လူကြီးမင်းများ ကျေးဇူးပြု၍ တန်းစီပေးပါ။

လေယာဉ်စီးရန် တန်းစီစောင့်ဆိုင်းနေကြသော ခရီးသွားဧည့်သည်များသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်၌ ၂၀၁၇ ခုနှစ် သြဂုတ် ၂ ရက်တွင် ရှိခဲ့သည်။ ဓာတ်ပုံ – ဟန်ဆန်း

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်ချိန်တွင် ပြည်သူပိုင်သိမ်းခဲ့ သည်။ ဈေးကွက်ကို တော်လှန်ရေးကောင်စီက ချုပ်ကိုင်ခဲ့သည်။ ထိုအချိန်တွင် အခြေခံလူသုံးကုန်ပစ္စည်းများ ဝယ်ယူရ ခက်ခဲလာသည်။ စားသုံးဆီမှအစ ဝယ်ယူရန် ခက်ခဲလာသည်။ စားသုံးဆီဝယ်ယူခွင့်ရရန် စာအုပ်များကို အသုံးပြုကြရသည်။ ထိုစာအုပ်များကို ဆီစာအုပ်ဟု ခေါ်ခဲ့ကြသည်။ ဆီစာအုပ်ဖြင့် စားသုံးဆီဝယ်ယူရန် လူအများသည် တန်းစီခဲ့ကြရသည်။ ဆီဝယ်ရန်တန်းစီသော လူတန်းရှည်ကြီးများကိုလည်း တွေ့မြင်လာရသည်။ ကုန်တိုက်တစ်နှင့်ကုန်တိုက်နှစ်တို့တွင်လည်း အခြေခံစားကုန်များဝယ်ယူကြရန် တန်းစီခဲ့ကြရသည်။ ခေါက်ဆွဲခြောက်မှစ၍ တန်းစီဝယ်ယူခဲ့ကြသည်။ ဈေးကွက်ကို ချုပ်ကိုင်လိုက်သည့်အတွက် အရပ်သားများသည် အခက်အခဲများ စွာ ရင်ဆိုင်တွေ့ခဲ့ရသည်။

မှောင်ခိုဆိုသော ဈေးကွက်တစ်ခုလည်း ပေါ်ပေါက်လာခဲ့ရသည်။ မှောင်ခိုဈေးကွက်ထဲတွင် ရုပ်ရှင်လက်မှတ်မှောင်ခိုများ ပါဝင်ခဲ့သည်။ မှောင်ခိုလက်မှတ်များကို မဝယ်လိုပါက ရုပ်ရှင်ကြည့်ရန် တန်းစီရသည်။ မှောင်ခိုလက်မှတ်သည် သာမန်နှုန်းထားထက် ဈေးပိုမိုများပြားခဲ့သည်။

ရုပ်ရှင်လက်မှတ် တန်းစီဖူးခဲ့သည်။ ကလေးဘဝလည်းဖြစ်၊ လူအများအပြားအကြားတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း လည်းဖြစ်၊ ကြားဖြတ်သူများနှင့်လက်မှတ်မှောင်ခိုများ၏ လူလည်ကျမှုလည်းရှိ၍ ရုပ်ရှင်လက်မှတ်တန်းစီရခြင်းကို စိတ်ပျက်မိခဲ့သည်။ လူကြိုက်များသော ဇာတ်ကားများကို ပြသချိန်တွင် အလုအယက်တန်းစီကြရသည်။ ထိုးကြိတ်၍ ခိုက်ရန် ဖြစ်ကြသည်။ ကျိုးပဲ့၍ ထိခိုက်နာကျင်ကြသည်။ အရုပ်ဆိုးလှသည့် မြင်ကွင်းများဖြစ်ခဲ့သည်။

စာရေးဆရာဖေမြင့်၏ နှလုံးသားအာဟာရစာအုပ်တွင် ရုပ်ရှင်လက်မှတ် တန်းစီသော မိသားစုတစ်စုအကြောင်းကို ဖတ်ခဲ့ရသည်။ ရုပ်ရှင်လက်မှတ် ကုန်ခါနီးတွင် ရုပ်ရှင်ကြည့်ရန်လာသော မိသားစုနှစ်စုအနက် နောက်ဆုံးကျန်သည့်မိသားစုကို ရှေ့မိသားစုက အနစ်နာခံ၍ အလှည့်ပေးလိုက်သော အကြောင်းရေးဖွဲ့ထားခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်သည် အနစ်နာခံသည်ဆိုသောဂုဏ်ကို ဆောင်ခဲ့ပါသည်။ နှစ်လိုဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း ဘဝင်ကျဖွယ်ရာ မကောင်းခဲ့ပါ။ ဖျော်ဖြေရေးဖြစ်သည့် ရုပ်ရှင်ကြည့်ခြင်းရပိုင်ခွင့်ကို အဘယ်ကြောင့်တန်းတူ မရခဲ့ကြသနည်း။

တန်းစီစနစ်သည် အရင်လာသူ အရင်ရသောစနစ်ဖြစ်သည်။ လုံလကောင်းသူ အောင်မြင်ရသော၊ အကျိုးဖြစ်ထွန်းရသောစနစ် ဖြစ်သည်။ ရုပ်ရှင်ကြည့်ရန် တန်းတူအခွင့်အရေးမရနိုင်သော အခြေအနေများဖြစ်ခဲ့သောကာလတစ်ခုအတွက် အနစ်နာခံသည် ဆိုသော ဂုဏ်ကို မြှောက်သင့်သလား။ မမြှောက်သင့်သလားဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်ခဲ့သည်။

မောင်ကောင်းထိုက်(နှီးပဒေါ)၏ ဟာသတစ်ခုကို မှတ်မိနေသည်။ ရိက္ခာခွဲတမ်းရယူရန် လူအများတန်းစီ စောင့်ဆိုင်းနေကြသည်။ လူတန်းရှည်ကြီးဖြစ်သည်။ ထိုလူတန်းရှည်ကြီးကို ကျော်လွှား၍ လူတစ်ဦးသည် ရှေ့ဆုံးသို့ တက်လာခဲ့သည်။ လူတန်းရှည်ကြီးထဲ မှ လူအများက ထိုလူကို ကျော်မတက်ရန် ပြောကြသည်။ ကျော်တက်သူမဟုတ်ကြောင်း ရိက္ခာခွဲတမ်းဝေပေးမည့်သူပါဖြစ်ကြောင်း ထိုလူက ပြန်လည်ပြောဆိုသော ဟာသဖြစ်သည်။

မောင်ကောင်းထိုက်(နှီးပဒေါ)၏ ဟာသကို ဖတ်မိ၍ ပြုံးခဲ့ရသည်။ ငယ်ဘဝက တန်းစီခဲ့ဖူးသည့် ပြည်သူ့ဆိုင်ကို သတိရမိခဲ့သည်။ ကုန်တိုက်တစ်နှင့်ကုန်တိုက်နှစ်တို့တွင် တန်းစီခဲ့ဖူးသည်။ ရထားလက်မှတ်ဖြတ်ရန် တန်းစီခဲ့ဖူးသည်။ ရထားလက်မှတ်အတွက် တစ်ညလုံးအိပ်စောင့်၍ တန်းစီကြရသူများလည်း ရှိသည်။ သူတို့သည် ခရီးသွားလိုကြ၍ ဖြစ်သည်။ သူတို့သည် မှောင်ခိုလက်မှတ် ရောင်းစားလိုကြ၍ ဖြစ်သည်။
တစ်နေ့တွင် ဖခင်၏ လိုအပ်သောကျန်းမာရေးစစ်ဆေးခြင်းများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ခဲ့ရသည်။ ဆေးစစ် ၍ ရရှိလာသော အဖြေများကို ပြန်လည်ချိန်းဆိုချိန်တွင် သွားရောက်ယူရသည်။ ဖခင်ကို လူနာဆောင်တွင် အဖော်မရှိဘဲ ထားခဲ့ လိုက်သည်။ ဆေးစစ်ချက်အဖြေယူရန် စောင့်ဆိုင်းရသည်။

လူတန်းရှည်ကြီးဖြင့် တန်းစီရခြင်းဖြစ်သည်။ တန်းစီပုံစနစ်မကျ၍ အချိန်ကြန့်ကြာခြင်းနှင့် စိတ်အနှောက်အယှက် ဖြစ်ခြင်းများ ကြုံတွေ့ရသည်။ တန်းမစီပါဘဲ စောလျင်စွာ ကိစ္စပြီးသွားသူ အခွင့်ထူးခံများကိုလည်း တွေ့ခဲ့ရသည်။ အများနှင့်သက်ဆိုင်သော နေရာတွင် အများနည်းတူ တန်းတူပြုကျင့်သင့်သည်ဟုယူဆသည်။ ထို့ကြောင့် အများနည်းတူ တန်းစီစောင့်ဆိုင်းခဲ့သည်။
အမြန်လိုချင်လား ဟုဆိုသောအသံဖြင့် အခွင့်ထူးခံ အခွင့်အရေးတစ်ရပ်ကို ဆေးရုံဝန်ထမ်းတစ်ဦးက အရိပ်ပြသည်။
မလိုပါဘူး။ ကိုယ်တိုင် တန်းစီပါမယ် ဟု ပြောခဲ့သည်။

တန်းစီနေသော်လည်း လူတန်းကြီးသည် မရွေ့ပါ။ မလှုပ်ပါ။ အချိန်ပေါင်းများစွာကို ပေးလိုက်ရသည်။ တန်းမစီဘဲ ရောက်လာကြ ကုန်သော နောက်လူများသည် အချိန်တိုအတွင်း စောလျင်စွာ လာရင်းကိစ္စများ ပြီးစီးသွားကြသည်။
ဆေးရုံပေါ်တွင် မကျန်းမာသော ဖခင်ဖြစ်သူကို တစ်ဦးတည်းထားခဲ့ရသည်။ ဖခင်အတွက် လူနာဖော်မရှိ။ ထို့ကြောင့် ဖခင်အတွက် များစွာ ပူပန်နေမိသည်။ သားဖြစ်သူ မျက်မြင်ရှေ့မှ ကြာမြင့်စွာ ပျောက်ကွယ်နေသည့်အတွက် စိုးရိမ်ပူပန်နေမည်ဟု စိုးရိမ်ပူပန်နေ ရသည်။ အတွေးပေါင်းများစွာသည် ဖိတ်မခေါ်ဘဲ ဆိုက်ရောက်လာခဲ့သည်။

ထို့ကြောင့် ၁၅ မိနစ် စောင့်ကြည့်သည်။ လူတန်းကြီးသည် မရွေ့သေး။ မိနစ် ၃၀ စောင့်ကြည့်သည်။ နေရာမှမရွေ့သေး။ ၄၅ မိနစ် အထိ စောင့်ကြည့်သည်။ ထူးခြားသော လှုပ်ရှားမှု တစ်စုံတရာကို မတွေ့ရ။

လူတန်းရှည်ကြီးထဲမှ ထွက်လိုက်သည်။ အကူအညီပေးမည်ဆိုသော ဆေးရုံဝန်ထမ်းအပါးသို့ ချဉ်းကပ်လိုက်သည်။ တိုက်ပွဲအောင် သည့် စစ်သူကြီးက စစ်သုံပန်တစ်ဦးကို ကြည့်သည့်ပမာ ဆေးရုံဝန်ထမ်းက ကြည့်သည်။ မျက်လွှာကို ချလိုက်ရပါသည်။ စစ်ရှုံး သည့် စစ်သုံပန်ပမာ ဒူးထောက်လိုက်သည်။ ဖခင်၏ ဆေးစစ်ချက်အဖြေစာရွက်များသည် မိနစ်အနည်းငယ်အတွင်း လက်ဝယ်သို့ ရောက်ရှိလာသည်။ ငွေကြေးကို အသုံးပြု၍ အထူးအခွင့်အရေးတစ်ခုကိုရရှိရန် အားထုတ်မိလိုက်သည်။

အခြေခံရပိုင်ခွင့်များအတွက် လူသားများအကြားတွင် တစ်စုံတစ်ရာ စည်းခြားခြင်းအလျဉ်းမရှိစေရ။ ဆိုးရွားသောစနစ်များကြောင့် ကောင်းမွန်သော အမှုအကျင့်များ ပျက်စီးယိုယွင်းခြင်း မရှိစေရ။
အခြေခံရပိုင်ခွင့်များသည် အထူးအခွင့်ထူးခံ အခွင့်အရေးများအဖြစ် ပုံဖော်ခြင်း မခံရစေရ။ ဆိုးရွားသောစနစ်များကြောင့် လူတစ်ဦး၏ မူလဘူတ ရပိုင်ခွင့်များသည် ပျက်စီး ယိုယွင်း ပျောက်ဆုံး ထိန်းသိမ်းခံရခြင်း မရှိစေရ။

လူကြီးမင်းများ ကျေးဇူးပြု၍ တန်းစီပေးပါ။
အများနှင့်သက်ဆိုင်သောနေရာဒေသ အခင်းအကျင်းအခြေအနေတစ်ရပ်ရပ်တွင် လူကြီးမင်းများ တန်းစီပေးကြပါ။

လူကြီးမင်းများ ကျေးဇူးပြု၍ တန်းစီပေးပါ။
လွတ်လပ်ခွင့်၊ သာတူညီမျှခွင့်၊ အခြေခံရပိုင်ခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခံယူခွင့်၊ အနားယူအပန်းဖြေခွင့်၊ တရားဥပဒေ၏စောင့်ရှောက်ခံယူခွင့် စသည်စသော ကိစ္စရပ်အသီးသီးအတွက် လူကြီးမင်းတို့၏ ကြီးမားလှသော ဂုဏ်များကို ခေတ္တခဏသိမ်းဆည်းထား၍ ညီညာသေသပ်စွာ တန်းစီပေးကြပါ။

လူကြီးမင်းများ ကျေးဇူးပြု၍ တန်းစီပေးပါ။

ယဉ်ကျေးသောလူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း သက်သေပြသောအားဖြင့် –
ယာဉ်ရထားပေါ် တက်လျှင်သော်လည်းကောင်း၊
ရုပ်ရှင်လက်မှတ် ဝယ်ယူရန်သော်လည်းကောင်း၊
ကော်ဖီတစ်ခွက် ဝယ်ယူရန်သော်လည်းကောင်း၊
ဓာတ်လှေကားသို့ ဝင်ရောက်ရန်သော်လည်းကောင်း၊
လူအများနှင့်တညီတညွှတ်တည်းနေထိုင်သွားလာ လှုပ်ရှားရန်သော်လည်းကောင်း၊
လူကြီးမင်းများ တန်းစီပေးပါ။

သာတူညီမျှသော ရပိုင်ခွင့်များအတွက်
လူကြီးမင်းများ တန်းစီပေးပါ။

ကြားမဖြတ်ပါနှင့်။

ဟန်ဆန်း

My Friend Campaing
နှစ်ပတ်လည် မဂ္ဂဇင်း
ဇူလိုင် ၃၀ ၂၀၁၇

Please follow and like us:
20