‘‘အသည်းကွဲတစ်ယောက်ရဲ့ စွန်’’စာအုပ်မှ ဝတ္ထုများကို ဖတ်ရှုခြင်းရသ

သဲအိမ်မောင်နေဝါ၏ အသည်းကွဲတစ်ယောက်ရဲ့ စွန် စာအုပ်

သဲအိမ်မောင်နေဝါ၏ အသည်းကွဲတစ်ယောက်ရဲ့ စွန် စာအုပ်

သဲအိမ်မောင်နေဝါ၏ ‘‘အသည်းကွဲတစ်ယောက်ရဲ့ စွန်’’မဂ္ဂဇင်းဝတ္ထုများစုစည်းမှုစာအုပ်ကို ၂ဝ၁၆ ခုနှစ်၊ မတ်လတွင် ပထမအကြိမ်အဖြစ် နှစ်ကာလများစာအုပ်တိုက်က ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သဲအိမ်မောင်နေဝါ၏ ဝတ္ထု ၃၅ ပုဒ်ပါဝင်ပြီး ရှုမဝ၊ မိုးဝေ၊ မဟေသီ၊ သောင်းပြောင်းထွေလာရယ်စရာ၊ ရနံ့သစ်နှင့် ဟန်သစ် မဂ္ဂဇင်းတို့တွင် ဖော်ပြပါရှိသော မဂ္ဂဇင်းဝတ္ထုများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ ထိုစာပေလက်ရာများသည် ၁၉၇၈ ခုနှစ်မှ ၁၉၉၅ ခုနှစ်ကာလအတွင်းရေးသားခဲ့ပြီး မဂ္ဂဇင်းများတွင် ဖော်ပြခံခဲ့ရသည့် ဝတ္ထုများလည်း ဖြစ်သည်။ ဝတ္ထုများကို တစ်စုတစ်စည်းတည်းဖတ်ရှုရခြင်းကြောင့် စာရေး ဆရာ၏ အရေးအသားနှင့်ရေးဟန်ပြောင်းလဲလာပုံများကို လေ့လာသိရှိ ခွင့်ရခဲ့ပါသည်။ သဲအိမ်မောင်နေဝါသည် မြန်မာ့ဝတ္ထုလောကအတွက် အရေးပါသော စာရေးဆရာတစ်ဦးဖြစ်သောကြောင့် သူ၏ အရေးအသားများကို သတိထားလေ့လာမိခဲ့ပါသည်။ ထိုသို့ လေ့လာမိရာမှ တွေ့ရှိသည့် တွေ့ရှိချက်များကို တင်ပြလိုပါသည်။ စာရေးသူ၏ ရှုထောင့်သည် စာပေပညာရှင်ရှုထောင့် မဟုတ်ဘဲ စာပေလေ့လာသူတစ်ဦး၏ ရှုထောင့်သာဖြစ်ပါသည်။ တနည်းအားဖြင့်‘‘အသည်းကွဲတစ်ယောက်ရဲ့ စွန်’’စာအုပ်ပါ မဂ္ဂဇင်းဝတ္ထုများကို ဖတ်ရှုသူတစ်ဦး၏ အမြင်သာဖြစ်ပါသည်။

‘‘အသည်းကွဲတစ်ယောက်ရဲ့ စွန်’’စာအုပ်တွင်ပါရှိသည့် ဝတ္ထုများတွင် အောင်မြင်ခြင်း၊ တစ်စုံတရာပြီးမြောက်ခြင်းနှင့်လွတ် မြောက်ခြင်းများကို အလျဉ်းမတွေ့ရပါဘဲ ဘဝကို တိုက်ပွဲဝင် ရုန်းကန်နေရခြင်း၊ အရှုံးပေးရခြင်းနှင့် ကြေကွဲနေရခြင်းများကိုသာ အထင်အရှားတွေ့ရသည်။ ဝတ္ထုပါအကြောင်းအရာများ၊ ဇာတ်လမ်းဇာတ်ကွက်များနှင့်အဖြစ်အပျက်များသည် ထူးခြားဆန်းသစ် လှသည် မဟုတ်ပါ။ ဇာတ်လမ်းအနေဖြင့်ကြည့်လျှင် သာမန်ရိုးရှင်းပြီး ဝတ္ထုတစ်ပုဒ်နှင့်တစ်ပုဒ်ထပ်နေသော၊ ခပ်ဆင်ဆင်တူနေသော ဇာတ်လမ်းများသာဖြစ်သည်။ ထိုဇာတ်လမ်းများကို သဲအိမ်မောင်နေဝါသည် ရှေ့ပိုင်းကာလများတွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ စာအုပ်ပါခုနှစ်များအရ ၁၉၈၆ ခုနှစ် နောက်ပိုင်းရေးသားသည့်လက်ရာများသည် ထိုသို့မဟုတ်တော့ဘဲ သိသိသာသာပြောင်းလဲသွားသည်ကို တွေ့ရသည်။ ‘‘အသည်းကွဲတစ်ယောက်ရဲ့ စွန်’’ စာအုပ်ပါ စာပေလက်ရာများအရ ‘‘ခရမ်းလွန်ရောင် ညတစ်ည’’ဝတ္ထုနှင့်နောက်ပိုင်းတွင် ရေးသားသောဝတ္ထုများသည် ရေးသားတင်ပြပုံ၊ ဇာတ်လမ်းဇာတ်ကွက်နှင့်အရေးအသား ဟန်ပန်များ၊ အတွေးအမြင်များ ပြောင်းလဲသွားသည်။

သဲအိမ်မောင်နေဝါ၏ ဝတ္ထုများကောင်းခြင်းသည် ဇာတ်လမ်းဇာတ်ကွက်တွင် မတည်ဘဲ ဇာတ်ကောင်စရိုက်၊ ဝတ္ထုပါနောက်ခံ အခင်းအကျင်း၊ ဝါကျတည်ဆောက်ပုံ သို့မဟုတ် ရေးဟန်လှပပုံ၊ သက်ရှိသက်မဲ့ သဘာဝပတ်ဝန်းကျင်ကို သရုပ်ပေါ်အောင် ရေးသားတင်ပြနိုင်ပုံနှင့် သေသပ်လှပသောအခင်းအကျင်းတို့ဖြစ်သည်။

ဇာတ်လမ်းဇာတ်ကွက်များသည် ရိုးရှင်းလှသည်ဟုဆိုခဲ့သည့် တိုင်အောင် ဇာတ်စ၊ ဇာတ်လယ်၊ ဇာတ်သိမ်းစသည့် ဝတ္ထုဖတ်ခြင်း ခရီးကို စာရေးဆရာသည် သေသပ်လှပစွာ ခေါ်ဆောင်သွားသည်။ စာဖတ်သူကို နှစ်သက်ခြင်းရသ ပေးစွမ်းသည်။ ဇာတ်ကောင် များနှင့်အတူ စာဖတ်သူသည် ရုန်းကန်ရသည်။ ဇာတ်လမ်းသည် မည်သို့ စတင်သည်၊ မည်သို့အဆုံးသတ်သည် ဆိုသည်ထက် ဇာတ်လမ်း၏ အလယ်ပိုင်းသည် အရသာပိုမိုကောင်းမွန်နေပြီ သဲအိမ်မောင်နေဝါ ဝတ္ထုများ၏ ကောင်းခြင်းတစ်ခုလည်းဖြစ်နေသည်။

လက်တွေ့လူမှုဘဝတွင်လည်း မွေးဖွားရာ ဇာတ်လမ်းအစ၊ ရှင်သန်ဖြတ်သန်းရာ ဇာတ်လမ်းအလယ်၊ ဘဝနိဂုံးချုပ်ချိန် ဇာတ်သိမ်း ပိုင်းတို့တွင် လူ့ဘဝ၏ ရှင်သန်ဖြတ်သန်းရုန်းကန်ရာ ဇာတ်လမ်းအလယ်ပိုင်းသည်အရေးပါ၍ အရေးကြီးလှပါသည်။ ထို့နည်းအတူ သဲအိမ်မောင်နေဝါဝတ္ထုများသည် ဘဝ၏ ရှင်သန်ရုန်းကန်ရသည်များကို ဖွင့်ဆိုပါသည်။ ထိုသို့ ဖွင့်ဆိုသည်တိုင်အောင် သူ၏ဇာတ် ကောင်များသည် ပျော်ရွွှင်ဖွယ်ရာ ဇာတ်သိမ်းရခြင်းမဟုတ်ဘဲ အောင်မြင်ခြင်းနှင့် ဝေးကွာနေခဲ့ကြရသည်။ နိမ့်ပါးနေခြင်း၊ ခွင့်လွှတ်လိုက်ရခြင်းများနှင့်ပြည့်နှက်နေသည်။ ထိုသည်ကလည်း စာရေးဆရာ သဲအိမ်မောင်နေဝါ၏ လက်တွေ့ဘဝထံမှ ရောင်ပြန်ဟပ်သည့် အခြေအနေများ ဖြစ်နေနိုင်သည်ဟု ယူဆရသည်။

‘‘အသည်းကွဲတစ်ယေက်ရဲ့ စွန်’’စာအုပ်ပါဝတ္ထုများကို ၁၉၇၈ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်များအတွင်း သဲအိမ်မောင်နေဝါသည် ရေးသားခဲ့ခြင်းဖြစ်သည်။ ဝတ္ထုများတွင်လည်း ထိုကာလအတွင်းမှ ပုံရိပ်များကို မြင်တွေ့ရသည်။ ထိုကာလအတွင်း ဖြတ်သန်းခဲ့ရသော ရန်ကုန်မြို့ ဆင်ခြေဖုန်းရပ်ကွက်နေ မိသားစုဘဝများ၊ လူငယ်ဘဝပုံရိပ်များ၊ စီးပွားရေးပုံရိပ်များနှင့် အလုပ်အကိုင်ရှားပါး ခြင်းစသည့် ပုံရိပ်များကို မြင်တွေ့ရသည်။

အဓိကဇာတ်ကောင်များသည် နွမ်းပါးသည့်အမျိုးသား၊ ကြွယ်ဝသည့်အမျိုးသားနှင့်အမျိုးသမီးတစ်ဦးတို့ဖြစ်နေတတ်သည်။ မိခင်၊ ကွယ်လွန်သွားသောဖခင်၊ စာရေးဆရာဖြစ်ချင်သောသူ၊ ကဗျာဆရာ ဖြစ်ချင်သောသူ၊ စာအုပ်အဟောင်းရောင်းသမား၊ သူတစ်ပါး အိမ်တွင် မှီခိုနေထိုင်ရသူ၊ စက်ရုံအလုပ်ရုံလုပ်သား၊ သစ်စက်လုပ်သားအစ ရှိသည့်ဇာတ်ကောင်တို့သည် သဲအိမ်မောင်နေဝါ၏ ဇာတ်ကောင်များဖြစ်သည်။ စာအုပ်ပါ သဲအိမ်မောင်နေဝါ၏ အမှာစာအထောက်အထားအရဆိုလျှင် စာရေးဆရာ၏ လက်တွေ့ ဘဝမှလာသော ဘဝ အတွေ့အကြုံများ၏ ဇာတ်ကောင်များဖြစ်သည်။

အပြာနုနုခန်းဆီစ၊ ခပ်ဟောင်းဟောင်း လက်ဖက်ရည်ဆိုင်၊ ကဖေးဆိုင်၊ ပြတင်းပေါက်၊ ထပ်ခိုး၊ သင်္ဘောသားကား၊ သံဖြူဆိုင်၊ သတ္တုမီးခြစ်၊ သစ်သားမီးခြစ်နှင့် လူနေရပ်ကွက်မြင်ကွင်းတို့သည် သဲအိမ်မောင်နေဝါဝတ္ထုများတွင် မြင်တွေ့ရသည့် အခင်း အကျင်း၊ အရာဝတ္ထုနှင့် ထိုခေတ်ထိုကာလ၏ ပုံရိပ်ယောင်များပင်ဖြစ်သည်။ တနည်းအားဖြင့် ဆိုရှယ်လစ်အစိုးရလက်ထက်တွင် နေထိုင်ရှင်သန်ရသူများ၏ ဘဝပုံရိပ်ကားချပ်များဖြစ်သည်။ လက်ရှိဖြတ်သန်းနေရသည့်ကာလကို ကိုယ်စားမပြုနိုင်သော်လည်း အတိတ်ကာလတစ်ခုကို တူးဆွမြည်းစမ်းရသည့်ပမာ၊ အဖြူအမည်း ဝါကျင့်ကျင့်ဓာတ်ပုံများကို ကြည့်ရှုရသည့်ပမာ အရသာ ရှိပါသည်။

ထိုပုံရိပ်ယောင်များကို စာရေးဆရာသည် အတုံးလိုက်အတစ် လိုက်ထည့်သွင်း၍ ဖော်ပြခြင်း၊ အပြစ်တင်ခြင်း မဟုတ်ပါဘဲ ဇာတ် ကောင်၊ နောက်ခံကားချပ်တို့နှင့်အတူ ခေတ်ပုံရိပ်ကို ကျွဲကူးရေးပါ သကဲ့သို့ ထင်သာမြင်သာ ထင်ဟပ်စေလာသည်။ သဲအိမ်မောင်နေဝါသည် စာဖတ်သူကို သတင်းအချက်အလက်(မက်ဆေ့)များ ပေးလိုခြင်း၊ ဆုံးမလိုခြင်း၊ ပညာပေးလိုခြင်း စသည့် ရည်ရွယ် ချက်မရှိဘဲ၊ ဝတ္ထုတစ်ပုဒ်၏ ရသခံစားမှု(နှစ်သက်စေခြင်း)ရည်ရွယ်ချက် တနည်းအားဖြင့် သဲအိမ်မောင်နေဝါအနေဖြင့် လှစ်ပြလိုသော ဝတ္ထု၏ရည်ရွယ်ရင်းကိုသာ ဦးတည်နေကြောင်း သိသာလှသည်။ စာဖတ်သူကို သင်ခန်းစာပေးလိုခြင်း၊ ဆုံးမလိုခြင်း၊ ဖျော်ဖြေလိုခြင်းမဟုတ်ဘဲ ဝတ္ထုတစ်ပုဒ်၏ အရသာ၊ ရသကိုသာပေါ်လွင်အောင် ဖော်ကျူးသည်ဟု မြင်မိသည်။ ဝတ္ထုတို့၏ အဆုံးသတ် များသည် နှစ်သက်ခြင်းကိုဖြစ်စေပြီး ရသကိုးပါးထဲမှ အနည်းဆုံးတစ်ခုကိုပေး၍ အဆုံးသတ်ထားသည်။ ဇာတ်သိမ်းများသည် ညင်သာလှပသေသပ်သည်။

သဲအိမ်မောင်နေဝါ၏ ဝတ္ထုများကောင်းခြင်းတို့တွင် ဝါကျတည် ဆောက်ပုံလှပခြင်း၊ ဆန်းသစ်ခြင်း၊ ကျစ်လစ်ခြင်းနှင့် ဝါကျတို့၏ အဓိပ္ပာယ်ပြည့်ဝလှပခြင်းတို့ကိုလည်း ကောင်းခြင်းတစ်ခုအဖြစ် တွေ့ ရသည်။ ‘‘အရက်ရည်ဖြင့် မူးရီနေလျှင် ညစ်ညမ်းသော စကားလုံးများ ကို သုံးဖြန်းလေ့ရှိသေးသည်’’၊ ‘‘အာရုံရိပ်တွင် သီဝေ လှိုက်မော လာသည်’’၊ ‘‘ကန်စွန်းကန်ထဲသို့ ကျွန်တော်ငုံကြည့်လိုက်သောအခါ ရေဂယက်ငယ်ကလေးတွေ အဖြာဖြာလှုပ်ရှားထွက်ပေါ်၍ စိမ်းမြသော လရိပ်သည်လည်း အစိတ် စိတ်အမြွွှာမြွွှာကွဲဟသွားပုံကို တွေ့လိုက်ရပါသည်’’ စသည်ကဲ့သို့ လှပကျစ်လစ်သော အရေးအသားများကို တွေ့ရတတ် ပါသည်။ ဝတ္ထု၏ ကောင်းခြင်းလက္ခဏာများထဲတွင် ဝါကျအလှများ၊ စကားလုံးအသုံးအနှုန်းအလှများကို များစွာမြင်ရပါသည်။

‘‘အသည်းကွဲတစ်ယောက်ရဲ့ စွန်’’စာအုပ်ပါ ဝတ္ထုတိုများအရ သဲအိမ်မောင်နေဝါရေးသားသည့် ‘‘ခရမ်းလွန်ရောင် ညတစ် ည’’ ဝတ္ထုအပါအဝင် နောက်ပိုင်းရေးသားသည့် ဝတ္ထုများသည် ရေးသားသည့်အကြောင်းအရာ၊ ရေးသားတင်ပြသည့် ရှုထောင့်၊ ဇာတ်ကောင်စရိုက်တို့သည် ထူးခြားစွာကွဲထွက်လာသည်ကို တွေ့ရသည်။ ရှေ့ပိုင်းတွင်တင်ပြခဲ့သော ဇာတ်အိမ်အဖွဲ့အနွဲ့များမှ သိသာစွာခွဲထွက်လာကြောင်း ထင်ရှားစွာမြင်ရသည်။

‘‘ခရမ်းလွန်ရောင် ညတစ်ည’’၊ ‘‘အလင်းနှင်းဆီသို့ လွင့်မျောခြင်း’’၊ ‘‘လွမ်းသူတစ်ယောက်’’၊ ‘‘ယက်ဖ်တူရှင်ကို ကဗျာရွတ်တဲ့ည’’၊ ‘‘ကျဆင်းခြင်း’’၊ ‘‘ငယ်စဉ်က’’၊ ‘‘ရောဂါ’’၊ ‘‘လူရွယ်တစ်ဦး၏ ရုပ်ပုံ’’၊ ‘‘ကောင်မလေး ညို’’၊ ‘‘ရပ်ကွက်ကလေးထဲက အိမ်’’၊ ‘‘အသည်းကွဲတစ်ယောက်ရဲ့ စွန်’’နှင့် ‘‘မြို့တော်ကြီး၏ အမာရွက်’’စသော ဝတ္ထု ၁၂ ပုဒ်ကို သဲအိမ်မောင်နေဝါ၏ ထူးခြားသောအရေးအသားများအဖြစ် စာရေးသူက ထင်မြင်သုံးသပ်မိသည်။ ထိုဝတ္ထု ၁၂ ပုဒ်ထဲမှ ‘‘အသည်းကွဲတစ်ယောက်ရဲ့ စွန်’’ဝတ္ထုသည် သဲအိမ်မောင်နေဝါ၏ ရှေ့ပိုင်းအရေးအသားများပုံစံကဲ့သို့ ခပ်ဆင်ဆင် တူညီသော ဇာတ်လမ်းဇာတ်အိမ်ဟု ထင်ဖွယ်ရာရှိသော်လည်း စာရေးဆရာ၏ တင်ပြပုံ၊ ရှုထောင့်၊ ဇာတ်ကောင်တို့၏ စရိုက် သဘာဝ၊ ဇာတ်နောက်ခံကားတို့သည် ရှေ့ပိုင်းလက်ရာများနှင့်မတူညီဘဲ ကွဲထွက်နေသည်ကို မြင်ရသည်။

‘‘မှောင်တော့မယ်’’ဝတ္ထု၊ သဲအိမ်မောင်နေဝါကလောင်ဖြင့် ၁၉၇၈ ခုနှစ်၊ မတ်လ၌ မြန်မာ့ဝတ္ထုလောကသို့ ရောက်ရှိလာသော စာရေးဆရာသဲအိမ်မောင်နေဝါသည် အနှစ် ၂ဝ ကျော်ခန့် မြန်မာ့စာပေအသိုက်အဝန်းတွင် ငြိမ်သက်နေခဲ့သည်။ နှစ်ကာလများ စာအုပ်တိုက်၏ ကြိုးပမ်းမှုကြောင့် သဲအိမ်မောင်နေဝါ၏ မဂ္ဂဇင်းဝတ္ထု ၃၅ ပုဒ်စာအုပ် ထွက်ပေါ်လာခဲ့သည်။ ထိုဝတ္ထုများသည် ၁၉၉၃ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ဝေခဲ့သော ‘‘ရင်ဘတ်က ရွှေဆွဲကြိုးနဲ့ ကောင်ရဲ့ အာရုံ’’စာအုပ်မှ ဝတ္ထုများနှင့် နှစ်ကာလ များက ပြန်လည်ရှာဖွေစုစည်းထားသော ဝတ္ထုများကိုစုစည်း၍ ထုတ်ဝေလိုက်သော စာအုပ်တစ်အုပ်ဖြစ်သည်။ ထုတ်ဝေသူ၏ အမှာစာအကိုးအကားအားဖြင့် စာအုပ်ပါဝတ္ထုများသည် စာရေးဆရာသဲအိမ်မောင်နေဝါ၏ စာပေလက်ရာများအားလုံးကို စုစည်းထားခြင်းမဟုတ်ပါဟု ဆိုနိုင်ပါသည်။

‘‘အသည်းကွဲတစ်ယောက်ရဲ့ စွန်’’မဂ္ဂဇင်းဝတ္ထုများစာအုပ်သည် ဝတ္ထုတိုပရိသတ်အတွက် ရသကောင်းမွန်သော ဝတ္ထုကောင်း များ ဖြစ်သည်။ ဝတ္ထုတိုလေ့လာသူများအတွက် လေ့လာရန်၊ သုတေသနပြုရန်၊ မြန်မာ့ဝတ္ထုတိုရေးသားသူများ၏ စာပေအရေး အသားဆင့်ကဲပြောင်းလဲပုံကို လေ့လာရန်၊ စာပေလက်ရာများမှ တစ်ဆင့်သက်ဆိုင်ရာခေတ်ကာလ၏ လူမှုဗေဒကို လေ့လာသုံး သပ်ရန်နှင့် စာရေးဆရာများ၏ ဘဝကိုလေ့လာရန် အထူးသင့်လျော်သော စာအုပ်တစ်အုပ် ဖြစ်သည်။ ဝတ္ထုတိုရေးသားနေသူများ နှင့် ဝတ္ထုတိုရေးသားရန် အားထုတ်နေသူများအနေဖြင့် ဝတ္ထုတိုအတတ်ပညာနှင့်အားထုတ်မှုကို လေ့လာအတုယူနိုင်ရန် မဖြစ်မနေ ဖတ်ရှုသင့်သော စာအုပ်တစ်အုပ် ဖြစ်သည်။

ဟန်ဆန်း
အလင်းတန်းဂျာနယ်၊ အမှတ်(၉၁၅)၊ ၂၅ ဇူလိုင်လ ၂၀၁၆ ခုနှစ်

Please follow and like us:
20