ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)စာအုပ်နှင့် စာပေလက်ရာဖြစ်ရခြင်းအကြောင်း

“ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)”စာအုပ်

“ကျွန်မဆီမှာ မှတ်တမ်းအနေနဲ့ နောက်ထပ်ရှိနေတာကတော့ ဒေါ်ဒေါ်ချောနဲ့ သူ့သူငယ်ချင်း ကော်လင်းဆိုသူတို့က ဒီစာမူအကြောင်း အပြန်အလှန် ဆွေးနွေးထားတဲ့ စာနှစ်စောင်ပါ။ ကော်လင်းက ကျွန်မရဲ့ စာမူဟာ ခရီးစဉ်မှတ်တမ်းဆိုတာထက် စာပေလက်ရာတစ်ခု ဖြစ်နေတယ်လို့ အဲဒီစာထဲမှာ ဆိုထားပါတယ်”ဆိုသော မသီတာ(စမ်းချောင်း)၏ အမှာစာပါ “စာပေလက်ရာတစ်ခုဖြစ်နေတယ်”စကားရပ်ကြောင့် “ရာမည၊ ဧရာ ၀တီ(၁၉၈၈-၈၉)” စာအုပ်ကို စိတ်ဝင်စားမှု ပိုမိုတိုးပွားရပါသည်။

၁၉၉၀ ပြည့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီးများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် သွားခဲ့ပါသည်။ ထိုခရီးများအနက် မွန်နှင့် ဧရာ၀တီခရီးစဉ်များသည် စစ်အာဏာရှင်များ၏ ဖိနှိပ်မှုကို ပြင်းထန်စွာ ကြုံတွေ့ခဲ့ရပါသည်။ ထိုခရီးစဉ်တွင် စာရေးဆရာမ မသီတာ(စမ်းချောင်း) သည် ပြန်ကြားရေးတာဝန်ဖြင့် ခရီးကို လိုက်ပါခဲ့ရသည်။ ခရီးစဉ်ကို မှတ်တမ်းတင်ခဲ့ရပါသည်။ ထိုမှတ်တမ်းကို ခရီးစဉ်အပြီးတွင် ပြုစုရေးသားနိုင်ခဲ့ သော်လည်း နှစ်ပေါင်း ၃၀ ကြမှသာ စာအုပ်အဖြစ် ထုတ်နိုင်ပါသည်။ စာအုပ်ဖြစ်ရန် နှစ်ပေါင်း ၃၀ စောင့်ခဲ့ရသည့် ခရီးလမ်းသည်လည်း လွယ်ကူလှ သည်လည်း မဟုတ်ပါ။

“ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)”စာအုပ်ကို နိုင်ငံရေးစာပေ၊ ကိုယ်တွေ့မှတ်တမ်းစာပေနှင့် သမိုင်းဆိုင်ရာထောင့်စေ့စေမည့် အရေးအသားများ စသ ဖြင့် အကဲဖြတ်ညွှန်းဆို ရေးသားဆန်းစစ်နေသည်ထက် ဒေါ်ခင်ခင်ချော်နှင့်ကောလင်းတို့ပြောသည့် “စာပေလက်ရာတစ်ခုဖြစ်နေတယ်”ဆိုသော အချက်ကို ပိုမိုစိတ်ဝင်စားမိပါသည်။ စာပေလက်ရာတစ်ခုဟု ဆိုရလောက်သော အကြောင်းအရင်းများက မည်သည့်အကြောင်းရင်းများဖြစ်နေမည်နည်းဟု စိတ်ဝင်စားမိပါသည်။

၁။ ရှုထောင့် သို့မဟုတ် ဇာတ်ကြောင်းပြောသူ

“ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)”စာအုပ်အတွက် ပထမဦးဆုံးရှာဖွေလေ့လာမိသည်မှာ စာရေးဆရာမ မသီတာ(စမ်းချောင်း)၏ ရှုထောင့်ဖြစ်ပါ သည်။ စာအုပ်၏ စာပေတန်ဖိုးနှင့်သမိုင်းတန်ဖိုးအတွက် စာရေးသူ၏ ရှုထောင့်သည် အလွန်အရေးပါပါသည်။ စာရေးသူ မြင်ရ၊ တွေ့ရ၊ ကြုံရ၊ ဆုံရ သည့်အကြောင်းများကို စာအုပ်တွင် တင်ပြရမည်ဖြစ်သဖြင့် မည်သည့်ရှုထောင့်က တင်ပြမည်နည်း ဆိုသည်ကို စိတ်ဝင်စားရခြင်းဖြစ်သည်။ စာအုပ် တွင် စာရေးဆရာမ မသီတာ(စမ်းချောင်း)သည် ပထမလူရှုထောင့်ဖြစ်သည့် ကျွန်တော်/ကျွန်မ ရှုထောင့်မှ တင်ပြသည်ကို တွေ့ရပါသည်။ ထိုသို့ တင် ပြပါသောကြောင့် ခရီးစဉ်သို့လိုက်ပါလာသူ စာရေးဆရာမ မသီတာ(စမ်းချောင်း)သည် အိမ်တွင် ကျန်ရစ်ထားခဲ့ရသော အဖွားဖြစ်သူအကြောင်း၊ နိုင်ငံရပ်ခြားခရီးကို သွားရတော့မည့် မောင်ငယ်အကြောင်း၊ မိခင်ဖခင်အကြောင်း၊ ဇာတိနှင့် ငယ်ဘ၀ဖြတ်သန်းမှုဖြစ်သော ဒေသအကြောင်းတို့ကို တင်ပြရေးသားလာနိုင်ပါသည်။

သည်ကမ်းနားလမ်းကို ဘိုးဘိုး၊ ဘွားဘွား၊ ဖေဖေ၊ မေမေ၊ မောင်ငယ်နှစ်ယောက် မပါဘဲ လျှောက်ခဲ့ဖူးပြန်သည်။ သူငယ်ချင်းတစ်ယောက် နှင့် ခရီးပျော်သူငယ်ချင်းနှင့် ပုဒ်မ ၁၄၄ ကြားမှာပင် ခရီးသွားဖြစ်အောင်သွားကာ သည်ကမ်းနားလမ်းကို လျှောက်ဖြစ်အောင် လျှောက်ခဲ့ကြ သည်။ သည်စဉ်ကလည်း နောင်မကြာမီကာလတွင် ပညာသင်ယူခွင့်ရနိုင်တော့မည် ဟူသော မျှော်လင့်ချက်သည် ရင်၌ အမြစ်တွယ်ဆဲ။ ကျောင်းပညာသင်ယူခွင့် မရနိုင်သေးခင်မှာ တတ်သင့် တတ်အပ် တတ်ချင်ရာ ပညာတွေသင်ဖို့ ဆိုသည့် ရည်ရွယ်စီမံချက်တွေကို သည်ကမ်း နားလမ်းမှာ လေညင်းခံလျှောက်ရင်း ပြောဆို စိတ်ကူးယဉ်အိပ်မက် မက်ခဲ့ဖူးသည်။ ငယ်ငယ်ကလို မဟုတ်တော့။ မျှော်လင့်ချက်တွေ တောက်လက်နေသော်လည်း သည်မျှော်လင့်ရာများကို သက်ပြင်းမောများချရင်းမှ ဆွေးနွေးတိုင်ပင်ဖြစ်ရသည့် အခြေအနေ။[1]

ထိုအရေးအသားသည် ပထမလူရှုထောင့်မှ ရေးသားတင်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့် စာရေးသူသည် သူ၏ အတွေးအမြင်နှင့်စိတ်ခံစားချက်များ ကို ထည့်သွင်းဖော်ပြလာနိုင်သည့်အပြင် ကျွန်မဆိုသော အဓိကဇာတ်ကောင်နေရာတစ်နေရာမှလည်း စာရေးဆရာမ မသီတာ(စမ်းချောင်း)သည် ပါဝင်ခွင့်ရလာသည်။ ထို့အပြင် စာဖတ်သူ၏ စာအုပ်အပေါ် သက်ဝင်ယုံကြည်စေမှုနှင့် အကြောင်းအရာအချက်အလက်ခိုင်မာသည်ဆိုသော စိတ်ချယုံ ကြည်မှုများလည်း အားကောင်းလာပါသည်။ မူလရင်းမြစ်ဖြစ်သူ၊ မျက်မြင်သက်သေဖြစ်သူ၊ ကိုယ်တိုင်ကြုံတွေသိရှိသူက ကိုယ်တိုင်ရေးသားတင်ပြ ထားသော တင်ပြချက်ဖြစ်၍ အကိုးအကားအထောက်အထားအတွက်လည်း အလွန်အားကောင်းစေခြင်းကို ရရှိလာပါသည်။

ပထမလူရှုထောင့်ကို အသုံးပြုခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးကို မမိုးမြေ၏ “၀တ္ထုရှည်သဘောတရားနှင့်၀တ္ထုရှည်အတတ်ပညာ” စာအုပ်တွင် “ကျွန်တော် ရှုထောင့်ကို သုံးခြင်းဖြင့် ရင်းနှီးမှုကို ရစေနိုင်သည်။ ဇာတ်ကြောင်းပြောသူ ကျွန်ုပ်(ဝါ)ကျွန်တော်သည် စာဖတ်သူအား တိုက်ရိုက် ပြောနိုင်သည်။ ရင်ထဲမှာ ခံစားချက်ကိုလည်း တင်ပြနိုင်သည်။ ထို့ပြင် ဇာတ်လမ်း၊ ဇာတ်ဆောင်အပေါ် စိတ်ဝင်စားသော စာဖတ်သူတို့အား နှလုံးသား ရေးရာကိစ္စများ၊ ကိုယ်ရေးကိစ္စများအတွက် အတွင်းစိတ်များကို မျှဝေခံစားလာစေနိုင်စွမ်းရှိသည်”[2] ဟု ဖော်ပြထားပါသည်။

၂။ ကာလဒေသ နောက်ခံ

ဒုတိယအနေဖြင့် လေ့လာမိသည်မှာ ကာလဒေသ နောက်ခံဖြစ်ပါသည်။ “၀တ္ထုနောက်ခံဟူရာ၌ အချိန်နှင့်နေရာကို စုပေါင်းခေါ်ဝေါ်ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ၀တ္ထု၏ နောက်ခံသည် ခေတ်နှင့်ပတ်ဝန်းကျင်ဖြစ်သည်။ ပတ်ဝန်းကျင်တွင် ထိုခေတ်က ဩဇာသက်ရောက်သော စနစ်လည်း အကျုံးဝင်ပေသည်”[3] ဟု မလိခ၏ မြန်မာ၀တ္ထုအညွှန်းက ဖွင့်ဆိုထားသည်။

စာအုပ်၏ အမည်နှင့်အကြောင်းအရာတွင် ကာလ(၁၉၈၈-၈၉)နှင့် ဒေသ(မွန်နှင့်ဧရာ၀တီ)ဟု ပါဝင်နေခဲ့သည့်တိုင်အောင် ထိုကာလ၊ ဒေသတွင် ထိုအချိန်၌ ရှိနေသည့် နောက်ခံအခြေအနေကို တင်ပြနိုင်ရန်နှင့် စာဖတ်သူသိရှိရန်လည်း လိုအပ်သည်ဟု သုံးသပ်ရပါသည်။ ထို့ကြောင့် စာရေးဆရာမ မသီတာ(စမ်းချောင်း) အနေဖြင့် ကာလဒေသ နောက်ခံကို မည်သို့ထည့်သွင်းအသုံးပြုသည်ကို လေ့လာကြည့်ပါသည်။

“၀တ္ထုတွင် ကာလ၊ ဒေသနောက်ခံအဖွဲ့ကို ထည့်သွင်းရာတွင် သရုပ်ဖော်အရေးအသားဖြင့် တင်ပြခြင်း၊ ဇာတ်ဆောင်တို့၏ ပြောစကားဖြင့် တင်ပြ ခြင်း၊ ဇာတ်ဆောင်တို့၏ အတွေးဖြင့် တင်ပြခြင်း၊ ဖြစ်စဉ်ပြအရေးအသားဖြင့် တင်ပြခြင်းနည်းများကို တွေ့ရပါသည်”[4]ဟု မမိုးမြေ၏ ၀တ္ထုရှည် သဘောတရားနှင့် ၀တ္ထုရှည်အတတ်ပညာတွင် ဖော်ပြထားပါသည်။ “ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)”စာအုပ်တွင် ကာလဒေသ နောက်ခံ အခြေအနေများကို စာရေးသူသည် အပြောဖြင့် ရေးသားတင်ပြခြင်းနည်းကို အများစုအသုံးပြုထားသည်။

ပထမလူရှုထောင့်မှနေ၍ ကာလဒေသ နောက်ခံကို အပြောဖြင့် တင်ပြရာတွင် –

အုတ်တံတိုင်းပေါ်က ဆင်းကာ လမ်းဆက်လျှောက်တော့ ကျွန်မတို့၏ ထမီ၊ ပုဆိုးများနောက်မှာ ထုံးဖြူရာတွေနှင့်။ ဪ…သူတို့တွေ အကာအကွယ်ယူကာ လက်နှင့် ထုံးဖြူသုတ်ခဲ့သမျှကို ကျွန်မတို့တွေ ထီမထင်စွာနှင့် ခြေဖျက်ခဲ့မိပါကော။ အမှန်တော့ ရယ်မောပြောဆိုနေမိ သည့်ကြားက စိတ်ညစ်သွားရသည် အမှန်။ စေတနာရိုးနှင့် ထုံးဖြူသုတ်၊ မြောင်းရှင်း၊ ပန်းခြံနှင့်အားကစားကွင်းတွေ ဆောက်ဆိုလျှင် ကျွန်မတို့ သည်လို ရယ်မော လှောင်ပြောင်ရက်ကြပါမည်လား။ ခုတော့ ကိုယ့်ပြဿနာ ကိုယ်ရှာ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး…။[5]

ထိုအရေးအသားသည် ကာလဒေသ နောက်ခံကို စာရေးသူ၏ အပြောဖြင့် ရေးသားတင်ပြထားခြင်း ဖြစ်ပါသည်။ ထို့အပြင် ကာလဒေသ နောက်ခံ အခြေအနေကို အတွေးဖြင့်လည်း ရေးသားတင်ပြနိုင်ပါသေးသည်ဖြစ်ရာ ထိုသို့တင်ပြမှုမျိုးကိုလည်း ထပ်မံတွေ့ရှိရပါသည်။

“ကြိုဆိုလက်ခံရေးစခန်း”တဲ့။ တပ်မတော်၏ သဘောထားအမှန်ကို လုပ်သားပြည်သူများ မျှော်မှန်းနိုင်ရန် ရည်ရွယ်ထားရှိသော စခန်းဟု ဖတ်ရ သည်။ “ဖမ်းဆီးရေးစခန်း”အဖြစ်တော့ မှတ်သား နားလည်ထားရသည်။ ကြိုဆို လက်ခံရေး…။ ကြိုဆိုသူတွေဟာ စခန်းထဲမှာ မည်သည့်ပုံစံမျိုးနှင့် ရှိနေမည်လဲ။ ကျွန်မတို့ ခရီးစဉ်တစ်လျှောက် လမ်းများပေါ်မှ အပြုံး၊ ဆုတောင်းသံ၊ လက်ခုပ်သံများနှင့် ကြိုဆိုသူတို့ ၏ ကြိုဆိုရေးလမ်း၊ ကြိုဆိုရေးအိမ်၊ ကြိုဆိုရေးရုံး၊ ကြိုဆိုရေးရပ်ကွက်၊ ကြိုဆိုရေးမြို့၊ ကြိုဆိုရေးတိုင်းနှင့် ပြည်နယ် စသည် စသည်ကို မြင်ဖူး တွေ့ဖူးပြီ ဆိုလျှင်…။[6]

ထိုအရေးအသားသည် ကာလဒေသ နောက်ခံကို စာရေးသူ၏ အတွေးဖြင့် ရေးသားတင်ပြထားခြင်း ဖြစ်ပါသည်။ ကာလဒေသ နောက်ခံကို သရုပ်ဖော် အရေးအသားဖြင့်လည်း တင်ပြနိုင်ပါသည်။ ထိုအရေးအသားမျိုးဖြင့် တင်ပြရာတွင် –

ဘာဆို ဘာမျှ မတတ်နိုင်။ ရဲဘော်လည်း အစ်မ ခြေလှမ်းကို မမီ။ တားလည်း မတားနိုင်။ သေနတ်ကိုင်ကာ တခွပ်ခွပ်နှင့် ပြေးလိုက်သည်။ ဘာမှတော့ ထပ်မပြောတော့။ ကျွန်မတို့တစ်ဖွဲ့လုံး ပုသိမ်၊ မုံရွာ၊ ရေဦးလမ်းပေါ်ကို ရောက်နေပြီ။

ကားတစ်စီး အပြင်းမောင်လာသံ ကြားရသည်။ ကျွန်မတို့ကို လွန်ပြီး လမ်းချိုးကွေ့တစ်ခုမှာ ရုတ်တရက် တုံ့ဆွဲရပ်လိုက်သည်။

“ဟေ့ ဘာလုပ်နေတာလဲ။ ဆင်းကြ…နေရာယူလေ။ ဟိုကောင်တွေ ငေးမနေနဲ့။ နည်းနည်းမှ အသုံးမကျဘူး”

“ခွပ်…ခွပ်…ခွပ်…ကလစ်…ဒေါက်…ဒေါက်…”

ကားမရပ်ခင် လွှားခနဲ ခုန်ဆင်းလာသော ယူနီဖောင်းဝတ်က သေနတ် တကားကားနှင့် လက်ညှိုးထိုး အမိန့်ပေးလိုက်သည်။ နောက်က အပြေးလိုက်လာသော စစ်ဖိနပ်သံကို ကြားရသည်။ လမ်းမတစ်ခုလုံး သေနတ်ချင်းတေ့မတတ် အသင့်အနေအထားနှင့် ပိတ်ရပ်လိုက်ကြ သည်။ မောင်းတင်သံအချို့ ကြားရသည်။ ဘက်နက်နှင့် ကတ္တရာလမ်းမ ထိခိုက်မိသည့်အသံတချို့ ထွက်လာသည်။[7]

ကာလဒေသ နောက်ခံကို စာရေးဆရာမ မသီတာ(စမ်းချောင်း)သည် တင်ပြပုံနည်းစနစ် ၃ ခုလုံးကို အသုံးပြု၍ တင်ပြထားပါသည်။ တင်ပြရသည် အကြောင်းအရာအခြေအနေ၊ အနေအထားအရ လိုက်ဖက်နိုင်မည့် ကာလဒေသ နောက်ခံတင်ပြနည်းကို သင့်တော်သလို သုံးစွဲရေးဖွဲ့ထားသည်ကို တွေ့ရပါသည်။

၃။ ဒေါ်အောင်ဆန်းစုကြည်၏ စရိုက်သဘာ၀

တတိယအနေဖြင့် လေ့လာမိသည်မှာ မွန်နှင့်ဧရာ၀တီခရီးတွင် ပါဝင်ခဲ့သူများ၏ လွန်ခဲ့သော နှစ် ၃၀ မှ စရိုက်သဘာ၀များကို မည်သို့တင်ပြ ရေးသား ထားသည်ကို လေ့လာခြင်းဖြစ်ပါသည်။ စာပေအတတ်ပညာ ချဉ်းကပ်မှုအရဆိုရသော ဇာတ်ကောင်စရိုက်ကို လေ့လာခြင်း တနည်း တင်ပြပုံကို လေ့ လာခြင်း ဖြစ်ပါသည်။ အထူးပြုလေ့လာမိခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ စရိုက်သဘော၀အား တင်ပြပုံ ဖြစ်ပါသည်။ သဲသဲလှုပ်ချစ်ခင်ကြသည့် နိုင်ငံခေါင်းဆောင်တစ်ဦး၏ ပင်ကိုယ်လူ့သဘာ၀ကို မည်သို့တင်ပြမည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပင်ကိုယ်သဘာ၀ကို တင်ပြရာတွင် စိတ်တိုင်းကျပုံဖော်လိုသည့်ပုံစံဖြင့် သူမအကြောင်းကို စာရေးဆရာမ မသီတာ (စမ်းချောင်း)သည် ရေးသား၍ မရနိုင်ပါ။ အကြောင်းမှာ စာရေးဆရာက ပုံဖော်ထားသည့် ဇာတ်ကောင်မဟုတ်ဘဲ တကယ့်လက်တွေ့ဘ၀တွင် ရှိနေ သူဖြစ်ပြီး အများက ချစ်ခင်စွဲ ရှိနေသူလည်း ဖြစ်ပါသည်။ သူမ၏ ပင်ကိုယ်ရှိရင်းစွဲ သဘာ၀များကို လေ့လာမှတ်သားပြီးမှသာ လိမ္မာပါးနပ်စွာ တင်ပြ နိုင်ရမည် ဖြစ်ပါသည်။ စာရေးဆရာမ မသီတာ(စမ်းချောင်း)အနေဖြင့် တီထွင်ဖန်တီးရေးသားခွင့်မရှိသောဇာတ်ကောင်ဖြစ်ပြီး ရှိရင်းစွဲကိုသာ သုံးစွဲ ရမည့်ပေးထားချက်လည်း ဖြစ်ပါသည်။ ထိုလေ့လာချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ ပင်ကိုယ်စရိုက်သဘာ၀များကို ကျွန်တော်/ကျွန်မ ရှုထောင့် မှ စာရေးဆရာမ မသီတာ(စမ်းချောင်း)၏ တင်ပြချက်များကို လေ့လာရာခဲ့ရာ အောက်ပါရေးသားပုံဖော်မှုများကို ကောက်နုတ်တင်ပြပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့် အမှုအရာနှင့်ပတ်သက်၍ –

                “ကျွန်မ ကော်ဖီထဲ ကိတ်စိမ်သောက်တာ သိပ်ကြိုက်တာ။ မေမေကဆို သိပ်ရိုင်းတာပဲလို့ ပြောတယ်လေ။ ကျွန်မကတော့ သောက်တာပဲ”

အစ်မက ပြောပြော သောက်သောက်နှင့်။ ကျွန်မကတော့ အဘိုးကို သတိရနေမိသည်။ ကော်ဖီထဲ ကိတ်စိမ်သောက်ကျင့်သည် အဘိုးရှစ်ဆယ့် ခြောက် နှစ်တိုင်ကျင့်သွားသောအကျင့်။[8]

ဒေါ်အောင်ဆန်းစုကြည်၏ စာပေဉာဏ်နှင့်ပတ်သက်၍ –

ကဗျာနှင့်စကားပြေ၊ စကားပြေနှင့်စကားပြော၊ စကားပြောနှင့်မိန့်ခွန်း ဟောပြောချက်။ တစ်ဖန် ကဗျာနှင့် မိန့်ခွန်း ဟောပြောချက်။ လိုလျှင် လိုသလို ဖြည့်စွက်ပြင်ဆင် ထုတ်ဖော်ရွတ်ဆိုနိုင်သော အစ်မ၏ ကဗျာဉာဏ်၊ စာဉာဏ်၊ စကားဉာဏ်။[9]

ဒေါ်အောင်ဆန်းစုကြည်၏ ဒေါသနှင့်ပတ်သက်၍

နောက်တစ်ခါ စကားအချေအတင် အငြင်းအခုံကြားမှာ လူငယ်တစ်ဦးဆီမှ “အဖွဲ့ဝင်ကဒ်ပြား ရပြီမို့လို့လား၊ အဖွဲ့ဝင် မဟုတ်သေးရင် လာ မဆွေးနွေးနဲ့”ဟူသည့် စကားတစ်ခွန်းကို ကြားလိုက်ရသည်။ မရတော့။ အစ်မ စိတ်ဆိုးခြင်းမက ဆိုးခဲ့ပြီ။

“ဒီစကားမျိုး မပြောပါနဲ့။ ကျွန်မ လုံး၀ မကြိုက်ဘူး။ နည်းနည်းမှ သဘောမကျဘူး။ ပြောပါ။ ဆွေးနွေးပါ။ ကျွန်မ အမြဲပဲ ပြောပါတယ်။ ကျွန်မတို့ အဖွဲ့ချုပ်ဝင်မှ မဟုတ်ပါဘူး။ ပြည်သူလူထုထဲက ဘယ်သူမဆို ကျွန်မကို မေးပါ။ ဆွေးနွေးပါ။ ဆွေးနွေးနိုင်ပါတယ်။ နောက် ဒီလို ကျွန်မတို့ အဖွဲ့ချုပ် နဲ့ ပြည်သူလူထုကြားမှာ စိတ်ဝမ်းကွဲစေမယ့် ခွဲခြားတဲ့ စကားမျိုး ကျွန်မ လုံးလုံး မကြားချင်ဘူး”[10]

ဒေါ်အောင်ဆန်းစုကြည်၏ သွက်လက်မှု၊ မဟုတ်မခံတတ်မှုနှင့်ပတ်သက်၍ –

“ဖြတ်သန်းခွင့်မပြု” ဘာမပြော ညာမပြောနှင့်။ အစ်မ ၎င်းဆိုင်းဘုတ်နား ရောက်သွားပြီ။ “မလိုက်နဲ့၊ သွားပစေ”။ ခြေလှမ်းကျဲကြီးတွေ လှမ်းသွား သည့်အစ်မ၏ စိတ်မြန်၊ ခြေမြန်ရှိပုံကို တွေးပြီး ပြုံးမိသည်။ ပန်းစည်းတွေ ပွေ့လိုက်တာ။ ခေါင်းကို ခပ်စောင်းစောင်းထားပြီး လက်ပြနှုတ်ဆက်ရင်း ပြုံးပြနေပုံက ရယ်မောသဘောကျနေသည်ဟု မထင်ချင်စရာ။ နှုတ်ခမ်းထောင့်ကွေးကို ပိုကွေးအောင် ပြုံးပြီး ဆံပင် တွေ လှုပ်ခတ်သွားအောင် ခေါင်းကို ဆတ်ခနဲ ခါယမ်းပြီး လှည့်ကြည့် နှုတ်ဆက်ဟန်က အစ်မ၏ “ဘာဖြစ်သေးလဲ”၊ “တွေ့လား”ဟန်ပန် တို့သည် အတွင်းစိတ်ကို မတားနိုင်။[11]

ဒေါ်အောင်ဆန်းစုကြည်၏ စာနာစိတ်နှင့်ပတ်သက်၍

ရိပ်ခနဲ ပြေးနေသည့် ကားပေါ်က အစ်မ လက်ပြသည်ကို ကားလမ်းဘေးက လူထုအားလုံးက မမြင်။ တအံ့တဩ ငေးမောနေတာရော၊ အစ်မ ဘယ်သူမှန်း မမြင်ဖူးတာရော၊ ကားအရှိန်က မြန်တာရော၊ သည်ကားမှာ အစ်မ ပါမှန်း မသိတာရော၊ အားလုံး အားလုံးကြောင့် အစ်မ လက်ပြသည်ကိုပင် သတိမထားလိုက်မိကြ။ သည်တော့ ကိုမျိုးသိန်းထိုင်ခုံနောက်မှီကို လှမ်းပုတ်ကာ အစ်မ တောက်ခေါက်မိပြီ။ စိတ်မချမ်း မသာ ဖြစ်ရပြီ။ အားမလို အားမရ ဖြစ်ရပြီ။ တစ်နေကုန် တစ်နေခန်း နေပူပူထဲမှာ ထမင်းမှစားဖြစ်ရဲ့လား၊ ရေမှသောက်မိရဲ့လား မဆိုနိုင်ဘဲ အစ်မမျက်နှာလေး၊ အပြုံးလေး တစ်ချက် မြင်ရဖို့သက်သက် စောင့်နေသည့် ရွာသူ ရွာသားတွေမှာ အစ်မ ကျော်ဖြတ်သွားသည့်တိုင် သတိမ ထားမိ၍ မမြင်လိုက်၊ မတွေ့လိုက်ရဘူး ဆိုလျှင်…။ ရင်ထဲက ကျဉ်ခနဲ နာလာသည်။ သည်အတွေးမျိုးကြောင့် အစ်မ သူ့ကိုယ်သူ ဒေါသဖြစ် ရသည် ထင်သည်။[12]

၄။ ပြည်သူလူထု၏ စိတ်ဆန္ဒ

စတုတ္ထအနေဖြင့် လေ့လာမိသည်မှာ မွန်နှင့်ဧရာ၀တီခရီးစဉ်တလျှောက် ကြုံတွေ့ခဲ့ရသော ဒေသခံပြည်သူလူထု၏ စိတ်ဆန္ဒကို တင်ပြမှုဖြစ်ပါသည်။ ခရီးစဉ်သည် ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးစဉ်ဖြစ်သည်။ လူထု၏ပါဝင်မှု အခန်းကဏ္ဍသည် အရေးကြီးသည်။ ထိုသို့အရေးကြီးသည်နှင့် အညီ သူတို့ပါဝင်နေသည့် အခန်းကဏ္ဍကို ကောင်းမွန်မှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်မှသာ “ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)”စာအုပ်သည် ပုံပေါ် ရုပ်လုံးကြွ တက်လာမည်ဖြစ်သည်။ ထို့ကြောင့် ယင်းကိုအထောက်အပံ့ဖြစ်စေမည့် ရေးသားတင်ပြချက်များကို ရှာဖွေရာမှ တွေ့ရှိသည့်အကြောင်း အရာများအနက် အောက်ပါအရေးအသားတင်ပြပုံများကို တင်ပြလိုက်ပါသည်။

ထိုခေတ်ကာလတွင် ကြုံတွေ့နေရသော ပြည်သူတို့၏ အခက်အခဲများနှင့်ပတ်သက်၍ –

ကျောက်တိုင်အလွန်မှာတော့ ဖျောက်ဖို့ကြံစည်သူ မဟုတ်သော်လည်း လှည့်ပြဖို့ ကြံစည်သူနှင့်ကြုံရသည်။ ထောင့်မှန်စတုဂံ မကျတကျ သုံးထပ်ပြားပေါ်မှာ မြေဖြူနှင့် “ကြိုဆိုပါ၏” စာလုံး။ ယင်းသုံးထပ်ပြားကို မြှောက်ပင့်ကိုင်ထားသူ တစ်ဖက်လှည့်လိုက်သောအခါ “ကြိုဆိုပါ၏” ကျောခြမ်းမှ “ရေခဲစျေးတက်သည်။ အဝက် ၆ ကျပ် ၂၅ ပြား”ဟူသည့် စာတန်းပေါ်လာသည်။ အားလုံးက သဘောကျ ရယ် နေမိကြသည်။ ဖြတ်ထိုးဉာဏ်။ ထို့တူ ဟဒယဉာဏ်၊ သည် ဉာဏ်မျိုး၊ သည်ဉာဉ်မျိုးသည် သည်နှယ်အစွမ်းအစ ရှိသော မြန်မာလူမျိုးတွင် သာ အတွေ့ရတတ်ဆုံး ဖြစ်မည်ထင်သည်။[13]

ကျေးလက်နေတောင်သူတို့၏ စိတ်ဆန္ဒ၊ အပြုအမှုနှင့်ပတ်သက်၍ –

ကမာကေးမှ အပြန် ကွမ်လှာ၊ မုရစ်ကလေးကို ဖြတ်သွားချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို တားသည် မဟုတ်သော်လည်း တားသူ နှင့်ကြုံရတော့သည်။ လမ်းဘေးမှာ လှည်းကို ဘီးနှစ်ဘီး၊ ခွာလေးစုံ အားလုံးရပ်ကာ လမ်းမပေါ်တက် လက်ပြပြီး “လယ်သမားတစ်ချက် ကြည့်ချင်တယ်ဟေ့”ဟု အော်လိုက်သော တောင်သူဦးကြီး တစ်ယောက်။ ကားရပ်သွားသည် မဟုတ်သော်လည်း မြင်ချင်ကြည့်ချင်သူကို မြင်လိုက်ရသည် ထင်ရဲ့။ “အိုကေပဲ” ဆိုသည့်အသံ ထွက်လာသည်။ ရယ်ရခက်၊ ငိုရခက်။ သူကတော့ တစ်ချက် ကြည့်ချင်တာ ကြည့်ရ၍ အိုခေသွားချေပြီ။ တကယ်တော့ လယ်သမားတွေ အတွက် တစ်ချက်ဟာ တစ်သက်မျှ ကြည့်မ၀အောင် အစ်မနေပြချင်လိမ့်မည်။[14]

၅။ အားပြိုင်မှု

“ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)”စာအုပ်တွင် အပြိုင်အားဖြင့် အားပြိုင်ရသည့် အခြေအနေပေါင်းများစွာကိုလည်း ထည့်သွင်းဖော်ပြထားသည်ကို လည်း လေ့လာတွေ့ရှိရပါသည်။ များစွာလှသော အားပြိုင်မှုများအနက် အောက်ပါအရေးအသားတင်ပြပုံကို တင်ပြလိုက်ပါသည်။

အာဏာရှင်၏ အမိန့်ကို တသွေမသိမ်းလိုက်နာရသူဖြင့် အားပြိုင်မှုအခြေအနေနှင့်ပတ်သက်၍

“ပထမအဆင့် ကျည်ထိုး”

လက်နက်မဲ့သူတွေ ရင်ကော့ လမ်းလျှောက် လာကြသည်ကို လက်နက်နှင့်လူတွေက ခုလို ယဉ်ကျေးပျူငှာ ကြိုဆိုသည် ဆိုတာဖြင့်…။ အကျဉ်းတန် ကျုံမငေးတပ်ကြပ်ပါပေ။

“ဟေ့ မင်းတို့ အရာရှိ ဘယ်မလဲ”

ဦးဝင်းထိန် မနေနိုင်တော့။ ပြောစရာရှိ ပြောရတော့မည်။

“ကျွန်တော်ပဲ”

တပ်ကြပ်ကလည်း ခေသူမဟုတ် စာရင်းဝင်။

“မလိုချင်ဘူး။ သွားခေါ်ပေးချေ”

သည်စဉ်မှာပင် ဗိုလ်ကြီးတစ်ယောက် ရောက်လာသည်။ ဥပဒေအရ ငါးဦးထက် ပိုမသွားရ အမိန့်ကြောင့်ဟု အကြောင်းပြသည်။ ကျွန်မတို့ ဘက်ကလည်း ဘုရားမျှပင် မဖူးရတော့ဘူးလား။ ငါးယောက်တစ်တွဲ သွားမည်ဆိုလျှင် လက်ခံရမည် စသဖြင့် အချေအတင် တောင်းဆိုဖြစ် ကြသည်။ သည်မှာမှ “လမ်းပိတ်ထားသည်”ဆိုင်းဘုတ်လည်း ဘေးရောက်သွားတော့သည်။[15]

။ သီချင်းနှင့်ကဗျာများ

“ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)”စာအုပ်တွင် တေးရေးဆရာ နိုင်မြန်မာ၏ “ကမ္ဘာမကျေဘူး” သီချင်းအပါအဝင် ထိုကာလများမှ တော်လှန်ရေး သီချင်းများနှင့် ကဗျာဆရာကြီးတင်မိုး၏ ကဗျာများကိုလည်း ဖြစ်ပျက်နေသည့် အခြေအနေအခင်းအကျင်းနှင့်လိုက်ဖက်ညီစွာ ထည့်သွင်းသုံးစွဲသည်။ ထိုအချိန် ထိုကာလကလည်း တေးရေးဆရာ နိုင်မြန်မာနှင့် ကဗျာဆရာကြီး တင်မိုးတို့၏ သီချင်းနှင့်ကဗျာများဖြင့် အားယူဖြတ်သန်းခဲ့သည်ဖြစ်သလို ခရီးစဉ်တွင်လည်း ထိုသီချင်းသံများသည် တိုက်ပွဲဝင်သီချင်းများ ဖြစ်ခဲ့ရသည်။ သီချင်းနှင့်ကဗျာတို့၏ မူလမူပိုင်ရှင်နှင့် သက်ဆိုင်သူများကို တရားဝင် ခွင့်တောင်းအသိအမှတ်ပြုပြီး စာအုပ်တွင် ထည့်သွင်းအသုံးပြုခဲ့သည်။ ထိုအချက်သည်ကလည်း စာပေလက်ရာတစ်ခုဖြစ်မှုဆီသို့ တွန်းပို့ထောက်ပံ့စေ ခဲ့ကြောင်းလေ့လာမိသည်။

၇။ ငြိမ်ပိ၊ ဗိုလ်ကျည်ထိုးနှင့် နှစ်နွားတင်းကုတ်ရှစ်ဆယ့်ရှစ်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်တည်ဆောက်ရေးအဖွဲ့ကို ထိုခေတ် ထိုကာလက အများပြည်သူများသည် “ငြိမ်ပိ”ဟု ခပ်ရွဲ့ရွဲ့ခေါ်ဆိုခဲ့ကြသည်။ စာရေး ဆရာမ မသီတာ(စမ်းချောင်း)သည် ထိုအသုံးအနှုန်းကို ထိုအတိုင်း “ငြိမ်ပိ”ဟုသာ စာအုပ်တွင် စွဲစွဲမြဲမြဲသုံးစွဲသွားခြင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး နှင့်တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက် ၂/၈၈ ကို လှောင်ပြောင်သရော်သည့်အနေဖြင့် နှစ်မျဉ်းစောင်းရှစ်ဆယ့်ရှစ် အစား နှစ်နွားတင်ကုတ်ရှစ် ဆယ့်ရှစ်ဟု သရော်လှောင်ပြောင်သုံးစွဲသွားခြင်းနှင့် သေနတ်တွင် ပထမအဆင့်အနေဖြင့် ကျည်ထိုးတားမြစ်သည့် တပ်ကြပ်ကြီးကို နောက်ပိုင်းတွင် ပြန်လည်၍ အကြိမ်ကြိမ်တွေ့ရှိကြောင်း ဖော်ပြရေးသားရာတွင် “ဗိုလ်ကျည်ထိုး” ဟု သုံးစွဲရေးသားခြင်းတို့သည် အဖြစ်အပျက်ကို သယ်ဆောင်ခြင်း၊ ချိတ်ဆက်ခြင်းတို့ကို ဖြစ်စေသည့်အပြင် စာဖတ်သူ၏ မွန်းကြပ်ခြင်း၊ ဒေါသဖြစ်ခြင်းနှင့် ခေတ်စနစ်ကို လှောင်ပြောင်လိုက်ရလေခြင်းဟု ကျေနပ်မှု ရစေပြီး ပြုံးမိ ရယ်မိစေသည့် အသောရသကိုလည်း ရရှိစေကြောင်း လေ့လာမိပါသည်။

၈။ ဇာတ်သိမ်း သို့မဟုတ် ခရီးစဉ်အဆုံးသတ်ချိန်

ဧရာ၀တီတိုင်း စည်းရုံးရေးခရီးစဉ်၏ မြေပြင်အခြေအနေတွင် ဖြစ်နေသောသတင်းများကို စည်းရုံးရေးခရီးစဉ်တွင် ပါရှိသွားသော ပြန်ကြားရေးအဖွဲ့ သည် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ စဉ်ဆက်မပြတ်ပို့ဆောင်ခဲ့ကြသည်။ ထိုသတင်းများကို ရန်ကုန်မှအဖွဲ့ဝင်များသည် ခရီးစဉ် မှတ်တမ်းလွှာအဖြစ် ထုတ်ဝေပါသည်။ စည်းရုံးရေးခရီးစဉ်သတင်းများကို မှတ်တမ်းလွှာမှသာ အများပြည်သူက စောင့်ယူသိရှိကြရပါသည်။ ထိုကာလအတွက် မှတ်တမ်းလွှာသတင်းသည် အလွန်အရေးကြီးပါသည်။ “ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)”စာအုပ်၏ အဆုံးပိုင်း တနည်း ဇာတ် သိမ်းပိုင်းတွင် အခက်အခဲများစွာမှ ပြန်လည်ရောက်ရှိလာကြသည့် ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာမ မသီတာ(စမ်းချောင်း)လက်အတွင်းသို့ “ဧရာ၀တီတိုင်း စည်းရုံးရေးခရီးစဉ်မှတ်တမ်းလွှာ အထူးထုတ်စာစောင်”ရောက်ရှိလာသည်ဖြင့် တင်ပြရေးသားထားပြီး သူမ၏ အတွေးများဖြင့် အဆုံးသတ်ထားပါသည်။ ထိုရေးသားတင်ပြချက်သည်လည်း စာပေလက်ရာတစ်ခုဖြစ်စေမှုကို တွန်းပို့ထောက်ပံ့စေကြောင်း လေ့လာမိပါသည်။

အနှစ်ချုပ်

“စာပေလက်ရာတစ်ခုဖြစ်နေတယ်”ဟု ဆိုရလောက်သော အကြောင်းအရင်းများက မည်သည့်အကြောင်း ရင်းများ ဖြစ်နေမည်နည်းဟု လေ့လာကြည့် ရာတွင် ဖော်ပြခဲ့ပြီးသော အချက်(၈)ချက်ကို လေ့လာတွေ့ရှိပါသည်။ တနည်းအားဖြင့်ဆိုရသော် “စာပေလက်ရာတစ်ခုဖြစ်နေတယ်”ဆိုနိုင်လောက် သောစာရေးသူ၏ စာပေအတတ်ပညာအသုံးပြုမှုလည်း ဖြစ်ပါသည်။

၁၉၈၈-၈၉ ခုနှစ်ကာလများက မွန်နှင့်ဧရာ၀တီတွင် တကယ်ဖြစ်ခဲ့ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်မှန်ကိုယ်တွေ့အခြေအနေများကို ရေးသား တင်ပြရသည်ဖြစ်သဖြင့် စာရေးဆရာမ မသီတာ(စမ်းချောင်း) သည် ဇာတ်လမ်း၊ ဇာတ်ကြောင်း၊ အဖြစ်အပျက်၊ ဇာတ်ကောင်စရိုက်၊ ပြောစကား၊ ကာလဒေသနောက်ခံအခင်းအကျင်း၊ သမိုင်းဆိုင်ရာအဖြစ်အပျက်အထောက်အထားများကို စာရေးသူစိတ်ကြိုက်အားဖြင့် နည်းနည်းလေးမှ တီထွင်ဖန်တီးခွင့် မရှိပါ။

“စာပေလက်ရာတစ်ခုဖြစ်နေတယ်”ဆိုသော မှတ်ချက်တစ်ခုအတွက် စာရေးဆရာမ မသီတာ(စမ်းချောင်း) သည် သူမကိုယ်တိုင်ဖြတ်သန်းခဲ့ရသည့် ခရီးစဉ်တစ်လျှောက်ရှိ အရောင်အဆင်း၊ အခင်းအကျင်း၊ အပြင်အဆင်၊ အတွေ့အကြုံ၊ အဖြစ်အပျက်၊ အနေအထား၊ ပြောစကား၊ ကြားစကား၊ အမြင် အတွေ့ စသည်စသော အာရုံငါးပါးမှ သိနိုင်သမျှအားလုံးကို ကောက်ယူမှတ်သားနိုင်ရမည်ဖြစ်သည်။ သမိုင်းဆိုင်ရာနှင့်ကိုယ်တွေ့ဖြတ်သန်းခဲ့ရသည် များကိုလည်း ပြန်လည်တူးဆွနိုင်ရမည်ဖြစ်သည်။ ထိုသို့သော အချက်အလက်များကို ရရှိသည့်တိုင်အောင် ပြန်လည်ရေးသားတင်ပြရာတွင်လည်း သင့် တော်ရာ သင့်တော်ကြောင်းများကို သင့်တော်ရာနေရာတွင် မူလရုပ်ရင်းအခြေအနေ မယွင်းပါဘဲ မူလဘူတရှိသည့် ဖြစ်ရပ်မှန်အခြေအနေအတိုင်း အထောက်အထားခိုင်လုံစွာ ရေးသားတင်ပြနိုင်ရမည်ဖြစ်သည်။

အဖြစ်အပျက်အကြောင်းအရာများသည် မှတ်တမ်းတင်ရန် မည်မျှပင် အားကောင်းခိုင်မာစေကာမူ ထိုကာလ ထိုအခြေအနေတွင် မှတ်တမ်းတင်နိုင်သူရှိ မှသာ ကိုယ်တွေ့မှတ်တမ်းအဖြစ် သမိုင်းထောင့်စေ့စေရန် ကျန်ရစ်မည်ဖြစ်သည်။ မှတ်တမ်းတင်နိုင်၍ ကိုယ်တွေ့မှတ်တမ်းအဖြစ် ကျန်ရစ်သည့်တိုင်အောင် စာပေအတတ်ပညာကို သုံးတတ်မှသာ “စာပေလက်ရာတစ်ခု”ဖြစ်နိုင်မည်ဖြစ်သည်။ စာပေအတတ်ပညာကို အသုံးမချပါက သတင်းပေးပို့ ချက်၊ နေ့စဉ်မှတ်တမ်းရေးသားချက်တစ်ခုသာ ဖြစ်နေမည်ဖြစ်သည်။

ဟန်ဆန်း


[1] စာ(၅၅)၊ ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)၊ မသီတာ(စမ်းချောင်း)။

[2] စာ(၃၁၅)၊ ပထမရှုထောင့်(သို့)ကျွန်တော်ရှုထောင့်၏ အကျိုးအပြစ်များ၊ ၀တ္ထုရှည်သဘောတရားနှင့်၀တ္ထုရှည်အတတ်ပညာ။

[3] မြန်မာ၀တ္ထုအညွှန်း၊ မလိခ။

[4] အခန်း(၅)၊ ကာလ၊ ဒေသနောက်ခံ၊ ၀တ္ထုရှည်သဘောတရားနှင့်၀တ္ထုရှည်အတတ်ပညာ၊ မမိုးမြေ။

[5] စာ(၇၁-၇၂)၊ ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)၊ မသီတာ(စမ်းချောင်း)

[6] စာ(၇၂)၊ ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)၊ မသီတာ(စမ်းချောင်း)

[7] စာ(၁၉၀)၊ ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)၊ မသီတာ(စမ်းချောင်း)

[8] စာ(၅၆)၊ ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)၊ မသီတာ(စမ်းချောင်း)

[9] စာ(၇၀)၊ ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)၊ မသီတာ(စမ်းချောင်း)

[10] စာ(၈၆)၊ ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)၊ မသီတာ(စမ်းချောင်း)

[11] စာ(၁၃၅)၊ ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)၊ မသီတာ(စမ်းချောင်း)

[12] စာ(၂၃၆)၊ ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)၊ မသီတာ(စမ်းချောင်း)

[13] စာ(၇၇)၊ ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)၊ မသီတာ(စမ်းချောင်း)

[14] စာ(၉၁)၊ ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)၊ မသီတာ(စမ်းချောင်း)

[15] စာ(၁၂၂-၁၂၃)၊ ရာမည၊ ဧရာ၀တီ(၁၉၈၈-၈၉)၊ မသီတာ(စမ်းချောင်း)

Please follow and like us:
error0