သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ

ကဗျာဆရာမ ပန်ဒိုရာ၏ သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ ကဗျာစာအုပ်

တစ်နေ့သ၌ ကဗျာဖတ်သူသည် ကဗျာဆရာမ ပန်ဒိုရာ၏ “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ” ကဗျာစာအုပ်ကို ဖတ်ရှုပြီးသကာလ အောက် ဖော်ပြလတ္တံပါသော အကြောင်းအရာများကို ချရေးမိလေတော့သည်။ ထိုအကြောင်းများသည် “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ” တို့ဖြင့် တိုက်ရိုက်ဆက်နွယ်အချိုးကျပါလေတော့သည်။

အပိုင်း(၁) သုံးဆယ့်တစ်ပုံအစုအဝေး

စာဖတ်သူအားထုတ်ရခြင်း

            “သုံးဆယ်တစ်ပုံအစုအဝေး”ကို ဖတ်သည့်အခါတွင် ကဗျာဖတ်သူသည် စာရေးသူက အားထုတ်ထားသည့်အတိုင်း အားစိုက်အားထုတ်ရပါ သည်။ စာဖတ်သူကို အလုပ်ပေးထားသော၊ စာဖတ်သူပါဝင်ခွင့် ရရှိနေသောကဗျာအဖြစ် မြင်မိပါသည်။ အစ၊ အလယ်၊ အဆုံးကွင်းဆက်များကို မိအောင် အားထုတ်ရတော့မည်ဆိုသည့်အသိကို ကဗျာဖတ်သူသည် ကဗျာဖတ်ရင်း သိလာရပါသည်။ ကဗျာဆရာ၏ ကဗျာက ကဗျာဖတ်သူကို မောင်းနှင်နေပြီဆို သည့်အသိကို ရရှိခံစားရပါသည်။ ကဗျာဆရာ၊ ဘာလုပ်မလဲဆိုသော လိုလား ချက်နှင့်အတူ ကဗျာ၏ရသကို အတူတကွ လိုက်လံရှာဖွေရခြင်းသည် အလွန်ကျေနပ်ဖွယ်ကောင်းသော အရသာတစ်ခုအဖြစ် ရရှိပါသည်။ ကဗျာဖတ်သူသည် ကဗျာရေးသူ အားထုတ်ထားသည့်နီးပါး လိုက်လံအားထုတ်ရသည်မှာ ကျေနပ်ဖွယ်ရာဖြစ်ပါသည်။

ဆွဲဆောင်မှု အမှတ်တစ်

            ကဗျာစာသားများကို ကဗျာရေးသူ၏ အာဘော်မထိခိုက်နိုင်သော သတ်ပုံပြင်ဆင်ခြင်းမှလွဲ၍ အခြားသတ်ပုံများနှင့် အထားအသိုများအတွက် ကဗျာဆရာ၏ပိုင်ခွင့်အဖြစ်သတ်မှတ်လျက် ပြုပြင်ထားခြင်းမရှိပါဆိုသော စာအုပ်ပါ အသိပေးခြင်းသည် ယဉ်ကျေးခြင်းတစ်ခုဖြစ်သည့်အပြင် အယ်ဒီတာနှင့်ကဗျာ ဆရာတို့က စာဖတ်သူ၏ အသိစိတ်များကို နှိုးဆွပေးလိုက်သည့် တနည်း ဆွဲဆောင်ပေးလိုက်သည့် ဆွဲဆောင်မှု အမှတ်တစ်အဖြစ် နိုးကြွခံစားရပါသည်။

ဆွဲဆောင်မှု အမှတ်နှစ်

            အမှာစာ၊ ပင်မခေါင်းစဉ်၊ ခေါင်းစဉ်ငယ်များ။

“ကဗျာ၊ ဓမ္မ၊ ပန်ဒိုရာနဲ့သုံးဆယ့်တစ်ပုံအစုအဝေး” တို့ဖြင့် တည်ဆောက်ဖွဲ့စည်းတင်ပြထားသော ကဗျာဆရာခင်အောင်အေး၏ အမှာစာပါ –

  • သုံးဆယ့်တစ်ပုံအစုအဝေး ကဗျာရှည်ဟာ ပုံသဏ္ဍာန်ပိုင်းမှာ အထူးအားထုတ်ထားတဲ့ကဗျာ ဖြစ်ပါတယ်။
  • ဗုဒ္ဓအလိုအရ သက်ရှိလောကမှာ မတူညီတဲ့ ဘုံပေါင်း ၃၁ ဘုံ ရှိပါတယ်။ ဘုံနဲ့ပုံကို သူက အသံကစားလိုက်ပါတယ်။
  • ကဗျာဖွဲ့တဲ့အခါကျတော့ ကွန်တင်ပိုရီကဗျာတွေမှာ တွေ့ရတတ်တဲ့ ဘာသာစကားကို ကိုင်တွယ်ပြီး လုပ်ချက်ကလေးတွေ လုပ်ပြသွားတာမျိုးလည်း တွေ့ရတယ်။

ဆိုသော အချက်သုံးချက်သည် သုံးဆယ့်တစ်ပုံအစုအဝေးကို ခွန်စိုက်အားစိုက် ဖတ်မိစေရန် ဆွဲဆောင် သော ဆွဲဆောင်မှု အမှတ်နှစ် ဖြစ်ခဲ့ပါသည်။ ဆွဲဆောင်မှု တစ်သည် စွဲဆောင်မှု နှစ်ဖြင့် ချိတ်ဆက်မိပြီး အားကောင်းလာခဲ့ပါသည်။

            ထို့အတူ ကဗျာဆရာခင်အောင်အေး၏အမှာစာသည်လည်း ကဗျာနှင့်ကဗျာများအတွက် အရေးပါသော အမှာစာ တစ်ခုဖြစ်လာနိုင်မည်ဟု မြင် မိပါသည်။ ထိုအဆိုပြုချက်ကို လက်ခံရ ခက်ခဲကောင်း ခက်ခဲနိုင်သကဲ့သို့ ထိုအဆိုမှန်ကန်ကြောင်း သက်သေပြရန် အချိန်ကာလတစ်ခု လိုအပ်ကောင်း လို အပ်နိုင်ပါသည်။ ထို့ကြောင့် ယခုတွင် အငြင်းမပွားစေလိုဘဲ အဆိုပြုချက်အဖြစ် လက်ခံနိုင်ပါက လက်ခံစေလိုသည်။ စာဖတ်သူ၊ သင်၏ ပိုင်ခွင့်ဖြစ်သော  ငြင်းပယ်ခြင်းနှင့်သဘောမတူခြင်းကိုလည်း လေးစားလိုက်နာပါသည်။

ဆွဲဆောင်မှု အမှတ်သုံး

            “ဘာသာစကားကို ကိုင်တွယ်ပြီး လုပ်ချက်ကလေးတွေ လုပ်ပြသွားမျိုး”ဟု ကဗျာဆရာ ခင်အောင်အေးက ဆိုသည်ကို ပန်ဒိုရာ၏ “သုံးဆယ့် တစ်ပုံအစုအဝေး”ကဗျာမှာ တွေ့လိုက်ရသည်။ ကဗျာကို အသံထွက်ရွတ်ကြည့်ရာ ကဗျာတွင် သုံးထားသည့်ဘာသာစကား၏ အသံသဘောနှင့်အသံ ကြောင့်ရသော အရသာကို တွေ့ရသည်။ ကဗျာ၏ အလှတရားကို ဖတ်ပြီးသူများ ထပ်မံမျှဝေနိုင်ရန်နှင့် မဖတ်ရသေးသူများ အရသာမပျက် သဘောတွေ့ စေရန် အမှာစာတွင် ကဗျာဆရာခင်အောင်အေး ထုတ်နှုတ်ပြသထားသည့်အတိုင်း ဆက်လက်တင်ပြမည်ဖြစ်ပြီး ကဗျာဆရာခင်အောင်အေး၏ အမှာစာပါအဆိုကို ထောက်ခံခြင်းတစ်မျိုးအဖြစ်လည်း မှတ်ယူနိုင်ပါသည်။

            ကဗျာဆရာ ခင်အောင်အေး ကောက်နုတ်ပြသည့် ဥပမာကဲ့သို့ စိတ္တဇနှင့်စိတ်တစ ကို စကားလုံးလှယ်ကစားခြင်း၏ ဘာသာစကား အလှကို အရသာတွေ့မိသလို၊ အသံထွက်ရွတ်ဆိုခြင်းကြောင့် ရလာမည့်အနက်အဓိပ္ပာယ်အရသာကို ရပါသည်။ စိတ်တစ၊ စိတ္တဇ၊ သိမြင်နားလည် ခြင်းအရ ကဗျာဖတ်သူ၏ အတွေးလှိုင်းများကို လှုပ်ခတ်နှိုးဆွလွန်းပါသည်။ ထို့အတူ “သုံးဆယ့်တစ်ပုံအစုအဝေး”ကဗျာပါ စာသားအဖွဲ့အစပ်များ သည်လည်း နှစ်သက်ခြင်းအရသာကို လေးလေးနက်နက်ဖြစ်ထွန်းစေပါသည်။ သို့သည်လိုဖြင့် ဘာသာစကားနှင့်စာသားအဖွဲ့အစပ်များသည် ဆွဲဆောင်မှု အမှတ်သုံး ဖြစ်ရပါသည်။

ဆွဲဆောင်မှု အမှတ်လေး

            ပန်ဒိုရာသည် စနစ်ကျသည့် ဖွဲ့စည်းမှုဖြင့် ကဗျာကို ရေးဖွဲ့ပြုလုပ်ထားသည်ဟု ကဗျာဆရာခင်အောင်အေးက ဆိုထားပြန်သည်။

            “သုံးဆယ့်တစ်ပုံ အစုအဝေး”တွင် ပထမဆုံးအမြင့်ဆုံးတစ်ပုံကို ကဗျာစာကြောင်းရေ ငါးကြောင်းဖြင့် စတင်ရေးဖွဲ့သည်။ ပထမတစ်ပုံပါ စာကြောင်းရေခြောက်ကြောင်းမှတဆင့် ဒုတိယအဆင့် အပုံငါးပုံ ထပ်မံခွဲဖြာထွက်လာသည်။ အဆိုပါ ဒုတိယအဆင့်အပုံ ငါးပုံရှိ တစ်ပုံချင်းစီတွင် စာကြောင်းရေ ငါးကြောင်းပါဝင်ပြီး၊ တတိယအဆင့်တွင် နှစ်ဆယ့်ငါးပုံပါဝင်လာသည်။ သို့သည်လိုဖြင့် ပထမအဆင့်တစ်ပုံ၊ ဒုတိယအဆင့်ငါးပုံနှင့် တတိယအဆင့် နှစ်ဆယ့်ငါးပုံ ပါဝင်မှုဖြင့် ဖွဲ့စည်းပါသည်။ ပထမဆုံးစာကြောင်းသည် ခေါင်းစဉ်သဖွယ်ရှိပြီး ထိုအောက်တွင် စာကြောင်းရေ ငါးကြောင်းဖြင့် ကဗျာကို ဖွဲ့ပါသည်။ ပထမဆုံးတစ်ပုံပါ စာကြောင်းရေ ငါးကြောင်းကို ဒုတိယအဆင့် ငါးပုံ၏ ခေါင်းစဉ်အစအဖြစ်ယူ၍ စာကြောင်းရေ ငါး ကြောင်းဖြင့် တတိယအဆင့် နှစ်ဆယ့်ငါးပုံကို ဆက်လက်ရေးဖွဲ့ထားသည်။ ထိုသို့ ကဗျာရေးဖွဲ့မှု တနည်း စနစ်ကို အရိပ်အမြွက် သိမြင်အောင် ကဗျာဆရာသည် ဖြာထွက်မှုအဆင့်ပြ လမ်းပြမြေပုံကို ထည့်သွင်းပေးထားသည်။ ထိုပုံကို ကနဦးတွင် သိမှုမရှိသည့်တိုင်အောင် ကဗျာဖတ်ရင်း ဒုတိယပုံများရောက်ချိန်တွင် ကဗျာဖတ်သူသည် သိနားလည်လာပြီး ကဗျာဖတ်ခြင်းအလုပ်ကို အားထုတ်လာရပါသည်။

            ထိုသို့ဖြင့် ကဗျာနှင့်အတူ ကဗျာဆရာ၏ စနစ်ကျသည့် ဖွဲ့စည်းမှုကြောင့် ကဗျာဖတ်သူသည် အားထုတ်လာရပြီး ကဗျာတွင် ကိုယ်တိုင် ပါဝင်ခွင့်ရလာပါသည်။ အလုပ်ကြီးတစ်ခုကို ကဗျာဖတ်သူသည် ပါဝင်လုပ်ကိုင်လာရပါသည်။ ထိုနှစ်သက်ခြင်းသည် ဆွဲဆောင်မှု အမှတ်လေး ဖြစ်ရပါသည်။

ဆွဲဆောင်မှု အမှတ်ငါး

            “သုံးဆယ့်တစ်ပုံအစုအဝေး”က ဆွဲဆောင်သည့် အမှတ်ငါး ဆွဲဆောင်မှုသည် ကဗျာဆရာကတင်ပြသော အကြောင်းအရာနှင့်အာဘော် ဖြစ်ပါသည်။ တည်ဆောက်ထားသော ဟန်၊ ဘာသာစကားအသုံးပြုမှု၊ အသံရှိနေခြင်း၊ အနက်ဖြာထွက်နေခြင်းနှင့်ကဗျာပါ အကြောင်းအရာနှင့် အာဘော်တို့သည် ကဗျာဖတ်သူကို နိုးကြွနှိုးဆွစေပါသည်။ ယင်းသည် ဆွဲဆောင်မှု အမှတ်ငါး ဖြစ်ရပါသည်။

ထပ်ဆင့်တိုက်တွန်းခြင်း

“ပန်ဒိုရာရဲ့ ဒီကဗျာရှည်ဟာ ဖွဲ့စည်းမှုနည်းစနစ်ကို သေသေချာချာ အားစိုက်ထုတ်ထားတာလို့ ပြောချင်ပါတယ်။ ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအားကောင်းတဲ့ ကဗျာဗေဒသမားတစ်ယောက်ကသာ သူ့ကဗျာရှည်ကို သေသေချာချာ ချဉ်းကပ် စာတစ်ပုဒ်လောက် ရေးမယ်ဆိုရင် ကဗျာလောကအတွက် တော်တော်အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်”

ဟု “သုံးဆယ့်တစ်ပုံအစုအဝေး”ကဗျာရှည်ကို ကဗျာဗေဒသမားတစ်ဦးက ခွဲခြားစိတ်ဖြာလေ့လာ၍ စာတစ်ပုဒ်ရေးထုတ်နိုင်ရန်သင့်လှပါကြောင်း ကဗျာဆရာ ခင်အောင်အေးက တိုက်တွန်းထားသည်ကို ကဗျာဖတ်သူကလည်း မျှော်လင့်တောင်းတပါကြောင်း ထပ်ဆင့်တိုက်တွန်းအပ်ပါသည်။

အပိုင်း(၂) ဘလက်ကော်ဖီ

ဘလက်ကော်ဖီ၏ ပါဝင်ပစ္စည်းများ

“သုံးဆယ့်တစ်ပုံအစုအဝေး”ကဗျာရှည်အပြီးတွင် “ဘလက်ကော်ဖီ”အမည်ဖြင့် ကဗျာအပုဒ်နှစ်ဆယ်ပါ ကဗျာစီးရီးတစ်ခုပါဝင်ပါသည်။ ကဗျာအပုဒ်နှစ်ဆယ် တနည်း ဘလက်ကော်ဖီ အခွက်နှစ်ဆယ်တိတိပါဝင်ပါသည်။ ဘလက်ကော်ဖီတစ်ခွက်တွင် ကော်ဖီမှုန့်၊ သကြား၊ ရေနွေးနှင့် သံပရာသီးစိပ်တို့သာလျှင် သာမာန်အားဖြင့် ပါဝင်လေ့ရှိပါသည်။ ပန်ဒိုရာ၏ “ဘလက်ကော်ဖီ” တွင်လည်း ဘလက်ကော်ဖီဖြစ်ရန် ပါဝင်ပစ္စည်းများရှိခဲ့ ပါသည်။ ထိုပါဝင်ပစ္စည်းများကို ကဗျာဖတ်သူအနေဖြင့် လျာအရသာ၊ အာအရသာ၊ အတွေးအရသာနှင့်နှစ်ခြိုက်ခြင်းအရသာတို့ဖြင့် ချဉ်းကပ်အရ သာခံကြည့်ပါသည်။ သို့သည်လိုဖြင့်၊ ပန်ဒိုရာ၏ ဘလက်ကော်ဖီမှ ပါဝင်ပစ္စည်းများကို အောက်ပါအတိုင်း စာရင်းတို့လိုက်ရပါသည်။

၁။ ဓမ္မ၊ အဓမ္မ၏ အားပြိုင်ခြင်းနှင့်ခါးသက်ခြင်းအရသာ

၂။ တက်မက်မှုတဏှာနှင့်တဏှာထောင်ချောက်သို့ ခုန်ဆင်းကြခြင်းအရသာ

၃။ သစ္စာတရားကို လှည့်ပတ်တိမ်းရှောင်ကြလေ့ရှိသောအရသာ

၄။ လူသားတို့၏ ဘဝဖြစ်တည်ခြင်းနှင့်ရုန်းကန်ရသောအရသာ

၅။ ဆန့်ထွက်တိုးထွက်လာသော လွတ်လပ်သည့်တွေးခြင်းအရသာ

၆။ ကော်ဖီ၏ မူလဘူတဂုဏ်သတ္တိနှင့်အရသာတို့အပေါ် ကဗျာဆရာမ၏ လောကကို မြင်သောအရသာ

၇။ လူသားတို့ အာသာငမ်းငမ်းနှစ်ခြိုက်လွန်းသည့် ရမက် စသည်တို့ဖြစ်ပါသည်။

            ပန်ဒိုရာ၏ “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ”ကဗျာစာအုပ်ကို မိုးဝေးစီစဉ်၍ စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ တွင် ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပါသည်။

စာဖတ်သူ အို…အဆွေ။

သင်သည်မှာလည်း ဘုံသားတစ်ဦးပေမို့၊ မြည်းကြည့်လိုက်စမ်းပါ။

ဟန်ဆန်း

Please follow and like us:
error0
fb-share-icon0
Tweet 20