ကဗျာဆရာ အောင်ချိမ့်နှင့်တွေ့ဆုံခြင်း၏ မှတ်စု

ကဗျာဆရာ အောင်ချိမ့်နှင့်မောင်ပြည့်မင်း

‘‘ကျွန်‌တော်က ‌တွေ့ချင်တာ’’အမည်ဖြင့် ကဗျာဆရာ‌အောင်ချိမ့်နှင့်‌တွေ့ဆုံ‌သော ကဗျာအ‌ကြောင်း‌ ဆွေး‌နွေးပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် မတ်လ ၁၃ ရက် ‌နေ့လယ် ၂ နာရီက ရန်ကုန်မြို့၊ ပုဇွန်‌တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် ပြုလုပ်ခဲ့သည်။ ‌တွေ့ဆုံပွဲကို ပဲန်မြန်မာက ဦး‌ဆောင်ကျင်းပခြင်းဖြစ်ပြီး ကဗျာဆရာ ‌အောင်ချိမ့်၏ ပထမဦးဆုံး‌သော ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲလည်းဖြစ်သည်။ ‌ဆွေး‌နွေးပွဲမှ ‌ဆွေး‌နွေး‌ပြောဆိုချက်များကို မှတ်တမ်းအဖြစ် ‌အောက်ပါအတိုင်း မှတ်စုထုတ် ‌ရေးသားအပ်ပါသည်။

၁။ ၁၉၇ဝ ပြည့်နှစ်တွင် မြန်မာ့ကဗျာ အချိုးအ‌ပြောင်းဖြစ်‌ပေါ်သည်။ ၁၉၆၂ ခုနှစ်‌နှောင်းပိုင်းကာလများတွင် ‌တော်လှန်ကဗျာ၊ ‌ခေတ်‌ပေါ်ကဗျာအစရှိသည့် ကဗျာအမျိုးအစားများ ထွက်‌ပေါ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ‌မောင်သာနိုး ‌ရေးသားသည့် ‘‘ထင်းရှုးပင်ရိပ်’’စာအုပ်ထွက်ခဲ့သည်။ ထိုစာအုပ်သည် ‌ခေတ်‌ပေါ်ကဗျာဖြစ်‌ပေါ်လာ‌စေသည့် အ‌ကြောင်းအရင်းတစ်ရပ်ဖြစ်သည်။ နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

၂။ ကဗျာ‌ရေးသားခြင်း‌ကြောင့် ထင်‌ပေါ်‌ကျော်ကြားခြင်းနှင့်‌ငွေ‌ကြေးချမ်းသာခြင်း မရနိုင်‌သော‌ကြောင့် ကဗျာ‌ရေးသားသည့် အလုပ်ကိုသာ အ‌ကောင်းဆုံးလုပ်ရန် လုပ်ဖို့လို‌ကြောင်းနှင့် ကဗျာ‌ကောင်းရန်လုပ်ဖို့အပြင် အခြားမရှိ‌ကြောင်း ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောသည်။ သူ၏‘‘ဂန္ထဝင်မမ’’ကဗျာများကို လူကြိုက်များခဲ့‌သော်လည်း ထပ်မံ‌ရေးသားခြင်းမပြုခဲ့ခြင်းမှာ ကဗျာဖြစ်‌သော‌ကြောင့် ဟုဆက်လက်‌ပြောခဲ့သည်။

၃။ ကဗျာ၌ လိင်ပိုင်းဆိုင်ရာများကို ထည့်သွင်း‌ရေးသားခြင်းကို ညစ်ညမ်းသည့်အ‌ရေးအသားတစ်ခုဟုသတ်မှတ်၍ မဖြစ်‌ကြောင်း၊ လိင်ပိုင်းဆိုင်ရာကိစ္စ များကို တစ်ခါတရံတွင် လိုအပ်ချက်‌ကြောင့်သာ ထည့်သွင်း‌ရေးသားခြင်းဖြစ်‌ကြောင်း၊ ထိုသို့ ‌ရေးသားရာတွင် ကဗျာ‌ရေးသူသည် မိမိအ‌ရေးအသားများကို တည်းဖြတ်‌ရေးသားရန် ထည့်သွင်းစဉ်းစား‌ကြောင်း၊ ထိုကဗျာကို ညစ်ညမ်း‌သောအ‌ရေးအသားဟု သတ်မှတ်‌ပြောဆိုရာတွင် ကဗျာဖတ်သူ၏ ကဗျာကို မည်သို့နည်းလမ်းဖြင့် သို့မဟုတ် မည်သည့်စိတ်ဖြင့် ဖတ်ရှုသည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်‌ကြောင်းနှင့် ကဗျာတွင် လိင်ကိစ္စများကို ထည့်သွင်း‌ရေးသားခြင်း‌ကြောင့် ကဗျာ‌လောကကို ကြီးမားသည် ရိုက်ခတ်မှုမရှိနိုင်‌ကြောင်း ‌တွေ့ဆုံပွဲသို့ တက်‌ရောက်လာသူများက ‌ဆွေး‌နွေးကြခဲ့သည်။

၄။ ကဗျာပညာရပ်ဆိုင်ရာ အတတ်ပညာကို ပစ်ပယ်ထား၍ မရသလို ဖက်တွယ်ထား၍လည်း မရ‌ကြောင်း၊ အတတ်ပညာကို ဦးစား‌ပေးလွန်း၍ မရ ကြောင်းနှင့် ကဗျာ‌ရေးနည်းများသည် ကဗျာဖြစ်လာမည် မဟုတ်‌ ကြောင်း၊ ကဗျာကို ဘဝဖြင့် ယူ‌ဆောင်သူများရှိသကဲ့သို့ သီအိုရိများဖြင့် ယူ‌ဆောင်သူ များလည်းရှိ‌ကြောင်းနှင့် သီအိုရီဖြင့် ယူ‌ဆောင်သူများကိုလည်း အသိအမှတ်ပြုသင့်‌ကြောင်း ‌တွေ့ဆုံပွဲသို့ တက်‌ရောက်လာသူများက ကဗျာဆရာ အောင်ချိမ့်နှင့်အတူ ‌ဆွေး‌နွေးကြခဲ့သည်။

၅။ မြန်မာ‌ခေတ်‌ပေါ်၊ မြန်မာ‌ခေတ်ပြိုင်ကဗျာဖွဲ့နည်းကျမ်း မရှိ‌သေး‌ကြောင်း၊ ရှိလာရန် ကြိုးစား‌နေ‌ကြောင်း၊ ‌ခေတ်‌ပေါ်ကဗျာဖွဲ့နည်း၊ ‌ခေတ်ပြိုင်ကဗျာ ဖွဲ့နည်းတို့သည် ဆက်‌နေ‌ကြောင်း၊ ယခုစကားဝိုင်းသည် မြန်မာ‌ ခေတ်‌ပေါ်၊ မြန်မာ‌ခေတ်ပြိုင်ကဗျာဖွဲ့နည်းကျမ်းအတွက် ‌ခြေလှမ်းတစ်လှမ်းဖြစ်‌ကြောင်း ကဗျာဆရာ‌အောင်ချိမ့်က ‌ပြောခဲ့သည်။

‌ခေတ်‌ပေါ်ကဗျာအမျိုးအစားကို အမျိုးသားစာ‌ပေဆု‌ပေးအပ်‌ရေးနှင့်ပတ်သက်၍ ကဗျာဆရာ‌နွေသင်နိုင်၏ စတင်‌ဆွေး‌နွေးမှုအ‌ပေါ် ကဗျာဆရာ‌အောင်ချိမ့်နှင့် ‌မောင်ပြည့်မင်းတို့က ပြန်လည်‌ဆွေး‌နွေးခဲ့ကြသည်။ အမျိုးသားစာ‌ပေဆု‌ပေးအပ်ရာတွင် ‌ခေတ်‌ပေါ်ကဗျာအမျိုးအစားကို ဆု‌ပေးအပ်သင့်‌ကြောင်း၊ မိမိအ‌နေဖြင့် လည်း ဆု‌ပေးအပ်နိုင်ရန် ကြိုးပမ်းလျက်ရှိ‌ကြောင်း၊ ဆု‌ပေးအပ်မှုကို တာဝန်ရှိသူအချို့က သ‌ဘောတူညီမှုရှိ‌ကြောင်း၊ ဆု‌ပေးအပ် နိုင်ရန် ‌ခေတ်‌ပေါ်ကဗျာဆုကို မည်သည့်စံနှုန်းဖြင့် တိုင်းတာသင့်‌ကြောင်း၊ မည်သို့ဆုံးဖြတ်သင့်‌ကြောင်းနှင့်ပတ်သက်ပြီး စံနှုန်းမရှိ၍ အခက်အခဲရှိ‌နေ‌ကြောင်း ကဗျာဆရာ ‌နွေသင်းနိုင်က စတင်‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

၆။ ‌ခေတ်‌ပေါ်ကဗျာအမျိုးအစားကို အမျိုးသားစာ‌ပေဆု‌ပေးအပ်‌ရေးနှင့်ပတ်သက်၍ ကဗျာဆရာ‌အောင်ချိမ့်က ‌အောက်ပါအတိုင်း‌ပြောကြားခဲ့သည်။ ‘‘‌ခေတ်‌ပေါ်ကဗျာဆု‌ပေး‌ရေးအတွက်က ‌မောင်ပြည့်မင်းပါရမယ်။ ‌ဇေယျာလင်းပါရမယ်။ ကိုယ်ပါရမယ်။ ‌နောက်တစ်‌ယောက်ပါရမယ်။ ‌နောက်ထပ် တစ်‌ယောက်ပါရမယ်။ အနည်းဆုံးငါး‌ယောက်။ လူငယ်‌တွေကလဲ ပါရမယ်။ ပြီး‌တော့ တစ်ခုစီချပြီး‌တော့ လက္ခဏာ‌တွေကို ‌ဆောင်ရမယ်။  သတ်မှတ်ရမယ်။ သတ်မှတ်ပြီး‌တော့မှ ဘယ်ကဗျာက ‌ခေတ်‌ပေါ်ကဗျာမှာ အ‌ကောင်းဆုံး၊ ဘယ်ကဗျာက နည်းနည်း‌ကောင်းတယ်။ ဘယ်ကဗျာက သူ့ထက်ညံ့‌သေးတယ် စသဖြင့် ‌ပြောလို့ရမယ်။ ငါး‌ယောက်‌လောက် တစ်လတစ်ကြိမ်နှစ်ကြိမ်‌လောက်‌တွေ့ပြီး‌တော့ ဖွဲ့စည်းပုံဆွဲရမယ်။ တကယ်‌ပေးချင်တယ် ဆိုလို့ရှိရင်‌ပေါ့‌လေ’’

၇။ ‌ခေတ်‌ပေါ်ကဗျာအမျိုးအစားကို အမျိုးသားစာ‌ပေဆု‌ပေးအပ်‌ရေးနှင့်ပတ်သက်၍ ကဗျာဆရာ‌မောင်ပြည့်မင်းက ‌အောက်ပါအတိုင်း‌ပြောကြားခဲ့သည်။ ‘‘‌ခေတ်‌ပေါ်ကဗျာရဲ့ အ‌ခြေခံ‌ဖော်မြူလာက ကာရန်စနစ်ကို လက်မခံဘူး။ ကာရန်စနစ်အစား အသံစီး‌ပြေမှုကို ကျွန်‌တော်တို့လက်ခံတယ်။ ဒါက ‌ခေတ်‌ပေါ်ကဗျာရဲ့အစပိုင်း ရှိ‌သေးတယ်။ အခုက ‌ခေတ်‌ပေါ်ကဗျာ‌ခေတ် ကုန်သ‌လောက်ဖြစ်‌နေပြီ။ ‌နောက်ပိုင်းမှာ ကျွန်‌တော်တို့နဲ့ မတူတဲ့ကဗျာ‌တွေ ထွက်လာ မယ်။ ‌ခေတ်‌ပေါ်ကဗျာအပိုင်းမှာ သူရဲ့‌ဖော်မြူလာကို ‌ပြောမယ်ဆိုရင် တစ်အချက်က ကာရန်စနစ်ကို စွန့်ပစ်တယ်။ နှစ်အချက်က အသံ‌ပြေမှုကို ဦးစား‌ပေးပြီး‌တော့ အသုံးပြုတယ်။ သုံးအချက်က‌တော့ အရပ်သုံးစကား‌တွေနဲ့ ဖွဲ့နွဲ့တယ်။ ဒီလိုခြုံငုံ‌ပြောရင် ‌ခေတ်‌ပေါ်ကဗျာရဲ့‌ဖော်မြူလာလို့ ‌ပြောနိုင်ပါတယ်လို့ ကျွန်‌တော်ယူဆတယ်’’

ကဗျာဆရာ‌အောင်ချိမ့်နှင့်‌တွေ့ဆုံ‌သော ကဗျာအ‌ကြောင်း‌ဆွေး‌နွေးပွဲသို့ ‌ဇေယျာလင်း၊ ‌မောင်ပြည့်မင်း၊ ခင်‌အောင်‌အေး၊ ‌မောင်သင်းမိုး၊ ဖြူမွန်၊ ကို‌ရွေး၊ ‌ဝေး ခေါင်၊ မိုး‌ဝေး၊ ‌မောင်‌ဒေး၊ ဟံလင်း၊ သိုးထိန်း၊ သုခုမ၊ ဇာတိ၊ ဘုန်းမြင့်တို့အပါအဝင် ကဗျာဆရာ၊ ကဗျာဆရာမနှင့်ကဗျာချစ်သူများတက်ရောက်ခဲ့ကြသည်။

ဟန်ဆန်း

Please follow and like us:
error0