သတင်းအတုဝက်ဘ်ဆိုဒ်များ

သတင်းတုဝက်ဘ်ဆိုဒ်များပေါ်တွင် လွှင့်တင်ထားသောသတင်းများသည် သတင်းအပေါ်အခြေခံထားသည့် သရောစာများနှင့်လုံးဝမတူညီပါ။

မိုဘိုင်းနှင့်ဒီဂျစ်တယ်မီဒီယာများ အားကောင်းလာသောယနေ့ကာလတွင် သတင်းအတုများ၊ လုပ်ကြံသတင်းများနှင့်လှိမ့်လုံးသတင်းများသည် အလွန်အားကောင်းစွာဖြင့် ရှင်သန်ဖွံ့ဖြိုးလာခဲ့သည်။

သတင်းအတုများ၏ အန္တရာယ်ကြီးထွားလာသကဲ့သို့ သတင်းအတုများကို ထုတ်လွှင့်နေသော ဝက်ဘ်ဆိုဒ်များ၏ အန္တရာယ်ကလည်း လွန်စွာကြီးမားလှပါ သည်။ ယခင်ကာလများက သတင်းစာတစ်စောင်ထုတ်ဝေရန် လွန်စွာခက်ခဲခဲ့သည်။ သတင်းထုတ်ဝေဖြန့်ချိရေးလမ်းကြောင်းများမှာလည်း လွန်စွာနည်း ပါးသည်။ ယနေ့ကာလတွင် သတင်းထုတ်ဝေဖြန့်ချိရေးလမ်းကြောင်းများသည် လွန်စွာများပြားနေပြီး လူတိုင်း၏ လက်ဝယ်တွင် သတင်းထုတ်လုပ်ဖြန့်ချိ နိုင်သည့် မိုဘိုင်းဖုန်းများနှင့်ရုပ်သေရုပ်ရှင်ရိုက်ကူးနိုင်သော ကင်မရာများပိုင်ဆိုင်လာကြသည်။ သတင်းထုတ်လုပ်ရေးအတွက်လိုအပ်သော ကိရိယာများ ပေါများလာသကဲ့သို့ သတင်းထုတ်လွှင့်နိုင်သော လူမှုကွန်ရက်မီဒီယာများနှင့်အင်တာနက်စာမျက်နှာများသည်လည်း များစွာပေါ်ပေါက်လာခဲ့သည်။ ထိုသို့ ပေါ်ပေါက်လာခြင်းသည် ကောင်းကျိုးများရှိသကဲ့သို့ ဘေးထွက်ဆိုးကျိုးများလည်း ရှိလာခဲ့သည်။ ဘေးထွက်ဆိုးကျိုးများထဲတွင် လွယ်လင့်တကူရရှိလာ နိုင်သော ဝက်ဘ်ဆိုဒ်များနှင့်လူမှုကွန်ရက်စာမျက်နှာများလည်း ပါဝင်ခဲ့သည်။

သတင်းအတု၊ သတင်းမှား၊ လှိမ့်လုံးသတင်းနှင့် လုပ်ကြံသတင်းများကို လွှင့်တင်နေသော အင်တာနက်စာမျက်နှာ တနည်း ဝက်ဘ်ဆိုဒ်များကို သတင်းအတု ဝက်ဘ်ဆိုဒ်များ(Fake news website)ဟုခေါ်ပါသည်။ သတင်းအတုဝက်ဘ်ဆိုဒ်များတွင် သတင်းအတုများ၊ လိမ့်လုံးသတင်းများ၊ ဝါဒ ဖြန့်ချိရေးသတင်းများ နှင့်လုပ်ကြံသတင်းများကို လွှင့်တင်ထားတတ်သည်။ ထိုသတင်းများသည် မှန်ကန်တိကျသော သတင်းများနှင့်မခြားနားပဲ ဝက်ဘ်ဆိုဒ်ပေါ်တွင် တည်ရှိနေ သည်။ သတင်းအတုဝက်ဘ်ဆိုဒ်ကိုလည်း သတင်းဌာနတစ်ခု၏ ဝက်ဘ်ဆိုဒ်နှင့်တူညီနေစေရန် တည်ဆောက်ထားတတ်ကြသည်။ ထိုသို့ တည်ဆောက်ရာ တွင်လည်း သတင်းဌာနတစ်ခု၏ အမည်နှင့်အမှတ်တံဆိပ်များကို အလုံးစုံခိုးယူ၍ တည်ဆောက်ထားလေ့ရှိသကဲ့သို့ ထင်ရှားသည့်သတင်းဌာနတစ်ခု၏ အမည်နှင့်အမှတ်တံဆိပ်များကို ဆင်တူယိုးမှားပြုလုပ်၍ တည်ဆောက်ထားသည်များလည်း ရှိပါသည်။

သတင်းအတုဝက်ဘ်ဆိုဒ်များပေါ်တွင် လွှင့်တင်ထားသောသတင်းများသည် သတင်းအပေါ်အခြေခံထားသည့် သရောစာများနှင့်လုံးဝမတူညီပါဘဲ အခြေအနေမှန် အဖြစ်အပျက်မှန်ကို အထင်အမြင်လွှဲမှားစေရန် တမင်္ဂလာပုံစံဖျက်၍ လွှင့်တင်ထားသောသတင်းများသာဖြစ်ပါသည်။

သတင်းအတုများကို နိုင်ငံရေးအရ စီးပွားရေးအရ တစ်ဦးအပေါ်တွင် တစ်ဦးက အနိုင်ရယူလိုသောအခါတွင် အသုံးပြုလေ့ရှိကြသည်။ နိုင်ငံရေးရည်မှန်း ချက်အတွက် လွှင့်တင်သော သတင်းအတုများကို ဂျာမဏီ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဆွိဒင်၊ မြန်မာနှင့် အမေရိကန်နိုင်ငံများတွင် အများဆုံးတွေ့ရပါသည်။ သတင်းအတုဝက်ဘ်ဆိုဒ်များကို အများအားဖြင့် ရှရှား၊ မက်ဆီဒိုနီးယား၊ ရိုမီးနီးယားနှင့် အမေရိကန် အစရှိသည့်နိုင်ငံများရှိ လူအချို့က ဖန်တီးပေးခြင်း နှင့် လူကြည့်သူကြည့်များပြားလာစေရန် ဆောင်ရွက်ပေးခြင်းများကို ပြုလုပ်လေ့ရှိကြသည်။

သတင်းအတုဝက်ဘ်ဆိုဒ်များမတိုင်မီကာလ တနည်း အင်တာနက်ဝက်ဘ်ဆိုဒ်များ မတိုင်မီကာလကတည်းက သတင်းအတုများကို ထုတ်လွှင့်နေသော ပင်မရေစီးမီဒီယာများရှိခဲ့ကြသည်။ ထိုမီဒီယာများသည် သတင်းနှင့်သတင်းသမားများ လိုက်နာစောင့်စည်းကြသော သတင်းမီဒီယာကျင့်ဝတ်များနှင့် သတင်း၏ မှန်ကန်ခြင်း၊ တိကျခိုင်လုံခြင်းနှင့်ဘက်လိုက်မှုကင်းခြင်းတို့ကို လိုက်နာခြင်းမရှိဘဲလူပြိန်းများအကြား ရေပန်းစားရောင်းချရရန်သာ ရည်ရွယ်၍ ထုတ်လုပ်ကြလေသည်။ ထိုကဲ့သို့သော သတင်းမီဒီယာများ ၏ လုပ်ရပ်များကို ဖွတယ်၊ ဖွသတင်း ဟု အရပ်ဖက်တွင် အရပ်သားများက ပြောဆိုကြသည်။ ထိုသတင်းများသည် မှန်ကန်တိကျမှု မရှိပါဘဲ သတင်းထုတ်လုပ်တင်ဆက်သူ၏ လိုရာစွဲသတင်းတင်ပြမှုများသာဖြစ်ခဲ့သည်။

သတင်းအတုဝက်ဘ်ဆိုဒ်များကို သက်ဆိုင်ရာသတင်းအတွက် သက်ဆိုင်ရာနိုင်ငံများအတွင်းမှ အတုပြုလုပ်၍ ထုတ်လွှင့်ကြသည်မဟုတ်ဘဲ နိုင်ငံ၏ ပြင်ပနိုင်ငံများတွင်  ဖန်တီးထုတ်လွှင့်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ထုတ်လွှင့်ခြင်းအတွက် ထင်ရှားသော ဥပမာမှာ ၂၀၁၆ ခုနှစ်အတွက် အမေရိကန်ရွေး ကောက်ပွဲဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် သတင်းအတုများစွာထွက်ပေါ်ခဲ့သည်။ အမေရိကန်ရွေးကောက်ပွဲ သတင်းအတုများသည် အမေရိကန်နိုင်ငံ အတွင်းမှ ထုတ်လုပ်လွှင့်တင်နေသည်မဟုတ်ဘဲ မက်ဆီဒိုနီးယားနိုင်ငံအတွင်းမှ ထုတ်လွှင့်နေခဲ့ခြင်းဖြစ်သည်။ သတင်းအတုများကို ထုတ်လွှင့်နေသူများ မှာ ဆယ်ကျော်သက်အရွယ်လူငယ်များသာဖြစ်သည်။ ထိုလူငယ်များသည် ဒေါနယ်ထရန့်ကို အထောက်အပံ့ပေးစေမည့် သတင်းအတု ဝက်ဘ်ဆိုဒ်ပေါင်း ၁၀ဝ ကျော်ကို ဖန်တီးထားပြီး သတင်းအတုများကို ထိုဝက်ဘ်ဆိုဒ်များမှ ထုတ်လွှင့်ပေးခဲ့သည်။ ထိုသို့ သတင်းအတုများကို ထုတ်လွှင့်ပေးရခြင်းအတွက် လူငယ်များသည် နေ့စဉ်ပုံမှန်ဝင်ငွေများကို အမေရိကန်ရွေးကောက်ပွဲကာလတွင် ရရှိခဲ့ကြသည်။ သတင်းအတုဝက်ဘ်ဆိုဒ်များအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းနှင့်လူပုဂ္ဂိုလ် များကလည်း ငွေကြေးအင်အားမြောက်မြားစွာကို အသုံးပြု ခဲ့ကြသည်။

သတင်းအတုနှင့်သတင်းအတုဝက်ဘ်ဆိုဒ်များ၏ ဆိုးကျိုးများကို မြန်မာနိုင်ငံကလည်း အပြင်းအထန်ရင်ဆိုင်ခဲ့ရသည်။ ယနေ့အထိလည်း ရင်ဆိုင်နေရမြဲ ဖြစ်သည်။ သတင်းအတုနှင့်သတင်းအတုဝက်ဘ်ဆိုဒ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာအိုင်စီတီကျွမ်းကျင်သူများ၊ လူမှုကွန်ရက် မီဒီယာလုပ်ငန်းများ၊ အင်တာနက်မီဒီယာစောင့်ကြည့်လေ့လာသူများနှင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိသူများသည် သတင်းအမှန်များပေါ်ပေါက်ရေး၊ သတင်းအတု အန္တရာယ်ကို အရပ်သားများ နားလည်သိရှိစေရေးနှင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိစွာဖြင့် ကျင့်သုံးနိုင်ရေး တို့ကို မြှင့်တင်နိုင်ရန် ကြိုးပမ်းအားထုတ်နေကြသည်။

သတင်းအတုနှင့်သတင်းအတုဝက်ဘ်ဆိုဒ်များ၏အန္တရာယ်သည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာတွင်လည်း အလွန်အန္တရာယ်ကြီးမားနေသော အရေးကိစ္စတစ်ရပ်လည်း ဖြစ်သည်။ ထိုအန္တရာယ်ကို သတင်းစားသုံးသူတိုင်းက သိရှိ ရမည်ဖြစ်သလို သတင်းအမှန်နှင့်သတင်းအမှားကို ခွဲခြား ချင့်ချိန်နိုင်ရန်လည်း လိုအပ်ပါသည်။ သတင်းအမှန်များကို စားသုံးခြင်းအားဖြင့် သတင်းမှား၊ သတင်းအတုတို့၏ အဆိပ်သင့်ဘေးအန္တရယ်မှ ကင်းဝေးနိုင်မည်လည်း ဖြစ်ပါသည်။

ဟန်ဇော်

၂၀၁၇ ခုနှစ် နိုဝင်ဘာလထုတ်

ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင်

ဖော်ပြခဲ့သည်။

Please follow and like us:
20