနှင့် ရုပ်ရှင်ကြည့်သူများမှ ရုပ်ရှင်ကို ဖျော်ဖြေရေးအတွက်သာ ကြည့်ရှုလိုသော စိတ်ဆန္ဒကြောင့်ဟုလည်းကောင်း စသည်တို့ ဖြစ်ပါသည်။ ထို့အတူ အခြားသောမတူညီသည့် ထင်မြင်ယူဆချက်များလည်း ရှိကောင်းရှိနေနိုင်ပါသေးသည်။ မီရုပ်ရှင်ဇာတ်ကား ကြည့်၍ ရယ် သောသူများနှင့်မရယ်သောသူများကို ဘာကြောင့် ရယ်သည်၊ ဘာကြောင့် မရယ်သည် သိသာစေရန် ရုပ်ရှင်ကြည့်ပြီးသော ပရိသတ်များကို စစ်တမ်းကောက်ယူမှသာ ပြည့်စုံခိုင်လုံသောအဖြေကို ရနိုင်ပေလိမ့်မည်။

ရုပ်ရှင်အနုပညာလက်ရာတစ်ခုသည် ဖျော်ဖြေရေး၊ ပညာပေးရေးနှင့် ပြန်ကြားရေးသက်သက်သာ တာဝန်ရှိသည်မဟုတ်ဘဲ ရုပ်ရှင်ကြည့်သူ များ၏ အတွေး၊ အယူအဆ၊ ထင်မြင်ချက်နှင့် အမျိုးမျိုးအဖုံဖုံသော ဉာဏဆိုင်ရာကိစ္စများအတွက်လည်း ဖြစ်ပါသည်။ တွေးတောစရာများ၊ မတူညီသောအယူအဆများ၊ ထင်မြင်ချက်များအတွက် အပြန်အလှန်ဆွေးနွေးရန်နှင့်တွေးတောရန်လည်း ဖြစ်ပါသည်။ စာရေးသူ၏ ထင်မြင် ယူဆတင်ပြချက်အပေါ် သဘောတူညီနိုင်သလို သဘောမတူညီနိုင်သည်လည်း ရှိနိုင်ပါသည်။ ထင်မြင်ယူဆချက်တစ်ခုဖြစ်ပါသဖြင့် မည်မျှ အတိုင်းအတာအထိ မှန်ကန်သည်၊ လိုက်လျောညီသည်ကို မဖော်ထုတ် မပြသနိုင်ပေမဲ့ တွေးတောချင့်ချိန်ကြည့်ရန်တော့ ဖြစ်နိုင်ပါသည်။

စာရေးသူ ကျွန်တော်သည်လည်း သော်ဆွေ ခံရတော့မည်ဟု အသိတစ်ခုကြောင့် “မီ”ရုပ်ရှင်ကို ကြည့်ရင်း ပြုံးမိခဲ့ပါသည်။ ဘ၀အာနိသင် ပါသော နှစ်သက်ခြင်းတစ်ခုဖြစ်ပါလိမ့်မည်။

ဟန်ဆန်း

Please follow and like us:
0