မဲဆန္ဒရှင်၏ ဆန္ဒတစ်ပွင့်

7 Day ဂျာနယ်တွင် ဖော်ပြခဲ့သော အက်ဆေးအတွက် ၀လုံး ရေးဆွဲပေးခဲ့သော သရုပ်ဖော်ပုံ။ (ကို၀လုံးက ကျေးဇူးပြုပါသည်။)

မဲပေးရမည့်နေ့ရက် နီးကပ်လာသည်နှင့်အမျှ မဲဆန္ဒရှင်တစ်ဦး၏ စိတ်ဆန္ဒများသည်လည်း ဆောင်းအိပ်မက်ပမာ ကယောက်ကယက်ဖြစ်ရပါသည်။ ကယောက်ကယက်၊ ဂယက်ထရသည်မှာ အမည်များသည့် မုန့်စားပွဲပေါ်က ဟိုမုန့်စားရနိုး၊ ဒီမုန့်စားရနိုး၊ ဗျာများနေသည့် ကလေးတစ်ဦးပမာလည်း မဟုတ်ပါ။ ကိုယ်ဆန္ဒရှိသော၊ ကိုယ်က ရွေးချယ်သင့်သည်ထင်သော လွှတ်တော်ကိုယ်စားလှယ်များအတွက် သေချာခိုင်မာသော စိတ်ဆန္ဒကို ပိုင်းဖြတ်ပြီး၊ ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ သို့သည်အခါ အမောင့်မှာ ရွေးကောက်ပွဲအတွက် မည်သို့သောဆန္ဒဇောများကပ်နေပါသနည်းဟု အမေးရှိလာပါလိမ့်မည်။

သန့်ရှင်းနှင့်တည်မြဲဆိုသော ဖဆပလအဖွဲ့များကို ၁၉၆၀ ပြည့်နှစ်က မဲပေးခြင်းကာလနှင့် ဒီမိုကရေစီစနစ်အတွက် ၁၉၉၀ ပြည့်နှစ်ကာလ မဲပေးခြင်းအတွေ့အကြုံများကို ကိုယ့်အနေဖြင့် ကိုယ်တိုင်ဖြတ်သန်းခဲ့ခြင်း မရှိနိုင်ခဲ့သည့်တိုင်အောင် အဘိုး၊ အဘွား၊ မိဘသားချင်းများ၏ ပြန်လည်မျှဝေကြခြင်းများကတစ်ဆင့် မှတ်မိနေသည်များရှိခဲ့ပါသည်။ အင်အားကြီးနှစ်ဖက်အစုအဖွဲ့ဖြစ်သော သန့်ရှင်းနှင့်တည်မြဲတို့အကြား အပြိုင်အဆိုင်၊ အပြင်းအထန် မဲဆွယ်ကြသည့်အကြားက မဲဆန္ဒရှင်များ၏အပြုအမူများကို အဘိုး၊ အဘွားများက ပြန်လည်ပြောပြကြရာတွင် စိတ်ဝင်စားဖွယ်ကောင်းပါသည်။ မဲဆန္ဒရှင်တို့၏ လူရည်လည်မှုများ ကို ပြုံးချင်စဖွယ်ကြားရတတ်ပါသည်။ မဲဆန္ဒရှင်က သူ့လုပ်ပိုင်ခွင့်ကို ပီပီပြင်ပြင်အသုံးချလိုက် ပုံအား ရယ်မောဖွယ်ရာအဖြစ် ပြန်လည်ကြားရပါသော်လည်း ဒဏ်ရာအနာတရအကြောင်းကို မကြားသိခဲ့ရပါ။ ထို့နည်းအတူ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးသက်မပြည့်မီသေးပေမယ့် လူကြီးသူမများ၏ ပြောဆိုဆွေးနွေးကြသံကို နားဖြင့် ကိုယ်တိုင်ကြားလာ၊ မျက်စိဖြင့် ကိုယ်တိုင်မြင်လာရပါသည်။ ထိုစဉ်က မဲဆွယ်စည်းရုံးရေးကာလများတွင် မဲဆန္ဒရှင်များသည် မိမိတို့ ထောက်ခံအားပေးသည့် နိုင်ငံရေးအင်အားစုများအတွက် အလွန်ပညာသားပါသည်ကို မှတ်မိနေပါသည်။ မိမိထောက်ခံရန်ဆန္ဒမရှိသည့် ပါတီတစ်ခုက မဲဆွယ်စည်းရုံးရေးလာခဲ့လျှင် ကိုယ်ထောက်ခံသည့်ပါတီ၏ ထင်ရှားသော အမှတ်တံဆိပ်တစ်ခုကို သိသာထင်ရှားအောင် ပြသခြင်းဖြင့် ဖော်ထုတ်ခဲ့သည်ကို မှတ်မိပါသည်။ ထို့အတွက်၊ ယင်းကြောင့် တစ်စုံတစ်ရာပြဿနာဟူ၍ မကြားသိခဲ့ရဘဲ မဲဆန္ဒရှင်အတွက် သူ့ဆန္ဒကို ဖော်ထုတ်ခွင့်ရသကဲ့သို့ ထောက်ခံမှုတစ်စုံ တစ်ရာ မရရှိသူအတွက်လည်း အလွန်ညင်သာသော သက်သာခွင့်ကိုရရှိပါသည်။ တစ်နည်းအားဖြင့် လူကြီးလူကောင်းဆန်သော၊ ယဉ်ကျေးသောအပြုအမူ ဖြစ်ပါ သည်။ 

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွက် မဲဆန္ဒရှင်၏ ပြင်းပြသောဆန္ဒမှာ အကြမ်းဖက်မှုနှင့် အမုန်းတရားကင်း၍ ယဉ်ကျေးသိမ်မွေ့သော မဲဆွယ်စည်းရုံးရေးဖြစ်ပါသည်။ အလွန်နည်းပါးစွာ ကျန်ရှိတော့သည့် မဲဆွယ်ရက်အနည်းငယ်တွင် ငြိမ်းချမ်းစေလိုပါသည်။ သူတို့၏ ရွေးကောက်ပွဲအတွေ့အကြုံများကို အိပ်ရာဝင်ပုံပြင်ပမာ အဘိုး၊ အဘွား၊ မိဘများက မျှဝေသကဲ့ သို့ အနာဂတ်မျိုးဆက်များထံကိုလည်း ကိုယ့်ရွေးကောက်ပွဲအတွေ့အကြုံများအား အတုယူဖွယ်ရာ၊ စံနမူနာပြစရာအဖြစ် လက်ဆင့်ကမ်းလိုပါသည်။

အသက်ရှင် ဖြတ်သန်းလာသော အတွေ့အကြုံများအရ မိမိယုံကြည်ကိုးစားရသည့် ကိုယ့်ဒေသအတွင်းမှ ပါတီတစ်ခု၊လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဦးကို မဲပေးသင့်သည်။ မဲပေးမည်ဟု ယတိပြတ်ဆုံးဖြတ်ထားသည့်တိုင်အောင် ထိုလွှတ်တော်ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲ ကတိကဝတ်များနှင့် စနစ်ကောင်းစေရန် ကြံဆောင်ထားသည်များကို နားဖြင့်ကြား၍ မျက်စိဖြင့် မြင်လိုပါသေးသည်။ ယခုကာလ မဲဆွယ်စည်းရုံးရေးအချိန်တွင် မဲဆန္ဒရှင်တစ်ဦးအတွက် လုံလောက်သည့်အသံကို လွှတ်တော် ကိုယ်စားလှယ်များထံမှ တိုက်ရိုက်မကြားသိရသေးပါ။ သတင်းမီဒီယာများနှင့်ပါတီကိုယ်စားပြု လူမှုကွန်ရက်မီဒီယာများပေါ်မှ တင်ပြလာသော ပါတီမူဝါဒ၊ ပါတီအကြောင်းနှင့် ရွေးကောက်ပွဲတွင် မဲရသင့်ကြောင်းများကိုသာ ပြောဆိုကြသည်ကို ကြားရ၊ သိရပါသည်။ ကိုဗစ်-၁၉ ကာလ အခက်အခဲများကြောင့် ကိုယ်စားလှယ်လောင်းများ အခက်တွေ့ရသည်ဟု သဘောပိုက်၍ ကိုယ့်ကိုယ်ကိုယ်သာ နှစ်သိမ့်လိုက်ပါသည်။ ကိုယ်တို့ မဲရုံသွား၍ မဲပေးကြမည်မှာလည်း စနစ်ကောင်းတစ်ခု အမြစ်တွယ်ရန်နှင့် အာဏာရှင်စနစ် ပြန်လည်ခေါင်းမထောင်နိုင်ရန်ဖြစ်သည်။ ကိုယ်တို့တတ်နိုင်သည်မှာလည်း မင်ရောင်ခြယ်လာမည့် လက်သန်းလေးများသာ ဖြစ်ပါသည်။

ကိုယ်နှင့်အတူ နေထိုင်ကြီးပြင်းလာသည့် အိမ်နီးနားချင်း ညီငယ်တစ်ဦးသည် လွန်ခဲ့သော လပိုင်းအနည်း ငယ်က သမီးငယ်လေးတစ်ဦးကို မွေးဖွားထားပါသည်။ သမီးကလေးသည် မတ်တတ်စမ်းနေပြီး ချစ်စဖွယ်ရူပါလေးဖြစ်သဖြင့် ဝိုင်းဝန်းဂရုစိုက်ခြင်းကို ခံရပါသည်။ ကလေး၏ ကျန်းမာရေးကအစ ဘဝတစ်သက်တာအတွက် အကြံပြုချက်များကို ညီငယ်လေးအား အသိပေးဖေးမကြပါသည်။ ထိုသို့ ဖေးမကြသည့်အထဲတွင် ကိုယ်လည်းပါခဲ့သည်။ သမီးလေးကျန်းမာရေးအတွက် ဂရုပြုသင့်သည်များကို ညီငယ်ဖြင့် ပြောဆိုဖြစ်ကြရင်း ‘‘ကိုကြီး ကျွန်တော်တို့ မဲသွားပေးကြမှာ’’ ဟု ညီငယ်က စကားစပြီး သူ့သမီးလေးကို တစ်ချက် ငဲ့ကြည့်လိုက်သည်။ ထို့နောက် ‘‘ကျွန်တော့်သမီးလေးလက်ထက်ကျရင် ကျွန်တော်တို့နိုင်ငံ အများကြီးကောင်းသွားမှာပါနော်’’ ဟု သူ့စကားကို ဆက်လာသည်။ ညီငယ့်မျက်နှာတွင် မျှော်လင့်ချက်များ တလက်လက်ထနေသည်ကိုလည်း မြင်လိုက်ရသည်။ အိမ်နီးချင်းညီငယ်က သူ့သမီးအတွက်ပေးချင်သော နိုင်ငံရေးအမွေမှာ ကောင်းမွန်သော နိုင်ငံရေးစနစ်ဖြစ်မည်။ မတ်တတ်စမ်းစ သမီးငယ်လေးအတွက် မဲဆန္ဒရှင် ဖခင်၏ ဆန္ဒတစ်ပွင့်၊ မဲတစ်ပြား ဖြစ်သည်။

ရွေးကောက်ပွဲကာလ မဲဆန္ဒရှင်၏ ဆန္ဒတစ်ပွင့်မှာ ဘေးကင်းလုံခြုံစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးဖြစ်ပါသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးကာလ ဖြစ်ပါသဖြင့် မဲပေးသည့်နေ့ နိုဝင်ဘာ ၈ ရက်တွင် ရောဂါကူးစက်ခြင်း ကင်းရှင်းလိုပါသည်။ အသက်အရွယ်ကြီးသူ၊ အသက် (၆၀)အထက်များအတွက် ကြိုတင်မဲစနစ်ဖြင့် မဲပေးနိုင်ရန် စီမံခဲ့သဖြင့် စိတ်အေးရပါသည်။ ကိုဗစ်-၁၉ ကာကွယ်ရေးကို ကိုယ်တိုင်ကိုယ်ကျ စီမံနိုင်သလို၊ မဲရုံများကလည်း စနစ်တကျစီမံထားမည်ဟု မျှော်လင့်ရပါသည်။ ထို့အတွက်လည်း မဲဆန္ဒရှင်များက ပူးပေါင်းပါဝင် နိုင်ကြပါသည်။ အစုအဖွဲ့၊ နိုင်ငံရေးအင်အား၊ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ မဲဆန္ဒရှင်၊ ရွေးကောက်ပွဲ တာဝန်ရှိသူနှင့် ထောက်ခံအားပေးသူများအကြား ယဉ်ကျေးစွာ၊ သဘောထားကြီးစွာ၊ အကြမ်းဖက်မှုကင်းစွာဖြင့် မဲပေးနိုင်ရေးသည် အလွန်အရေး ကြီးပါသည်။ မဲဆန္ဒရှင်တစ်ဦးအနေဖြင့် နိုဝင်ဘာ ၈ ရက်အတွက် အမြင့်ဆုံးစိတ်ဆန္ဒမှာ ကပ်ရောဂါဘေးမှ လုံခြုံစွာမဲပေးနိုင်ရေးနှင့် အကြမ်းဖက်မှုအန္တရာယ်မှ ဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေး ဖြစ်ပါသည်။

ထို့အပြင် မဲဆန္ဒရှင်တစ်ဦး၏ ရွေးကောက်ပွဲနေ့အလွန် ဆန္ဒတစ်ခုမှာ ရွေးကောက်ပွဲရလဒ်ကို ပြည်သူအများ၏ ညီညွတ်သော ဆန္ဒများအဖြစ် လေးစားစွာလက်ခံ၍ ပြည်သူ့ဆန္ဒကို အသိအမှတ်ပြုရန်ဖြစ်ပါသည်။ လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် သက်ဆိုင်ရာတာဝန် ရှိသူများ၏ တာဝန်နှင့် ဝတ္တရားဖြစ်မည်ဖြစ်ပြီး ထိန်းကျောင်းနိုင်သူများကလည်း ပဲ့ပြင်ထိန်း ကျောင်းသွားကြမည် ဖြစ်ပါ သည်။ ယင်းကြောင့် ရရှိလာသော ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ ဆန္ဒကို လေးစားလက်ခံ၍ ရွေး ကောက်ပွဲ အနိုင်၊ အရှုံးကို ကောင်းမွန်စွာလက်ခံစေလိုပါ သည်။ ကိုယ်အပါအဝင် လက်သန်းတွင် အရောင်ခြယ်၍ ဆန္ဒမဲပေးလိုက်ကြသည်များမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သော စနစ်ဆိုးကြီးကို ချေဖျက်၍ ကောင်းမွန်မှန်ကန်သော စနစ်ကောင်းတစ်ခုကို တည်ဆောက်ရန်ဖြစ်ပါသည်။ ကိုယ်တို့၏ မျိုးဆက်များထံသို့ အမွေအနှစ်ကောင်းများ ချန်ထားရစ်ရန်နှင့် နိုင်ငံ့သားကောင်းတစ်ဦးအဖြစ် နိုင်ငံတည်ဆောက်ရေးတွင် ဆန္ဒ တစ်ပွင့်၊ မဲတစ်ပြားပါဝင်ရန် ဖြစ်ပါသည်။

ဟန်ဆန်း

(အဆိုပါအက်ဆေးကို 7Day News Daily တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့က ဖော်ပြပါရှိခဲ့သည်။)

Please follow and like us: