သတင်းအတု

အိုင်စီတီနည်းပညာနှင့်မိုဘိုင်းဖုန်းယဉ်ကျေးမှုကြောင့် ဘေးထွက်ဆိုးကျိုးရရှိလာသော ရလာဒ်မှာ အွန်လိုင်းပေါ်မှ သတင်းအတု(Fake News)များ ဖြစ်ပါသည်။ ထိုသတင်းအတုများသည် အိုင်စီတီနှင့်မိုဘိုင်းဖုန်းတို့ကြောင့် ပေါ်ပေါက်လာ ကြခြင်း သက်သက်မဟုတ်ပါ။ နည်းပညာခေတ်မရောက်မီ ကာလကတည်းက နိုင်ငံရေးစစ်ရေးအရ အသာရလိုသော ရည်ရွယ်ချက်များဖြင့် တလွှဲအသုံးပြုနေသော နည်းလမ်းမှားတစ်ခုသာဖြစ်သည်။

သတင်းအတု(Fake News)ဆိုသည်မှာ လုပ်ကြံဖန်တီးထားသော သတင်းအမှားတစ်ခုဖြစ်သည်။ သတင်းတုများကို အစဉ်အလာသတင်းများ၊ အွန်လိုင်းလူမှုကွန်ရက်များနှင့် သတင်းအတုများထုတ်လွှင့်သော သတင်းအတုဝက်ဘ်ဆိုဒ်များတွင် တွေ့ရတတ်ပါသည်။

သတင်းအတုများသည် ခိုင်လုံသေချာသော သတင်းအချက်အလက်များအပေါ်တွင် အခြေမခံသကဲ့သို့ သတင်း၏ တိကျခိုင်မာမှုသည်လည်း လုံးဝမရှိပါ။ သတင်းအတုများကို ဝါဒဖြန့်ချိရေး၊ လူထုလှုံဆော်ရေးနှင့် လူထု၏ စိတ်ဝင်စားမှုကို လမ်းကြောင်းပြောင်းလဲစေလိုသောအခါများတွင် အသုံးပြုလေ့ရှိကြ သည်။

သတင်းအတုတစ်ခုကို ထုတ်လွှင့်နိုင်ရန်သတင်းကို စနစ်တကျပြင်ဆင်လေ့ရှိကြပြီး ရုပ်မြင်သံကြားမီဒီယာ၊ ပုံနှိပ်မီဒီယာနှင့် အွန်လိုင်းလူမှုကွန်ရက်များမှ တစ်ဆင့် အများပြည်သူထံသို့ ပျံ့နှံရောက်ရှိသွားစေရန် ထုတ်လွှင့်လေ့ရှိကြသည်။ ထိုသို့ထုတ်လွှင့်ရသည့် အဓိကရည်ရွယ်ချက်မှာ စီးပွားရေးအရ အသားစီးရလိုမှု၊ တစ်ဖက်လုပ်ငန်းကို ပုံဖျက်လိုမှုနှင့် နိုင်ငံရေးအရ အကျိုးအမြတ်တစ်စုံတရာရရှိလိုသော ရည်ရွယ်ရင်းတို့ကြောင့်ဖြစ်သည်။

ထိုရည်ရွယ်ချက်များအပြင် မိမိ၏ အင်တာနက်စာမျက်နှာသို့ လာရောက်လည်ပတ်သူ တိုးပွားစေလိုခြင်း၊ လိုက်ခ်(Like)နှင့်ကလစ်(Click)အရေအတွက် များပြားစွာရရှိလိုခြင်း၊ အွန်လိုင်းလူမှုကွန်ရက်အတွင်း ထင်ရှားကျော်ကြားလိုခြင်း စသည့် ရည်ရွယ်ချက်များအတွက်လည်း သတင်းအတုများကို ထုတ် လွှတ် လွှင့်တင်တတ်ကြသည်။ အင်တာနက်စာမျက်နှာအ ပေါ်တွင် ကလစ်အရေအတွက် ရရှိမှုများပြားခြင်းနှင့် လာရောက်လည်ပတ်သူများပြားခြင်း တို့ကြောင့် အွန်လိုင်းကြော်ငြာများကို လူသိများပြီး ထိုကြော်ငြာမှတစ်ဆင့် ဝင်ငွေ ပြန်လည်ရရှိသည်။ ထို့ကြောင့် လူကြိုက်များသော သတင်းမှား သတင်းအတုများကို ငါးမျှားချိတ်တွင် ငါးစာချိတ်သကဲ့သို့ ကလစ်စာ(clickbait) ချိတ်ကြခြင်းလည်း ဖြစ်သည်။

သတင်းအတုများ၏ ပြဿနာသည် ကမ္ဘာနိုင်ငံအသီးသီးတွင် ဖြစ်ပေါ်နေသော ပြဿနာတစ်ရပ်ဖြစ်နေသည်။ ရွေးကောက်ပွဲကာလများ၊ နိုင်ငံရေးအပြောင်းအလဲကာလများနှင့် စီးပွားရေးရာကိစ္စရပ်များ၏ အကြပ်အတည်းကာလများတွင် သတင်းအတုများကို ပေါများစွာ တွေ့ရှိရလေ့ရှိသည်။

သတင်းအတုများကို အဖွဲ့အစည်း သို့မဟုတ် အစုအဖွဲ့ သို့မဟုတ် ငွေကြေးထောက်ပံ့မှုတစ်စုံတရာ ရရှိထားသော အစုအဖွဲ့များက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမျိုးစုရေးရာကိစ္စ ရပ်များအတွက် ပုံစံဖျက်၍ ထုတ်လွှင့်လေ့ရှိကြသည်။ မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာ့အသီးသီးသည် သတင်းအတုများ၏ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေကြရသည်။ ထို့ကြောင့် သတင်းအတုများကို လေ့လာဆန်းစစ်ကြရာ အောက်ဖော်ပြပါ သဏ္ဍာန် များသည် သတင်းအတုများ တည်ရှိသော သဏ္ဍာန်များဖြစ် သည်ဟု လေ့လာသူများက ဆိုသည်။ ယင်းတို့မှာ

၁။ သရောစာ၊ ပြက်လုံးများသဏ္ဍာန်အားဖြင့် သတင်း အတုများ တည်ရှိနေတတ်သော်လည်း သရောစာနှင့်ပြက်လုံးများ၏ ရည်ရွယ်ချက်အတိုင်း မဟုတ်ဘဲ တစ်ဖက်လူကို ထိခိုက်နစ်နာစေနိုင်သော သတင်းရေးသားဖော်ပြခြင်း။

၂။ သတင်းခေါင်းစဉ်နှင့်သတင်းဖော်ပြမှုတို့သည် တစ်ခုနှင့်တစ်ခုအချိတ်အဆက်လွဲမှားနေခြင်း။

၃။ အထင်မှားစေသော အကြောင်းအရာများကို သတင်းရေးသားဖော်ပြခြင်း။

၄။ မှားယွင်းနေသော အကြောင်းအရာများကို သတင်းမှန်အဖြစ် သတင်းရေးသားဖော်ပြခြင်း။

၅။ သတင်းရင်းမြစ် မခိုင်လုံဘဲ မိမိလိုရာဆွဲဖော်ပြနိုင်မည့် သတင်းရင်းမြစ်အတုဖန်တီး၍ သတင်းရေးသားဖော်ပြခြင်း။

၆။ မိမိလိုရာကို ဆွဲယူ၍ သတင်းရေးသားဖော်ပြခြင်း။

၇။ သူတစ်ပါး၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေ လိုသောရည်ရွယ်ချက်ဖြင့် သတင်းရေးသားဖော်ပြခြင်း။

တို့ဖြစ်သည်။

ထို့အပြင် သတင်းအတုနှင့်သတင်းအမှန် ခွဲခြားနိုင်မည့် နည်းလမ်းများကိုလည်း လေ့လာသူများက စာဖတ်သူကိုယ်တိုင်ဆန်းစစ်နိုင်ရန် တင်ပြထားကြသည်။ ယင်းတို့မှာ

၁။ သတင်းရင်းမြစ်၏ ယုံကြည်စိတ်ချနိုင်မှုကို သိရှိရန် ကြိုးစားခြင်း။

၂။ သတင်းတစ်ခုလုံး၏ ဆိုလိုရင်းကို နားလည်အောင် ကြိုးစားခြင်းနှင့် သတင်း၏ နောက်ကွယ်မှ အခင်းအကျင်းများကို ကျော်လွန်ချင့်ချိန်ဆန်းစစ်ခြင်း။

၃။ သတင်းရေးသားသူ၊ သတင်းတင်ပြသူ၊ သတင်းဖော်ပြသည့် သတင်းဌာနကို ဆန်းစစ်ခြင်း။

၄။ သတင်းရင်းမြစ်များကို လေ့လာဆန်းစစ်အတည်ပြုခြင်း။

၅။ သတင်းဖော်ပြထုတ်ဝေသော နေ့စွဲနှင့်ခုနှစ်သက္ကရာဇ် များကို ဆန်းစစ်ခြင်း။

၆။ သရောစာ ဟုတ်မဟုတ် ဆန်းစစ်ခြင်း။

၇။ သတင်း၏ တင်ပြပုံ မျှတမှုရှိမရှိလေ့လာဆန်းစစ်ခြင်း။

၈။ သတင်းနှင့်ပတ်သက်သော အတည်ပြုချက်ရယူခြင်း နှင့် ကျွမ်းကျင်သူများကို ဆက်သွယ်မေးမြန်းစုံစမ်းခြင်း

တို့ဖြစ်သည်။

သတင်းအတုများသည် နည်းပညာနှင့်မိုဘိုင်းယဉ်ကျေးမှုထွန်းကားရာရပ်ဝန်းများတွင် အင်နှင့်အားဖြင့် နေရာယူထားကြပြီဖြစ်သည်။

ထိုသတင်းအတုများကို တားဆီးကာကွယ်နိုင်သော အကောင်းဆုံးနည်းလမ်းနှင့်အရင်းအမြစ်မှာ စာဖတ်သူများ သာဖြစ်သည်။ စာဖတ်သူများသည် သတင်း၏ မှန်ကန်တိကျ မှုကို အကဲဖြတ်နိုင်ကြသူများသာဖြစ်၍ အွန်လိုင်းလူမှုကွန်ရက် များအပေါ်သို့ ရောက်ရှိလာသော သတင်းဟုဆိုသောအရာ တိုင်းကို လွယ်လင့်တကူ မယုံကြည်မိရန် လိုအပ်ပါသည်။

ထို့အပြင် ထိုသတင်းအတုများကို ပိုမိုမပြန့်ပွားစေရန် လည်း ထိန်းသိမ်းပေးသင့်သလို မိမိအနေဖြင့် သတင်းအမှန် ထုတ်ပြနိုင်သူဖြစ်ပါကလည်း သတင်းအမှန်ကို အလျင်အမြန် ပြန်လည်ထုတ်ပြန်တင်ပြရန် လိုအပ်ပါသည်။

သတင်းအတုကို ချေဖျက်နိုင်သော အကောင်းဆုံးနည်း လမ်းမှာ လွယ်လင့်တကူ မယုံကြည်ခြင်းနှင့် မှန်ကန်သော သတင်းကို တိတိကျကျ ခိုင်ခိုင်မာမာ လျင်လျင်မြန်မြန် ထုတ် လွှင့်တင်ပြရန်သာဖြစ်ပါသည်။

ဟန်ဇော်

၂၀၁၇ ခုနှစ် စက်တင်ဘာလထုတ်

ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

Please follow and like us:
20