အနုပညာ လွတ်လပ်ခွင့်

အနုပညာနှင့် လွတ်လပ် ခြင်းသည် လူတိုင်း၏ မူလရပိုင် ခွင့်ဖြစ်ပြီး အနုပညာသမားနှင့်  အနုပညာလုပ်ငန်းခွင်အတွက် သာ သီးခြားတည်ရှိနေသောရပိုင် ခွင့်လည်းမဟုတ်ပါ။

‘အနုပညာ’နှင့်အတူ ပါဝင်လာသည်မှာ လွတ်လပ်ခြင်းဖြစ်သည်။ အနုပညာနှင့် လွတ်လပ်ခြင်းသည် လူတိုင်း၏ မူလရပိုင်ခွင့်ဖြစ်ပြီး အနုပညာသမားနှင့်  အနုပညာလုပ်ငန်းခွင်အတွက်သာ သီးခြားတည်ရှိနေသောရပိုင်ခွင့်လည်းမဟုတ်ပါ။ ‘အနုပညာ၏ ထူးခြားသောဂုဏ်သတ္တိများထဲတွင် ခုခံခြင်း၊ ကာကွယ်ခြင်း၊ တွန်းလှန်ခြင်းနှင့် မျှော်လင့်ခြင်းများကဲ့သို့ ထုတ်ဖော်နိုင်စွမ်းများ ရှိကြောင်း၊ ယင်းတို့သည် ဒီမိုကရေစီထွန်းကားရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်းနှင့် အနုပညာ၏ ထူးခြားသောစွမ်းဆောင်နိုင်ရေးအား ထိန်းချုပ်ကန့် သတ်လိုခြင်းများကြောင့် ပေါ် ပေါက်လာသော ခြိမ်းခြောက်ခံရမှုများသည် ရှိနေမြဲဖြစ်ကြောင်း အနုပညာလွတ်လပ်ခွင့်နှင့် ဖန်တီးပိုင်ခွင့်ရေးရာ၊ ယူနက်စကို၏ ချစ်ကြည်ရေးသံတမန်၊ အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ ဒီယာခန်း (Deeyah Khan)က မှတ်ချက်ပြု ပြောဆိုခဲ့သည်။ ‘အနုပညာ လွတ် လပ်ခွင့်’ကို  အဓိကခြိမ်းခြောက် ဟန့်တားနေသည်မှာ ‘ဆင်ဆာဖြတ်တောက်ခြင်း’နှင့် ‘ဝင်ရောက်စွက်ဖက်ခံရခြင်း’များဖြစ်သည်။

‘အစိုးရ၏ ဆင်ဆာဖြတ်တောက်ခြင်းကြောင့်ဖြစ်စေ၊ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်းကြောင့်ဖြစ်စေ၊ အစိုးရမဟုတ်သောသူများ၊ အဖွဲ့အစည်းများ၏ ဖိအားပေးခြင်းများကြောင့်ဖြစ်စေ  အနုပညာဖန်တီးထုတ်လုပ်မှုသည် အကြွင်းမဲ့ကင်းလွတ်ရမည်။ လွတ်လပ်စွာ စိတ်ကူးစိတ်သန်းခွင့်၊ လွတ်လပ်စွာ ဖန်တီးခွင့်နှင့် စုံလင်ကွဲပြားသော ယဉ်ကျေးမှုများကို ထုတ်ဖော်ဖြန့်ချိခွင့်ရှိရမည်။ အနုပညာ၏ အကျိုးကျေးဇူးများ သည်  လူ့အဖွဲ့အစည်းသာယာဝပြောရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ကြောင်းနှင့် ထိုအကျိုးကျေး ဇူးများကို လူတိုင်းသည် ရပိုင်ခွင့်ရှိရမည်’ ဟု အနုပညာလွတ်လပ်ခွင့်(Artistic Freedom)ကို ဖွင့်ဆိုထား သည်။ ‘ဆင်ဆာဖြတ်တောက်မှုနှင့် ခြိမ်းခြောက်ခံရမှုများကင်းမဲ့စွာဖြင့် အနုပညာဖန်တီးပိုင်ခွင့်’၊ ‘အနု ပညာကို အားပေးခြင်း၊ ဖြန့်ချိခြင်းနှင့် ထိုက်တန်သော အနုပညာအဖိုးအခ ရရှိပိုင်ခွင့်’၊ ‘အနုပညာလှုပ်ရှားမှုများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်’၊  ‘အနုပညာဆိုင်ရာအဖွဲ့ အစည်းများ လွတ်လပ်စွာ ထူထောင်နိုင်ခွင့်’၊ ‘စီးပွားရေးနှင့် လူမှုရေးရပိုင်ခွင့်များအဖြစ်  ကာကွယ်ပိုင်ခွင့်’နှင့် ‘ယဉ်ကျေးမှု ဓလေ့ထုံးစံများတွင် ပါဝင်ပိုင်ခွင့်’ များကို ‘အနုပညာ လွတ်လပ်ခွင့်’ (Artistic Freedom)၏ ရပိုင်ခွင့် များအဖြစ်  နိုင်ငံတကာသဘောတူညီချက်များတွင် အာမခံချက်လုံလောက်စွာ ပေးထားပြီးဖြစ်သည်။

‘အပြည်ပြည်ဆိုင်ရာ လူ့ ရပိုင်ခွင့် ကြေညာစာတမ်း’ (UDHR)၊ အပိုဒ်(၁၉)၌ ‘လူတိုင်း တွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့် ရှိကြောင်း၊ ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင် သတင်းအချက်အလက်နှင့် အတွေးအခေါ်အယူအဆများကို သ တင်းမီဒီယာ တစ်ရပ်ရပ်မှတစ်ဆင့် နယ်နိမိတ်အပိုင်းအခြားမရှိ  ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချိခွင့်တို့လည်း ပါဝင်ကြောင်း’  ဖော်ပြထားခြင်း။ အပိုဒ်(၂၇)၊ အပိုဒ်ခွဲ(၁)တွင် ‘လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဘဝ၌ လွတ်လပ်စွာပါဝင်ဆောင်ရွက် ခွင့်ရှိကြောင်း၊ အနုပညာကိုလွတ်လပ်စွာခံစားခွင့်နှင့် သိပ္ပံပညာတိုးတက်မှုနှင့် ယင်း၏ အကျိုးရလဒ်များကို လွတ်လပ်စွာ မျှဝေခံစားခွင့်ရှိကြောင်း’ ဖော်ပြထားခြင်း။  အပိုဒ်ခွဲ(၂)၌ ‘လူတိုင်းတွင် မိမိ၏  ကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည်ဖန်တီး ထုတ်လုပ်သော သိပ္ပံပညာမှဖြစ်စေ၊ အနုပညာမှဖြစ်စေ ဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ရုပ်ဝတ္ထုအကျိုး ကျေးဇူးများကို ကာကွယ်မှု ရပိုင် ခွင့်ရှိသည်’ ဟု ဖော်ပြထားခြင်းများသည် ‘အနုပညာ လွတ်လပ် ခွင့်’အတွက် အာမခံချက်များဖြစ် သည်။ မြန်မာနိုင်ငံသည် ‘အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့်ကြေညာ စာတမ်း’ကို ၁၉၄၈ ခုနှစ်ကတည်းက သဘောတူညီခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ‘စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုရပိုင်ခွင့်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်’(ICESCR)၊  အပိုဒ်(၁၅)၊ အပိုဒ်ခွဲ(၁)၊ (က)၌ ‘ယဉ်ကျေးမှုဆိုင်ရာ ဆောင်ရွက်မှုများတွင် ပါဝင်ခွင့်’၊ (ဂ)၌ ‘မည်သည့်သိပ္ပံဆိုင်ရာ၊ စာပေအနုပညာ (သို့မဟုတ်) သုခုမအနု ပညာဆိုင်ရာဖန်တီး၊ ထုတ်လုပ်မှုမှ ဖြစ်ထွန်းရရှိလာသော ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ အကျိုးစီးပွားများကိုမဆို  အကာအကွယ်ပေးမှုဆိုင်ရာ အကျိုးခံစားခွင့်’၊ အပိုဒ်(၁၅)၊ အပိုဒ် ခွဲ(၃)၌ ‘ဤသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံများသည် သိပ္ပံဆိုင်ရာ သုတေသနနှင့် တီထွင်ဖန်တီးမှုများအတွက်  မရှိမဖြစ်လိုအပ်သည့် လွတ်လပ်မှုကို လေးစားရန် တာဝန်ယူဆောင်ရွက်ရမည်’၊ အ ပိုဒ်(၁၅)၊ အပိုဒ်ခွဲ(၄)၌ ‘ဤသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံများ သည် သိပ္ပံနှင့်ယဉ်ကျေးမှုနယ်ပယ်များတွင် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် အားပေးခြင်းတို့မှ ပေါ် ထွက်လာသော အကျိုးကျေးဇူးများကို အသိအမှတ်ပြုသည်’ဟု ဖော်ပြထားသော ဖော်ပြချက်များသည်လည်း ‘အနုပညာလွတ်လပ်ခွင့်’ကို အာမခံပေးထားခြင်းဖြစ်သည်။ ထိုသဘောတူစာချုပ်ကို မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်က တည်းက သဘောတူညီထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တစ်ခု ဖြစ်သည့် ‘ကလေးသူငယ်ရပိုင် ခွင့်များဆိုင်ရာ  အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်’ (CRC)၊ အပိုဒ်(၁၃)၊ အပိုဒ်ခွဲ(၁)၌ ‘ကလေးသူငယ်များသည် သတင်းအချက်အလက်များ၊ အတွေးအခေါ်အယူအဆများကို နယ်ပယ် ပိုင်းခြားကန့်သတ်မှုမရှိစေဘဲ ရှာဖွေခွင့်၊ လက်ခံခွင့်၊ သိခွင့်ရှိရမည်ဖြစ်ပြီး နှုတ်ဖြင့်ဖြစ်စေ၊ စာ  (သို့မဟုတ်) ပုံနှိပ်ခြင်းဖြင့်ဖြစ်စေ  ကလေးသူငယ်ရွေးချယ်သော အခြားသော ရုပ်သံ၊ စာနယ်ဇင်း၊ မီဒီယာကဏ္ဍတစ်ခုခုဖြင့်ဖြစ်စေ  ယင်းတို့၏ တွေးခေါ်စဉ်းစားချက်များကို လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့် ရှိစေရမည်’၊ အပိုဒ်(၃၁)၊ အပိုင်ခွဲ(၁)၌ ‘စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် ကလေးများ၏ အနားယူအပန်းဖြေခြင်း၊ အသက်အရွယ်အလိုက် အနားယူအပန်းဖြေခြင်းဆိုင်ရာ လှုပ်ရှားခြင်းများနှင့်  ဆော့ကစားခြင်း၊ ယဉ်ကျေးမှုနှင့်  အနုပညာဆိုင်ရာတို့တွင် လွတ် လပ်စွာပါဝင်လှုပ်ရှားခြင်းဆိုင်ရာ အခွင့်အရေးကို အသိအမှတ်ပြုကြသည်’၊ အပိုဒ်ခွဲ(၂)၌ ‘စာချုပ်အဖွဲ့ဝင် နိုင်ငံများသည် ကလေး၏ ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍတွင် အပြည့်အဝပါဝင် ဆောင်ရွက်ခွင့်ကို လေးစားခြင်း နှင့် တိုးမြှင့်ပေးခြင်းပြုရမည့်အ ပြင် ယဉ်ကျေးမှု၊ အနုပညာအရည်အသွေးနှင့် အနားယူအပန်း ဖြေခြင်းဆိုင်ရာ လှုပ်ရှားမှုများအ တွက် သင့်လျော်ညီမျှသော အ ခွင့်အရေးဖြစ်စေရန်လည်း အားပေးရမည်’ဟု ဖော်ပြထားသည်။ ထိုသဘောတူစာချုပ်ကို မြန်မာ နိုင်ငံသည် ၁၉၉၁ ခုနှစ်ကတည်း က သဘောတူညီထားခဲ့သည်။ ‘ပြည်သူ့ရေးရာနှင့် နိုင်ငံရေးရပိုင် ခွင့်များဆိုင်ရာ သဘောတူစာ ချုပ်’(ICCPR)၊ အပိုဒ်(၁၉)၊အပိုဒ် ခွဲ(၂)၌ ‘လူတိုင်းတွင် လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိ ကြောင်း၊ ဤအခွင့်အရေးတွင်  နယ်နိမိတ် သတ်မှတ်ချက်မရှိ စေဘဲ အနုပညာပုံစံဖြင့်ဖြစ်စေ (သို့မဟုတ်) မိမိရွေးချယ်သည့် အခြားသော သတင်းမီဒီယာမှ တစ်ဆင့်ဖြစ်စေ နှုတ်ဖြင့်သော် လည်းကောင်း၊ စာဖြင့်သော် လည်းကောင်း (သို့မဟုတ်) ပုံနှိပ် ခြင်းဖြင့်သော်လည်းကောင်း သ တင်းအချက်အလက်များနှင့် အ တွေးအခေါ်များအားလုံးကို လွတ် လပ်စွာရှာဖွေခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချိခွင့်တို့ ပါဝင်စေရမည်’ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံအ နေဖြင့် ပြည်သူ့ရေးရာနှင့် နိုင်ငံ ရေးအခွင့်အရေးဆိုင်ရာ အပြည် ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR)ကို သဘောတူညီထား ခြင်း မရှိသေးသောကြောင့် လွှတ် တော်နှင့် အရပ်ဘက်အဖွဲ့အစည်း များက တိုက်တွန်းနှိုးဆော်နေကြ သည်။ ထိုသို့သော အာမခံချက် များနှင့်နည်းတူ မြန်မာနိုင်ငံက သဘောတူညီထားပြီးဖြစ်သည့် ‘အာဆီယံလူရပိုင်ခွင့်ကြေညာစာ တမ်း’၊ အပိုဒ်(၂၃)နှင့်(၃၂)တို့က လည်း ‘အနုပညာ လွတ်လပ်ခွင့်’ ကို အာမခံချက်ပေးထားပြီးဖြစ် သည်။ ‘‘အနုပညာလွတ်လပ်မှု သည် လူတိုင်း၏ အခြေခံရပိုင်ခွင့် တစ်ခုဖြစ်ပြီး လူတိုင်းနှင့်လူသား မျိုးနွယ်စု၏ ဖွံ့ဖြိုးတိုးတက်ရေးကို ထုတ်ဖော်ပြသနိုင်သော လိုအပ် ချက်ဖြစ်သည်။ ဇိမ်ခံပစ္စည်းတစ်ခု မဟုတ်ပါ’’ဟု ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဖရီဒါရှာဟီးက ပြောခဲ့သည်။

စာပေနှင့်အနုပညာ လွတ် လပ်ခွင့်သည် မြန်မာနိုင်ငံ၌ နှစ် ပေါင်းများစွာ ဆုံးရှုံးခဲ့သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းနှစ် များ၌ စာပေစိစစ်ရေးကဲ့သို့  ဆင် ဆာဖြတ်တောက်ခြင်းကိစ္စများကို အစိုးရက လျှော့ပေါ့ပေးခဲ့သည်။ ဥပဒေအချို့ကို ပြင်ဆင်ပြဋ္ဌာန်း ခဲ့သည်။ စာပေ၊ ပန်းချီ၊ အမြင် ဆိုင်ရာအနုပညာ၊ပန်းပု၊ သဘင်၊ ဂီတကဲ့သို့သော အနုပညာအမျိုး အစားများသည် အစိုးရ၏ ဆင် ဆာဖြတ်တောက်ခြင်းက ကင်း လွတ်ခဲ့သည်။ သို့သော်လည်း အ စိုးရမဟုတ်သောသူများနှင့် အဖွဲ့ အစည်းများ၏ ဆင်ဆာဖြတ် တောက်ခြင်း၊ ဝင်ရောက်စွက်ဖက် ခြင်းနှင့် ဖိအားပေးခြင်းများသည် ယနေ့တိုင်အောင် ရှိနေမြဲဖြစ် သည်။ အစိုးရ၏ ဆင်ဆာဖြတ် တောက်ခြင်းကိစ္စသည် ဥပဒေ အရ ရုပ်ရှင်တွင် တည်ရှိနေသည်။ ၁၉၉၆ ခုနှစ်၌ ရုပ်ရှင်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ ရုပ် ရှင်ဆင်ဆာရှိနေခြင်းနှင့် အား နည်းသောဆောင်ရွက်ချက်များ ကြောင့် မြန်မာ့ရုပ်ရှင်မျိုးဆက် များက ‘ရုပ်ရှင်ဆင်ဆာမလိုအပ် ပါ’ဆိုသောလှုပ်ရှားမှုများကို  အွန် လိုင်းပေါ်တွင် ခပ်စိပ်စိပ်ပြုလုပ် လာကြခြင်းဖြင့် မေးခွန်းထုတ် နေကြသည်။  ရုပ်ရှင်ဆင်ဆာစနစ် ထက် ရုပ်ရှင်ဇာတ်ကားကို ကြည့် ရှုသင့်သော အသက်အပိုင်းအခြား အလိုက်  အဆင့်သတ်မှတ်သော စနစ်(Rating System)အား လို လားကြောင်း ထုတ်ဖော် ပြောဆို လာကြသည်။ ‘အနုပညာ လွတ် လပ်ခွင့်’ဆိုင်ရာဖွင့်ဆိုချက်နှင့် အ ပြည်ပြည်ဆိုင်ရာသဘောတူစာ ချုပ်များ၏ ပေးထားချက်စံနှုန်း များဖြင့် ဆန်းစစ်ကြည့်ပါက လည်းရုပ်ရှင်ဆင်ဆာသည် ‘အနု ပညာလွတ်လပ်ခွင့်’ကို ထိပါးနေ ကြောင်း သိသာထင်ရှားနေသည်။

ဟန်ဇော်

(အဆိုပါဆောင်းပါးကို 7Day News Daily တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ဖော်ပြပါရှိခဲ့သည်။)

Please follow and like us: