မြေပြင်မှလာသော…

7Day News Daily သတင်းစာပါ အက်ဆေးဖော်ပြချက်ပုံ ဖြစ်သည်။

ဘီးသုံးဘီးတပ်၊ လူ့အားအခြေပြုယာဉ်ငယ်လေးကို ကိုယ်တို့ တညီတညွတ်တည်း ခေါ် လိုက်ကြသည်မှာ ဆိုက်ကားဖြစ်သည်။ ဆိုက်ကားနင်းသူ၊ မောင်းနှင်သူကို ဆိုက်ကားဆရာ၊ သို့ တည်းမဟုတ် အနှေးယာဉ်လုပ်သားဟု ခေါ်ကြပြန်သည်။ အရပ် အခေါ်မှာ ဆိုက်ကား၊ ဆိုက်ကားသမားဟု ဖြစ်သည်။ ဆိုက်ကားနှင့်အလားသဏ္ဌာန်တူသည့် ဘီး သုံးဘီးတပ်၊ လူ့အားအခြေပြု ယာဉ်ငယ်လေးများကို ပြည်ပနိုင်ငံအချို့မှာလည်း တွေ့ရတတ် သည်။ ကိုယ်တိုင်သိ၊ ကိုယ်တွေ့ ဆိုရင်ဖြင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ဘီးသုံးဘီးတပ်ဆိုက် ကားများဖြစ်ပါသည်။ မြို့တွင်း သယ်ယူပို့ဆောင်ရေးဖြစ်သည့် မနီးလွန်း၊ မဝေးလွန်းသော ခရီးများကို ဆိုက်ကားဖြင့် သွားနိုင် လာနိုင်၊ သယ်ယူပို့ဆောင်နိုင်ပါသည်။ ဆိုက်ကားနင်း၍ အသက်မွေးသည့် ဆိုက်ကားဆရာကြီးများသည် သယ်ယူပို့ဆောင်ရေး တာဝန်တစ်ခုတည်းကိုသာ ယူထားကြသူများမဟုတ်ပါ။ ရပ်ကွက်ကျေးရွာအတွင်းက  သူတို့ဝန်ဆောင်မှုပေးနေကြရသော ရဟန်းရှင်လူများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကိုလည်း  အထိုက်အလျောက်တာဝန်ယူကြရသည်များလည်း ရှိပါသည်။ မီတာခဆောင်ခြင်း၊ ဆေးခန်းပို့ခြင်း၊ ကျောင်းပို့ကျောင်းကြိုခြင်း၊ ဈေးဝယ်ခြင်း စသည်စသဖြင့်အိမ်မှုရေးရာကိစ္စများတွင်လည်း စိတ်ချရသော၊ အားကိုးရသော ဆိုက်ကားဆရာကြီးများသည် ရပ်ကွက် ကျေးရွာလူမှုဘဝအတွင်းတွင် ရှိတတ်ကြပါသည်။ သူတို့ကို အားကိုးအားထားရပါသည်။ ဆိုက်ကားဆရာလေး မိုးဝင်းဆိုသူကို အိမ်အတွက် ကိုယ့်မဟေသီက  အတော်လေး အားကိုးအားထားပါသည်။ သူ့သွားရေးလာရေးကိစ္စများအတွက် ပို့ဆောင်ပေးသည့်အပြင် လျှပ်စစ်မီတာခဆောင်သည်မှစ၍ ဈေးနှင့်ဈေးဆိုင်များမှ တိုတိုထွာထွာ လိုအပ်သည်များအတွက် အားကိုးရပါသည်။ စိတ်ချရပါသည်။ ကိုယ့်မဟေသီစကား အကိုးအားဖြင့် ပြောရလျှင် မိုးဝင်းကို စိတ်မချရသည့် ကိစ္စမှာ နံနံပင်ဝယ်ခိုင်းရသည့်ကိစ္စတစ်ခုပင် ဖြစ်ပါသည်။ တရုတ်နံနံ၊ ရှမ်းနံနံ နှင့် နံနံပင်ဆိုသော အမည်နာမများနှင့် ခပ်ဆင်ဆင် အရောင်တူ များအကြား မိုးဝင်းသည် ဗျာများ ရပါသည်။ လိုချင်သောနံနံပင်ကိုလည်း မရခဲ့ပါ။

သည်လို အားကိုး၊ အားထားရသော ဆိုက်ကားဆရာများ၏ ဘဝအား နမူနာပြခိုင်းနှိုင်း၍ ဘ၀တွင် ပညာကို ကောင်းမွန်စွာ မသင်ကြားပါက သူတို့လို ပင်ပင်ပန်းပန်း ဆိုက်ကားနင်းရမည်ဟု ဆိုဆုံးမကြသည်ကိုလည်း သတိပြုမိ ကြပါလိမ့်မည်။ ထိုသို့ နမူနာပေးခိုင်းနှိုင်းပြသည့်တိုင်အောင်  မြေပြင်တွင် ပညာတတ်ဘွဲ့ရ အနှေးယာဉ်လုပ်သား ဆိုက်ကားဆရာကြီးများကို တွေ့ဖူးကြားဖူး နေရပါသည်။ ကိုယ့်ငယ်ဘဝကို  ပြန်ပြောင်း တွေးဆကြည့်သည့်အခါ ကိုယ်ကျောင်းစတက်ချိန်တွင် ပုံမှန်ကျောင်းကြို ကျောင်းပို့ခဲ့သူမှာ ဆိုက်ကားဆရာကြီးများဖြစ်ပါသည်။ စိတ်ထားကောင်းရန် ပထမဆိုသကဲ့သို့ စိတ်ထားကောင်းသူ ဆိုက်ကားဆရာကြီး၏ စောင့်ရှောက်မှုအောက်မှာ လုံခြုံခဲ့ရပါသည်။ လက်ရှိကိုယ်နေထိုင်ကြီးပြင်းရာ ရပ်ကွက်အတွင်းမှာလည်း ဆိုက်ကားဆရာကြီးများကို နေ့စဉ်မပြတ်မြင်တွေ့ခဲ့ရသည်။ သူတို့ကို လေ့လာကြည့် မိသရွေ့ သူတို့သည် သတင်းစာ ဖတ်ကြသကဲ့သို့ နိုင်ငံအရေးကိစ္စများတွင် သူတို့သည် မြေပြင်အ ခြေအနေကို သိတတ်ကြပါသည်။ နိုင်ငံရေးဂရု(ပ်)၊ နိုင်ငံရေးသုခမိန်ကြီးများကဲ့သို့ တတ်သိနားလည်မှု၊ ချဉ်းကပ်သုံးသပ်မှုများ ရှိကောင်းမှ၊ ရှိကောင်းနိုင်ပေမယ့် သူတို့သည် မြေပြင်က လူထုလိုအပ်ချက်ကို ကောင်းကောင်း သိကြပါသည်။ သို့သည်လိုကြောင့် သူတို့ဆီက မြေပြင်အသံကို ကြားရနိုင်သကဲ့သို့ ပြည်သူ့အသံကို ကောင်းကောင်းကြားရနိုင်သည် မဟုတ်ပါလား။ သူတို့ဆီကို ကိုယ့်ဆန္ဒတွေ တပ်ဆင်သည်ထက် သူတို့ဆီက ပြည်သူ့ဆန္ဒကိုနားထောင်ခြင်းက ပိုမိုလှပအကျိုးရှိနိုင်ပါမည်။ သူတို့ဆီရှိသော မူလပင် ကိုဆန္ဒလေးကိုလည်း သူ့အတိုင်းထား၍ မူရင်းမပျက်သင့်သည် မဟုတ်ပါလား။

မြန်မာ့ဆိုက်ကားဟု ဆိုနိုင်သော ဆိုက်ကားဆိုသည့် ယာဉ်အမျိုးအစားမှာလည်း ၁၃၀၀ ပြည့်အရေးတော်ပုံကြီးနှင့်အတူ မန္တလေးမြို့မှ စတင်ပေါ်ပေါက်လာသည်ဟု ဆိုနိုင်မည်ဖြစ်ပါ သည်။ စာရေးဆရာမကြီး လူထု ဒေါ်အမာရေးသားသော ရတနာပုံ မန္တလေး၊ မန္တလေး၊ ကျွန်မတို့ မန္တလေး စာအုပ်တွင်  မြန်မာ့ဆိုက်ကားပေါ်ပေါက်လာပုံ ရေးသားထားသည်ကို စိတ်ဝင်စားဖွယ်ဖတ်ရပါသည်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးတွင် ဓာတ်ရထားများ ကို ဆန့်ကျင်ကြရာမှ ဆိုက်ကားသည် မန္တလေး၊ ညောင်ပင်ဈေးရပ်  စက်ဘီးအဟောင်းတစ်စီးမှ အစပြု၍ ၁၉၃၈ ခုနှစ်တွင် စတင်ပေါ် ပေါက်သည်ဟု ဆရာမကြီး လူထု ဒေါ်အမာ၏စာက ဆိုသည်။ မန္တလေးမြို့၏ မူလဘူတရှိရင်းစွဲ  ပထဝီအနေအထားကြောင့်လည်းကောင်း၊ အဘက်ဘက်မှ လိုအပ်နေသော လိုအပ်ချက်များကိုအံဝင်ခွင်ကျ ဖြည့်ဆည်းပေးနိုင်ခြင်းကြောင့်လည်းကောင်း မြန်မာ့ ဆိုက်ကားသည် မန္တလေးမှသည် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပျံ့နှံလာခဲ့သည်မှာ နှစ်ပေါင်း ၈၀ ကျော်ခဲ့ပါပြီ။ ကြာညောင်းလှသည့် ကာလများအကြားက သူတို့နှင့်ပတ်သက်သောအကြောင်း ကိစ္စပေါင်းများစွာရှိသည်များအနက် ကထိန်ကာလ ကထိန်ခင်းနိုင်ရန် အားထုတ်ကြသည့် ဆိုက်ကားဆရာကြီးများ၏ လုံ့လနှင့်သူတို့အလှူသည် ကြည်နူးနှစ်သက် ဝမ်းမြောက် သာဓုခေါ်စရာဖြစ်ပါသည်။ ဆိုက်ကားဆရာကြီးများ ကြီးမှူးသည့် အလှူဖြစ်ပေမယ့် ရပ်ရွာ လူထုပူးပေါင်းမှုကအပြည့်အဝ မဟုတ်ပါလား။ ထိုကာလတွင် နားသည်းခံရသည့် လော်စပီကာသံ ခပ်ဆူဆူ၊ ခပ်ညံညံကိုဖြင့် ရပ်ရွာက သည်းခံပေးကြရသည် မှာအခြားသောကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။ ထို့အတူ မိုးတွင်းကာလ မိုးရွာသောညများ၌ အိမ်မှကား ကိုထုတ်၍ ဆိုက်ကားဂိတ်တကာမှ ဆိုက်ကားဆရာကြီးများကို ကျပ်တန်ကလေးများ လက်ဖက်ရည်ဖိုးပေးတတ်သည့် စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာကြီးဆရာ သာဓု၏ စာနာထောက်ထားတတ်သည့် စိတ်ကလေးကိုလည်း မှတ်သားနာယူ၊ အတုယူသင့်လှပါသည်။

ဒီမိုကရေစီစနစ်တွင် ဆိုက်ကားဆရာလည်း သမ္မတဖြစ်နိုင်သည်ဟု ဆိုကြသကဲ့သို့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းကာလများမှ ယနေ့အထိသော မြန်မာ့ရွေးကောက်ပွဲ မဲဆွယ်ကာလများအကြားတွင် ဆိုက်ကားဆရာကြီးများသည် အာရုံစိုက်ခံရသောသူ များဖြစ်လာကြသည်။ သူတို့သည် သူတို့ယုံကြည်အားကိုးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံကို ဆိုက်ကားတစ်စီးလုံး အပြည့် သူတို့၏ ပင်ကိုဆန္ဒဖြင့် တပ်ဆင်လွှင့်ထူခဲ့ကြသည်။ ယခု ကာလ၊ ရွေးကောက်ပွဲနီးချိန်မှာလည်း ပါတီအချို့သည် ဆိုက်ကားဆရာကြီးများထံချဉ်းကပ်၍ သူတို့၏ ပါတီအလံနှင့်အရောင်များကို လွှမ်းမိုးနိုင်ရန် အားထုတ်လာကြပါသည်။ ထိုသို့သောအခါ ကိုယ်တို့သည် အရပ်ထဲရှိ ရင်းနှီးသောဆိုက်ကားဆရာကြီးများကို တွေ့ဆုံရပါက ကိုယ့်ဆရာ၊ ခင် ဗျာ . . .၊ ဘာအရောင် ကြိုက်သလဲဗျလို့ စကားဝှက်မေး၊ မေးသလို မေးမိပါသည်။ လူပေါင်းစုံ၊  အလွှာပေါင်းစုံကို နေ့စဉ်နှင့်အမျှ ထိတွေ့ဆက်ဆံနေသူများထံက မြေပြင်အသံကို ကိုယ်သည် စနည်းနာ နား ထောင်နေရမြဲဖြစ်သည်။ ဆိုက်ကားဆရာကြီးများ ထံပါးက အသံကို နားစွင့်ရသည် မှာ ဓမ္မတာတစ်ခုဖြစ်သကဲ့သို့ သူ့ ကိုယ်ရေးကိုယ်တာ မထိပါးသော အနေအထား တစ်ခုကိုလည်း သတိထား မေးရ၊ နားထောင်ရသည်။

သို့သည်လိုဖြင့် ကိုယ့်မဟေသီ အားကိုးအားထားရသည့် ဆိုက်ကားဆရာလေး မိုးဝင်းနှင့် အတွေ့တွင် ကိုယ်သည် အထက်ပါစကား ‘‘ကိုယ့်ဆရာ ဘယ်လို လဲ’’ဟုမေးမိမြန်းမိပါသည်။ ကိုယ့်အမေး သူ့အဖြေမှာ ကိုယ်သည် သူ့ကို လေးစားမိရပါသည်။ သူ့အဖြေမှာ သူသည် နယ်မှဖြစ်၍ သူ့ လက်ရှိနေထိုင်ရာဒေသတွင်း မဲပေးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ သူဘယ်သူ့ကို မဲပေးရမည်ကို ကောင်းစွာသိကြောင်းနှင့် အစိုးရ တစ်ရပ်၏ လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်နိုင်ရန် တိုတောင်းသည့်အချိန်တစ်ခုတွင် မလုံလောက်ပါသဖြင့် နောက်ထပ်အချိန်တစ်ခု ထပ်မံပေးရဦးမည်ဟု ဖြစ်ပါသည်။ ထိုစကားများအတွက် အားတက်ကျေနပ်၊ လေးစားရပါသော်လည်း သူ့ထံပါးက ကိုယ့်ရင်ကို ထိစေသော အနားသတ်စကားတစ်ခွန်းမှာ ‘‘လာမယ့် ငါးနှစ်မှာလည်း ကျွန်တော်တို့ကို ရဲ(ယာဉ်ထိန်းရဲ) လိုက်ရင် ပြေးနေရဦးမှာပဲ … အစ်ကို’’ ဟု ဖြစ်လေသည်။

ဟန်ဆန်း

(အဆိုပါအက်ဆေးကို 7Day News Daily တွင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်နေ့က ဖော်ပြပါရှိခဲ့သည်။)

Please follow and like us: