၀ဿန်ရုပ်ရှင် စမ်းသပ်ခန်းမှသည်

ကိုးကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်၊ ဓာတ်ပုံ – ဟန်ဆန်း

၀ဿန်ရုပ်ရှင်ပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်မှ ၉ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့ပါသည်။ ရုပ်ရှင်ပွဲတော်တစ် ခု၏ အင်္ဂါရပ်များနှင့်အညီ ပြိုင်ပွဲဝင်ဇာတ်ကားများ ပါဝင်ယှဉ်ပြိုင်စေခြင်း၊ ဒေသအတွင်းနှင့်နိုင်ငံတကာမှ ရုပ်ရှင်ကားများကို ပြသ ခြင်း၊ ရုပ်ရှင်ရိုက်ကူးသူများကို ဖိတ်ခေါ်၍ ဆွေးနွေးစေခြင်းနှင့် အခြားသော အတတ်ပညာဆိုင်ရာဆွေးနွေးခြင်း စသည့်အစီအစဉ် များ ထည့်သွင်းခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထိုသို့သော အစီအစဉ်များစွာအနက်မှ ရုပ်ရှင်ပွဲတော်၏ အဖွင့်ရုပ်ရှင်ဇာတ်ကားအဖြစ် “ပြာပြာညိုရောင် မှိုင်းတလဲ့လဲ့” ဇာတ်လမ်းတိုရုပ်ရှင်ဇာတ် ကားကို ပြသခဲ့ပါသည်။

ပြာပြာညိုရောင် မှိုင်းတလဲ့လဲ့

၁၉၉၈ ခုနှစ်အခြေအနေကို အခြေခံ၍ ရိုက်ကူးထားသော ဒါရိုက်တာ အောင်ဖြိုး၏ “ပြာပြာညိုရောင် မှိုင်းတလဲ့လဲ့” ဇာတ်လမ်းတိုရုပ်ရှင်ကားကို ဝဿန်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲရုပ်ရှင်ကားအဖြစ် ပြသခဲ့ပါသည်။ နယ်ပြောင်းရမည့် အစိုးရဝန်ထမ်း မိသားစုအတွင်းမှ ခင်ပွန်း၊ ဇနီး၊ သားနှင့် လိုင်းခန်းနီးနားချင်းတစ်ဦးတို့၏ ညတစ်ညတာအတွင်း ဖြစ်တည်ပျက်ခဲ့သော အကြောင်းကို ရိုက်ကူးထားသော ဇာတ်ကားတို ဖြစ်ပါသည်။ ထိုဇာတ်ကားကို အင်ဒီပဲန့်ဒင့်ရုပ်ရှင်သမားများအကြားတွင် စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါသည်။ ထိုဇာတ်ကားသည် ဒါရိုက်တာ အောင်ဖြိုး၏ ဒုတိယမြောက် ဇာတ်လမ်းတိုရုပ်ရှင်ကားဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ကျင်းပသော ၇၂ ကြိမ်မြောက် လိုကာနိုရုပ်ရှင်ပွဲတော်၏ ပြိုင်ပွဲဝင်ဇာတ်ကားအဖြစ် ရွေးချယ်ခံ ရသောဇာတ်ကားလည်း ဖြစ်ပါသည်။

ပြိုင်ပွဲဝင်ရုပ်ရှင်ဇာတ်ကားများနှင့်ပတ်သက်၍

ကိုးကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်တွင် ပြိုင်ပွဲဝင်ဇာတ်ကားပေါင်း ၁၂ ကားကို ရွေးချယ်ပြသခဲ့ပါသည်။ ရုပ်ရှင်ပွဲတော်သို့ ပေးပို့လာသော ပြိုင်ပွဲ ဝင် ဇာတ်ကားပေါင်းများစွာအနက်မှ မှတ်တမ်းရုပ်ရှင်ဇာတ်ကား(၆)ကားနှင့် ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကား(၆)ကားတို့ကို ဝဿန်ရုပ်ရှင်ပွဲ တော်က ရွေးချယ်ခဲ့ပါသည်။ မှတ်တမ်းရုပ်ရှင်များကို လေ့လာကြည့်ရာတွင် မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် ဇာတ်ကား(၂)ကား၊ အနုပညာ သမား၏ ရုပ်ပုံလွှာနှင့်သက်ဆိုင်သည့် ဇာတ်ကား(၂)ကားနှင့် လူမှုဘဝဖြင့်သက်ဆိုင်သည့်ဇာတ်ကား(၂)ကားဟူ၍ တွေ့ရပါသည်။ ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားများကို လေ့လာကြည့်ရာတွင် ထိုဇာတ်ကားများသည် နိုင်ငံရေးရနံ့ နည်းပါးကင်းစင်၍ ရုပ်ရှင်ရသဘက်သို့ တိမ်သည့် အနုပညာလက်ရာများအဖြစ် တွေ့ရပါသည်။ ရုပ်ရှင်အသိပညာနှင့်အတတ်ပညာတို့၏ စံနှုန်းများဖြင့် တိုင်းတာအကဲဖြတ်ပါက အငြင်းပွားရဖွယ်ရှိ နိုင်ပါသော်လည်း ရုပ်ရှင်ရသဘက်သို့ ရုပ်ရှင်ရိုက်ကူးသူများ တိမ်ညွတ်နေသည်ကို အငြင်းပွားဖွယ်ရာမရှိပါ။ ၀ဿန်ရုပ်ရှင်ပွဲတော်က ဦးတည်ရည်ရွယ်သော ရည်ရွယ်ချက်နှင့် သဘောတွေ့နိုင်သည်ဇာတ်ကားများဖြစ်သည်ဟု သုံးသပ်မိပါသည်။ ပြိုင်ပွဲဝင်ဇာတ်ကား(၁၂)ကားနှင့်ပတ်သတ်၍ ဇာတ်ကားတစ်ကားချင်းစီအပေါ် ရှု့မြင်သည့် ရှု့မြင်သုံးသပ်ချက်များကို တင်ပြလိုက်ပါသည်။

ဘိန်းစိုက်တောင်သူ

ကိုးကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မှတ်တမ်းရုပ်ရှင်ဇာတ်ကားများအနက် ဒါရိုက်တာ စုစုလှိုင် ရိုက်ကူးသည့် ဘိန်းစိုက်တောင်သူဇာတ်ကားကို အကောင်းဆုံးမှတ်တမ်းဇာတ်ကားအဖြစ် ရုပ်ရှင်ပွဲတော်၏ ဆုရွေးချယ်ရေးအဖွဲ့က ဆုပေးခဲ့ပါသည်။ ထိုဇာတ်ကားသည် ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်တောင်သူတို့၏ လက်တွေ့ဘဝနှင့်မြေပြင်အခြေအနေကို ထင်ဟပ်ပြသသွားနိုင်ပါသည်။ အကြောင်းအရာ အားကောင်းခြင်း၊ အချက်အလက်အားကောင်းမျှတခြင်းတို့အပြင် ကြည့်ရူ့သူ၏ စိတ်လှုပ်ရှားမူကို လှုပ်နှိုးနိုင်သောပြကွက်များနှင့် ရုပ်ရှင်၏ရသဖြစ်သော ပြကွက်လေးများကို ပိပိရိရိ သေသေသပ်သပ် ထည့်သွင်းပြသနိုင်ခြင်းတို့ကြောင့် နှစ်သက်ရပါသည်။ ထိုသို့ နှစ်သက်မိစေသော ပြကွက်များမှာ ကလေးနှင့်မိခင်နှစ်ဦးတည်း အရိုးခံအတိုင်း ချစ်စဖွယ် စကားစမြည်ပြောနေကြခြင်း၊ စိုက်ခင်းများအကြားတွင် လင်နှင့်မယားနှစ်ဦးသည် မိသားစုကိစ္စ၊ သားသမီးများ၏ နောင်ရေးကိစ္စ၊ ဝမ်းရေးအတွက် ရတက်မအေးရသောကိစ္စ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍကိစ္စနှင့် ပညာမသင် ကြားနိုင်ခဲ့သည့် ကိစ္စများကို ဆွေးနွေးကြသည်တို့ ဖြစ်ပါသည်။ ထိုသို့သော ပြကွက်များကို အမိအရမှတ်တမ်းတင်နိုင်ခဲ့ပြီး ဘိန်းစိုက်တောင်သူ တို့၏အခြေအနေကို အရင်းခံအတိုင်း ထင်ဟပ်တင်ပြ နိုင်ခဲ့ပါသည်။

No Country for Women

No Country for Women ဇာတ်ကားသည် ပြိုင်ပွဲဝင်မှတ်တမ်းတင်ဇာတ်ကားတစ်ခုဖြစ်ပြီး ဒါရိုက်တာ ဆိုင်းမိုင်က ရိုက်ကူးပါသည်။ ကချင် ပြည်နယ်အတွင်းရှိ မူးယစ်ဆေးစွဲနေသည့် ကချင်အမျိုးသမီးများအကြောင်း၊ သူမတို့အတွက် ဆေးဖြတ်ခန်းလိုအပ်နေမှုနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ လိုအပ်နေကြောင်းတို့ကို ရိုက်ကူးထားသော ဇာတ်ကားဖြစ်ပါသည်။ မူးယစ်ဆေး၏ သားကောင်ဖြစ်နေရရှာသော အမျိုးသမီးတို့ ၏အကြောင်းကို မမေ့မလျော့ထုတ်ဖော်တင်ပြမူကို လေးစားအသိအမှတ်ပြုရပါသော်လည်း သတင်းပေးတင်ဆက်သောဟန်များ အလွန်ကဲနေပြီး မှတ်တမ်းရုပ်ရှင်ဇာတ်ကား၏ အနှစ်သာရဖြစ်သော ဖြစ်ရပ်မှန်အတွင်းမှ ရုပ်ရှင်ရသကို ရှာဖွေပြသနိုင်မူ အားနည်းသည်ဟု ခံစားမိပါသည်။

အိမ်အပြန်

အိမ်အပြန်(Going Home)ဇာတ်ကားကို ဒါရိုက်တာ ချစ်မိုးပျိုက သူ၏ ဒေသဖြစ်သော ကယားပြည်နယ်သို့ အပြန်ခရီးအတွင်း ကြုံတွေ့ရသည့် ရိုးရာဓလေ့များအကြောင်း၊ တောင်ယာမီးရှိုးပွဲအကြောင်း၊ ဒေသခံတို့၏ ပညာသင်ယူရန်ခက်ခဲသည့် ကိစ္စများနှင့် ရေမြေတောတောင်သဘာဝများ ကို ရိုက်ကူးပြသထားပါသည်။ ထိုဇာတ်ကားသည် ဒါရိုက်တာ၏ ပထမဦးဆုံးဇာတ်ကားဖြစ်သလို ဒါရိုက်တာက ပြောချင်၊ ပြသချင်နေသည့် အကြောင်းအရာများနှင့် မြင်ကွင်းများသည်  အလွန်များပြားနေသည်ဟု ခံစားမိပါသည်။

Lost Boy

Lost Boy ဇာတ်ကားကို ဒါရိုက်တာ ရှင်သန္တာက ရိုက်ကူးခဲ့ပါသည်။ ကားရေဆေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်နေသော စာရေးစာဖတ် မတတ်သည့် ကောင်လေးငယ်တစ်ဦး၏ အကြောင်းကို ရိုက်ကူးထားပါသည်။ ထိုလူငယ်လေးသည် မိမိဇာတိကိုပင် သေသေချာချာမသိ၊ မပြန် တတ်သူတစ်ဦးဖြစ်သည်။ လူငယ်လေးအနေဖြင့် အိမ်မပြန်နိုင်ကြောင်းကို ဇာတ်ကားတွင်ပြောသည့် စကားများအရသာ သိရပါသည်။ ရုပ်ရှင်တွင် မြင်ရသည်များမှာ ရန်ကုန်ရှိ လုပ်ငန်းခွင်နေရာ တစ်ခုတည်းတွင်သာ ဖြစ်နေပါသည်။ ထိုရုပ်ရှင်တွင် မြင်ခဲ့ရ ကြည့်ခဲ့ရသည်ထက် အတွင်းကျသည့် လူငယ်လေးအကြောင်း အခြားရှု့ထောင့်များကို ပိုမိုကြည့်ရူ့ရလျှင် ကောင်းမည်ဟု တွေးမိပါသည်။ ထိုဇာတ်ကားသည် ဒါရိုက်တာ ရှင်သန္တာ၏ ပထမဆုံးဇာတ်ကားဖြစ်ပြီး ရန်ကုန်ရုပ်ရှင်ကျောင်း(Yangon Film School)တွင် ရုပ်ရှင်ပညာလေ့လာခဲ့သူဖြစ်ပါ သည်။

Por Oo Htoons’ Father

Por Oo Htoons’ Father ဇာတ်ကားကို ဒါရိုက်တာ မိုးသစ်ဆက်ထွန်းက ရိုက်ကူးပါသည်။ ပန်းချီဆရာ ဦးသက်ညွန့်၏အကြောင်းကို ရိုက်ကူးထားပါသည်။ ဦးသက်ညွန့်သည် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်(ပေါ်ဦးထွန်း)၏ ဖခင်ဖြစ်ပါသည်။ မှတ်တမ်းရုပ်ရှင်ဇာတ် ကားကို မပြသမီ တစ်လခန့်အလိုတွင် ပန်းချီဆရာ ဦးသက်ညွန့်သည် ကွယ်လွန်ခဲ့ပါသည်။ ထိုသို့ မကွယ်လွန်မီကာလ အနည်းငယ်တွင် ဒါရိုက် တာသည် မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်ပါသည်။ မိုးသစ်ဆက်ထွန်းသည် ထိုကဲ့သို့ ရုပ်ပုံလွှာမှတ်တမ်းဇာတ်ကားများကို ရိုက်ကူးလေ့ရှိပြီး သူ၏မှတ်တမ်းပြုလိုသော စိတ်ဆန္ဒကို အသိအမှတ်ပြုရပါသော်လည်း ယခုထက်ပိုမိုသော အကြောင်းအရာများကို ဒါရိုက်တာအနေဖြင့် ခပ်နက် နက်တူးစွ၍ စူးစမ်းဖော်ထုတ်နိုင်သေးသည်ဟု ယုံကြည်ရပါသည်။ ယခုထက် ပိုမိုရုပ်လုံးကြွသော ရုပ်ပုံလွှာများကို ကြည့်ရူ့လိုသော ဆန္ဒဖြစ်မိ ပါသည်။

The Art without Boundaries

The Art without Boundaries ဇာတ်ကားကို ဒါရိုက်တာ ဖိုးသာမင်းကွန်းက ရိုက်ကူးပါသည်။ မန္တလေးမြို့တွင် နေထိုင်သော အနုပညာ သည် စူးမြင့်သိန်း၏ ပါဖောင့်မန့်အနုပညာလှုပ်ရှားမှုအကြောင်းကို ရိုက်ကူးထားသော ဇာတ်ကားတစ်ကား ဖြစ်ပါသည်။ ပန်းချီသမား၊ ပန်းပု သမား၊ ပါဖောင့်မန့်အနုပညာသမားအဖြစ် ရပ်တည်နေထိုင်နေသော စူးမြင့်သိန်းအကြောင်းကို ယခုထက်ပိုမို တူးဆွရိုက်ကူးတင်ပြနိုင်သေးသည် ဟု ခံစားမိပါသည်။ အနုပညာသမား စူးမြင့်သိန်းအကြောင်းကို ပိုမိုနားလည်၍ တူးဆွမည်ဆိုပါက စူးမြင့်သိန်းအကြောင်း သတင်းပေးဇာတ်ကား သာသာ မဟုတ်တော့ဘဲ ပိုမိုအားကောင်းသော ရုပ်ရှင်ရသပါဝင်သော ဇာတ်ကားကောင်းတစ်ခုဖြစ်လာနိုင်ပါသည်။

မှတ်တမ်းရုပ်ရှင်ဇာတ်ကားများကို စိတ်ဝင်တစားရိုက်ကူးကြသည်ကို လေးစားအသိအမှတ်ပြုရပါသော်လည်း ယင်းဇာတ်ကားတို့ပါ အကြောင်း များ၏ အတိမ်အနက်နှင့် အနှစ်သာရဖြစ်သော ရသများကို တူးဆွဖော်ထုတ်ပြသမူအပေါ်တွင် ရုပ်ရှင်ကြည့်သူတစ်ဦးအနေဖြင့်လည်းကောင်း၊ လေ့ လာသူအနေဖြင့်လည်းကောင်း အားမလို အားမရဖြစ်ရပါသည်။ မှတ်တမ်းရုပ်ရှင်ဇာတ်ကား၏ အနှစ်သာရဖြစ်သော ရသကို ရရှိနိုင်ရန် ယခု ၀ဿန်ရုပ်ရှင်ပွဲတော်တွင် မြင်ခဲ့ရသည့် မျက်မြင်အနေအထားထက် ပိုမိုရှာဖွေဖော်ထုတ်နိုင်သေးသည်ဟု ပြိုင်ပွဲဝင်မှတ်တမ်းရုပ်ရှင်ဇာတ်ကားများ အပေါ် ခြုံငုံသုံးသပ်ရပါသည်။

လူနာ

ပြိုင်ပွဲဝင် ဇာတ်လမ်းတိုရုပ်ရှင်ကား(၆)ကားအနက် ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း၏ လူနာ(sick)ဇာတ်ကားသည် ဝဿန်ရုပ်ရှင်ပွဲတော်၏ အကောင်းဆုံးဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့ပါသည်။ ငွေကြေးချို့တဲ့သော လူနာနှင့်လူနာရှင်သူငယ်ချင်းတို့၏ ​အခက်အခဲ၊ ရုန်းကန် ရမှု၊ သံယောဇဉ်နှင့် အကြပ်အတည်းများအကြောင်းကို ရိုက်ကူးတင်ပြထားပါသည်။ အကောင်းဆုံးဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားဆုကြောင့် ဒါရိုက်တာ၏ နောင်တွင် ဆက်လက်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားများအတွက် စိတ်ခွန်အားရစေမည်မှာ မလွဲပါ။ သို့သော်လည်း ယခုဆုရ ဇာတ် ကား လူနာ(sick)ရုပ်ရှင်အတွက်ကိုမူ ကျေနပ်အားရမှု နည်းပါးလှပါသည်။ ရုပ်ရှင်ဇာတ်ကားအတွင်း နာဂစ်၏ နောက်ဆက်တွဲ ဆိုးကျိုးခံစား ရကြောင်းကို ခိုင်လုံသော အကြောင်းပြချက်၊ တင်ပြချက်များ မပါဝင်ဘဲ ထည့်သွင်းခြင်း၊ မိမိ၏ ဇာတ်ကားရည်ရွယ်ရာကို ရှင်းလင်းပြတ်သွားစွာ ပုံမဖော်နိုင်ဘဲ ဝေဝါးနေခြင်း၊ ယုတ္တိဗေဒ သို့မဟုတ် ယုတ္တိဗေဒအလွန် ဖြစ်သည်ဟု အကြောင်းပြချက်ကို ကွဲပြားခြားနားစွာ တင်ပြနိုင်သည့် တင်ပြချက်မရှိခြင်းတို့ကြောင့် ထိုရုပ်ရှင်၏ရသကို အပြည့်အ၀ခံစားရရှိခြင်း မရှိခဲ့ပါ။

ကြားနှင့်စိတ်ထိခိုက်

ပြိုင်ပွဲဝင်ဇာတ်ကားများအတွက် ဆုပေးရာတွင် အမြင်သစ်ဆု(New Vision Award)တစ်ဆုကို နှစ်စဉ်ပေးရန် ဝဿန်ရုပ်ရှင်ပွဲတော်က သတ် မှတ်ထားပါသည်။ သို့သော်လည်း အချို့နှစ်များတွင် ဆုပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ယခုနှစ်အတွက်မူ ထိုအမြင်သစ်ဆုကို(၂)ဆု ပေးအပ်ခဲ့ရပါသည်။ ထိုသို့ဆု(၂)ဆုပေးလာရသည်မှာ ဆုရွေးချယ်ရေးအဖွဲ့ဝင်(၃)ဦး အကြား ဒါရိုက်တာ သံလွင်ဦး၏ “ကြား” ဇာတ်ကားနှင့် ဒါရိုက်တာ မျိုးသာ ခင်၏ “စိတ်ထိခိုက်”ဇာတ်ကားနှစ်ကားအနက် ဇာတ်ကားတစ်ကားကို ဆုပေးရန် ညှိနှိုင်းဆုံးဖြတ်ကြရာတွင် ဆုအတွက်အဖြေမရနိုင်ဘဲ ဇာတ် ကားနှစ်ကားလုံးကို ဆုပေးရန်သာ ဆုံးဖြတ်ခဲ့ရပါသည်။

ဒါရိုက်တာ သံလွင်ဦး၏ “ကြား” ဇာတ်ကားသည် နောက်ဖေးလမ်းကြား​နေရာတစ်ခုကို အခြေတည်၍ အမျိုးသားအမျိုးသမီး လူသားနှစ်ဦး အကြား ဘဝတစ်ခု၏ အကြပ်အတည်းနှင့်ပဋိပက္ခအကြောင်းကို ရသမြောက်အောင် ရိုက်ကူးတင်ပြခဲ့ပါသည်။ ဒါရိုက်တာ မျိုးသာခင်၏ “စိတ် ထိခိုက်”ဇာတ်ကားသည် စိတ်ဓာတ်ကျနေသော ရုပ်ရှင်ကျောင်းသားလူငယ်တစ်ဦးအကြောင်းကို ရိုက်ကူးတင်ပြခဲ့ပါသည်။ လတ်ဆတ်ခြင်း၊ ဖန်တီးမူအတတ်ပညာရှိခြင်း၊ ရိုးသားခြင်းနှင့်ရသမြောက်ခြင်းတို့ကို ဇာတ်ကားနှစ်ကားလုံးတွင် တွေ့မြင်ရပါသည်။ ထို့အတူ ဇာတ်ကားနှစ်ကား လုံးတွင် ထူးခြားချက်များရှိနေပြီး ကိုးကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်က အမြင်သစ်ဆုအဖြစ် ဇာတ်ကားနှစ်ကားလုံးကို ဆုပေးအပ်ခဲ့၍ ထူးခြား မူသည် ပိုမို ထင်ရှားလာရပါသည်။

အိပ်တန်းပြန်ငှက်

ဒါရိုက်တာ ညီဇော်ထွေး ရိုက်ကူးတင်ပြသည့် အိပ်တန်းပြန်ငှက် ဇာတ်ကားသည် စာရေးဆရာမ ယဉ်ယဉ်နု(မန္တလေး)၏ ဝတ္ထုတိုတွင် အခြေခံ ရိုက်ကူးထားပါသည်။ ဝဿန်ရုပ်ရှင်ပွဲတော်ဆုရဇာတ်ကားအများစု၏ တည်းဖြတ်သူအဖြစ် လူသိများသူတစ်ဦး၏ ပထမဦးဆုံးဒါရိုက်တာအဖြစ် ရိုက်ကူးသော ဇာတ်လမ်းတိုရုပ်ရှင်ကားလည်း ဖြစ်ပါသည်။ မိသားစုအတွင်း ယောက္ခမနှင့်ချွေးမအကြား မပြေမလည်ဖြစ်ရာမှ ယောက္ခမဖြစ်သူ အမယ်အိုသည် မိသားစုအတွင်းရှိ မိမိပါဝင်ရသည့် အခန်းကဏ္ဍအတွက် သူမ၏ ဘဝတစ်သက်သာတွင် သူမအနေဖြင့် မထင်မှတ်ထားသည့် တောင်းရမ်းသူဘ၀ကို ကြိတ်မှိတ်လက်ခံလိုက်ရသော အကြောင်းအရာတစ်ခုကို ရိုက်ကူးတင်ပြထားခြင်းဖြစ်ပါသည်။ အလွန်ရိုးရှင်းသော ဇာတ် လမ်း၊ ရိုးရှင်း​သော တင်ပြဟန်ဖြစ်သော်လည်း ထိုဇာတ်ကားကို ကြည့်ရူသူပရိသတ်အများစု၏ အားရနှစ်သက်ကျေနပ်ခြင်းကို ရရှိခဲ့ပါသည်။ အထူးသဖြင့် ထိုဇာတ်ကားတွင် အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သော ဒေါ်မြင့်မြင့်သိန်း၏ သရုပ်ဆောင်ချက်များကို နှစ်သက်ကျေ နပ်ကြသည်ကို တွေ့ရပါသည်။ ဝါရင့်သရုပ်ဆောင် မဟုတ်သည့်တိုင်အောင် ဝါရင့်သရုပ်ဆောင်တစ်ဦးကဲ့သို့ သရုပ်ဆောင်နိုင်ကြောင်း မှတ်ချက်ပြု ကြပါသည်။ ထို့ကြောင့် ဒေါ်မြင့်မြင့်သိန်းသည် ဝဿန်ရုပ်ရှင်ပွဲတော်က ချီးမြှင့်ပေးအပ်သည့် အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါသည်။ ယခု နှစ်တွင် ပရိသတ်အကြိုက်ဆုံး ဇာတ်ကားတိုဆုကိုလည်း ပရိသတ်က မဲပေးသောစနစ်ဖြင့် ရွေးချယ်ခဲ့ရာတွင် အိပ်တန်းပြန်ငှက်သည် ပရိသတ် အကြိုက်ဆုံး ဇာတ်ကားဆုကို ရရှိခဲ့ပါသည်။

ရိုက်ကူးပြသမှု သေသပ်ခြင်း၊ ဇာတ်ကားအတွက် တာဝန်ယူကြသူအသီးသီးတို့၏ စုပေါင်းအားထုတ်မှုကို ထင်သာမြင်သာ မြင်ရခြင်းနှင့် စနစ် ကျနသေသပ်သော ထုတ်လုပ်မှုတို့အတွက် ကျေနပ်အားရဖွယ်ရာ ကောင်းပါသည်။ ရုပ်ရှင်ကြည့်သူတစ်ဦးအနေဖြင့် ဇာတ်ကားတစ်ကားလုံးကို ကြည့်ပြီးချိန်တွင် ကျေနပ်နှစ်သက်သည်ဟု ခံစားမိပါသည်။ သို့သော် တောင်းရမ်းသူဘ၀ကို ခံယူလိုက်ရသည့်တိုင်အောင် အမယ်အိုနှင့်သူမ၏ မိသားစုသည် ဆင်းရဲမွဲတေနေပါသလားဆိုသော အတွေးနှင့် အလုပ်လက်မဲ့ သက်ကြီးရွယ်အိုတစ်ယောက်က မိမိ၏အခန်းကဏ္ဍအတွက် ရွေးချယ် မှုတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်လိုက်နိုင်ရန် အကြောင်းပြချက်များ ပြသခြင်းသည် ခိုင်လုံ လုံလောက်ပါသလားဟု သံသယအတွေး ဖြစ်မိပါသည်။ ထိုသံသယအတွေးသည် နှစ်သက်ကျေနပ်မှုကို အားနည်းစေခဲ့ပါသည်။

ကွဲကြေနှင့် Behind

ပြိုင်ပွဲဝင်ဇာတ်လမ်းတိုရုပ်ရှင်ကားများအနက် ဒါရိုက်တာ စည်သူကျော်၏ Behind နှင့် ဒါရိုက်တာ အောင်ကို၏ “ကွဲကြေ”ဇာတ်ကားများ သည်လည်း အထိုက်အလျောက်အားထုတ်ထားသည့် ဇာတ်ကားများဖြစ်သည်ဟု အသိအမှတ်ပြုရပါသည်။ “ကွဲကြေ” သည် စိတ်ထိခိုက်လွယ် သည့်သူတစ်ဦးအကြောင်းကို တင်ပြထားပါသည်။ Behind သည် မိသားစုအတွင်းမှ သံသယကြောင့် ကြုံရသည့်အကြောင်းကို တင်ပြထားပါ သည်။ ကြိုးစားထားသော်လည်း တင်ပြဟန်များ၊ ရသပညာချဉ်းကပ်မှုများနှင့် ရုပ်ရှင်အတတ်ပညာအသုံးပြုမှုတို့သည် သမားရိုးကျဖြစ်နေသေးသည်ဟု တွေးထင်ခံစားမိပါသည်။

ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားများသည် ရုပ်ရှင်ရသဘက်နှင့်ရုပ်ရှင်အနုပညာဘက်သို့ တိမ်ညွတ်ရန်အတွက် စိတ်ဝင်စားမှု အရိပ်အယောင်များ ရှိနေသော်လည်း  ရသပညာကို သိနားလည်မှုအားနည်းခြင်း၊ ဇာတ်လမ်းအကြောင်းအရာ၏ အတိမ်အနက် အနှစ်သာရအတွင်းစည်းကို ထုတ်ယူ ပြသနိုင်မှု အားနည်းခြင်း၊ မိမိဇာတ်လမ်းအတွက် အနုစိတ် အသေးစိတ် တင်ပြရမည့်အချက်အလက်နှင့် ရုပ်ရှင်ရသအတွက် အနှစ်ထုတ်တင်ပြရ မည့် အနှစ်သာရထုတ်ယူနိုင်မှု အားနည်းခြင်းတို့ကို တွေ့မြင်ရပါသည်။ ရိုက်ကူးထုတ်လုပ်မှု အရေအတွက်၊ ပွဲတော်များတွင် ပါဝင်ပြသနိုင်မှု အကြိမ်အရေအတွက်တို့ထက် ရုပ်ရှင်အနုပညာအတွက် ရည်ညွှန်းကိုးကားပြသနိုင်လောက်သည့် ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားကောင်းများ ပေါ် ထွက်လာရေးအတွက် လိုအပ်နေသေးကြောင်းနှင့် ထိုသို့ထွက်ပေါ်လာရန် စိတ်အား၊ လူအား၊ အနုပညာအားနှင့်အတတ်ပညာအားများ ပိုမိုစိုက် ထုတ်ရန် လိုအပ်နေသေးကြောင်း ပြိုင်ပွဲဝင်ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားများအပေါ် ခြုံငုံသုံးသပ်ပါသည်။

၁၀ နှစ်ပြည့်မည့် ၀ဿန်

လာမည့်နှစ် ၂၀၂၀ ပြည့်နှစ်သည် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်မည့်နှစ်ဖြစ်ပြီး ဝဿန်ရုပ်ရှင်ပွဲတော်သည်လည်း လာမည့်နှစ်တွင် ၁၀ နှစ်ပြည့်မည် ဖြစ်ပါသည်။ ၁၀နှစ်ပြည့်တော့မည့် ဝဿန်ရုပ်ရှင်ပွဲတော်ကိုရည်မှန်း၍ အင်ဒီပဲန့်ဒင့်ရုပ်ရှင်သမားများသည်လည်း ရုပ်ရှင်များရိုက်ကူးရန် အားထုတ်နေကြသည်ဆိုသောအသံများလည်း ကြားနေရပါသည်။ ၁၀ နှစ်ပြည့်၀ဿန်တွင် မိမိတို့၏ ရုပ်ရှင်ဇာတ်ကားများ ပြသခွင့်ရရုံ သို့မဟုတ် ပြသခွင့်ရမည်ဆိုသော အတွေးထက် ၁၀ နှစ်ပြည့်၀ဿန်ရုပ်ရှင်ပွဲတော်တွင် မိမိတို့၏ ကြိုးပမ်းအားထုတ်ထားသော အကောင်းဆုံးရုပ်ရှင်ဇာတ်ကားကို မှတ်ကျောက်အတင်ခံမည်ဆိုလျှင် ၁၀ နှစ်ပြည့် ၀ဿန်ရသသည် အလွန်လှပနှစ်လိုဖွယ်ကောင်းပါလိမ့်မည်။ ကိုးကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်ကျင်းပချိန် စက်တင်ဘာ ၄ မှ ၉ ရက်နေ့အထိ လာရောက်ကြည့်ရူ့သော အရွယ်စုံအလွှာစုံ ရုပ်ရှင်ကြည့်ပရိသတ် စုစုပေါင်း ၄၀၉၃ ဦး ရှိသည်ဟု သိရပါသည်။ ထို့အတူ ကိုးနှစ်တိုင်အောင် ၀ဿန်ရုပ်ရှင်ပွဲတော်တိုင်းကို နှစ်စဉ်လာရောက်ကြည့်ရူနေသော ရုပ်ရှင်ချစ်သူများကိုလည်း တွေ့ရပါသည်။ ထိုရုပ်ရှင်ချစ်သူများသည်လည်း ၁၀ နှစ်ပြည့် ၀ဿန်ရုပ်ရှင်ပွဲတော်မှ ဇာတ်ကားကောင်းများကို ကြည့်ရူရန် မျှော်လင့်နေကြမည် ဖြစ်ပါသည်။ ၀ဿန်ရုပ်ရှင်ပွဲတော်သည် တစ်နှစ်ထက် တစ်နှစ် ကြီးပြင်းလာသကဲ့သို့ ပြိုင်ပွဲဝင်ရုပ်ရှင်ဇာတ်ကားများ၏ အရည်အသွေးသည်လည်း တစ်နှစ်ထက် တစ်နှစ် မြင့်မားလာရန် မျှော်လင့်ကြမည်ဖြစ်ပါသည်။

ရုပ်ရှင်စမ်းသပ်ခန်း

၀ဿန်ရုပ်ရှင်ပွဲတော်တွင် နိုင်ငံတကာရုပ်ရှင်များပြသခြင်း၊ အာဆီယံဒေသအတွင်းမှ ရုပ်ရှင်များ ပြသခြင်းနှင့် အခြားသော ထူးခြားသည့် အစီအစဉ်များကိုလည်း ပုံမှန်အတိုင်းထည့်သွင်းပေးထားခဲ့ပါသည်။ ထိုအစီအစဉ်များအားလုံးသည် ရုပ်ရှင်ရိုက်ကူးသူများအတွက် လေ့လာချင်စရာ ကိစ္စဖြစ်ပြီး ရုပ်ရှင်ဝါသနာအိုးနှင့် ရုပ်ရှင်ချစ်သူများအတွက် ရသမျိုးစုံကို မြည်စမ်းကြည့်ချင်စရာ ဖြစ်ပါသည်။ ရုပ်ရှင်လေ့လာသူတစ်ဦးအနေဖြင့် ထိုအစီအစဉ်များသည် ပြည်တွင်းပြည်ပ၏ ရုပ်ရှင်ပညာရေချိန်ကို မှန်းဆနှိုင်းဆယူနိုင်သည့် အစီအစဉ်များဖြစ်ပါသည်။

၀ဿန်ရုပ်ရှင်ပွဲတော်သည် လူငယ်ရုပ်ရှင်သမား၊ မျိုးဆက်သစ်ရုပ်ရှင်သမား၊ ရုပ်ရှင်ချစ်သူနှင့် ရုပ်ရှင်ဝါသနာအိုးများအကြားတွင် မိမိတို့၏အနုပညာအစွမ်းအစများကို စမ်းသပ်နိုင်၊ ရှာဖွေနိုင်၊ စူးစမ်းနိုင်၊ ဖော်ထုတ်နိုင်၊ တင်ပြနိုင်နှင့် မှတ်ကျောက်တင်နိုင်သည့် စမ်းသပ်ခန်းကြီးတစ်ခုဖြစ် ပါသည်။ ထို့ကြောင့် ဝဿန်ရုပ်ရှင်ပွဲတော်သည် စမ်းသပ်ခန်းတစ်ခုလည်း ဖြစ်ပါသည်ဟု ပွဲတော်ဒါရိုက်တာ မသူသူရှိန်က ဆိုခဲ့ခြင်းပါသည်။ ရာပြည့်တော့မည့် မြန်မာ့ရုပ်ရှင်တွင် ရုပ်ရှင်လှိုင်းသစ်ဟု ဆိုနိုင်သောအခြေအနေတစ်ရပ်ကို မတွေ့မမြင်ရသေးပါ။ ထိုသို့ မကြုံမတွေ့ရသေးသော် လည်း ၀ဿန်ရုပ်ရှင်ပွဲတော်ကဲ့သို့ ရုပ်ရှင်စမ်းသပ်ခန်းများမှတစ်ဆင့် မြန်မာ့ရုပ်ရှင်လှိုင်းသစ်ဖြစ်ပေါ်လာရန် အစပျိုးနိုင်ပါလိမ့်မည်။ ထို့အတွက် ထိုစမ်း သပ်ခန်းတွင် ရုပ်ရှင်သမားများ စုရုံးရောက်ရှိ လာနိုင်ကြပါစေ၊ လှိုင်းသစ်အစပျိုးခြင်းအတွက် အင်အားဖြစ်ကြပါစေဆိုသော စိတ်ဆန္ဒများ ဖြစ်ရပါသည်။

ဟန်ဆန်း

Please follow and like us: