ဖိုတိုဗုံး

ဖိုတိုဗုံး(Photobomb)ဆိုသည်နှင့် ထိတ်လန့်ဖွယ် တစ်စုံတရာ ဖြစ်ကောင်းဖြစ်လိမ့်မည်ဟု ယူဆရပါသည်။ ဖိုတိုဗုံးဆိုတာ တကယ်တော့ ထိတ်လန့်ဖွယ်ကောင်းသည့် အကြောင်းအရာမဟုတ်ပါ။ ပျော်ရွှင်ဖွယ်ရာကောင်းပြီး စိတ်ဝင်စားစရာလည်း ကောင်းပါသည်။

ဖိုတိုဗုံးဆိုသည်မှာ
ဖိုတိုဗုံး(Photobomb)ဆိုသည်မှာ ဓာတ်ပုံရိုက်ကူးနေစဉ်အတွင်း ဓာတ်ပုံဆရာနှင့်ဓာတ်ပုံအရိုက်ခံနေသူများ မသိလိုက်ပါဘဲ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ဖြစ်စေ ဓာတ်ပုံရိုက်ကူးမှုမြင်ကွင်းအတွင်းသို့ လျှပ်တပြက်ဝင်ရောက်လာသောလူ၊ တိရိစ္ဆာန်နှင့်အရာဝတ္ထုများ နှောက်ယှက်ဝင်ရောက်ခံရခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။

ဖိုတိုဗုံးဆိုသောဝေါဟာရကို ၂၀ဝ၈ ခုနှစ်တွင် စတင်အသုံးပြုသည်ဟု မှတ်တမ်းပြုစုထားသည်။ ဂူဂဲလ်ရှာဖွေရေးအင်ဂျင်တွင် ဖိုတိုဗုံးဆိုသောဝေါဟာရကိုအသုံးပြု၍ ရှာဖွေရေးပြုလုပ်မှုကို ၂၀ဝ၈ ခုနှစ်တွင် စတင်ပြုလုပ်လာကြပြီး ၂၀၁၂ ခုနှစ်တွင် ပိုမိုကျယ်ပြန့်လာသည်။ ထိုကာလတွင် ဖိုတိုဗုံးဓာတ်ပုံများကို ရှာဖွေကြည့်ရှုမှု အလွန်မြင့်မားလာခဲ့သည်။ ဂျနီဖာလောရင့်၊ တေလာဆွစ်နှင့် ယူတူ အစရှိ သူတို့၏ ဖိုတိုဗုံးဓာတ်ပုံများကို ရှာဖွေကြည့်ရှုမှု မြင့်မားလာခဲ့သည်။ ထို့အပြင် အားကစားသမား ၂ဦး ဓာတ်ပုံရိုက်ယူနေသော မြင်ကွင်းအတွင်းသို့ အင်္ဂလန်ဘုရင်မကြီး ဝင်ရောက်လာသည့် ဓာတ်ပုံသည်လည်း ထိုနှစ်များ အတွင်း ထင်ရှားလာခဲ့သည်။

 

ကျော်ကြားသောဝေါဟာရအဖြစ်သတ်မှတ်
ဖိုတိုဗုံး(Photobomb)ဝေါဟာရကို ၂၀၁၄ ခုနှစ်အတွက် ထင်ပေါ်ကျော်ကြားသော ဝေါဟာရအဖြစ် Collins English အဘိဓာန်က ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် သတ်မှတ်ခဲ့သည်။

ဗီဒီယိုဗုံး
ဗီဒီယိုဗုံးဆိုသည်မှာလည်း ဖိုတိုဗုံးကဲ့သို့ ဗီဒီယိုရိုက်ကူးနေစဉ် ရိုက်ကွင်းမြင်ကွင်းအတွင်းသို့ လျှပ်တပြက်ဝင်ရောက်လာသော လူသတ္တဝါနှင့်အရာဝတ္ထုများ နှောက်ယှက်ဝင်ရောက်ခံရခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။

 

ဗီဒီယိုဗုံးအကြောင်းနောက်ခံ
“Rock ‘n’ Rollen” “Rainbow Man” အဖြစ် လူသိများသော Rollen Frederick Stewart သည် ဗီဒီယိုဗုံး၏ ပထမဦးဆုံးစတင်သူအဖြစ် လူသိများထင်ရှားသည်။ Rollen သည် သက်တံရောင်ဦးထုပ်ဆောင်၍ John 3:16 စာတန်းကိုင် ဆောင်ထားပြီး အမေရိကရှိ အားကစားပွဲများ၏ ဗီဒီယိုရိုက်ကူးမှုများတွင် အပျော်သဘောဝင်ရောက်နှောက်ယှက်ခြင်းများ သည် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များတွင် ထင်ရှားခဲ့သည်။

 

ပျော်စရာ ရွှင်စရာ
ဖိုတိုဗုံးနှင့်ဗီဒီယိုဗုံးတို့သည် ပျော်စရာရွှင်စရာသဘောဖြင့် ထင်ရှားလာခြင်းဖြစ်သည်။ ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးနေစဉ် နောက် ပြောင်လို၍ ဝင်ရောက်နှောက်ယှက်ခြင်း ဖြစ်သလို တစ်ခါတရံတွင်လည်း ရည်ရွယ်ရင်းမရှိပါဘဲ မတော်တဆအားဖြင့် ရိုက်ကူးမိသွားသော ဓာတ်ပုံများလည်း ရှိတတ်ပါသည်။

ဟန်ဇော်

၂၀၁၇ ခုနှစ် သြဂုတ်လထုတ်

ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

Please follow and like us:
20