ကျောင်းဖွင့်နေ့ရက်များ

7Day News Daily သတင်းစာပါ အက်ဆေးဖော်ပြချက်ပုံ ဖြစ်သည်။

အထက်တန်းကျောင်းများ ဖွင့်သည်ကို မြင်တွေ့ရသည့်အခါ လွန်ခဲ့သောနှစ်ပေါင်းအစိတ်နှင့် ၃၀ အလွန် ကာလများအကြား က အခြေခံပညာကျောင်းသား ဘဝကို ပြန်လည်တမ်းတ မြင် ယောင်မိလာသည်။ ကျောင်းသား ဘ၀ လွန်လေခဲ့သော်လည်း ကျောင်းဖွင့်ချိန်ရောက်တိုင်း ရင် ခုန်ရမြဲဖြစ်သည်။ ငယ်ဘဝနေ့ ရက်များသို့ ပြန်သွားခွင့်ရှိခဲ့ပါ လျှင် ပြန်လည်၍ သွားရောက် လည်ပတ်လိုသော နေ့ရက်များမှာ အထက်တန်းကျောင်းသားဘ၀ နေ့ရက်များပင်ဖြစ်သည်။ အဖြူ၊ အစိမ်း ကျောင်းဝတ်စုံ၊ လွယ် အိတ်တစ်လုံးဖြင့် အတန်းဖော် ကျောင်းသူများအကြား ဟန်ရေး ပြပြီး စိတ်ဝင်စားသောမိန်းက လေးကို စာသင်ခန်းထဲ ငေးမော ကြည့်ရသည့်အကြားက တလှပ် လှပ်သောရင်ခုန်သံကို ယခုတိုင် ကြားရနေရမြဲဖြစ်သည်။ ကျောင်း သားဘဝ၊ ကျောင်းပိတ်ရက်များ တွင် ကျောင်းဖွင့်ချိန်ကို မျှော်လင့် ခဲ့ရသည်မှာ ရင်ခုန်သံတစ်စုံတစ် ရာကြောင့်လည်း ဖြစ်ကောင်းဖြစ် နေပေလိမ့်မည်။ သာယာသော ဘဝတစ်ခုကို တည်ဆောက်ရန် လိုအပ်သော အချိန်ကာလများ မနှောင့်နှေးစေလိုသော စိတ်ဆန္ဒ ကြောင့်လည်းဖြစ်မည်။

မည်သို့ပင်ဆိုစေ ကိုယ် တို့၏ ကျောင်းဖွင့်နေ့ရက်များ သည် သာယာမှုအပြည့်၊ စည်ပင် လှပခြင်းအတိဖြင့် ပြီးပြည့်စုံခဲ့ သည်မဟုတ်ပါ။ အဖုအထစ်၊ အကျိတ်အခဲ၊ ပွန်းပဲ့ထိခိုက်ရှနာ များဖြင့်သာဖြစ်သည်။ ကိုယ်တို့၏ နောင်တော်ကြီးများသည် ကိုယ် တို့ထက် ပြင်းထန်သော ဒဏ်ရာ အနာတရများကို ခါးစည်းခံခဲ့ကြ ရသည်။ ကျောင်းဖွင့်ချိန်ကို အစ် ကိုကြီးများ၊ အစ်မကြီးများ တမ်း တခဲ့ကြသကဲ့သို့ ကိုယ်တို့လည်း ကျောင်းဖွင့်မည့်အချိန်ကို တမ်း တခဲ့ရဖူးပါသည်။ နောင်တော်တို့ ၏ တမ်းတသံကို တာရာမင်းဝေ၏ ကျောင်းဖွင့်ချိန်ကဗျာနှင့်အတူ ကြားသိခဲ့ရသကဲ့သို့ ကျောင်းဖွင့် ချိန်ကဗျာဖတ်၍ ကိုယ့်ကျောင်း ဖွင့်ချိန်ကို စောင့်ခဲ့ရသည့်နေ့စွဲ များမှာလည်း နှစ်ပေါက်အောင် ကြားခဲ့ရပါသည်။ ပထမတစ်ကြိမ် မှာ မူလတန်းကျောင်းသားဘ၀ အတွက် နောက်ဆုံးတက်ရသည့် လေးတန်းကျောင်းသားဘဝတွင် ဖြစ်သည်။ ရှစ်လေးလုံးအရေး တော်ပုံကြီးအကြောင်းပြချက်ဖြင့် ကျောင်းများကို ပိတ်ပစ်လိုက် သည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ချိန်တွင် ကိုယ်သည် ၉ နှစ်သားအရွယ် ဖြစ်သည်။ မူလတန်းကျောင်းသား အရွယ်ဖြစ်၍ နိုင်ငံတွင် ဘယ်သို့ ကိစ္စများ၊ မည်သို့ဖြစ်နေသည်ကို မသိခဲ့ပေမယ့် လူကြီးသူမများ ခက်ခဲပင်ပန်းနေကြသည်ကို သိ သည်။ အာဏာရှင်ကို တွန်းလှန် ရန် ကြိုးပမ်းအားထုတ်နေကြ သည်ကို သိသည်။ နောင်တော် ကျောင်းသားကြီးများ၏ အခန်း ကဏ္ဍ အလွန်အရေးပါအရာ ရောက်ကြောင်း သိသည်။ ကျောင်းပိတ်ခါစ ရက်ပိုင်းများ တွင် ကျောင်းသားပီပီ ကျောင်း ပိတ်၍ ပျော်ရွှင်ခဲ့ရသော်လည်း အချိန်အတော်ကြာလာသည့်အ ခါ ကျောင်းသားသဘာဝအတိုင်း ကျောင်းတက်ချင်လာသည်။ အာ ဏာရှင်များက ကျောင်းပိတ်ဟု ဆို၍ ပိတ်လိုက်ရသည်။ ဖွင့်ဟု ဆို၍ ပြန်ဖွင့်လိုက်ရသည်။ ကျောင်းသား၊ ကျောင်းသားမိဘ နှင့် ဆရာ၊ ဆရာမများသည် မည် သည့်စောဒကမှတက်ခွင့်မရခဲ့ကြ ပါ။ ကိုယ်တို့သည် ခက်ခဲသော နှစ်ကာလများ အကြားတွင် ကျောင်းတစ်နှစ်နောက်ကျခဲ့ပြီး ပညာသင်ကြားခြင်း အဆက်ပြတ် ခဲ့ရသည်။

၁၉၉၆ ခုနှစ်တွင် အခြေခံ ပညာအထက်တန်းကို အောင်မြင် ခဲ့သည်။ အခြေခံပညာအထက် တန်းကို အတူအောင်မြင်ခဲ့သော ကိုယ်နှင့် ကိုယ့်သူငယ်ချင်းများ သည် တက္ကသိုလ်ကျောင်းသား ဘဝကို ချက်ချင်းလက်ငင်း မရခဲ့ ကြပါ။ ၁၉၉၆ ကျောင်းသားလှုပ် ရှားမှုကိုအကြောင်းပြ၍ ကျောင်း များကို ပိတ်လိုက်သည်မှာ နှစ်ချီ အောင်ကြာခဲ့သည်။ မည်သည့်အ ချိန်တွင်ဖွင့်မည်ကို မသိခဲ့ကြဘဲ နှစ်ပေါက်အောင် စောင့်ဆိုင်းခဲ့ ကြရပြန်သည်။ ကျောင်းပိတ်ခြင်း နှင့်အတူ ကျောင်းသားအများစု၏ ရန်ကုန်တက္ကသိုလ်ကျောင်းသား ဖြစ်ခွင့်အိပ်မက်ပါ ဆုံးရှုံးခံလိုက် ရသည်။ တက္ကသိုလ်များအားလုံး နီးပါးကို ရန်ကုန်မြို့ပြင်သို့ ထုတ် ခဲ့သည်။ အခြေခံပညာကျောင်း သားဘဝတစ်လျှောက်လုံး စိတ် ကူးယဉ်ခဲ့သော ရန်ကုန်တက္က သိုလ်ကျောင်းသားဘဝအိပ်မက် သည် ပျက်စီးခဲ့ရပြန်သည်။ အ ထက်တန်းအောင်ပြီး ၂ နှစ်အ ကြာ ၁၉၉၈ ခုနှစ်ရောက်မှသာ တက္ကသိုလ်ပြန်တက်ရသည်။ သို့ သော် ရန်ကုန်တက္ကသိုလ်မဟုတ်။ အဓိပတိလမ်းမမဟုတ်။ အင်း လျားကန်မဟုတ်။ အဝေးသင် တက္ကသိုလ်ကျောင်းသားဘဝဖြင့် အဝေးသင်ကျောင်းသားဖြစ်ခဲ့ရ သည်။ ကိုယ့်ကို အင်္ဂလိပ်စာသင် ကြားပေးသည့် ဆရာ့စကား ငှား ပြောရသော် အဝေးသင်၊ အဝင် သေး၊ တတ်ဖို့ဝေး ဆိုသလို ကျောင်းသားများ၏ ပညာရေး မျှော်မှန်းချက်များသည် သေးငယ် ခဲ့ရပြီး ဝေးခဲ့ရပြန်သည်။

အထက်တန်းကျောင်းသား ဘဝတစ်လျှောက် အိပ်မက်ကိုယ် စီဖြင့် အတူဖြတ်သန်းခဲ့သူများ သည်လည်း ပညာတတ်ဘဝဖြင့် ဝေးခဲ့ကြရသည်။ စင်ကာပူ၊ ဂျပန်၊ မလေးရှားအပါအဝင် ပြည်ပနိုင်ငံအသီးသီးကို ထွက်ခဲ့ ကြပြီး ဘဝအတွက် အသက်မွေး ဝမ်းကျောင်းကြရသည်။ သူငယ် ချင်းအချို့ သင်္ဘောသားဖြစ်ကြ သည်။ သူငယ်ချင်းအချို့ ရွှေ့ ပြောင်းလုပ်သား ဖြစ်ကြသည်။ သူငယ်ချင်းအချို့ ယောင်တိ ယောင်ချာဖြင့် ယောင်တိယောင် ဝါးဖြစ်နေသည်မှာ ယနေ့တိုင် အောင်ဖြစ်သည်။ မျိုးဆက်တစ်ခု လုံး၏ ဘဝနှင့်အချိန်များကိုပင် နုတ်ယူခဲ့ကြသည်။ ကျောင်းပြီးစီး မှုအရေအတွက် တစ်စုံတစ်ရာရှိ သည့်တိုင်အောင် အရည်အချင်းရှိ မှုအတွက် မေးခွန်းထုတ်ရန်ဖြစ်ခဲ့ သည်။ ၈၀ ဖွား၊ နှစ်ကာလများအ ကြား ကိုယ်တို့အပေါင်းအသင်း များ စုရုံးမိသည်အခါ မချိတင်ကဲ ညည်းတွားမိကြသည်များထဲတွင် ဝေးခဲ့ရသော ရန်ကုန်တက္ကသိုလ် နှင့် နှစ်ချီအောင်စောင့်ဆိုင်းခဲ့ရ သည့် ကျောင်းပိတ်နေ့ရက်များ သည် ထိပ်တန်းဆွေးနွေးချက်အ ဖြစ် ပါဝင်မြဲဖြစ်သည်။ ကိုယ်တို့ သည် အရှုံးဒဏ်သင့်မျိုးဆက်များ ဖြစ်ခဲ့ရသည်။

ထိုနှစ်ကာလပေါင်းများစွာ ကို ဖြတ်သန်းပြီးသည့်သကာလ ယခုနှစ်တွင် ကျောင်းဖွင့်ချိန်များ နောက်ကျခဲ့ပြန်သည်။ ကာလ ဒေသနှင့် အကြောင်းတရားအား ဖြင့် အလွန်ကွာခြားသည်။ကျောင်းဖွင့်ချိန် နောက်ကျခြင်း သည် ကိုယ့်တစ်နိုင်ငံတည်းကွက် ၍ နောက်ကျသည်မဟုတ်ပါဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြုံတွေ့ရသော အခြေအနေဖြစ် သည်။ ကျောင်းဖွင့်ချိန် နောက်ကျ ခြင်းမှာလည်း တစ်ကမ္ဘာလုံး ရင်ဆိုင်ရသည့် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့်ဖြစ်သည်။ ပညာ ရည်နို့ချို သောက်သုံးနေသည့် ကျောင်းသူကျောင်းသားများ၏ ကျန်းမာရေးအလို့ငှာ ရှေးရှုပြီး ကျောင်းဖွင့်နိုင်ရေးစီမံကြသည်ကို မြင်တွေ့ရသကဲ့သို့ ပညာရေး ဖြင့် ကာလပေါင်းများစွာ မဝေး ကွာစေရေးကိုလည်း အလေးပေး နေကြသည်။ ကိုဗစ်-၁၉ ကပ် ရောဂါကာလသည်လည်း မည် ရွေ့မည်မျှ ကြာမြင့်မည်မသိနိုင်၊ မမှန်းနိုင်ကြသည် မဟုတ်ပါလား။ အခြေခံပညာအထက်တန်းပြီး အလယ်တန်း၊ မူလတန်းအစရှိ သရွေ့ အတန်းစဉ်အလိုက် ကျောင်းဖွင့်နိုင်ရေးနှင့် အေအ ဆင့်၊ ဘီအဆင့်၊ စီအဆင့်များ ခြားနားသတ်မှတ်ကျောင်းဖွင့်နိုင် ရေးကြိုးပမ်းကြရသည့်အခါ စီမံ ဆောင်ရွက်ရသူများ ရုန်းကန်ကြ သည့်နည်းတူ ဝေဖန်အကြံပြု စောဒကတက်ကြသံများအကြား အမြင် အယူအဆသည်လည်း အမျိုးမျိုးအဖုံဖုံ ကြားနေရသည်။ အသံနားထောင်သူက နား ထောင်၊ နှစ်သိမ့်အားပေးသူက နှစ်သိမ့်အားပေး၊ ဝေဖန်သူက ဝေဖန်ဆိုသည်မှာလည်း ထိန်းညှိ ထိန်းကျောင်းခြင်း အကြောင်း တစ်ပါးမဟုတ်ပါလား။ မူလ ဘူတ ရည်ရွယ်ရင်းမှာ ကျန်းမာ ရေးနှင့် ပညာရေး အားကောင်း သန်စွမ်းရေးအတွက်ဖြစ်ပေသမို့ စိတ်ပျက်ရမည့်အခြေအနေတစ်ခုလည်းမဟုတ်ပါ။ ညှိကြနှိုင်းကြ၊ နှီးနှောကြ၍ အနာဂတ်ကို ပုံဖော် ကြခြင်းပင်ဖြစ်သည်။

သူ့အနာ၊ ကိုယ့်အနာ၊ အနာ သိသူအချင်းချင်းအကြား ဒဏ်ရာ အနာတရ ရှိခဲ့ဖူးသူများသည်ကား ကျောင်းပိတ်ထားသည်ထက် ကျောင်းဖွင့်ထားသည်ကို လိုလား နှစ်သက်ကြပါမည်။ အချိန်ကာ လတစ်ခုကို မလိုအပ်ဘဲ ပြုန်းတီး သည်မှာ တစ်ကိုယ်ရေဘဝက အစပြု၍ မိသားစု၊ ရပ်ရွာ၊ နိုင်ငံ နှင့် ကိုယ်တို့မြေကမ္ဘာကြီးအထိကို အကျိုးသက်ရောက်မှု ကြီးမား များပြားလှသည်မဟုတ်ပါ လား။ ကျောင်းတံခါးများ ဖွင့်ခြင်းသည် ထောင်တံခါးများ ပိတ်ခြင်းမည် သည်ဟု ဆိုရိုးလည်းရှိသည် မဟုတ်ပါလား။ ကျောင်းဖွင့်နေ့ ရက်များနှင့်အတူ ကျောင်းသား ကြီး၊ ကျောင်းသားငယ်များအ ကြား အမောင်ကျောင်းသားလေး လုပ်ချင်ပါသေးသည်။

ဟန်ဆန်း

(အဆိုပါအက်ဆေးကို 7Day News Daily တွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၄ ရက်နေ့က ဖော်ပြပါရှိခဲ့သည်။)

Please follow and like us: