အင်တာနက်သည် လိုအပ်ချက်

7Day News Daily သတင်းစာပါ ဆောင်းပါးပုံဖြစ်သည်။

အင်တာနက်လက်လှမ်းမီရေးနှင့်ကောင်းမွန်မှန်ကန်စွာ အသုံးပြုနိုင်ရေးသည် လူတိုင်း၏  အခြေခံရပိုင်ခွင့်တစ်ခုအဖြစ်လည်းကောင်း၊ နေ့စဉ်ဘဝအတွက်  လိုအပ်ချက်တစ်ခုအဖြစ်လည်းကောင်း ယနေ့ကမ္ဘာတွင် ဖြစ်လာသည်။  ဒစ်ဂျစ်တယ်အသုံးအဆောင်တစ်ခုကို လူတစ်ဦးသည်  အနည်းဆုံးပိုင်ဆိုင်နေရန် လိုအပ် လာသည်။  အင်တာနက်အသုံးပြုခြင်းဆိုသည်မှာ ဖေ့စ်ဘွတ်ခ်ကဲ့ သို့လူမှုကွန်ရက်တစ်ခုကို အသုံးပြုခြင်းသက်သက်ဟု မဆိုနိုင်ပါဘဲ နိုင်ငံအတွင်းအပြင် အစည်းအ ဝေးကြီးများကအစ  ရောင်းရေးဝယ်ရေးကိစ္စအလယ်နှင့် ပညာသင်ကြားရေးအပါအဝင် နေ့စဉ် လူမှုဘဝအတွင်း မိသားစုရေးရာကိစ္စများတွင်ပါ အရေးပါလာသည်မှာ သိသာထင်ရှားလာခဲ့ သည်။ ယင်းအချက်ကို  အထင်အရှားသက်သေပြနိုင်သည်မှာ ကို ဗစ်-၁၉ ဖြစ်သည်။ လူငယ်နှင့် လူလတ်ပိုင်းတို့၏ ကိစ္စအဖြစ် တစ်ချိန်က တွေးမှတ်ထားသော  အင်တာနက်အသုံးပြုခြင်းကိစ္စ သည် လူကြီးသူမများ၏ အနီးအပါးကိုပါ ရောက်ရှိလာသည်။ ထိုအခြေအနေကို အွန်လိုင်းနှင့် အော့ဖ်လိုင်းဟူ၍  ခွဲခြားမရနိုင်တော့သည့်အခြေအနေဟု သုံးသပ်၍လည်း ပြောဆိုလာကြသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၁ ရက်တွင် ဒစ်ဂျစ်တယ်ပူးပေါင်း ဆောင်ရွက်ခြင်းလမ်းပြမြေပုံ(Roadmap for Digital Cooperation)ကို ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက တင်ပြလာသည်။ ကမ္ဘာကြီးသည် ဒစ်ဂျစ်တယ်ခေတ်သို့ အလျင်အမြန် ပြောင်းလဲနေကြောင်း၊ ပြောင်းလဲခြင်းနှင့်အတူ ဒစ်ဂျစ်တယ်အသုံးပြုခြင်းဆိုင်ရာ ခွဲခြားခြင်းများ လည်းရှိကြောင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း၊ အွန်လိုင်းအခြေပြု လူ့ ရပိုင်ခွင့်ချိုးဖောက်ခံရခြင်း အစရှိသည်တို့မှာလည်း ဆိုးကျိုးများအနေဖြင့် ပါဝင်လာကြောင်းနှင့် ကမ္ဘာကြီးအတွင်းမှ မညီမျှမှုများသည် ဒစ်ဂျစ်တယ်ကမ္ဘာတွင်  ကြီးထွားလာနေကြောင်းတို့ကို အစီရင်ခံစာအကြောင်းတင်ပြရာ တွင် ထည့်သွင်းပြောဆိုထားသည်။ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်ခြင်းလမ်းပြမြေပုံ(Roadmap for Digital Cooperation)၌၂၀၃၀ပြည့်နှစ်တွင် ကမ္ဘာလုံးအတိုင်းအတာဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ရေး၊ လူတိုင်းအညီအမျှ  ဒစ်ဂျစ်တယ်ထုတ်ကုန်များ အသုံးပြုနိုင်ရေး၊ ကျားမနှင့်လိင်ဝိသေသကွဲပြားသူများ၊ မသန်စွမ်းသူများ၊ အင်အားနည်းပါးသောအစုအဖွဲ့များအပါအဝင် လူတိုင်း၏ ဒစ်ဂျစ်တယ်ပါဝင်နိုင်မှု သေချာစေနိုင်ရေး၊ ဒစ်ဂျစ်တယ်စွမ်းဆောင်နိုင်ရည်မြှင့်တင်မှုခိုင်မာစေရေး၊  ဒစ်ဂျစ်တယ်ခေတ်အတွင်း အခြေခံလူ့ရပိုင်ခွင့်များကို ရရှိနေစေရန်  အာမခံနိုင်ရေး၊ ဒစ်ဂျစ်တယ်လုံခြုံဘေးကင်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်ရေးအစရှိသည့်အကြောင်းအရာနယ်ပယ် ရှစ်ခုကိုလွှမ်းခြုံနိုင်ရေးများ ပါဝင်သည်။

ထို့အတူ ယူနက်စကိုမှ ထုတ်ပြန်ထားသည့် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အညွှန်းကိန်း(Internet Universality Indicators, IUIs) တွင် လူတိုင်းအင်တာနက်လက်လှမ်းမီအသုံးပြုနိုင်ရေးကို ညွှန်းကိန်းများဖြင့် တင်ပြထားသည်။ ယင်းတွင် အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်ရေးကိစ္စများအပါအဝင် တန်းတူညီမျှ ရေးကိစ္စများကိုပါ ထည့်သွင်းဖော်ပြထားသည်။ မြို့ပြဖြစ်စေ၊ ကျေးလက်ဖြစ်စေ တူညီသော အင်တာနက်သုံးခွင့်ရှိစေရေး၊ လိင်စိတ်ခံယူမှုဝိသေသ ကွဲပြားသူများနှင့်  မသန်စွမ်းသူများလည်း အင်တာနက်အသုံးပြုနိုင်မှု လက်လှမ်းမီရေး၊ ဒေသတွင်းအကြောင်းအရာ၊  ဒေသသုံးဘာသာစကားတို့ဖြင့်  အင်တာနက်အသုံး ပြုနိုင်ရေး အစရှိသည်တို့ကို တိုင်းတာညွှန်းထားသည်။ ယူနက်စကို၏ မီဒီယာဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ ညွှန်း ကိန်းတွင်လည်း  အင်တာနက်ဆင်ဆာဖြတ်တောက်ခြင်း၊ ဝဘ်က်ဆိုက်များကို ပိတ်ပင်တားဆီးခြင်း နှင့် အွန်လိုင်းမှတစ်ဆင့် ထုတ်ဖော်ပြောဆိုကြသည်များကို ကန့်သတ်ထိန်းချုပ်ခြင်း မရှိစေရေးကို  ဖော်ပြထားသည်။

ထိုသို့ ကမ္ဘာလုံးဆိုင်ရာကိစ္စ ကြီးတစ်ရပ်အနေဖြင့် အင်တာနက်နှင့် ဒစ်ဂျစ်တယ်လက်လှမ်းမီရေးကိစ္စကို လူတိုင်းအတွက် အခြေခံလိုအပ်ချက်ဟု ဆိုနေသည့်တိုင်အောင် အင်တာနက်ကို လူတိုင်းက အသုံးပြုမပြုနိုင်သေးပါ။  ထို့အတူ အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ထားပြီးကာမှ တားဆီးပိတ်ပင် ကန့်သတ်ထားခြင်း ကြောင့် အင်တာနက်ကို လက်လှမ်းမမီ ဖြစ်နေရသောသူများ လည်းရှိနေပြန်သည်။ ဒစ်ဂျစ်တယ်ရပိုင်ခွင့်များကို အလေးပေး ဆောင်ရွက်နေသည့် Access Now ၏ ထုတ်ဖော်ပြောဆိုမှုများအရ  အင်တာနက်ဖြတ်တောက် ပိတ်ပင်မှု အရေအတွက်သည် ကမ္ဘာပေါ်တွင် တိုးပွားလျက် ရှိသည်။ ယင်းတို့၏ ၂၀၁၉ ခုနှစ် စာရင်းများအရ  အင်တာနက်ဖြတ်တောက်ပိတ်ပင်မှုသည် နိုင်ငံအရေအတွက်အားဖြင့် ၃၃ နိုင်ငံရှိ ပြီး မှတ်တမ်းပြုစုထားနိုင်သည့်  အင်တာနက်ဖြတ်တောက်ပိတ်ပင်မှုမှာ အရေအတွက်အားဖြင့် ၂၁၃ ကြိမ်ရှိကြောင်း သိရသည်။ ယင်းစာရင်းများတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်။ မြန်မာနိုင်ငံဒေသအချို့တွင် အင်တာနက်ဖြတ်တောက်ပိတ်ပင်မှုကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ယခုလ ၂၁ ရက်တွင် အင်တာနက်ဖြတ်တောက်ပိတ်ပင်မှုသည် တစ်နှစ်တိတိ ပြည့်မြောက်မည်ဖြစ်သည်။ ယင်းအခြေအနေသည် ကမ္ဘာပေါ်တွင်  အကြာဆုံးအင်တာနက် ဖြတ်တောက်ပိတ်ပင်မှုအဖြစ်  မှတ်တမ်းဝင်စေမည့်အခြေအနေလည်း ဖြစ်နေသည်။ ထိုသို့ အင်တာနက်ဖြတ်တောက်ပိတ်ပင်ထားခြင်းကြောင့် ပဋိပက္ခဒေသများရှိ အရပ်သားများကို ထိခိုက်ခဲ့ကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများပေးပို့ခြင်းနှင့်လူ့အခွင့်အရေး  စောင့်ကြပ်ကြည့်ရှုမှုအပေါ်လည်း ထိခိုက်ခဲ့ကြောင်း လူ့ရပိုင်ခွင့် စောင့်ကြည့်သူများအဖွဲ့(Human Rights Watch)က အင်တာနက် ဖြတ်တောက်ပိတ်ထားခြင်းအဆုံးသတ်ရန် အစိုးရထံတောင်းဆို သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့အတူ ကုလသမဂ္ဂလူ့ရ ပိုင်ခွင့်ကော်မရှင်ကလည်း အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ရေး  ပိတ်ထားမှုများအားလုံး အဆုံးသတ်ရန် အစိုးရများအားလုံးကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၇ ရက်ကတည်းက တောင်းဆိုထားသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ထောက်ပြပြောဆိုမှုများတွင် အစိုးရသည်  အင်တာနက် ပိတ်ပင်ဖြတ်တောက်မှုအတွက် လူထုကို  တင်ကြိုအသိပေးခြင်းမရှိကြောင်း၊ လုံခြုံရေးအကြောင်းပြကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကို  ရင်ဆိုင်နေရသည့်ကာလဖြစ်သဖြင့် ယင်းနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာအချက် အလက်များနှင့်ရပိုင်ခွင့်များ ဆုံးရှုံးနေရကြောင်းနှင့် ဒေသခံများ၏ စီးပွားရေး၊ ဆက်သွယ်ရေးနှင့်  ပညာ ရေးကိစ္စများတွင်လည်း  ထိခိုက်နစ်နာနေရကြောင်းတို့လည်း  ပါဝင်သည်။ ထို့အတူ အင်တာနက်ဖြတ်တောက်ပိတ်ပင်ခြင်းသည် နိုင်ငံသားချင်း တန်းတူအ ခွင့်အရေး မရရှိခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်ကြောင်း  ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဠက ထုတ်ဖော်ပြောဆိုထားသည်ကို ဧရာ၀တီသတင်းဌာန၏ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက သတင်းတစ်ပုဒ်တွင်ဖော်ပြထားသည်။ 7Day သတင်းဌာန၏ ၂၀၂၀ ပြည့်နှစ် မေလ ၃ ရက် သတင်းဖော်ပြချက်အရ  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မောင်တောမြို့နယ်ကို မိုဘိုင်းအင်တာနက်အသုံးပြု ခွင့်ပြန်လည်ပေးအပ်ရန် အော်ပရေတာများကို ညွှန်ကြားခဲ့သော်လည်း ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံနှင့်ပလက်ဝမြို့နယ်တို့ကို ၂၀၂၀ ဩဂုတ် ၁ ရက်အထိ မိုဘိုင်းအင်တာနက်လိုင်း ဆက်လက်ပိတ်ထားရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံဒေသအချို့ကို အင်တာနက်ပိတ်ပင် ဖြတ်တောက်ထားနိုင်ခြင်းသည်  တည်ဆဲဥပဒေ အကျပ်အတည်းကြောင့် လည်းဖြစ်သည်။ ဆက်သွယ်ရေး ဥပဒေ(၂၀၁၃)၊ ပုဒ်မ – ၇၇ တွင် ဝန်ကြီးဌာနသည် အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ရန် အခြေအနေပေါ်ပေါက်သည့်အခါ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်  ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား ယာယီရပ်ဆိုင်းရေး၊ ဆက်သွယ်မှုအမျိုး အစားတစ်ရပ်ရပ်ကို မပြုလုပ်ရေး၊  တားဆီးထိန်းသိမ်းထားရှိရေး၊ လိုအပ်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများကို ရရှိနိုင်ရေး၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို ယာယီထိန်းချုပ်သုံးစွဲရေးတို့အတွက် လုပ်ငန်းလိုင်စင်ရရှိသူအား ညွှန်ကြားနိုင်သည်ဟု ဖော်ပြထား သည်။ ယင်းပုဒ်မ – ၇၇ ကို လိုက် နာနိုင်ရန် လိုင်စင်ရသူသည် ကြိုတင်စီမံထားရမည်ဟု ပုဒ်မ – ၇၈ တွင် ပြဋ္ဌာန်းထားပါသည်။ ဆက်သွယ်ရေးဥပဒေ (၂၀၁၃)သည် ၆၆(ဃ)အဖြစ် အရပ်ဘက်တွင် ထင်ရှားသည့် တည်ဆဲဥပဒေတစ်ရပ်လည်းဖြစ်သည်။ ယင်းဥပဒေဖြင့် အင်တာနက်ပိတ်ပင်ဖြတ်တောက်ခြင်းများကို စီမံနေနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် လူ့ရပိုင်ခွင့်၊ ဒစ်ဂျစ်တယ်ရပိုင်ခွင့်နှင့်  လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်အရေး လှုပ်ရှားသူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ဆက်သွယ်ရေးဥပဒေ (၂၀၁၃)ကို ပြင်ဆင်နိုင်ရေးအတွက် တိုက်တွန်းနှိုးဆော်တောင်း ဆိုနေကြခြင်းဖြစ်သည်။

ကိုဗစ်အလွန်ကာလ၏ လူမှုရေးသက်ရောက်မှုများကို မိမိတို့အနေဖြင့် နားလည်စပြုလာကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးကိစ္စများတွင် ဒစ်ဂျစ်တယ်နည်းပညာသည် အဓိကကျနေပြီး ယခင်ကထက်  ပိုမိုအရေးပါလာပြီဆိုသည်မှာ သေချာနေပြီဖြစ်ကြောင်း  ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အတိအလင်းဆိုထားသည်။ အင်တာနက်သည် ဇိမ်ခံပစ္စည်းမဟုတ်ဘဲ လိုအပ်ချက်တစ်ခုဖြစ်သည်ဟု အမေရိကန်သမ္မတ ဟောင်း ဘားရက်အိုဘားမားက ၂၀၁၅ ခုနှစ်တွင် ပြောခဲ့ဖူးသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို ကိုယ်တိုင်အသုံးပြု၍ အများပြည်သူဖြင့်  တိုက်ရိုက်ထိတွေ့လာခြင်းမှာလည်း လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ လိုအပ်ချက်များကို ဖြည့်ဆည်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် အင်တာနက်ကို အသုံးပြုရသည်။ လူတိုင်း အင်တာနက်သုံးနိုင်ရေးအတွက် ဖြည့်ဆည်းပေးရန် အင်တာနက်ဖြတ်တောက်ပိတ်ပင်မှုများကို ပြန်လည်သုံးသပ်သင့်သည်။  လူတိုင်းအင်တာနက်လက်လှမ်းမီနိုင်ရေးကိစ္စကိုလည်း အလေးထားစဉ်းစားသင့်သည်။

ဟန်ဇော်

(အဆိုပါ ဆောင်းပါးကို 7Day News Daily တွင် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့က ဖော်ပြပါရှိခဲ့သည်။)

Please follow and like us: