နာရီလက်တံတို့ မည်သည် ပြောင်းပြန်လည်ရိုး ထုံးစံမရှိ

ကိုယ့်ဘဝထဲကို နာရီ‌တွေ တစ်လုံးပြီးတစ်လုံး ဝင်လာတတ်တယ်။ ငယ်စဉ်က‌လေးဘဝကတည်းက ဆိုပါ‌တော့။ နာရီလှလှ ‌ကောင်း‌ကောင်း‌တွေကိုမှ ကိုယ်က မက်‌မောတတ်တာ မဟုတ်။ ကိုယ့်အနားမှာ နာရီရှိ‌နေမှ ကိုယ့်အတွက် အဆင်‌ပြေတယ်။ ကိုယ်က အလုပ်လုပ်ရမယ့် အချိန်‌တွေကို သိချင်တယ်။

အချိန်‌တွေက ညီမကို ထိမ်းချုပ်ထားတာ မကြိုက်ဘူး။ ကိုယ့်ကို သူမ ‌ပြောခဲ့ဖူးတယ်။ သူမ နာရီပတ်‌လေ့မရှိ။ အချိန်သိချင်ရင် သူမက ကိုယ့်ကို ဘယ်နာရီထိုးပြီလဲလို့ ‌မေးတတ်တယ်။

ကိုယ့်ကို နာရီ‌တွေနဲ့ မိတ်ဆက်‌ပေးခဲ့သူက ကိုယ့်အ‌ဖေ။ အ‌ဖေက နာရီထဲမှာ စီကိုဖိုက်ကို ခ‌ရေစီဖြစ်တယ်။ ဒီနာရီက မင်းထက် အသက်ကြီးတယ်ကွ။ အ‌ဖေက သူပတ်ထားတဲ့ စီကိုဖိုက်နာရီအို‌လေးကိုပြပြီး ‌ပြော‌လေ့ရှိတယ်။ အ‌ဖေရဲ့ နာရီ‌လေးက ခုထိ ‌ကောင်းတုန်း။ သွား‌နေတုန်း။

အ‌ဖေတို့ ‌ခေတ်က ပစ္စည်း‌ကောင်း‌လေး‌တွေ ရှားတယ်ထင်ပါရဲ့။ အ‌ဖေ့နာရီ‌လေးက သူ့‌ခေတ်သူ့အခါတုန်းက တန်ဖိုးတစ်ခု ရှိခဲ့လိမ့်မယ်။ သိပ်တန်ဖိုးကြီးပြီး သိပ်‌ဈေးကြီးတဲ့နာရီ‌တော့ မဟုတ်‌လောက်ဘူး။ ‌ဈေးကြီးတာ‌တွေ ‌ဈေးနည်းတာ‌တွေက တစ်ပိုင်း‌လေ။ နာရီက သူ့တာဝန်‌ကျေရင် ပြီးတာပဲ။

ကိုယ့်က အမှတ်တရပစ္စည်း‌လေး‌တွေ၊ ‌ရှေး‌ဟောင်းပစ္စည်း‌တွေဆိုရင် နည်းနည်းစိတ်ဝင်စားတယ်။ သိမ်းထားချင်တယ်။ ကိုယ်ငယ်ငယ်က ကိုယ်တို့‌နေခဲ့တဲ့အိမ်မှာ ချိန်သီးနဲ့ တိုင်ကပ်နာရီတစ်လုံးရှိခဲ့တယ်။ ချိန်သီးက ဘယ်က‌နေ ညာ၊ ညာက‌နေ ဘယ်၊ အချိန်မှန်မှန် လှုပ်‌နေတတ်တယ်။ အချိန်တစ်နာရီပြည့်သွားတိုင်း ဒင် ဒင် ဒင် ဆိုပြီး သူ‌ရောက်‌နေတဲ့အချိန်ကို အသံ‌ပေး ညွွှန်ပြ‌လေ့ ရှိတယ်။ ကိုယ့်အ‌မေက ‌ပြောတယ်။ ကိုယ်‌မွေးကင်းစက ချိန်သီးနာရီကြီး ဒင် ဒင် မြည်ရင် ကိုယ်က လှန့်တတ်တယ်။ ငါ့သားက အသည်းသိပ်ငယ်တာပဲ။

ချိန်သီးနာရီကြီးက ကိုယ့်ကို ‌ကျောင်းတက်ဖို့၊ ထမင်းစားဖို့၊ ‌ရေချိုးဖို့၊ အိပ်ယာဝင်ဖို့၊ အိပ်ယာထဖို့ အမြဲတမ်းသတိ‌ပေး နိုး‌ဆော်ခဲ့တယ်။ နာရီသံ တစ်‌ဒေါင်‌ဒေါင်၊ တစ်ဒင်ဒင်ဟာ ကိုယ့်ဘဝကို တက်ကြွ‌စေဖို့ မသိမသာ ‌သွေးထိုး‌ပေးခဲ့တယ်။

‌လောကရဲ့ ဆန်းသစ်မှု‌တွေ၊ အထိအ‌တွေ့‌တွေ၊ အသိအမြင်‌တွေကို သိစ၊ မြင်စ၊ ‌တွေ့စ၊ မှတ်စ ဆိုတဲ့ ကာလမှာ နာရီသံကြီးနဲ့ အတူ ကိုယ်‌ပျော်ခဲ့တယ်။ စကားလုံးအသစ်‌တွေ ကြားရ‌တော့မယ်။ အ‌ဖေ‌ပြောတဲ့ လူ့‌လောကပုံပြင်‌တွေ ကြားရ‌တော့မယ်။ အ‌မေခွံတဲ့ ထမင်းနဲ့ဟင်းကို စားရ‌တော့မယ်။ အ‌မေတိုက်တဲ့ ‌ရေ‌အေးကို ‌သောက်ရ‌တော့မယ်။ လွယ်အိတ်က‌လေး လွယ်ပြီး ‌ကျောင်းသွားရ‌တော့မယ်။ နာရီသံ‌တွေ၊ အချိန်‌တွေနဲ့အတူပါ။ ကိုယ့်အ‌ဖေက သူ့စိတ်ကူးယဉ်ဘဝ‌တွေကို ကိုယ့်အတွက်ဖန်တီး‌ပေးဖို့ ကြိုးပမ်း‌နေတယ်။ အဲဒီကာလရဲ့ အချိန်နာရီ‌တွေမှာ ကိုယ်ဟာ ‌ရွွှေမင်းသား‌လေး။ ‌ပျော်လိုက်တာ။ မြူးလိုက်တာ။ လန်းလိုက်တာ။ တက်ကြွလိုက်တာ။

နာရီ‌တွေက ကိုယ့်ကို ‌ကောင်း‌ကောင်းကြီး စည်းရုံးသွားခဲ့ပြီ။

အိတ်‌ဆောင်နာရီ‌လေးတစ်လုံးကို ကိုယ့်အဖိုးက ကိုယ့်ကိုပြလာတယ်။ သူ့အိတ်‌ဆောင်နာရီ‌လေးအ‌ကြောင်းကိုလည်း ‌ပြောပြတယ်။ နာရီ‌လေး‌ကြောင့် ဂုဏ်တင့်ခဲ့ရပုံ‌တွေကို အဖိုးက ပုံပြင်တစ်ပုဒ်လို ‌ပြောပြခဲ့တယ်။ ‌ယောင်္ကျား‌လေးတစ်‌ယောက်က နာရီ‌ကောင်း ‌ကောင်းတစ်လုံးရှိရတယ်။ အဖိုးက ကိုယ့်ကို ‌ပြောခဲ့တယ်။

ကိုယ့်အဖွားက ကိုယ့်ကို နာရီခဏခဏကြည့်ခိုင်းတယ်။ ဘယ်နာရီထိုးပြီလဲ အမြဲ‌မေးတတ်တယ်။ အဖွားကို ည‌နေ ၅ နာရီထိုးရင် ‌ပြော‌နော်။ နာရီ‌စောင့်ကြည့်တဲ့တာဝန်ကို အဖွားက ‌ပေးတတ်တယ်။ သူကိုယ်တိုင်လည်း အိပ်ယာ‌ဘေးမှာ နာရီထား အိပ်တယ်။ ညဖက် တ‌ရေးနိုးရင် နိုးတဲ့အချိန် ဘယ်အချိန်လဲဆိုတာ သိလိုက်ရမှ အဖွားက ‌ကျေနပ်တယ်။

ကိုယ့် အသက်ခုနှစ်နှစ်‌ရောက်‌တော့ ကိုယ့်လက်မှာ လက်ပတ်နာရီ တစ်လုံး‌ရောက်လာတယ်။ ခု‌ခေတ်‌ပြော‌ပြော‌နေတဲ့ ဒီဂျစ်တယ် ဆိုတာမျိုးပါ။ နာရီ‌လေးက အချိန်‌တွေကို ဂဏန်း‌တွေနဲ့ ပြ‌ပေးတယ်။ အ‌ရောင်က ပန်း‌ရောင်‌လေး၊ နာရီမှာ ဒစ်စနီလို့ ‌ရေးထား တယ်။ က‌လေးပတ်နာရီ‌လေးပါ။ နာရီ‌လေးပတ်ပြီး အပြင်ထွက်တဲ့အခါပတ်ဝန်းကျင်က ကိုယ့်နာရီအ‌ကြောင်း ‌မေးကြတယ်။ ကိုယ်ကလည်း နာရီအ‌ကြောင်းကို ကြွားတယ်။ ကိုယ့်အ‌ဖေက နာရီ‌လေးကို နယ်စပ်က‌နေ ဝယ်လာခဲ့တာ။ အဲဒီအချိန်ကာလက ခုလို က‌လေးကြိုက်‌လေး‌တွေ အတန်အတင့် ရှားတယ်ထင်ပါရဲ့။

‌နွေရာသီ‌ကျောင်းပိတ်ရက်တစ်ခုမှာ ကိုယ်‌မော်လမြိုင်မြို့ကို သွားလည်ခဲ့တယ်။ ‌ကျောင်းဖွင့်ခါနီးလို့ ရန်ကုန်ကို အပြန်မှာ ကိုယ့်ဦး‌လေးတစ်‌ယောက်က ခရီး‌ဆောင်အဝတ်အိတ်ထဲကို လက်ပတ်နာရီ‌တွေ အများကြီးထည့်လိုက်တယ်။

ကိုယ့်ခရီး‌ဆောင်အိတ်ထဲကိုလည်း လက်ပတ်နာရီ‌တွေ အများကြီးလာထည့်တယ်။ မင်းကို နာရီတစ်လုံးလက်‌ဆောင်‌ပေးမယ်ကွာ။ ကိုယ့်ဦး‌လေးက ကိုယ့်ကို ‌ပြောခဲ့တယ်။ နာရီ‌တွေက အများကြီး၊ ဘာလုပ်ဖို့လဲ မသိ။ ကိုယ်အံဩခဲ့ရတယ်။

နာရီဆိုတာ ‌ရောင်းဝယ်ပြုပြင် စီးပွားရှာလို့ ရသကိုး။ ကာလအ‌တော်ကြာမှ ကိုယ်နားလည်ခဲ့တယ်။

လူပျို‌ပေါက်အရွယ် အလယ်တန်း‌ကျောင်းသားဘဝမှာ။ မနက်‌ခြောက်နာရီထိုးပြီ အိပ်ယာထ‌တော့၊ မနက်‌စော‌စောအိပ်ယာထရမယ် ‌စော‌စောအိပ်၊ ဆယ်နာရီထိုးပြီး မနက်စာထကျက်ဖို့ အိပ်‌တော့၊ မနက် ခုနှစ်နာရီ‌ကျောင်းတက်ရမယ်၊ ‌ကျောင်း‌နောက်ကျ‌နေပြီ မြန်မြန်သွား။ အချိန်နဲ့နှီးနွယ်‌နေတဲ့ အသံ‌တွေ အမိန့်‌တွေ။ ကြား‌နေရပြီ။ အချိန်‌လေးစားရမယ်။ အချိန်ကို မ‌လေးစားတတ်ဖူးလား။ ကြား‌နေရပြီ။ ကိုယ် အချိန်‌တွေကို နည်းနည်းရွံလာပြီ။ နည်းနည်းတွန့်လာပြီ။ အချိန်နဲ့ အလုပ်လုပ်ရတာ စက်ရုပ်လို ဘဝလို့ ‌တွေးမိလာတယ်။

ရှစ်တန်း‌အောင်ရင် စီကိုဖိုက်နာရီတစ်လုံး လက်‌ဆောင်။

အလယ်တန်း‌ကျောင်းသားဘဝ၊ ရှစ်တန်း‌ဖြေခါနီးမှာ ကိုယ့်အ‌ဖေက ကိုယ့်ကို စကားလက်‌ဆောင်တစ်ခု ‌ပေးလာတယ်။ နာရီထဲမှာ စီကိုဖိုက် အ‌ကောင်းဆုံး ဟုတ်မဟုတ် ကိုယ်မသိ။ အ‌ဖေက စီကိုဖိုက်ဆို‌တော့ ကိုယ်က လိုချင်တယ်။ စာကြည့်ရင်း ငိုက်လာခဲ့ရင် စီကိုဖိုက်‌လေး ‌ပြေး‌ပြေးမြင်တယ်။ ကိုယ့်အ‌ဖေက ပညာ‌ရေးကို စီကိုဖိုက်နဲ့ စည်းရုံးသ‌ပေါ့။ လက်‌တွေ့ဘဝထဲ ‌ခေါ်သွားပြီး ပညာမ တတ်ခြင်းရဲ့ ဒုက္ခကိုလည်း ပြဖူးပါရဲ့။ ကိုယ်က အ‌ဖေ့ကို ပညာတတ်လည်း မထူးပါဘူး အ‌ဖေရယ်၊ ဆိုက်က္ကားနင်းတာမှ ‌ကောင်းဦးမယ်လို့ ‌စောတကတတ်မိတယ်။ အ‌ဖေက မျက်‌ထောက်နီကြီးနဲ့ မတူဘူး‌လေကွာ။ ခပ်ထန်ထန် ပြန်‌ပြောတယ်။

ရှစ်တန်း‌အောင်‌တော့ နာရီတစ်လုံး ရခဲ့တယ်။ ကိုးတန်း‌ကျောင်းသားဘဝအစမှာ ကိုယ့်ဆရာမက ကိုယ့်ဘယ်ဘက်လက်ကို လာကိုင်ပြီး သား နာရီ‌လေးက လှလိုက်တာလို့ ‌ပြောလာတယ်။ ဟုတ်ကဲ့ ရှစ်တန်း‌အောင်လို့ အ‌ဖေဝယ်‌ပေးတာလို့ ခပ်ပြုံးပြုံး ‌ပြောလိုက်တယ်။

တစ်ခါက အတန်းထဲမှာ နာရီဒိုင်ခွက်‌ပေါ်က မှန်ကို အပြိုင်အဆိုင် အုတ်နီခဲနဲ့ထုပြီး ကိုယ့်သူငယ်ချင်း‌တွေ ပြိုင်ကြတယ်။ သတိ္တဘယ်‌လောက် ရှိသလဲ ပြိုင်ကြတယ်။ ဘယ်လို သတိ္တမျိုးကို ပြိုင်သလဲ။ ကိုယ်နားမလည်ခဲ့။ ‌ဟေ့‌ကောင် မင်းအလှည့်။ ကိုယ် ညင်ညင်သာသာ‌လေး ‌ခေါင်းယမ်း ငြင်းလိုက်တယ်။

ကိုယ် အထက်တန်း‌အောင်‌တော့ တစ်ဆယ့်‌ခြောက်နှစ်။ ကိုယ့်အ‌ဖေက သိမ်ဖြူလမ်းမှာရှိတဲ့ စီတီဇင်နာရီဆိုင်ကို ‌ခေါ်သွားပြန်တယ်။ အ‌ဖေက ကိုယ့်ကို အဲဒီဆိုင်‌ခေါ်သွား‌တော့ ကိုယ်‌ပျော်ခဲ့တယ်။ ကိုယ့်ကို စတီး‌ဘော်ဒီနဲ့ လက်ပတ်နာရီတစ်လုံး ထပ်ဝယ်‌ပေးတယ်။ ကိုယ့်ကို ဝယ်‌ပေးရတာ အ‌ဖေအတွက် သိပ်ကို တန်ဖိုးများ‌နေလိမ့်မယ်။ လူငယ်အကြိုက် ဖန်စီနာရီ မဟုတ်ဘူး။ လူလတ်၊ လူကြီးပိုင်းအထိ သုံးလို့ရတဲ့ လက်ပတ်နာရီ‌ကောင်း‌ကောင်းတစ်လုံးပဲ။ မင်း အထက်တန်း‌အောင်ပြီ။ တက္ကသိုလ်သွားရ‌တော့မယ်။ ပြီးရင် လက်‌တွေ့ဘဝထဲကို ဆက်သွားရဦးမယ်။ မင်းတစ်သက်လုံး အဆင်‌ပြေနိုင်မယ့်၊ တစ်သက်လုံး သုံးနိုင်မယ့် နာရီတစ်လုံး ငါ‌ပေးလိုက်ပြီ။ ဆိုတဲ့ အဓိပ္ဋါယ်‌တွေ ကိုယ့်အ‌ဖေမှာ ရှိ‌နေတယ်ဆိုတာ အ‌ဖေ့နုတ်က ထုတ်မ‌ပြောပဲ ကိုယ်နားလည်ခဲ့တယ်။

ကိုယ့်တို့ နာရီသွားဝယ်တဲ့ သိမ်ဖြူလမ်းက နာရီဆိုင်မှာ ကိုယ့်ရင်ခုန်သံ ရှိ‌နေတယ်ဆိုတာ ကိုယ့်အ‌ဖေ သတိမထားမိဘူး။

အဲဒီ‌နေ့က ကိုယ့်ရင်ခုန်သံ ခွင့်ယူထားလို့ အလုပ်မဆင်းခဲ့ဘူး။

လက်ပတ်နာရီ‌လေးက နှစ်‌ပေါက်‌အောင် ကိုယ်နဲ့အတူရှိ‌နေခဲ့တယ်။ လုပ်ငန်းခွင်တဲ့‌ရောက်တဲ့ အထိပဲ။ တစ်ခါတ‌လေ အလုပ်ခွင်ထဲက သူငယ်ချင်း‌တွေ ကိုယ့်နာရီ‌လေးကို ခရီးသွားဟန်လွဲသ‌ဘောနဲ့ ‌ဝေဖန်ကြတယ်။ ကိုယ်က‌တော့ ကိုယ့်အ‌ကြောင်းနဲ့ကိုယ်၊ ကိုယ့်အမှတ်တရ‌တွေနဲ့ကိုယ်၊ ခပ်ပြုံးပြုံး‌လေး ‌နေခဲ့မိတယ်။

ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ ကိုယ် ကြိုးစားတယ်။ ကိုယ့်အ‌ဖေ၊ အစ်ကို အရင်းတမျှ ခင်မင်ရတဲ့ မိတ်‌ဆွေ‌တွေက ကိုယ့်ကို ဝိုင်းကြတယ်။ အလုပ်အတွက် ရုံးခန်းတစ်ခု စလုပ်တယ်။ ကိုယ့်နဲ့ အလုပ်တွဲလုပ်တဲ့ သူငယ်ချင်းရဲ့ အစီအမံအရ တွက်ချက်လိုက် ‌တော့။

ကိုယ်တို့ ရုံးခန်းမှာ နာရီ အဝင်မခံရ။

ငါ့ညီ လုပ်ငန်းရှင်လုပ်မယ်ဆိုရင် အချိန်‌လေးစားဖို့ လိုတယ်ကွ။ တိုင်ကပ်နာရီတစ်လုံး ကိုယ်တို့ ရုံးခန်း‌လေးထဲကို စိုက်စိုက် မြိုက်မြိုက် ‌ရောက်လာတယ်။ ကိုယ့်အတွက် အလုပ်အတွက် အစစအရာရာ ကူညီ‌ပေးတဲ့ အစ်ကိုက လက်‌ဆောင်‌ပေးခဲ့တာ။ သူက အ‌ကောင်းကြိုက်‌တော့ နာရီကလည်း အ‌ကောင်းစားပါပဲ။ အစ်ကို‌ပေးတဲ့ လက်‌ဆောင်ကို လုံးလုံးမငြင်း။ကိုယ်တို့ လက်ခံလိုက် တယ်။ သူငယ်ချင်းနှစ်‌ယောက် တစ်‌ယောက်ကိုတစ်‌ယောက် ကြည့်ပြီး ပြုံးလိုက်ကြတယ်။ နာရီကိစ္စ ‌မေ့‌မေ့‌ပျောက်‌ပျောက် ရှိခဲ့ကြတယ်။

ကိုယ်တို့ ကိုယ်ပိုင်လုပ်ငန်း‌လေး အထိုက်အ‌လျှောက်‌အောင်မြင်ခဲ့‌ပေမယ့်။ ကိုယ်တို့မှာ ရှိတဲ့ အင်အား၊ အသက်အရွယ်၊ တစ်ဇွတ်ထိုး စိတ်‌တွေနဲ့ ကိုယ်တို့ ကိုယ်ပိုင်လုပ်ငန်း‌လေး ရပ်တန့်သွားတယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်ခဲ့တဲ့ ကာလ‌တွေမှာ အချိန်‌တွေ နာရီ‌တွေက ကိုယ်တို့ကို ထိမ်းချုပ်ခဲ့တယ်။ ကန့်သတ်ခဲ့တယ်။ တိုင်ကပ်နာရီကို တ‌မော့‌မော့ကြည့်။ လက်ပတ်နာရီ တစ်‌မြောက်‌မြောက်လုပ်လို့ အချိန်ရဲ့ ‌ကျေးကျွန် ဖြစ်ခဲ့ကြတယ်။

ကိုယ်တို့ လုပ်ငန်း‌လေးရပ်တန့်သွား‌တော့ တိုင်ကပ်နာရီ‌လေးကို တစ်ခြားပစ္စည်း‌တွေနဲ့အတူ စိတ်ကျန်းမာ‌ရေး‌ဆေးရုံးကို သွားလှူဒါန်းလိုက်တယ်။ စိတ်ကျန်းမာ‌ရေး‌ဆေးရုံးက ‌ဝေဒနာရှင်‌တွေ အချိန်နာရီကို ချစ်သလား၊ မုန်းသလား၊ လိုချင်သလား၊ မလိုချင်ဘူးလား။ ကိုယ်တို့ မ‌တွေးမိခဲ့။ မသိခဲ့။ အလှူတစ်ခုအ‌နေနဲ့ တိုင်ကပ်နာရီကို လှူဒါန်းလိုက်ကြတယ်။

ကိုယ်ပိုင်လုပ်ငန်း ရပ်တန့်ချိန်မှာလည်း အချိန်ကာလ‌တွေနဲ့ ကိုယ် ရင်ဆိုင်ခဲ့ရတယ်။ လကုန်ရက်‌တွေမှာ ကိုယ့်မှတ်စုစာအုပ်‌လေးထဲက ‌ပေးရန်ရှိ‌ငွေစရင်း‌တွေကို အနုတ်ပြနိုင်ဖို့ ရင်ဆိုင်ခဲ့ရတယ်။

ကိုယ့်အ‌ဖေ‌ပေးခဲ့တဲ့ လူလား‌မြောက်မှု အသိအမှတ်ပြု လက်ပတ်နာရီက‌တော့ ကိုယ့်ဘယ်လက်မှာ ရှိ‌နေတုန်းပဲ။

ဒီ‌နေ့ ‌ဖောင်ပိတ်ရက်။ ‌နေ့လည် နှစ်နာရီ ရုံးတင်ရမယ်။ ဒီည ဖလင်ထုတ်မယ်။ စာမူကို ငါးရက်‌နေ့ ‌နောက်ဆုံး‌ပေးပါ။ မီးက ဆယ့်တစ်နာရီမှာ ပျက်မှာ။ မနက်ငါးနာရီမှ မီးပြန်လာမယ်။ မီးဆက်‌မောင်းထားတာ ကြာ‌နေပြီ။ တစ်နာရီ‌လောက် နားလိုက်ဦးမယ်။ သွက်သွက်လုပ်ကြ။ စာအုပ်ထွက် ‌နောက်ကျမယ်။ ‌ကြော်ငြာရှင်‌တွေနဲ့ စကားများရ‌တော့မယ်။ ခုထိ စာမှုခထုတ်လို့ မရ‌သေးဘူးလား။ ဖွင့်ပွဲက ရှစ်နာရီမှာ စမှာ၊ မနက်‌စော‌စောထ။ စာမူကို ငါးရက်‌နေ့ ‌ပေးမယ်ဆိုပြီး ခင်ဗျာ ကတိမတည်ဘူး။ တက္ကစီငှါးပြီး သွားရင် ငါတစ်နာရီ‌လောက် အိပ်ရမယ်။ အိပ်ချိန်ကို ၂၅ဝဝ နဲ့ ဝယ်လိုက်မယ်ကွာ။ ဟာ ရတဲ့ စာမူခနဲ့ ကားငှါးကနဲ့ မကိုက်ဖူးကွာ။ ဘာဖြစ်ဖြစ်ကွာ အချိန်နာရီကို ၂၅ဝဝ နဲ့ ဝယ်တယ်လို့ သ‌ဘောထားလိုက်မယ်ကွာ။ အို့။ မုန်းဖို့‌ကောင်းတဲ့ အချိန်နာရီ‌တွေ။ မုန်းလိုက်တာ။

နိုးစက်‌ပေးလို့ ရတယ်။ ဓာတ်ခဲလည်း သိပ်မစားဘူး။ ကိုယ့်ဦး‌လေးက နာရီအ‌ကြောင်း ရှင်းပြပြီး ကိုယ့်ကို လက်‌ဆောင်‌ပေးလာ ပြန်တယ်။ ကိုယ့်လက်မှာ စီတီဇင်နာရီ‌လေး ပတ်ထားတုန်းပဲ။ နာရီက သိပ်‌ဈေးမကြီးပါဘူး။ လက်‌ဆောင်‌ပေးလို့ရ‌အောင် ‌ရွွှေတိုက် က‌နေ ငါဝယ်ထားတာ။ တစ်နှစ်‌လောက်‌တော့ ‌အေး‌အေး‌ဆေး‌ဆေး ခံတယ်ကွ။ နိုးစက်‌ပေးလို့ရ‌တော့ မင်းအတွက် အဆင်‌ပြေတာ ‌ပေါ့။ ဓာတ်ခဲကုန်သွားလည်း ငါ့ဆီပြန်ယူခဲ့ကွာ။ ဒီဦး‌လေးက တစ်ခြားဦး‌လေး‌တွေနဲ့ မတူ။ သူစီစဉ်ရင် ငြင်းရခက်တယ်။ အမှတ်တရဆိုရင် ခုံမင်တတ်တဲ့ ကိုယ့်စိတ်က‌လေး‌ပေါ်လာခဲ့တယ်။

ကာလတစ်ခုကြာ‌တော့ နာရီ‌လေးရပ်သွားခဲ့တယ်။ နာရီ‌လေးကို တစ်ခုတ်တရ သိမ်းထားလိုက်တယ်။ စီတီဇင်နာရီ‌လေး ကိုယ်လက် ‌ပေါ် ပြန်‌ရောက်လာပြန်တယ်။ ကိုယ်က အမှုမဲ့၊ အမှတ်မဲ့။ ဂရုတစိုက်ရှိတတ်တဲ့ ကိုယ့်ဦး‌လေးက လက်ပတ်နာရီ‌ပြောင်း‌နေတာကို သတိထားမိသွားတယ်။ လက်ပတ်နာရီအ‌ကြောင်း ‌မေးတယ်။ ‌ပြောပြခဲ့တယ်။ ငါ့ပြန်‌ပေး ငါကြည့်‌ပေးမယ်။ ကိုယ်ပြန်‌ပေးလိုက် တယ်။ ‌နောက်တစ်‌နေ့ကျ‌တော့ နာရီ‌လေးကို ပြုပြင်တဲ့အ‌ကြောင်း ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်‌လောက် ကိုယ့်ကို ရှင်းပြတယ်။

ဦး‌လေးအ‌နေနဲ့ နာရီပြင်တဲ့ အလုပ်ကို အချိန်‌ပေးပြီး လုပ်ရမှာ မဟုတ်။ သူ့အလုပ်လဲ မဟုတ်။ သူလုပ်ပုံ ကိုင်ပုံ။ စဉ်းစားခန်း ဝင်ပုံနဲ့ဆိုရင် နာရီပြင်ဖို့ တစ်နာရီနဲ့ မနည်းကြာမယ်။ ကိုယ့်ကို ပြန်ရှင်းရတဲ့ အချိန်ပါ ထည့်တွက်ရင် တစ်နာရီနဲ့ နှစ်နာရီထက် မနည်းကြာလိမ့်မယ်။ ဦး‌လေးကိုယ်တိုင်မပြင်ပဲ နာရီပြင်ဆိုင်ပို့ခဲ့ရင် နာရီပြင်ဖို့ အချိန်နာရီဝက်ထက်ပိုမည် မဟုတ်။ အချိန် နှစ်နာရီဟာ ဦး‌လေးရဲ့အလုပ်‌တွေကို အတန်အတင့် ပြီးနိုင်တယ်။ ဦး‌လေးနဲ့ ခက်ပါတယ်လို့ ကိုယ်‌တွေး‌နေမိတယ်။

ဘဘကြီးက ကားပြင်‌နေရင် တ‌နေ့လုံး တညလုံး ပြင်‌နေ‌တော့တာ။ ဘကြီးတို့က ဘဘကြီးနှယ့် ဘာလို့ ဒီအလုပ်လုပ်‌နေရတာလဲ။ သူ့အလုပ်မှ မဟုတ်တာလို့ ‌တွေးတယ်။ ကိုယ့်ဦး‌လေးရဲ့အ‌ဖေ သူ့ကားပြင်တဲ့အ‌ကြောင်း ကိုယ့်ဘကြီး ပြန်‌ပြောပြတာကို အ‌တွေး‌ရောက်သွားတယ်။ ခုမှ ဘကြီးတို့လည်း ဘဘကြီးကို နားလည်‌တော့တယ်။ အနုပညာသမားဆိုတာ ဒီလိုပဲကွ။ သူ့စိတ်ဝင်စားတာ၊ သူခုံမင်တာ၊ သူစိတ်‌ပျော်ရာကို လုပ်ချင်လုပ်‌နေ တာ။ သူစိတ်‌စေစားရာကို လုပ်‌နေတာ‌ပေါ့။

နားလည်လိုက်ပြီ။ သ‌ဘော‌ပေါက်ပြီ။ သူတို့က အချိန်ကို မ‌လေးစားတာ မဟုတ်။ တန်ဖိုးမထားတာ မဟုတ်။ သိပ်‌လေးစား၊ သိပ်တန်ဖိုးထားတဲ့ လူ‌တွေ။ သူတို့ဟာ သူတို့ စိတ်ကျက်စားရာကို လုပ်‌နေကြတာ။ အချိန်‌တွေရဲ့ ခိုင်း‌စေတာကို လုပ်‌နေတာ မဟုတ်ဘူး။ သူတို့ဘဝ သူတို့အချိန်‌တွေကို အနိုင်ယူ‌နေတာ။ စိတ်ရဲ့ ‌စေစားရာအတွက် အချိန်‌တွေကို သုံး‌နေတာ။ အချိန်‌တွေက သူတို့ကို ခိုင်း‌နေတာ မဟုတ်ဘူး။

ကိုယ့်ဦး‌လေး‌ပေးတဲ့ နာရီ‌လေး သက်တမ်းကုန်သွားတယ်။ ဦး‌လေးက ‌နောက်ထပ်နာရီတစ်လုံး ကိုယ့်ကို ထပ်‌ပေးပြန်တယ်။ နာရီအ ‌ကြောင်းလဲ ထပ်ရှင်းပြတယ်။ ဆယ့်‌လေး ငါးမိနစ်‌လောက်။

ကိုယ်တို့ဝန်းကျင်မှာ နာရီ‌တွေ အများကြီးရှိတယ်။ မြို့လယ် လမ်းမ‌တွေမှာ၊ ရုံးခန်း‌တွေမှာ၊ အိမ်‌တွေမှာ၊ လက်ကိုင်ဖုန်းထဲမှာ၊ ကွန်ပျူတာထဲမှာ။ အို ကိုယ်တို့နားမှာ နာရီ‌တွေ ဝိုင်းရံ‌နေပါလား။ အချိန်‌တွေ ရှားပါး‌နေပါလား။ တချို့လည်း အချိန်‌တွေ ပို‌နေ‌ကောင်းပါရဲ့။

လူ‌တွေကို ညီတူမျှတူ ‌ပေးထားတဲ့အချိန်က နှစ်ဆယ့်‌လေးနာရီ။

ကိုယ်က‌တော့ နာရီ‌တွေနဲ့ ပတ်သက်ပြီး သိပ်မခံစား‌တော့ဘူး။ နာရီဆိုတာ အသုံးအ‌ဆောင်တစ်ခုပဲ။ နာရီဆိုတာ ဂုဏ်တစ်ခုအတွက် မဟုတ်ဘူး။ အချိန်မှန်ရင် ပြီးတာပဲ။ နာရီ‌တွေကို ချစ်တဲ့ လူလည်း ရှိမှာပဲ။ ဒါလည်း လူတစ်‌ယောက်ရဲ့ လွတ်လပ်ခွင့်ပဲ။ သူတို့ရဲ့ ဝါသနာပဲ။ နာရီ‌တွေဟာ သူတို့ဘဝအတွက် အနုပညာပစ္စည်း ဖြစ်‌ကောင်းဖြစ်‌နေလိမ့်မယ်။ ကိုယ်က‌တော့ အချိန်‌တွေကို တခါတ‌လေ မုန်းလိုက်၊ ချစ်လိုက်။ တခါတ‌လေ စိတ်‌ကောက်လိုက်၊ ပြန်‌ချော့လိုက်နဲ့ ဖြတ်သန်း‌နေမိတယ်။

နာရီဆိုတာကို ‌မေ့‌တေ့‌တေ့ ဖြစ်‌နေခဲ့တယ်။

ကိုယ့်ဘဝထဲကို နာရီတစ်လုံး‌ရောက်ဖို့ အ‌ကြောင်းဖန်လာခဲ့တယ်။ ဒါကလည်း အမှတ်တရတစ်ခုပါပဲ။ ဒီနာရီ‌လေးရခဲ့တဲ့ ‌နေ့ရာ၊ အချိန်၊ အ‌ခြေအ‌နေ‌တွေဟာ ကိုယ့်အတွက် အမှတ်ရစရာပဲ။

ကံစမ်းမဲဆိုတာ ကိုယ့်ဘဝမှာ ‌ပေါက်ခဲတယ်။ ကံစမ်းမဲ ‌ပေါက်‌လေ့‌ပေါက်ထမရှိ။ ကံစမ်းမဲ ထမ်းလာတာ မမြင်ရ။ နာရီထမ်းလာ တာ မြင်ရ။ ဆိုရမလို နာရီတစ်လုံး ကံစမ်းမဲ‌ပေါက်ပြန်တယ်။

ဒီ‌ကောင် ကံတက်‌နေတယ်။ ကံ‌ကောင်းချင်‌တော့ နာရီကံစမ်းမဲ‌ပေါက်တယ်။ ကံဆိုးချင်‌တော့ နာရီက မိန်းမပတ်ဖြစ်‌နေတယ်။ ဒီ‌ကောင့်မှာ နာရီ‌ပေးစရာ မိန်းက‌လေးလည်း မရှိဘူး။ ‌လှောင်ကြပြီ။ စကြ ‌နောက်ကြပြီ။ ဟုတ်တယ်။ မိန်းမပတ်နာရီဆို‌တော့ ဒီနာရီကို ကိုယ်ပတ်လို့ မဖြစ်။ ပတ်‌တော့ ဘာဖြစ်လဲ။ ဘာမှ မဖြစ်ဘူး။ ကိုယ့်ကို မာမီဆိုပြီး ထပ်‌လှောင်ကြမယ်။ ဒါဆို ဒါလည်း မဖြစ်။

ကိုယ့်အ‌တွေးက မ‌ဝေး‌သေးတဲ့ အတိတ်တစ်‌နေရာဆီ ‌ရောက်သွားတယ်။ သူမဆီကို‌ပေါ့။ သူမနဲ့ကိုယ် စကားစမြည်‌ပြောကြဖို့ မကြာခဏ ဆိုသလို ဆုံတတ်ကြတယ်။ ကိုယ်က သူ့အတွက် အချိန်‌တွေ အများကြီး ဖဲ့‌ပေးခဲ့တယ်။ ‌ကျေ‌ကျေနပ်နပ် ‌ပျော်‌ပျော်ရွွှင်ရွင်ကြီး‌ပေါ့။

ကိုယ်တို့ဆုံဖို့ ချိန်းလိုက်ကြတိုင်း ချိန်းဆိုချိန်မ‌ရောက်ခင် ဆယ့်ငါးမိနစ်အလို၊ ချိန်းတဲ့ ‌နေရာကို ကိုယ်‌ရောက်‌အောင်သွားတယ်။ သူမက ချိန်း ဆိုချိန်ထက် အနည်းဆုံး နာရီဝက်၊ အများဆုံး ‌လေးဆယ့်ငါးမိနစ်နဲ့ တစ်နာရီမှ ‌ရောက်လာတတ်တယ်။ ဒါ‌တွေကို ကိုယ်မသိ။ ကိုယ်က ကိုယ့်စိတ် ကူးနဲ့ကိုယ် ဘဝင်‌လေဟတ်ပြီး စိတ်ကူးလှလှ‌တွေ ယဉ်‌နေခဲ့တယ်။

သူမ ကိုယ့်ကို လက်ခံတဲ့‌နေ့ နာရီတစ်လုံး အမှတ်တရလက်‌ဆောင် ‌ပေးမယ်။ ဟုတ်တယ်။ ကံ‌ကောင်းလို့ နာရီတစ်လုံး ကံစမ်းမဲ‌ပေါက်ခဲ့ တယ်။ ကံစမ်းမဲ‌ပေါက်တဲ့ နာရီက မိန်းမပတ်ဖြစ်‌နေတယ်။ မိန်းမပတ်နာရီ ဖြစ်‌နေတာကလည်း ကိုယ်ကံမဆိုးဘူး။ ကိုယ့်စိတ်ကူးထဲမှာ ‌ရေကန်အသင့် ကြာအသင့် ချိန်ခါကိုက်ပါပဲ။

နာရီထည့်ထားတဲ့ အညို‌ရောင်ဘူးခွံ‌ပေါ်က ဖဲကြိုး‌လေးကို ‌ဖြေ၊ နာရီ ဗူးထဲက လက်ပတ်နာရီ ‌သေးသွယ်သွယ်ကို ထုတ်။ သူမရဲ့ ဘယ်ဖက်လက် က‌လေးကို တယုတယ ဆွဲယူ။ ကိုယ့်နုတ်ကလည်း ညီမကို ‌တွေ့ရဖို့ အကို အချိန်‌တွေ အများကြီး‌စောင့်ခဲ့ရတယ်။ ဒါကိုညီမ အမြဲသတိရ‌နေဖို့ အကိုရဲ့ လက်‌ဆောင်လို့ တတွတ်တွတ်‌ပြောရင်း‌ပေါ့။

တကယ်‌တော့ ကိုယ့်စိတ်ကူး‌တွေနဲ့ ကံတရား‌တွေဟာ ချိန်ခါကိုက် ဖြစ်ခဲ့တယ်။ ကိုယ့်ကို လှည့်သွားတာက ကာလမတူတဲ့ ကံ‌ကောင်းခြင်းနဲ့ ကံဆိုးခြင်းပဲ။ သူတို့ဟာ အချိန်‌တွေ လွွှဲပြီး လာခဲ့ကြတယ်။ မ‌ဝေး‌သေးတဲ့ အတိတ်တစ်ခုမှာ သူမက ကိုယ့်ကို ညင်ညင်သာသာ‌လေး ‌ချွေးသိပ်သွားခဲ့တယ်။ ‌နေမြင့် အရူးရင့် ဖြစ်ခဲ့ပြီ။

ကိုယ့်စားပွဲ‌ပေါ်က မိန်းမပတ်နာရီ‌လေး‌ဘေးမှာ ဆီးချို‌သွေးချိုတိုင်းတဲ့ စက်‌လေး ‌ရောက်‌နေတယ်။ အ‌မေ့အတွက် ညီမ‌လေးဝယ်လာတာဖြစ်မယ်။ တစ်‌နေ့ကပဲ ကိုယ့်ညီမ‌လေးနဲ့ အ‌မေ့အတွက် ဆီးချို‌သွေးချိုးတိုင်းတဲ့ စက်ဝယ်ဖို့ တိုင်ပင်ကြတယ်။ ကိုယ်က ‌ဈေးစုံစမ်းခိုင်းလိုက်တယ်။ ကိုယ့် ညီမ‌လေးက တစ်ခါတည်း ဝယ်လာတယ်ထင်ပါရဲ့။ ‌ဈေးနှုန်းကြည့်လိုက်‌တော့ သုံး‌သောင်း။ ညီမ‌လေးက အ‌မေ့အတွက် ကိုကို ဝယ်‌ပေးလိုက် ဆိုခဲ့ရင် ကိုယ်စာမှုဆယ်ပုဒ်‌လောက် ‌ရေးရလိမ့်မယ်။

ကိုယ် ပြုံးလိုက်မိတယ်။ ကိုယ့်မိသားစုအတွက် လိုအပ်‌နေတာက ဆီးချို‌သွေးချိုတိုင်းစက်။ ကိုယ်ယူလာတာက မိန်းမပတ်နာရီတစ်လုံးနဲ့ အူ‌ကြောင်‌ကြောင်စိတ်ကူးအ‌တွေး‌တွေ။ နာရီဆိုတာကလည်း ကိုယ်ဝယ်လာ တာမဟုတ်။ ဝယ်ရမယ်ဆိုရင်လည်း ကိုယ်မဝယ်နိုင်။ ဆီးချို‌သွေးချိုတိုင်း စက်လည်း ထိုးနည်းလည်း‌ကောင်း ကိုယ်မဝယ်နိုင်။

ကံစမ်းမဲ‌ပေါက်တဲ့ မိန်းမပတ်နာရီက ညီမ‌လေးလက်ထဲ ‌အော်တို‌ရောက် သွားတယ်။ မဆိုးပါဘူး။ ဧည့်ခံပွဲ‌လေးဘာ‌လေးရှိရင် ညီမ‌လေး ပတ်လို့ရတာ‌ပေါ့။ ညီမ‌လေးက ဆိုတယ်။ ‌တော်‌သေး။ ကိုယ့်အ‌ကြောင်း‌တွေများ ခ‌ရေ‌စေ့ တွင်းကျ သိသွားရင်။ ကိုယ့်ညီမ‌လေးက ကိုကိုင‌ပေါကြီး လို့ ချီး မွမ်း‌နေမှာ။

နာရီ‌တွေ၊ အချိန်‌တွေ သင်တို့ဟာ ‌နောက်ပြန်လှည့်ခွင့်မရှိ။ သင်တို့ ‌နောက်ပြန်လှည့်ခွင့်များရှိခဲ့ရင် ‌ကျောင်းခန်းထဲက အချိန်‌တွေ ဆီကို ကိုယ့် အတွက် ပြန်လှည့်‌ပေးပါ။ ပြန်ပို့‌ပေးပါ။ ‌ကျောင်းခန်းထဲမှာ သူ့မျက်နှာကို ကိုယ် ခိုးခိုး ကြည့်ခဲ့တယ်ဆိုတာ သူမသိ‌သေးဘူး။ ဒီတစ်ခါ သူသတိထား မိ‌လောက်‌အောင် ‌ငေး‌နေလိုက်ချင်တယ်။

ဟန်ဆန်း

ဖူးငုံဆယ်‌ကျော်သက်မဂ္ဂဇင်း

ဇူလိုင်လ ၂ဝ၁ဝ ပြည့်နှစ်

Please follow and like us:
20