“ဂီလာ”ရုပ်ရှင်ဇာတ်ကားနှင့်တိုင်းရင်းသားရုပ်ရှင်ကဏ္ဍ

“ဂီလာ”ရုပ်ရှင်ဇာတ်ကား ကြော်ငြာ

တိုင်းရင်းသားများထဲမှ မျိုးနွယ်စုတစ်ခုဖြစ်သည့် ရဝမ်တိုင်းရင်းသားလူမျိုးစုအကြောင်းကို အခြေပြုရိုက် ကူးတင်ပြထားသည် “ဂီလာ”ဆိုသော ရုပ်ရှင်ကားကြီးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၅ ရက်၌ ရွှေတောင်ကြားလမ်းရှိ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာတွင်ပြသခဲ့၍ ကြည့်လိုက်ရပါသည်။ ထိုဇာတ်ကားသည် မြစ်ကြီးနား၊ ဗန်းမော်နှင့် လားရှိုးတို့၌သာ ရုံတင်ပြသခွင့်ရထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရုံတင်ပြသခွင့်မရသေးပါ။ “ဂီလာ”ရုပ်ရုပ်ဇာတ်ကားကြီးသည် ရဝမ်သရုပ်ဆောင်၊ ရဝမ်ဒါရိုက်တာတို့က ရဝမ်မျိုးနွယ်စုအကြောင်းကို အခြေပြု၍ ရိုက်ကူးထားသော အက်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။ မြန်မာရုပ်ရှင်ဇာတ်ကားများထဲတွင်မှ ထူးခြားသောရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါသည်။

“ဂီလာ”ရုပ်ရှင်ဇာတ်ကားတွင် ပထမဦးစွာ သတိထားမိသည့် ထူးခြားမှုမှာ ရဝမ်တိုင်းရင်းသားလူမျိုးစုများ၏ ၁၈ ရာစုနှစ်မှ လူမှုဘ၀နေထိုင်မှု များနှင့်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများအကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါသည်။ ရဝမ်လူမျိုးစုများသည် ယနေ့ကာလတွင် ယနေ့ ခေတ်ကာလအတိုင်း ဝတ်စားဆင်ယဉ်နေထိုင်နေကြ၍ လူမျိုးစု၏ ထူးခြားမှုဝိသေသကို ပြသရန်ခက်ခဲသောကြောင့် ရဝမ်ရိုးရာနှင့်နီးကပ်မှုရရှိစေ ရန် ၁၈ ရာစုနှစ်များဆီသို့ နောက်ဆုတ်၍ ဇာတ်လမ်းဆင်ရိုက်ကူးခဲ့သည်ဟု ဒါရိုက်တာ ဒီဒဲဒီက ပြောပါသည်။ ၁၈ ရာစုနှစ်ကာလများက ရဝမ် လူမျိုးစုတို့ သည် စကားစမြည်အပြောနည်းကြောင်း၊ ချစ်မှုရေးရာကိစ္စများတွင် ဖွဲ့ဖွဲ့နွဲ့နွဲ့မရှိကြောင်းနှင့် အင်အားကြီးသော အုပ်စုများ၏ ဗိုလ်ကျ စိုးမိုးခြင်းများကို ရဝမ်လူမျိုးစုများက ကြုံတွေ့ခဲ့ရကြောင်း ဒါရိုက်တာ ဒီဒဲဒီက ဆက်လက်ပြောဆိုပါသည်။ ထိုအခြေအနေပေးထားချက်များ ကြောင့် “ဂီလာ”သည် ရဝမ်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့စရိုက်အခြေပြုထားသော အက်ရှင်(Action)ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်လာရ ပါသည်။

“ဂီလာ”ရုပ်ရှင်ဇာတ်ကားတွင် ဒုတိယသတိထားမိသည်မှာ ဇာတ်လမ်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းသို့ ရဝမ်လူမျိုးများ ရေကြည်ရာမြက်နုရာ ပြောင်းရွေ့နေထိုင်ကြသည့်အကြောင်းနှင့်ဇာတ်လမ်းကို စတင်ထားပါသည်။ မိခင်၊ အစ်ကို၊ ယောက်ဖနှင့်နှမများပါဝင်သော မိသားစုတစ်စု သည် ရေမြေတောတောင် စိမ့်စမ်းများကို ဖြတ်သန်း၍ ရေကြည်ရာမြက်နုရာဒေသတစ်ခုကို ရှာဖွေရန်ခရီးနှင်လာခဲ့ကြသည်။ ထိုသို့ ခရီးနှင်လာရင်း အတူပါလာသူ မိခင်သည် လမ်းခုလတ်တွင် နာမကျန်းဖြစ်လာသည်။ ထိုကြောင့် လမ်းခရီးရှိ ရဝမ်ရွာတစ်ရွာတွင် မိသားစုသည် ဧည့်သည်အ ဖြစ် ခေတ္တခဏနားနေကြသည်။ နောင်တစ်နေ့တွင် အတူပါလာသူ မိသားစုအတွင်းမှ အမျိုးသားနှစ်ဦးသည် ရေကြည်ရာမြက်နုရာနယ်မြေသစ်ရှာဖွေရန် ခရီးဆက်ကြသည်။ မိခင်၊ နှမတို့နှင့် အမျိုးသားတစ်ဦးတို့သည် ခေတ္တနားခိုရာရွာတွင် ရွာသူရွာသားများနှင့်အတူ ကျန်ရစ်ခဲ့ကြသည်။

ရဝမ်တိုင်းရင်းသားလူမျိုးစုတို့၏ အမဲလိုက်သားကောင်ရှာခြင်း ဓလေ့၊ သားကောင်ကို အမဲအဖြစ် အသားအဖြစ် ခုတ်ထွင်ပြင်ဆင်ပြီး ရွာအတွင်းမှ ရွာသူရွာသားများကို မျှဝေပေးခြင်းဓလေ့၊ မြစ်အတွင်းရှင်သန်နေသော ငါးများကို မူးမေ့စေသည် သဘာ၀နည်းလမ်းများဖြင့် ငါးဖမ်းခြင်းဓလေ့နှင့် တောတွင်းသစ်ပင်ကို ခုတ်ယူ၍  စားစရာထုတ်လုပ်သည့်ဓလေ့နှင့်တောင်ယာလုပ်ကိုင်သည့်ဓလေ့များကို ရွာခံနှင့်ဧည့်သည်မိသား စုတို့က အတူတကွလုပ်ကိုင် နေထိုင်ကြပုံများကို ကြည့်ရှုရသည်။

ထိုအခင်းအကျင်းများကို ပြသနေချိန်တွင် ရွာခံအမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးနှင့်ဧည့်သည်အမျိုး သားတို့ သုံးဦးအကြား ချစ်မှုရေးရာအား ပြိုင်ကြသည့် ချစ်ရေးချစ်ရာများကိုလည်း ထည့်သွင်းပြသထား သည်ကို တွေ့ရပါသည်။ ထိုအခင်းအကျင်းများအပြီးတွင် လူရမ်းကားတစ်စု ရွာ အတွင်းသို့ ဝင်ရောက်လာပြီး ဒုက္ခပေး၊ လူသတ်၊ အမျိုးသမီးများကို ဖမ်းယူခေါ်ဆောင်သွားသည်ကို ရွာရှိ အမျိုးသားများနှင့် ရွာသို့ ပြန်လာသည့် အမျိုးသားများက ခုခံကာကွယ်တိုက်ခိုက်ထွက်ပြေးရုန်းကန်ကြရသည်များကို ကြည့်ရှုရပါ သည်။

ခုခံကာကွယ်တိုက်ခိုက်ကြသည့် ဇာတ်ကွက်များကို ကြည့်ရှုရရာတွင် ထိုးကြိတ်တိုက်ခိုက်မှုများ ပီပြင်ခြင်း၊ တောတွင်းဓလေ့တိုက်ခိုက်သည့် အလေ့အကျင့်များကို အသုံးပြုပြသခြင်း၊ တောတောင်တို့၏ အားသာချက်အားနည်းချက်တို့ကို ထည့်သွင်းပြသခြင်းနှင့် လူသားတို့၏ အကျင့်စ ရိုက်များဖြစ်သည့် ကြောက်ရွံခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ကိုယ်လွတ်ရုန်းခြင်း၊ မနာလိုဖြစ်ခြင်း၊ ချောက်ချခြင်း၊ အချင်းချင်းသစ္စာဖောက်ခြင်း၊ အနိုင် ကျင့်ခြင်း စသည်တို့ကိုလည်း ကြည့်ရှုရပါသည်။ ထို့အပြင် အကောင်းဘက်အကျင့်စရိုက်များဖြစ်သော ကိုယ်ချင်းစာနာခြင်း၊ ဒုက္ခရောက်နေသူကို ကယ်တင်ခြင်းနှင့်မေတ္တာတရားထားခြင်းတို့ကိုလည်း ကြည့်ရှုရပြန်သည်။

ဒါရိုက်တာ ဒီဒဲဒီ ဆိုခဲ့သည့်အတိုင်း ၁၈ ရာစု ရဝမ်တို့၏ စကားစမြည်နည်းခြင်း၊ ချစ်ရေးချစ်ရာဖွဲ့နွဲ့မှုနည်းခြင်းနှင့် အင်အားကြီးသော အုပ်စုများ ၏ ဗိုလ်ကျစိုးမိုးခြင်းတို့ကို ရုပ်ရှင်ဇာတ်ကား၏ ဇာတ်လမ်းအတွင်းရှိ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာပြကွက်များအကြားတွင် ထင်သာမြင်သာ ကြည့်ရှုလိုက်ရပါသည်။

“ဂီလာ”ရုပ်ရှင်ဇာတ်ကားတွင် တတိယအနေဖြင့် သတိထားမိသည်မှာ ကာလဒေသနောက်ခံ၊ ဘာသာ စကားနှင့် သရုပ်ဆောင်များ ဖြစ်ပါသည်။ ရုပ်ရှင်ဇာတ်ကားတစ်ကားလုံးတွင် ရဝမ်လူမျိုးတို့၏ စကားကိုသာအသုံးပြုထားပြီး ဗမာစာတန်းထိုးပေးထားပါသည်။ ဇာတ်ကားတွင်ပါဝင်သ ရုပ်ဆောင်သူများသည် စျေးကွက်ဝင်သရုပ်ဆောင်များမဟုတ်ဘဲ ရဝမ်တိုင်းရင်းသားလူမျိုးများသာဖြစ်ပါသည်။ ရဝမ်တို့၏ နေထိုင်ရာဒေသကို ပြသရာတွင် ရေမြေတောတောင်၊ ရွာအတွင်းရှိ နေအိမ်၊ လယ်တဲနှင့် ရွာအခင်းအကျင်းများကို သေသပ်စွာပြသ သဖြင့် ရဝမ်လူမျိုးတို့နေထိုင်ရာ ဝန်းကျင်ကို ကောင်းစွာသိနားလည်ရပါသည်။

ကင်မရာတစ်လုံးဖြင့် သဘာ၀အလင်းရောင်ကိုသာ အားကိုးအားထားပြုပြီး အလွန်နည်းပါးသော ထုတ်လုပ်ရေးကုန်ကျစရိတ်၊ လူအင်အားတို့ဖြင့် ရိုက်ကူးခဲ့ရသော“ဂီလာ”ရုပ်ရှင်ဇာတ်ကားသည် ရုပ်ရှင်အနုပညာကောင်းလှသော ဇာတ်ကားကောင်းတစ်ကားဖြစ်ပါသည်။ ငွေကြေးအမြောက်အများသုံးစွဲထားသော မြန်မာအက်ရှင်ဇာတ်ကားများထက် များစွာသာလွန်ပါသည်။ ရဝမ်တို့အကြောင်းကို ရဝမ်တို့ ကိုယ်တိုင် အစ၊ အလယ်၊ အဆုံး ရိုက်ကူးတင်ပြနိုင်ခဲ့ပါသည်။ “ကျွန်တော်တို့ အကြောင်း ကျွန်တော်တို့ အသိဆုံးပါ”ဆိုသော ဒါရိုက်တာ ဒီဒဲဒီ၏ စကားအတိုင်း ရဝမ်တို့ အကြောင်းကို အကောင်းဆုံးရိုက်ကူးတင်ပြနိုင်ခဲ့ပါသည်။

ရဝမ်တို့အကြောင်း ဆိုသည့်တိုင်အောင် ရဝမ်တို့၏ ရိုးရာယဉ်ကျေးမှုမျာကို စီကာဆင်ကာ ရိုက်ကူးပြသည်မဟုတ်ဘဲ လူမျိုးစု၏ ဓလေ့ကို အခြေခံ၍ ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးပြီး တီထွင်ဖန်တီးထုတ်လုပ်ရိုက်ကူးသည့် ထိုးဇာတ်(fiction)ဇာတ်ကား၊ အက်ရှင်(Action)ဇာတ် ကားတစ်ကားဖြစ်ပါသည်။

နှစ်တစ်ရာနီးပါးသို့ နီးကပ်လာသည့် မြန်မာ့ရုပ်ရှင်လောကရှိ တိုင်းရင်းသားလူမျိုးစုအခြေပြုဇာတ်ကားများကို လက်လှမ်းမီသ၍ သမိုင်းလှန်လေ့ လာကြည့်ရာတွင် တိုင်းရင်းသားအခြေပြုရုပ်ရှင်ဇာတ်ကားကြီးများ (ဗီဒီယိုနှင့်ဒီဗီဒီများမပါဝင်ပါ)သည် လွယ်လင့်တကူ ရေတွက်နိုင်လောက်သည့် အရေအတွက်တွင်သာ ရှိနေသေးကြောင်း တွေ့ရပါသည်။ စာရေးသူလက်လှမ်းမမီသည့် အခြေအနေတွင် တိုင်းရင်းသားအခြေပြုမြန်မာရုပ်ရှင်ဇာတ်ကားများရှိနိုင်သော်လည်း လက်လှမ်းမီသော အချက်အလက်များကို လေ့လာသော လေ့လာမှုအရ –

၁။ ပန်းတိုင်းပွင့်ပါစေ(၁၉၆၀)၊ ဒါရိုက်တာမြင့်မောင် (ရှမ်းတိုင်းရင်းသားအခြေပြု)

၂။ တမိုးတမြေ(၁၉၆၂)၊ ဒါရိုက်တာမြင့်မောင် (ကယားတိုင်းရင်းသားအခြေပြု)

၃။ ဆောင်း(၁၉၆၆)၊ ဒါရိုက်တာအေဝမ်းမောင်လှမျိုး(ကရင်တိုင်းရင်းသားအခြေပြု)

၄။ မလိခချစ်သူ(၁၉၇၉)၊ ဒါရိုက်တာမြတ်လေး(ကချင်နှင့်ချင်းတိုင်းရင်းသားအခြေပြု)

၅။ ကျေးဂျူးကမ္ဘာ(၁၉၇၅)၊ ဒါရိုက်တာ ထွန်းမြင့်ထွန်း(ကချင်တိုင်းရင်းသားအခြေပြု)

၆။ နေခြည်ဖြာမှ နွေးသောကြောင့်(၁၉၇၈)၊ ဒါရိုက်တာစံရွှေမောင်(ကချင်တိုင်းရင်းသားအခြေပြု)

၇။ လျှို့ဝှက်သော နှင်း၊ ဒါရိုက်တာစင်ရော်မောင်မောင်(ရဝမ်တိုင်းရင်းသားအခြေပြု)

၈။ ယယန်းအလှ(၂၀၁၆)၊ ဒါရိုက်တာအောင်ကိုလတ်(ကယန်းတိုင်းရင်းသားအခြေပြု)

၉။ မနောမြေမှ ကျောက်စိမ်းကမ္ဘာ၊ ဒါရိုက်တာ JZ ဒေါင်းလွဏ်း(ကချင်တိုင်းရင်းသားအခြေပြု)

၁၀။ ဂီလာ၊ ဒါရိုက်တာ ဒီဒဲဒီ(ရဝမ်တိုင်းရင်းသားအခြေပြု)

စသည့် ဇာတ်ကားများကိုသာ ၁၉၆၀ ပြည့်နှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း တွေ့ရပါသည်။

ထိုဇာတ်ကားများကို ထပ်မံလေ့လာရာတွင် ရှမ်း၊ ကယား၊ ကရင်၊ ကချင်၊ ချင်း၊ ရဝမ်နှင့်ကယန်းတိုင်းရင်း သားတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့၊ ဒေသတို့ကို အခြေပြုရိုက်ကူးတင်ပြထားပြီး ဒါရိုက်တာနှင့်သရုပ် ဆောင်များမှာ စျေးကွက်ဝင်ဒါရိုက်တာနှင့်သရုပ်ဆောင်များဖြစ်ကြသည်။ တိုင်းရင်းသားများကိုယ်တိုင်ပါဝင်သရုပ်ဆောင်မှုနည်းပါးပြီး တိုင်းရင်းသားများကိုယ်တိုင် မိမိတို့၏ မျိုးနွယ်စုအကြောင်းကို ရိုက်ကူးတင်ပြမှုနည်းပါး နေသေးကြောင်း တွေ့ရပါသည်။ ဒါရိုက်တာ JZ ဒေါင်းလွဏ်း ရိုက်ကူးသည့် “မနောမြေမှ ကျောက်စိမ်းကမ္ဘာ” နှင့် ဒါရိုက်တာ ဒီဒဲဒီ ရိုက်ကူး သည့် “ဂီလာ” သည်သာ တိုင်းရင်းသားဒါရိုက်တာနှင့်စျေးကွက်ဝင်မဟုတ်သော တိုင်းရင်းသားသရုပ်ဆောင်များကိုယ်တိုင် ပါဝင်ထားကြောင်း တွေ့ရပါသည်။ “ကယန်းအလှ”ဇာတ်ကားမှာမူ သရုပ်ဆောင်များမှာ တိုင်းရင်းသားသရုပ်ဆောင်များဖြစ်ပြီး ဒါရိုက်တာမှာ တိုင်းရင်းသားမဟုတ်သူ ဒါရိုက်တာအောင်ကိုလတ်ဖြစ်ပါသည်။

ကယန်းအလှ၊ မနောမြေမှ ကျောက်စိမ်း ကမ္ဘာနှင့် ဂီလာ တို့မှ လွဲ၍ ကျန်သော ဇာတ်ကားများသည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ် စွာ နေထိုင်ရေးဦးတည်ချက်နှင့် တိုင်းရင်းသားတို့၏ ရိုးရာ ဓလေ့များကိုအခြေခံ၍ ဇာတ်လမ်းတင်ပြရန်သာ ရိုက်ကူးတင်ပြခဲ့ကြသည်ကို တွေ့ရသည်။ “ကယန်းအလှ”သည် လူကုန်ကူးခံရသည့် ကယန်းတိုင်းရင်းသူအကြောင်းကို တင်ပြပြီး မနောမြေမှ ကျောက်စိမ်းကမ္ဘာသည် ကျောက်တူး သမားတို့၏ ဘ၀ကို ထင်ဟပ်ပြသထားပါသည်။ “ဂီလာ”သည် ရဝမ်တိုင်းရင်း သားတို့၏ ဓလေ့နှင့်စရိုက်တို့ကို အခြေခံသော အက်ရှင်ဇာတ်ကား အဖြစ်ရိုက်ကူးထားကြောင်းတွေ့ရပါ သည်။ ပိုမိုထူးခြားသည်မှာ ထိုဇာတ်ကားသုံးကားလုံးသည် စျေးကွက်ဝင်သရုပ်ဆောင်များမသုံးထားခြင်းနှင့် တိုင်းရင်းမိခင်ဘာသာစကားကိုသာ သုံးစွဲရိုက်ကူးထားခြင်းဖြစ်ပါသည်။

တိုင်းရင်းသားတို့၏ ရုပ်ရှင်ဇာတ်ကားများ လက်ရှိတွင် ရင်ဆိုင်နေရသော အခက်အခဲမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရုံတင်ပြသခွင့်မ ရရှိသည့်အခြေအနေဖြစ်ပါသည်။ “မနောမြေမှ ကျောက်စိမ်းကမ္ဘာ” ရုပ်ရှင်ဇာတ်ကားသည် အကယ်ဒမီအထူးဆုရရှိခဲ့သည့်တိုင်အောင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရုံတင်ပြသခွင့်မရသေးပါ။ ရုံတင်သည့်စနစ်နှင့်ရုပ်ရှင်စျေးကွက်အရ ငွေကြေးအကျိုးအမြတ် ပြန်လည်ရရှိနိုင်ချေ အလွန်နည်းပါးသည်ဟု ဆုံးဖြတ်သုံးသပ်သည့်အပေါ်တွင် တိုင်းရင်းသားတို့၏ ရုပ်ရှင်ဇာတ်ကားများမှာ တိမ်မြုပ်နေရပါသည်။ ထို့ကြောင့် တိုင်းရင်းသားတို့၏ ရုပ်ရှင်ဇာတ်ကားများ ဖွံ့ဖြိုးအားကောင်းလာစေရန် စဉ်းစားသင့်ပါပြီ။ အရည်အသွေးပြည့်၀သော တိုင်းရင်းသားဇာတ်ကား များကို မြှင့်တင်ပေးခြင်းသည် မြန်မာ့ရုပ်ရှင်ကို မြှင့်တင်ပေးရာလည်း ရောက်ရှိစေသည်အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအကြောင်းကို နိုင်ငံအတွင်း မှီတင်းနေထိုင်သူအချင်းချင်း သိနားလည်ခြင်းအကြောင်းနှင့် မြန်မာအကြောင်းကို နိုင်ငံတကာမှ ပိုမိုသိရှိနားလည်လာစေခြင်း အကြောင်းတို့ကိုလည်း မြှင့်တင်ရာရောက်ပါလိမ့်မည်။ တိုင်းရင်းသားရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးရေးကို ထည့်သွင်းစဉ်းစားသင့်ပါပြီ။

ဟန်ဆန်း

မှတ်စု

 “ဂီလာ”ဆိုသည်မှာ ရဝမ်ဘာသာစကားဖြင့် လူစွမ်းကောင်းဟု အဓိပ္ပာယ်ရပါသည်။

ကိုးကား

မြန်မာ့ရုပ်ရှင်စိန်ရတုသဘင်၊ ရုပ်ရှင်စာတမ်းငယ်တစ်ဆယ်(၁၉၂၀-၁၉၉၅)

မြန်မာတိုင်းမ်

Myanmar Now

Please follow and like us:
error0