အိုဘယ့်… အို…တေးမြုံငှက်

မောင်သစ်မင်းရေးသားသော တေးမြုံငှက် ၀တ္ထူ

စတူဒီယိုခေတ် မြန်မာ့ဂီတလောကအကြောင်းကို နောက်ခံထားပြီး ရေးဖွဲ့ထားသော လုံးချင်းဝတ္ထုဖြစ်ပါသည်။ ၀တ္ထုအမည်မှာ တေးမြုံ ငှက်ဖြစ်သည်။ ရေးသူမှာ စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေး မောင်သစ်မင်း ဖြစ်ပါသည်။ တေးမြုံငှက်၀တ္ထု၏ ဇာတ်လမ်းမှာ ထူးထူး ထွေထွေ ဆန်းဆန်းပြားပြား မဟုတ်ပါ။ ဂီတလောကနောက်ခံ အချစ်၀တ္ထုတစ်ပုဒ်သာဖြစ်သည်။ ချစ်ကွဲညား၊ ညားကွဲချစ်၊ ဂုဏ်မတူ အဆင့်အတန်းမတူ၊ မြင့်လွန်းသည့် ပန်း၊ ဆင်းရဲသားအနုပညာသမားဖြင့် မတူတော့ပြီ၊ မတန်တော့ပြီ၊ ခွဲကြဟဲ့၊ ဖျက်ကြဟဲ့ ဆိုသော သာမန်ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်သည်။ “ခင်ဗျားက ဇာတ်လမ်းဖတ်တဲ့ သူဆိုရင်တော့ တေးမြုံငှက်ဟာ ဇာတ်လမ်းအဓိကမဟုတ်တဲ့ အတွက် ခံတွင်းတွေ့ချင်မှ တွေ့မှာပေါ့လေ။ တေးမြုံငှက်ဟာ လူငယ်တွေကို နားလည်ဖို့၊ ဂီတသစ်ကို ထိစမ်းနိုင်ဖို့၊ ဂီတသစ်သမားတွေရဲ့ ဘ၀စစ်ကို မြင်တွေ့ရဖို့၊ ဒဿနသစ်တွေကို သဘောပေါက်ဖို့၊ တစ်ဆက်တည်းမှာ ခေတ်မိုးကောင်းကင်ပေါ်က တိမ်တိုက်တွေရဲ့ အရိပ် အုံ့မှိုင်းမှုကို ခံစားတတ်ဖို့ပေါ့ဗျာ”ဟု တေးမြုံငှက်ဇာတ်လမ်းနှင့်စပ်လျဉ်း၍ မောင်သစ်မင်းက ပြောခဲ့သည်။

×          ×          ×          ×          ×          ×

            တေးမြုံငှက်၏ ပင်မဇာတ်ကောင်မှာ ‘ကိုကိုဝေ’နှင့်‘မေမေကြိုင်’တို့ဖြစ်သည်။ ‘ကိုကိုဝေ’သည် မျက်နှာမွဲ၊ အတန်းပညာမရှိ၊ ငွေ ကြေးမကြွယ်၀၊ ကျောထောက်နောက်ခံမရှိသူဖြစ်သည်။ ဂီတသစ်ကို ယုံကြည်သူ၊ တိုးတက်သည့် အမြင်ရှိသူ၊ အနုပညာခံယူချက်သေချာ သူ တက်သစ်စ တေးရေးဆရာတစ်ဦးဖြစ်သည်။ ‘မေမေကြိုင်’သည် တစ်ဦးတည်းသောသမီး ဖြစ်သည်။ ငွေကြေး၊ ကျောထောက်နောက်ခံ သေချာသူဖြစ်သည်။ ဂီတနှင့်ဂီတသမားများကို လေးစားသူ၊ ‘ကိုကိုဝေ’ကို ချစ်ခင်စုံမက်နှစ်လိုမြတ်နိုးသူဖြစ်သည်။

            သူတို့နှစ်ဦးတွင် မိဘနှစ်ပါးအစုံအညီရှိကြပြီး ‘ကိုကိုဝေ’တွင် ‘ဖြူဖြူဝေ’ဆိုသော နှမတစ်ဦးရှိသည်။ ‘မေမေကြိုင်’တွင် ‘ဒေါ်နုသဲ’ ဆိုသော အဒေါ်တစ်ဦး ရှိသည်။ ကိုကိုဝေ့အဖေနှင့်အမေသည် ‘ကိုကိုဝေ’အပေါ် နားလည်ပြီး အဖေဖြစ်သူသည် လူငယ်နှင့်လူကြီးအကြား မှ ကွာဟချက်များ၊ အားနည်းချက်၊ အားသာချက်များနှင့် လူငယ်တို့ကယုံကြည်သော ဂီတအသစ်လမ်းကြောင်းကို အားပေးသူဖြစ်သည်။ မေမေကြိုင့်အဖေနှင့်အမေသည် မေမေကြိုင်ကို အလွန်ချစ်သော်လည်း ဂုဏ်၊ အဆင့်အတန်း၊ ငွေကြေးချမ်းသာမှု၊ ဘ၀အာမခံချက်တို့ အ ပေါ် ကိုးကွယ်ယုံကြည်သူများဖြစ်သည်။ ‘ဖြူဖြူဝေ’သည် သူငယ်ချင်း ‘မေမေကြိုင်’နှင့် အစ်ကို ‘ကိုကိုဝေ’တို့ကို ပံ့ပိုးကူညီ ချစ်ခင်သူဖြစ် သည်။ ‘ဒေါ်နုသဲ’သည်လည်း မေမေကြိုင်ကို ချစ်ခင်စာနာသူ၊ တူမဖြစ်သူဘက်မှ ရပ်တည်ပေးသူ ဖြစ်သည်။

            ထိုသည်များသည် ‘ကိုကိုဝေ’နှင့်‘မေမေကြိုင်’ မိသားစုအတွင်းကမ္ဘာမှဖြစ်ပြီး ဂီတရပ်ဝန်းမှသူများမှာ သိဒ္ဓတ္ထလှိုင်၊ စိုးပိုင်၊ ရဲလွင်၊ စိုင်းခမ်းလိတ်၊ ကိုနေဝင်း၊ နောင်နောင်နှင့် တေးမြုံငှက်ရေးသူ မောင်သစ်မင်း ကိုယ်တိုင်ဖြစ်သည်။ ထိုဂီတရပ်ဝန်းနှင့်နီးကပ်နေသော ကဗျာရပ်ဝန်းမှ ကဗျာဆရာအောင်ချိမ့်သည်လည်း အပါအဝင်ဖြစ်သည်။ ကျန်ရှိသည်များမှာ ‘ကိုကိုဝေ’ဖြတ်သန်းရာ ခရီးလမ်းတလျှောက် မှ လောကဓမ္မတာအတိုင်း ကြုံတွေ့ရသော လောဘနှင့်လူ၊ ဒေါသနှင့်လူ၊ မောဟနှင့်လူ၊ အလောဘနှင့်လူ၊ အဒေါသနှင့်လူ၊ အမောဟနှင့်လူ များသာ ဖြစ်ပါသည်။ ကာလနှင့်နောက်ခံကားချပ်များမှာ ကန်တော်လေး မန္တလေးလမ်း၊ အင်းလျားကန်၊ ၁၉၇၅-၇၆ ရန်ကုန်မြို့ အခင်း အကျင်း၊ ထိုကာလမှ လက်ဖက်ရည်ဆိုင်အခင်းအကျင်း၊ ရွှေကြည်အေးလက်ဖက်ရည်ဆိုင်၊ တေးသံသွင်းဆိုင်များနှင့် မန္တလေးမြို့ဖြစ် သည်။ တနည်းအားဖြင့် စတူဒီယိုခေတ်ဦးကာလဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇွန်လထုတ် တတိယအကြိမ်၊ တေးမြုံငှက်တွင် ‘ပီကာဆို၏ ငြိမ်းချမ်းရေး ချိုးငှက်’၊ ‘ဂါစီယာလော်က၏ တေးသစ် များ’၊ ‘Graph(1966-1977)၊ ‘သိဒ္ဓတ္ထလှိုင်တိပ်ခွေ’၊ ‘မစ္စစ္စပီးမှ ဧရာ၀တီသက်တံရောင်တံတား’၊ ‘အိမ်မက်မောင်သစ်မင်း’၊ ‘ဂီတသံစဉ် တေး ချင်းဖွဲ့သီ’တို့သည် စာအုပ်၏ ရှေ့ပိုင်းတွင် ပါဝင်ကြသည်။ တေးမြုံငှက်၀တ္ထုသည် ‘အဖြူရောင်တေး’၊ ‘အပြာရောင်တေး’၊ ‘အနီရောင်တေး’ ဟူသော အပိုင်းသုံးပိုင်းဖြင့် ပါဝင်သည်။ ထို့နောက် ‘အစမှ ပြန်နားထောင်ရအောင်’ ဆိုသော စာစုတို့ ပါဝင်သည်။

×          ×          ×          ×          ×          ×

Graph(1966-1977)

တေးမြုံငှက်စာအုပ်ပါ မောင်သစ်မင်း၏ Graph(1966-1977)တွင် စိတ်ဝင်စားဖွယ်ရာကောင်းသော အချက်အလက်များပါဝင်နေ သည်။ ထိုကာလ ဆယ်နှစ်တာတစ်ခုမှ အနုပညာလှိုင်းတစ်ခုကို မြင်ရသည်။ မောင်သစ်မင်း ထုတ်နုတ်ပြသည့် ကဏ္ဍများမှာ ကဗျာ၊ ပန်းချီ၊ ဂီတ၊ ၀တ္ထု၊ ရုပ်ရှင်တို့ ဖြစ်သည်။ ထုတ်နုတ်ပြသည်များမှာ ထင်းရူးပင်ရိပ်၊ ဂျွန်လ၏ မိုးရေစက်များ၊ စိတ္တဇပန်းချီ၊ မင်းမင်းလတ်၊ စိုင်းထီးဆိုင်၊ ကိုနေဝင်း၊ နွေတစ်ည၊ နှမလက်လျော့နေလေတော့နှင့် ခြေဖဝါးတော်နုနုတို့ဖြစ်သည်။ ထုတ်နုတ်ပြသခဲ့သော အနုပညာ လက်ရာများနှင့်လူပုဂ္ဂိုလ်တို့သည် ယနေ့ နှစ်လေးဆယ်ကာလအလွန်အထိ အနုပညာလောက၊ လူငယ်လူလတ်၊ အနုပညာအတတ်ပညာ ရပ်ဝန်းတွင် အထင်အရှားညွှန်းဆို ကိုးကားနေရမြဲ ဖြစ်နေပါသည်။ မြန်မာ့အနုပညာအကြောင်းသမိုင်းကို ပြောလျှင် လုံး၀(လုံး၀)ချန်ထား ၍ မရနိုင်သော အကြောင်းအရာများလည်းဖြစ်သည်။

အမှာစာများနှင့်စာအုပ်အကြောင်း အရေးအသားများ

            တေးမြုံငှက်စာအုပ်ပါ အမှာစာများနှင့်စာအုပ်အကြောင်းအရေးအသားများမှာလည်း စိတ်ဝင်စားဖွယ်ရာကောင်းသည်။ တန်ဖိုး လည်း အလွန်ရှိသည်။ အနုပညာအပေါ်ထားသည့် တန်ဖိုးနှင့်ချစ်ခင်နှစ်လိုဖွယ် အပြုအမှုများကိုလည်း မြင်ရသည်။

            တေးမြုံငှက်စာအုပ်အကြောင်းကို စာပေစစ်တမ်းအဖြစ် ဒဂုန်တာရာက ဗညားသီဟ အမည်ဖြင့် ရေးခဲ့ပါသည်။ ဆောင်းပါးအ မည်မှာ “မစ္စ္စစ္စပီးမှ ဧရာ၀တီသက်တံရောင်တံတား”ဖြစ်ပါသည်။ ဆောင်းပါးတွင် မြန်မာ့ဂီတအစအကြောင်း၊ ခေတ်ကာလဂီတအကြောင်း နှင့် ထိုကာလလူငယ်တို့၏ အကြောင်းများကို တေးမြုံငှက်အကြောင်းပြု၍ ဒဂုန်တာရာသည် ရေးသားခဲ့သည်။ ထိုသို့သော ရေးသားချက် များတွင် “ပီယာနိုသင်ခန်းစာများကိုဖျက်မည့် ဂီတသစ်”ဆိုသည်နှင့်ပတ်သက်၍ မေးခွန်းထုတ်ထားခဲ့သည်။ လူငယ်တို့၏ ထက်သန်သော စိတ်အဟုန်သဘောနှင့်ဂီတအသစ်အပေါ်အမြင်ကိုလည်း ရေးသားထားသည်။

            ထို့နောက် “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”ဟု ဒဂုန်တာရာက သူ့စာကို အဆုံးသတ်ထားသည်။ စာပြီးနှစ်၊ စာဖော်ပြသည့်နှစ်ကို ၁၉၇၇ ခုနှစ်ဟု ဖော်ပြထားပါ သောကြောင့် ဒဂုန်တာရာသည် ထိုအချိန်တွင် အသက် ၅၈ နှစ်ကျော် လူကြီးပိုင်းအရွယ်သို့ ရောက်နေပါပြီ။ တေးမြုံငှက်ရေးသူ မောင်သစ် မင်းသည် အသက် ၂၃-၂၄ အရွယ်သာ ရှိသေးသည့် လူငယ်တစ်ဦးဖြစ်ပါသည်။

            ပီယာနို သင်ခန်းစာများကို ဖျက်မည့် ဂီတသစ်နှင့်ပတ်သက်၍ ဒဂုန်တာရာ၏ ထောက်ပြဝေဖန်မှုကို မောင်သစ်မင်းက တုန့်ပြန် ခဲ့ပါသည်။ ထိုတုန့်ပြန်ချက်ကို အရင်းအတိုင်းဖော်ပြရသော “တေးမြုံငှက်ထဲမှာ စန္ဒရားနဲ့ပတ်သက်တဲ့ ကျွန်တော့်အယူအဆမှားကို ထောက်ပြတဲ့ ဗညားသီဟကို ကျေးဇူးတင်လို့ မဆုံးဘူး။ ကျွန်တော့်အမှားကို ပြင်ခွင့်ရလိုက်ပြီး ဂီတပညာနဲ့ပတ်သက်လို့လည်း အဆင့် တစ်ခုထပ်တက်နိုင်ပြီ”ဟု ဖြစ်ပါသည်။ လူကြီးနှင့်လူငယ်အကြားက ရှိအပ်သော တန်ဖိုးနှင့်ချစ်စရာကောင်းသော ဆက်ဆံရေးအပြုအမှု ကောင်းတစ်ခုပင်ဖြစ်သည်။

လူကြီးနှင့်လူငယ်အကြားမှ ကိစ္စများ

            ဒဂုန်တာရာ(ဗညားသီဟ)နှင့် မောင်သစ်မင်းတို့အကြား နှစ်လိုဖွယ်ဆက်ဆံရေးကဲ့သို့ပမာ၊ ထိုကာလအကြားမှ လူငယ်တို့အပေါ် မြင်သည့် လူကြီးတို့၏ အမြင် – လမ်းသရဲ၊ ဆံရှည်၊ လမ်းသရဲဂီတ၊ မူးယစ်သားကောင်၊ လေလွင့်နေသူများအကြောင်းတို့ကိုလည်း ထည့် သွင်းရေးသားထားသည်။ ထိုအချက်များအတွက် သိသာထင်ရှားသည်များမှာ တေးမြုံငှက်၀တ္ထုအတွင်း ဇာတ်ကောင် ‘ကိုကိုဝေ’နှင့် သူ၏ ဖခင်တို့အကြား ဆွေးနွေးကြသော ဂီတသစ်ဆိုင်ရာ ယူဆချက်၊ တွေးဆချက်၊ ခံယူချက်များအကြောင်း၊ လူငယ်တို့အကြား မူးယစ်ဆေး ပြဿနာနှင့် လူငယ်လူကြီးသဘောထား ကွာဟမှုအကြောင်းများ ဖြစ်ပါသည်။

            ၀တ္ထုအတွင်း ‘ကိုကိုဝေ’တို့ သားအဖဆွေးနွေးခန်းများသည် နှစ်လိုဖွယ်ကောင်းသည်။ ကြည်နူးစရာကောင်းလှသည်။ ထိုအ ကြောင်းအရာများနှင့် အပြန်အလှန်ဆွေးနွေးခန်းများသည် မောင်သစ်မင်း၏ လက်တွေ့ဘ၀တွင် လိုလားသော လိုလားချက်များလည်း ဖြစ်နိုင်ပါသည်။ ထိုသို့ဆိုနိုင်ရသည်မှာ – မောင်သစ်မင်း၏ ‘အစက ပြန်နားထောင်ရအောင်’ရေးသားချက်ပါ အချက်တစ်ချက်ကြောင့် ဖြစ် ပါသည်။ ထိုရေးသားချက်မှာ ‘ကျွန်တော့်ကို သိပ်သဘောမကျကြတဲ့ ချစ်သော ဖေဖေနဲ့မေမေ’ဟု ဖြစ်ပါသည်။

            သူ၏ တေးမြုံငှက်မှတစ်ဆင့် နောင်လာမည့် မျိုးဆက်များအပေါ်လည်း မောင်သစ်မင်းသည် တမ်းတမှန်းဆ မျှော်လင့်ထားသည် ကို မြင်ရပါသည်။ ပထမတစ်ခုမှာ သူ၏  ဇာတ်ကောင် ‘ကိုကိုဝေ’နှင့်‘မေမေကြိုင်’တို့က သူတို့ရင်သွေးလေး လွယ်ထားချိန် စိတ်ကူးယဉ် ရည်မှန်းချက်ကို ဖော်ပြ၍ အနာဂတ်ကို မှန်းဆတမ်းတထားပါသည်။ ဒုတိယတစ်ခုမှာ တေးမြုံငှက်စာအုပ်ထွက်ပြီး ၁၀ နှစ်ခန့်အကြာ ၁၉၈၆ ခုနှစ်တွင် မောင်သစ်မင်းကိုယ်တိုင်၊ စံပယ်ဖြူမဂ္ဂဇင်း၌ရေးသည့် ‘ဂီတသံစဉ် တေးချင်းဖွဲ့သီ’စာစု နိဂုံးပါ ရေးသားချက်ဖြစ်ပါ သည်။ သူ၏ အနာဂတ်ရည်မှန်းချက်၊ မျှော်မှန်းချက်မှာ ‘အနာဂတ်ကို ကြိုမပြောဝံ့ပါဘူး။ အိပ်မက်ထဲမှာပဲ ထားပါရစေ။ တစ်ခါတလေ စိတ်ကူးလာမိတာကတော့ အသက်ကြီးလာရင် စာသားမပါတဲ့ တေးသွားချည်း ဖန်တီးမယ်။ စကားလုံး(စာ)နဲ့ မပြောတော့ဘဲ ဂီတ(အသံ) နဲ့ဘဲ ကိုယ်ပြောချင်တာတေွ ပြောတော့မယ်။ ပြီးတော့ သစ်ပင်စိုက်မယ်။ အဲဒီအခါ ကျွန်တော့်သားသမီးတွေထဲကတစ်ယောက်ယောက်က နိုင်ငံခေါင်းဆောင်ဖြစ်ချင်လည်း ဖြစ်နေနိုင်သပေါ့။ အခု ကျွန့်တော်သား(မောင်သိဒိ္ဓ)ကတော့ ကျွန်တော့ကို တော်တော်နိုင်တယ်’ ဟူ၍ ဖြစ်ပါသည်။ ထိုသည်ကား တသီးပုဂ္ဂလဆန်လွန်သည်ဟု ယူဆကောင်း ယူဆနိုင်သော်လည်း တေးမြုံငှက်ရေးသူ၏ အနာဂတ်ရည်မှန်း ချက်၊ လိုလားချက်နှင့် မိမိလူငယ်ဘ၀အပေါ် ကိုယ်ချင်းစာ၍ နောင်အနာဂတ် မိမိမျိုးဆက်အပေါ် မျှော်လင့်ချက်ဖြစ်သည်။

စတူဒီယိုခေတ်ဦးအကြောင်း

            တေးမြံငှက်၀တ္ထုတွင် မြန်မာ့ဂီတလောက၏ စတူဒီယိုခေတ်ဦးအကြောင်းကို ထည့်သွင်းထားသည်။ မင်းမင်းလတ်၊ ဘိုဘိုဟန်၊ စိုးပိုင်၊ ကိုရဲလွင်၊ စိုင်းခမ်းလိတ် အစရှိသော သူတို့၏ စတူဒီယိုခေတ်ဦး ဂီတနှင့်ပတ်သက်သော အားထုတ်ကြိုးပမ်းမှုများ၊ နိုင်ငံခြားသံစဉ် ကိုယူ၍ မြန်မာစာသားသွတ်သွင်းခြင်း၊ ကော်ပီသီချင်း၊ ကိုယ်ပိုင်သံစဉ်သီချင်းနှင့် ဂီတကို ဖျော်ဖြေရေး၊ စီးပွားရေးအဖြစ်သာ သဘောထား နေခြင်း၊ ဂီတလုပ်ငန်းအပေါ်အခြေတည်၍ စီးပွားရေးတစ်ခုတည်းကိုသာ၊ ကိုယ်ကျိုးတစ်ခုတည်းကိုသာ ဦးစားပေးလုပ်ကိုင်သော စီးပွား ရေးသမားများနှင့် မိမိတို့ အကျိုးစီးပွား ဖြစ်ထွန်းသည့်တိုင်အောင် ဂီတသမားတို့အပေါ် အမြတ်ထုတ်တတ်သူများနှင့် ဂီတအပေါ်တစ်စုံ တရာ တတ်သိခံယူမှု မရှိပါဘဲ ထင်ရှားကျော်ကြား လူသွင်ကျယ်လုပ်ချင်ရုံသက်သက်ဖြင့် ဂီတလောအတွင်းသို့ ငွေပုံပေးပြီး ဝင်ရောက် လာသူများနှင့် ဂီတပွဲစား၊ အချောင်သမား၊ လူလိမ်လူကောက်များအကြောင်းကိုလည်း တေးမြုံငှက်တွင် တက်သစ်စ လူငယ်တေးရေး ဆရာ ‘ကိုကိုဝေ’ဖြတ်သန်းမှု ရှုထောင့်မှနေ၍ တင်ပြထားသည်။

ဂီတသမားတို့၏ ဘ၀ပုံရပ်များ

            တေးမြုံငှက်၀တ္ထုတွင် လူငယ်ဂီတသမားများ၏ တေးဂီတအနုပညာလုပ်ငန်းခွင် ပုံရိပ်များကို ထင်သာမြင်သာ ဖတ်ရပါသည်။ စတူဒီယို၏ မြင်ကွင်း၊ စတူဒီယိုအတွင်း သီချင်းသွင်းနေသော ဂီတသမားတို့၏ လှုပ်ရှားမှုပုံရိပ်၊ အနုပညာဝင်စားမှု၊ ကျွမ်းကျင်မှု၊ စိတ်အား နိုးကြွမှုနှင့်ဂီတအပေါ်ယုံကြည်နှစ်လိုမှုများကို ထိတွေ့သိမြင်လာရသည်။ ဂီတသမားတို့၏ အနုပညာသမားဘ၀နောက်ကွယ်မှ မိသားစု ဘ၀၊ လူသားဆန်သောနေထိုင်မှုပုံစံနှင့် ဂီတသမားတို့ ဖြတ်သန်းနေသော လူမှုဘ၀လူမှုဝန်းကျင်များကို သိသာထင်ရှားမြင်သိလာရပါ သည်။ တေးမြုံငှက်၀တ္ထုဖတ်၍ စွဲမိနေသော ပြကွက်များမှာ တေးသံရှင် စိုးပိုင်၏ နေအိမ်အတွင်းနေထိုင်မှုနှင့် စိုင်းခမ်းလိတ်၏ ဆရာဝန် ဘ၀၊ တေးရေးဘ၀နှင့် မိသားစုဘ၀အခင်းအကျင်းများပင် ဖြစ်ပါသည်။

အရေးအသားနှင့်ရေးဟန်

            ဂီတလောကအကြောင်းနှံစပ် ပိုင်နိုင်ခြင်း၊ ကိုယ်တိုင်ဖြတ်သန်းရခြင်း၊ စာပေဖန်တီးမှု အတတ်ပညာရှိခြင်း၊ မြင်ကွင်းများကို စိတ် အတွင်း မြင်ကွင်းများအဖြစ် မြင်သာလာအောင် ရေးသားတတ်ခြင်းနှင့် ကဗျာဆရာပီပီ လှပသောစကားလုံးများနှင့် ဝါကျအတွဲအဆက် များကို လှပသေသပ်စွာ ရေးသားသုံးစွဲတတ်ခြင်းတို့ ဖြစ်ပါသည်။ တေးရေးဆရာနှင့်စာရေးဆရာများသည် ဘာသာစကား၏ အနက် အဓိပ္ပါယ်တို့အပေါ် အလေးထားကြောင်းနှင့်ထားသင့်ကြောင်းကိုလည်း တေးမြုံငှက်၀တ္ထုမှတဆင့် မောင်သစ်မင်းသည် တစ်ခုတ်တရ တင်ပြထားသည်။  ‘ကိုကိုဝေ’နှင့်‘မေမေကြိုင်’ အစရှိသော ဖန်တီးမှု ဇာတ်ကောင်များနှင့် ပြင်ပဂီတလောကရှိ ဂီတသမားနှင့်မိမိ(မောင် သစ်မင်း)ကိုယ်တိုင်ကို ဇာတ်ကောင်ပြု၍ ၀တ္ထုကို ရေးသားထားသည်မှာ ထူးခြား၍ နှစ်လိုဖွယ်ကောင်းပါသည်။

            ‘ပထမညရဲ့ ပထမအချစ် ဖြစ်လေသည်’ဆိုသော တေးမြုံငှက်၀တ္ထုပါ ဝါကျတိုလေးတစ်ကြောင်းသည် ‘ကိုကိုဝေ’နှင့်‘မေမေကြိုင်’ တို့၏ မင်္ဂလာဦးညအဖွဲ့ဖြစ်သကဲ့သို့ မနှင့်မောင် ချစ်ကြခြင်း၏ ဖော်ညွှန်းချက်တစ်ခုဖြစ်သည်။ သူတို့ချစ်တင်းနှော်ကြလေပြီဆိုသော အကြင်လင်မယားဘ၀ရောက်ရှိသွားခြင်းကို ဖော်ကျူးသည့် အရေးအသားတစ်ခုအဖြစ် နှစ်သက်မိပါသည်။ ထိုကဲ့သို့ လှပသော၊ ကျစ်လစ် သော၊ အဓိပ္ပါယ်ပါလှသော ဝါကျများကို မောင်သစ်မင်း၏ ရေးဟန်အဖြစ် တွေ့ရတတ်ပါသည်။

တေးမြုံငှက် (သို့မဟုတ်) မောင်သစ်မင်း

            တေးမြုံငှက်(သီချင်း)နှင့်တေးမြုံငှက်(၀တ္ထု)တို့ကြောင့် ကဗျာဆရာ၊ စာရေးဆရာ၊ တေးရေးဆရာ မောင်သစ်မင်းကို တေးမြုံငှက် ဟု လူသိများ အသိအမှတ်ပြုထားကြပါသည်။ ‘တေးမြုံငှက်သည် ကျွန်တော့်ဘ၀ တစ်စိတ်တစ်ပိုင်းပါ’ဟု မောင်သစ်မင်းက ဆိုခဲ့သည်။ သူ၏ ဇာတ်ကောင် ‘ကိုကိုဝေ’မှာလည်း သီချင်းလေးများကို အာခံတွင်းထဲမှာ မြုံထားရသော ငှက်လေးတစ်ကောင်သာဖြစ်သည်။ တေးမြုံ ငှက်(သီချင်း)ကို သူသည် အရင်ဦးဆုံးရေးသားခဲ့ပြီး နောင်တစ်နှစ်ခန့်ကြာပြီးမှသာ တေးမြုံငှက်(၀တ္ထု)ကို ရေးသားခဲ့သည်။

 ‘သီချင်းက တေးမြုံငှက်ကို မေးခွန်ထုတ်ခြင်းဖြစ်ပါတယ်။ ၀တ္ထုကတော့ အဖြေရှာကြည့်ခြင်း ဖြစ်ပါတယ်’ ဟု မောင်သစ်မင်းက ပြောခဲ့သည်။

ဟန်ဆန်း

Please follow and like us: