ကပ်ရောဂါနှင့် သတင်းအချက်အလက်တန်ဖိုး

7Day News Daily သတင်းစာပါ ဆောင်းပါးပုံဖြစ်သည်။

သတင်းအမှားနှင့် လုပ်ကြံသတင်းများသည် COVID-19 နှင့်အတူ ပြိုင်တူဖြစ်ပွားလာသည့်  ဒုတိယကပ်ဘေးကြီးဖြစ်သည်ဟု  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အတိအလင်း ထုတ်ဖော်ပြောဆိုထားသည်။ ဒုတိယကပ်ဘေး၊ လုပ်ကြံသတင်းကပ်ဘေး၏ သက်ရောက်မှုသည် လူအများအတွက် သေရေးရှင်ရေးကိစ္စ ဖြစ်လာ သည်။ ကမ္ဘာ့ကပ်ရောဂါကြောင့်  သက်ရောက်သည့် သတင်းလွတ်လပ်မှုအပေါ် သက်ရောက်မှုများကို စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ပြန်လည်ခုခံကာကွယ်ခြင်းများသည် အလွန်အရေးပါသော အကြောင်းရင်းတစ်ရပ် ဖြစ်သည်။ ယင်းတို့အတွက် Tracker-19 ဆိုသောအစီအစဉ်တစ်ခုကို နယ်စည်းမထားသတင်းသမားများအဖွဲ့က ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ရက်ကတည်းက စတင်အကောင်အထည်ဖော်နေသည်ကိုတွေ့ရသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မကြုံဖူး မတွေ့ဖူးခဲ့သော COVID-19 သက်ရောက်မှုများကို စောင့်ကြည့်လေ့လာအကဲဖြတ် ခုခံကာကွယ်ရန်သက်သက်အတွက် Tracker-19 ကို စတင်ခဲ့ခြင်း မဟုတ်ဘဲ လူတိုင်း၏ရပိုင်ခွင့်အဖြစ် အပြည်ပြည်ဆိုင်ရာလူ့ရပိုင် ခွင့်ကြေညာစာတမ်း အပိုဒ် ၁၉  ကပေးထားသော လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို  ကာကွယ်ရန်အတွက်လည်း ရည် ရွယ်ပါသည်ဟု နယ်စည်းမထား သတင်းသမားများအဖွဲ့က ဆို သည်။ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ သတင်းများ၊ ဆင်ဆာဖြတ်တောက်ခြင်းများ၊ လုပ်ကြံသတင်းများနှင့် အကြံပြုချက်များ အစရှိသဖြင့် အကြောင်းအရာအချက်အလက်များကို Tracker- 19 တွင်တွေ့ရပါသည်။ ယင်းအကြောင်းအရာတို့အနက် ဆင်ဆာဖြတ်တောက်ခြင်းဆိုင်ရာကိစ္စရပ်များကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရသည်။

COVID-19 နှင့်ဆက်စပ်၍ ဖြစ်ပေါ်နေသော နိုင်ငံအချို့၏ ဆင်ဆာဖြတ်တောက်ခြင်းနှင့် ပတ်သက်၍ ဆင်ဆာဖြတ်တောက်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စဟု မဆိုနိုင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံမှ  သတင်းအချက်အလက် ရရှိနိုင်မှုသည် ကမ္ဘာ့အရေးကိစ္စဖြင့်ဆက်စပ်နေပြီး အကျိုးဆက်ကိုလည်း ခံစားနေကြရပြီဖြစ်ကြောင်း၊ လုပ်ကြံသတင်းနှင့် ကောလာဟလများ၏ အကျိုးဆက်မှာလည်း အလားတူပင်ဖြစ်ကြောင်း၊ ယင်းအကျိုးဆက်များကြောင့် မှားယွင်းသောဆုံးဖြတ်ချက်များချမိခြင်း၊ လုပ်ပိုင်ခွင့်များကို ကန့်သတ်စေနိုင်ခြင်း၊ သိနားလည်မှုများ ဆုတ်ယုတ်စေနိုင်ခြင်း စသည်တို့သည် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးကိစ္စတွင် ငြင်းဆိုမရသော သက်သေများအဖြစ် တွေ့နေရပြီဖြစ်ကြောင်း နယ်စည်းမထားသတင်းသမားများအဖွဲ့၊ အ ထွေထွေအတွင်းရေးမှူးက ဆိုသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆိုးကျိုးသက်ရောက်မှုခံရသည်ကို နယ်စည်းမထားသတင်းသမားများအဖွဲ့က တရုတ်နိုင်ငံကို ဥပမာထား၍ပြောဆိုပါသည်။

ယနေ့ကြုံတွေ့နေရသော ကမ္ဘာ့ကပ်ရောဂါကို စတင်တွေ့ရှိရကြောင်းတင်ပြနိုင်ရန် ကြိုးစားခဲ့သူမှာ ဒေါက်တာလီဝမ်လျန်းဖြစ်သည်။ ဝူဟန်ဗဟိုဆေးရုံကြီးတွင်  တက်ရောက်ကုသမှုခံယူနေသော  လူနာခုနစ်ဦး၏ ကုသပေးမှု မအောင်မြင်ကြောင်း ဒေါက်တာလီက လုပ်ဖော်ကိုင်ဖက်များကို WeChat မှတစ်ဆင့် အကြောင်းကြားရာကနေ ရောဂါပိုးသတင်းသည်ပေါက်ကြားခဲ့သည်။ ယင်းအတွက် ကောလာဟလဖြန့်ချိ သည်ဟု ဒေါက်တာလီကို တရုတ် အာဏာပိုင်များကစွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ ကပ်ရောဂါအကြောင်း စတင်ဖော်ထုတ်ခဲ့သူများမှာ ဒေါက်တာလီအပါအဝင် ဆရာဝန်ရှစ်ဦးလည်း ဖြစ်သည်။ ဒေါက်တာလီသည် COVID-19  ကူးစက်ခံရခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ရက်က ကွယ်လွန်ခဲ့သည်။ ထိုအဖြစ်အ ပျက်ကို ဆင်ဆာဖြတ်တောက်ခြင်းဟု နယ်စည်းမထားသတင်းသမားများအဖွဲ့က ထောက်ပြပြောပြီး ဆင်ဆာဖြတ်တောက်ခြင်းများမရှိခဲ့ပါက တရုတ်မီဒီယာများသည် ပြည်သူများထံသို့ ရောဂါနှင့်ပတ်သက်သည်များကို  လေးနက်စွာတင်ပြနိုင်မည်၊ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့်အပြင် ကပ်ရောဂါအဖြစ်လည်း ရောက်ရှိလာနိုင်ခြေနည်း ပါးနိုင်စေပါသည်။ အများပြည်သူ  ထိတ်လန့်စေမည်ကို စိုးရိမ် ကြောင်း အကြောင်းပြချက်မှာ လက်ခံနိုင်ဖွယ်မရှိပါဘဲ ပြဿနာကို တိုးမြှင့်စေခြင်းသာဖြစ်စေနိုင်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းသည် နယ်စည်းခြားခြင်းမရှိသကဲ့သို့ ဆင်ဆာဖြတ်တောက်ခြင်းကြောင့် ရရှိသည့်ဆိုးကျိုးများမှာလည်း နယ်စည်းမခြားပါဘဲ  သက်ရောက်စေနိုင်သည်။ သတင်းနှင့်အချက်အလက်များကို ခြယ်လှယ်ချုပ်ကိုင်ခြင်းသည် လူသားတို့၏ ဖြစ်ထွန်းတိုးတက်မှုကို  ကြီးမားစွာ ဟန့်တားစေသည်ဟု  ဆက်လက်ထောက်ပြသည်။ COVID-19 ကြောင့် ထိခိုက်ခံရသည့် အခြေခံလူ့ရပိုင်ခွင့်များအနက် ဆင်ဆာဖြတ်တောက်ခြင်းကိစ္စသည် ကြီးမားသောနစ်နာမှု ကြီးတစ်ရပ်အဖြစ် အထင်အရှားရှိနေသည်။ အာဏာပိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အင်အားကြီးမားသော အစုအဖွဲ့တို့သည် ဆင်ဆာဖြတ်တောက်မှုများကို ပြုလုပ်လေ့ရှိသောအစုအဖွဲ့များဖြစ်သည်။ ထို့အပြင် မိမိဘာသာ ဆင်ဆာဖြတ်ရသည့်ကိစ္စများလည်းရှိပါသည်။ တရားစွဲဆိုခံရမည်ကိုကြောက်ရွံ့ခြင်း၊ မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိမိ မိသားစုကိုသော်လည်းကောင်း၊ အန္တရာယ်ပြုမည်ကို ကြောက်ရွံ့ခြင်းနှင့် စီးပွားရေးဆိုင်ရာများ ထိခိုက်နစ်နာလာမည်ကို ကြောက်ရွံ့ခြင်းကြောင့်လည်းကောင်း မိမိ၏ထုတ်ဖော်ပြောဆိုခွင့်များကို ကိုယ်တိုင်ဆင်ဆာဖြတ် လာရသည်။ ဆင်ဆာဖြတ်တောက်မှုများတွင် အင်တာနက်  ဆင်ဆာဖြတ်တောက်ခြင်းလည်း ပါဝင်သည်။ အင်တာနက်ကိုအသုံးပြု၍ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့် မရရှိရန် ထိန်းချုပ်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို  အင်တာနက်ဆင်ဆာ ဖြတ်တောက်ခြင်းဟုဆိုသည်။ အင်တာနက်ဆင်ဆာ ဖြတ်တောက်ခြင်းများကို အာဏာပိုင်များနှင့် အင်အားစုအသီးသီးက ထိန်းချုပ် ကန့်သတ်ဖိနှိပ်နိုင်သကဲ့သို့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အင်တာနက်အပေါ်တွင်  မကျင့် သုံးနိုင်ရန် ဟန့်တားကန့်သတ်ခြင်းများရှိသောကြောင့် မိမိ ဘာသာဆင်ဆာဖြတ်ခြင်းကို အွန်လိုင်းပေါ်တွင်လည်း လုပ်လေ့ရှိကြသည်။

စိစစ်ရေးအမည်ခံဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်အပေါ်ထိန်းချုပ်ကန့်သတ် ၍ ဆင်ဆာဖြတ်တောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။ ၂၀၁၂  ခုနှစ် ဩဂုတ်လမှစတင်၍ သတင်း၊ စာပေနှင့်ပန်းချီပြပွဲကဲ့သို့ အနုပညာကိစ္စရပ်များအပေါ် ဆင်ဆာဖြတ်တောက်ခြင်းကို တရားဝင် ရုပ်သိမ်းခဲ့သော်လည်း ရုပ်ရှင်နှင့် အင်တာနက်အသုံးပြုမှု နယ်ပယ်များတွင် ဆင်ဆာစနစ်ရှိနေပါသေးသည်။ ရုပ်ရှင်ဥပဒေ(၁၉၉၆)နှင့် ဆက်သွယ်ရေးဥပဒေ(၂၀၁၃)တို့၏ ပြဋ္ဌာန်းချက်များအရ ရုပ်ရှင်ဆင်ဆာရှိနေခြင်းနှင့်အင်တာနက်အသုံးပြုနိုင်မှု ကန့်သတ်နိုင်ခြင်းရှိနေခြင်းတို့ သည် ဆင်ဆာစနစ်ရှိနေခြင်းဖြစ်သည်။ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ကန့် သတ်ထိန်းချုပ်ထားမြဲ ထိန်းချုပ်ထားသေးကြောင်း ထောက်ပြ ညွှန်းဆိုစရာဖြစ်နေသည်။ ရုပ်ရှင်၏ သဘောသဘာဝအရ ထုတ်လုပ်လိုက်သော ရုပ်ရှင်ဇာတ်ကားများသည် မည်သည့်အသက်အရွယ်အပိုင်းအခြားမှ မည်သူတို့သာ ကြည့်ရှုသင့်သည်ဟု သတ် မှတ်ရန်လိုအပ်ပါသဖြင့် အသက် အရွယ်ကန့်သတ်ချက်ဖြင့် အဆင့်သတ်မှတ်သောစနစ် (Rating System) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း ရုပ်ရှင်ကျွမ်းကျင်သူများက ထောက်ပြညွှန်းဆိုသည်။ ရုပ်ရှင်ဆင်ဆာစနစ်ထက် ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုသင့်သော အသက်အပိုင်းအခြားအလိုက် အဆင့်သတ်မှတ်ပေးခြင်းစနစ်ကို လိုလားကြသည်။ ထို့အတူ မြန်မာနိုင်ငံ၏ ဒေသအချို့ကို အင်တာနက်အသုံးပြုနိုင်မှု ကန့်သတ်ထားခြင်းနှင့်အင်တာနက်စာမျက်နှာ(Website)များကို ပိတ်ပင်ထားခြင်းသည်လည်း အင်တာနက်ဆင်ဆာဖြတ် တောက်ခြင်းဖြစ်သည်ဟု လူ့ရပိုင်ခွင့်အရေး လှုပ်ရှားသူများနှင့်ကျွမ်းကျင်သူများက ထောက်ပြ ပြောဆိုနေကြသည်။

အာဏာပိုင်များမှဖြစ်စေ၊ မည်သည့် အဖွဲ့အစည်းမဆိုမှဖြစ် စေ မီဒီယာများအားလုံးသည်  ဆင်ဆာကင်း လွတ်ခွင့်ရှိသည်။ မီဒီယာတို့၏ ရေးသားထုတ်ဖော်ခြင်းများကြောင့် ယင်းမီဒီယာကို  ပိတ်သိမ်းခြင်းနှင့်ခြိမ်း ခြောက်ခြင်းမပြုစေရဟု ယူနက်စကို၏ မီဒီယာဖွံ့ဖြိုးရေးဆိုင်ရာညွှန်းကိန်းများတွင် တိကျရှင်းလင်းစွာဖော်ပြထားသည်။ ထို့အတူ အင်တာနက်ဆင်ဆာဖြတ်တောက်မှုကို ဖြစ်စေသော အင်တာနက်ပေါ်ရှိ အ ကြောင်းအရာများနှင့် အသုံးပြုနိုင်ခြင်းများအပေါ် ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်းများကိုလည်း မပြုလုပ်သင့်ကြောင်း ဖော်ပြသည်။ သတင်း၊ စာပေနှင့်ပန်းချီပြပွဲများတွင် ယခင်ကရှိခဲ့ဖူးပြီးသော ဆင်ဆာစနစ်များမရှိတော့ခြင်း တစ်ခုတည်းကိုစွဲကိုင်၍ ဆင်ဆာစနစ်မရှိတော့ဟု ငြင်းဆိုရန်မသင့်ပါ။ တည်ဆဲဥပဒေများ၏ အားနည်းချက်ကြောင့်လည်းကောင်း၊ တရားဥပဒေစိုးမိုးခြင်း အားနည်းချက်ကြောင့်လည်းကောင်း၊ အင် အားစုတစ်ခုခု၏ ဖိအားများကြောင့်လည်းကောင်းနှင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို မှန်ကန်စွာ ကျင့်သုံးနိုင်မည့် အခင်းအကျင်းကောင်းများ  မရှိသေးခြင်းတို့ကြောင့်လည်းကောင်း ဆင်ဆာတည်းဖြတ်ခြင်း ကိစ္စသည် ရှိမြဲရှိနေသေးသည်ဟု  ဆိုရမည်ဖြစ်သည်။ ဆင်ဆာတည်းဖြတ်ခြင်းကိစ္စကို လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ကြုံလာခဲ့ရသောအခြေအနေများဖြင့် နှိုင်းယှဉ်လျှင် အလွန်သာလွန်ကောင်း မွန်လာသည်ဟု ပြတ်ပြတ်သားသားဆိုနိုင်သော်လည်း ရာနှုန်းပြည့်ကောင်းမွန်သော အခြေအနေတစ်ရပ် မဟုတ်သေးကြောင်း  သတိပြုသင့်ပါသည်။ ပြည်တွင်းရေးကိစ္စအဖြစ် အယူလွဲရာမှ တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့်  ကပ်ရောဂါဖြစ်ခဲ့ရသည်ကို သင်ခန်းစာယူသင့်သည်။ သူ့ကြောင့်၊ ငါ့ကြောင့်ဟု အပြစ်တင်စောဒက တက်နေကြသည်ထက် သတင်းနှင့်အချက်အလက်များ လွတ်လပ်စွာ စီးဆင်းခွင့်မရအောင် ထိန်းချုပ်ကန့်သတ်မိသည်ကြောင့် ရရှိလာသည့်နောက်ဆက်တွဲဆိုးကျိုးအပေါ် သင်ခန်းစာယူပြုပြင်နိုင်ရေးသည်သာ ပိုမိုအရေးကြီးသည်။ သတင်းအချက်အလက် လွတ်လပ်စွာစီးဆင်းခွင့်သည် လူတိုင်း၏ရှင်သန်ရေးကိစ္စ ဖြစ်သည်။

(အဆိုပါ ဆောင်းပါးသည် 7Day News Daily တွင် မေလ ၃၁ ရက်နေ့က ဖော်ပြပါရှိခဲ့သည်။)

Please follow and like us: