ဒီဂျစ်တယ်အနုပညာဆိုသည်မှာ

၂၀ဝ၈ ခုနှစ်တွင် Pascal Dombis ပြသခဲ့သော Irrationnal Geometrics ဒီဂျစ်တယ်အနုပညာလက်ရာဖြစ်သည်။
၂၀ဝ၈ ခုနှစ်တွင် Pascal Dombis ပြသခဲ့သော
Irrationnal Geometrics ဒီဂျစ်တယ်အနုပညာလက်ရာဖြစ်သည်။

ဒီဂျစ်တယ်အနုပညာဆိုသည်မှာ ဒီဂျစ်တယ်နည်းပညာတစ်ခုကို အသုံးပြု၍ ဖန်တီးထုတ်လုပ်ထားသော အနုပညာလက်ရာ များကို ခေါ်ဆိုခြင်းဖြစ်သည်။ အနုပညာဖန်တီးသူသည် လက်ရာတစ်ခုဖန်တီးရန်ဖြစ်စေ၊ အနုပညာလက်ရာ တစ်ခုအတွက် ကြားခံအလွှာတစ်ခုအနေဖြင့် အသုံးပြုရန်ဖြစ်စေ ဒီဂျစ်တယ်နည်းပညာတစ်ခုကို အသုံးပြုလေ့ရှိသည်။ ထိုသို့အသုံးပြုခဲ့လျှင် ထိုလက်ရာကို ဒီဂျစ်တယ်အနုပညာဟု ခေါ်ဆိုနိုင်သည်။

လက်ဖြင့်ရေးဆွဲထားသော ရုပ်ပုံတစ်ပုံကို ကွန်ပျူတာဖြင့်ပြုပြင်မွမ်းမံခြင်းနှင့် ဖန်တီးမှုတစ်စုံတစ်ခုပြုလုပ်ခဲ့ပါက လည်း ထိုလက်ရာကို ဒီဂျစ်တယ်အနုပညာအဖြစ်သတ်မှတ်နိုင်သည်ဟု ဆိုသည်။ ထိုသတ်မှတ်ချက်သည် အနုပညာလက်ရာ မြောက်ခြင်း၊  မမြောက်ခြင်း၊ ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ပါ။ ဒီဂျစ်တယ်နည်းပညာတစ်ခုကိုအသုံးပြု၍ အနုပညာ လက်ရာတစ်ခုကို ထုတ်လုပ်မည်ဆိုပါက ထိုလက်ရာကို ဒီဂျစ်တယ်အနုပညာလက်ရာဟု ခေါ်ဆိုနိုင်သော ဆိုလိုရင်းဖြစ်သည်။

ရှိရင်းစွဲအနုပညာများဖြစ်သော ပန်းချီ၊ ပုံဆွဲ၊ ပန်းပုနှင့်ဂီတအစရှိသည်တို့အတွက် ဒီဂျစ်တယ်နည်းပညာကို တစ်စ တစ်စအသုံးပြုလာခြင်းဖြင့် အနုပညာလက်ရာများဖန်တီးထုတ်လုပ်ရန် ဒီဂျစ်တယ်အနုပညာအလွှာတစ်ခုသည် ပုံစံအသစ် တစ်ခုအနေဖြင့် ပေါ်ထွက်လာသည်။ ထိုသို့ပေါ်ထွက်လာရန် ကွန်ပျူတာနည်းပညာ၏ တိုးတက်ပြောင်းလဲမှုသည်အရေးပါ သော အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။

ဒီဂျစ်တယ်အနုပညာခေတ်ဦးကာလအဖြစ် ၁၉၅၀-၁၉၉၀ ခုနှစ်များကို ပြောဆိုကြသည်။ ခေတ်ဦးလက်ရာအဖြစ် ဘင်ဂျမန် ဖရမ်စစ် လပိုးစကီး၏ အော်စီလိုလက်ရာများကို ထည့်သွင်းပြောဆိုကြသည်။ ထိုလက်ရာများ၏ နောက်ပိုင်းကာလ မှသာ နည်းပညာအသုံးပြုသည့် အနုပညာလက်ရာများ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

ဒီဂျစ်တယ်အနုပညာဖွံ့ဖြိုးတိုးတက်မှုသည် နည်းပညာတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျခဲ့သည်။ ကွန်ပျူတာတစ် လုံး၏တန်ဖိုးသည် ၁၉၆၀ ခုနှစ်ခန့်အထိ တန်ဖိုးကြီးမားနေစဲဖြစ်သည်။ အစိုးရဌာနများ၊ တက္ကသိုလ်များ၊ သုတေသနဌာနများ နှင့် စီးပွားရေးကော်ပိုးရေးရှင်းများတွင်သာ ကွန်ပျူတာကို အသုံးပြုနိုင်ကြသေးသည်။ ပုံဖတ်စက်(scanner)ကို ၁၉၅၇ ခုနှစ်မှသာ စတင်အသုံးပြုနိုင်သည်။ ပုံနှိပ်ထုတ်လုပ်ရန်အတွက် ပုံထုတ်စက်(printer)များ မရှိသေးဘဲ ပုံနှိပ်ထုတ်လုပ်ရန် ပလော့တာ(plotter)ကိုသာ အသုံးပြုခဲ့ရသည်။ စက်ကိရိယာများတွင် မင်တံ၊ စုတ်တံများကိုတပ်ဆင်၍ ကွန်ပျူတာဖြင့် ချိတ်ဆက်ခါ အနုပညာလက်ရာများကို ထုတ်လုပ်ခဲ့ရသည်။

ကွန်ပျူတာဖြင့် ရေးဆွဲသော သရုပ်ဖော်ပုံများ၊ ရှိရင်းစွဲဓာတ်ပုံများကို ကွန်ပျူတာဖြင့် မိမိစိတ်ကြိုက်ပြင်ဆင်ခြင်း များ၊ ဒီဂျစ်တယ်နည်းစနစ်ဖြင့် ရေးဆွဲသောပန်းချီများ၊ သုံးဖက်မြင်မော်ဒယ်ပုံများ၊ ဝက်ဘ်ဆိုဒ်ဒီဇိုင်းများ၊ နည်းပညာအသုံး ပြု၍ထုတ်လုပ်သော အနုပညာလက်ရာများ၊ အန်နီမေးရှင်းများနှင့်ကွန်ပျူတာဂိမ်းများကို ဒီဂျစ်တယ်အနုပညာအုပ်စုဝင်အဖြစ် သတ်မှတ်ထားကြသည်။

ဒီဂျစ်တယ်အနုပညာအကြောင်းကို ပြောဆိုပါက ဘဲလ်သုတေသနဌာနကိုလည်း ထည့်သွင်းပြောဆိုရမည်ဖြစ်သည်။ ဒီဂျစ်တယ်ခေတ်ဦးအနုပညာရှင်အချို့သည် ဘဲလ်တွင် အလုပ်လုပ်ခဲ့ကြသည်။ အနုပညာကျွမ်းကျင်သူများနှင့်နည်းပညာကျွမ်း ကျင်သူများသည် အနုပညာနှင့်နည်းပညာအကြားချိတ်ဆက်နေမှုကို ဘဲလ်၌ရှာဖွေလေ့လာခဲ့ကြသည်။ ဒီဂျစ်တယ်ခေတ်ဦး အနုပညာလက်ရာများကို ထုတ်လုပ်နိုင်ခဲ့ကြသည်။ ယနေ့ကာလ၌ နိုင်ငံတကာတွင် ဒီဂျစ်တယ်အနုပညာသည် ဖွံ့ဖြိုးပြီးအခြေ အနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ဒီဂျစ်တယ်အနုပညာသည် ခေတ်ပြိုင်အနုပညာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။ ဒီဂျစ်တယ်အနုပညာကို ကွန်ပျူတာအနုပညာ၊ မာတီမီဒီယာအနုပညာဟု ၁၉၇၀ ခုနှစ်ဝန်းကျင်ကာလများက  ခေါ်ဆိုခဲ့ကြသည်။ ဒီဂျစ်တယ်အနုပညာသည် မီဒီယာအသစ်အနုပညာ(New Media Art)တွင်ပါဝင်သော အနုပညာအမျိုး အစားတစ်ရပ်ဖြစ်သည်။

ဟန်ဇော်

အလင်းတန်းဂျာနယ်၊ အမှတ်(၇၇၄)၊ ၃၀ ရက်၊ စက်တင်ဘာလ ၂၀၁၃ ခုနှစ်

ကွန်ပျူတာအနုပညာဆိုသည်မှာ

ဘင်ဂျမန် ဖရမ်စစ်လပိုးစကီး၏ ပထမဆုံး အော်စီလိုလက်ရာ
ဘင်ဂျမန် ဖရမ်စစ်လပိုးစကီး၏ ပထမဆုံး အော်စီလိုလက်ရာ

ကွန်ပျူတာအနုပညာဆိုသည်မှာ ကွန်ပျူတာကိုအသုံးပြု၍ ဖန်တီးထားသော အနုပညာလက်ရာများကို ခေါ်ဆိုသည်။ အနုပညာလက်ရာတစ်ခုကို ကွန်ပျူတာဖြင့် ဖန်တီးရာတွင် ကွန်ပျူတာကို အပြည့်အဝသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း အသုံးပြုကြသည်။ ထို့အပြင် အနုပညာလက်ရာကို တင်ဆက်ပြသရန်အတွက် ကြားခံအလွှာတစ်ခုအဖြစ် ကွန်ပျူတာကို အသုံးပြုကြသည်။ ပုံရိပ်၊ အသံ၊ အန်နီမေးရှင်း၊ ဗီဒီယို၊ စီဒီ၊ ဒီဗီဒီ၊ ဗီဒီယိုဂိမ်း၊ ဝက်ဘ်ဆိုဒ်၊ ပါဖောင့်မန်နှင့် တပ်ဆင်ခြင်းအနုပညာများကို ဖန်တီးထုတ်လုပ်ရန်နှင့်တင်ဆက်ပြသရန် ကွန်ပျူတာကို အသုံးပြုနိုင်သည်။

ကွန်ပျူတာအနုပညာသည် ၁၉၅၀ ခုနှစ်နောက်ပိုင်းကာလများမှ စတင်၍ ဖွံ့ဖြိုးလာခဲ့သည်။ ထိုကာလတွင် နိုင်ငံတကာရှိ အနုပညာရှင်များနှင့် ဒီဇိုင်းနာများသည် စက်ပစ္စည်းနှင့်အန်နာလော့ခ်ကွန်ပျူတာများကို အသုံးပြု၍ အနုပညာ လုပ်ငန်းများကို လုပ်ကိုင်လာကြသည်။

ဘင်ဂျမန် ဖရမ်စစ် လပိုးစကီး၏ အော်စီလိုလက်ရာများကို အစောဆုံး ကွန်ပျူတာအနုပညာလက်ရာအဖြစ် သတ်မှတ်ပြောဆိုကြသည်။ ထိုလက်ရာများကို ၁၉၅၀ ခုနှစ်ဝန်းကျင်တွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဘင်ဂျမန်သည် သင်္ချာပညာရှင်၊ အနုပညာရှင်နှင့် ပုံဆွဲဆရာတစ်ဦးဖြစ်သည်။ အိုင်အိုဝါတွင် ၁၉၁၄ ခုနှစ်၌ မွေးဖွား၍ ၂၀ဝ၀ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ဘင်ဂျမန်၏ အော်စီလိုလက်ရာနောက်ပိုင်းတွင် ကွန်ပျူတာအနုပညာများကို အခြားသောအနုပညာရှင်များ ကလည်း ဖန်တီးလာခဲ့ကြသည်။ ကွန်ပျူတာနည်းပညာများကို အသုံးချရန်လေ့လာသည့်အပြင် ကွန်ပျူတာပရိုဂရမ်ရေးသား နည်းကဲ့သို့ နည်းပညာဆိုင်ရာများကိုပါ အသေးစိတ်လေ့လာခဲ့ကြသည်။ အစောဆုံး ကွန်ပျူတာအနုပညာပြပွဲကို ၁၉၆၅ ခုနှစ် တွင် ပြုလုပ်နိုင်ခဲ့ကြောင်းတွေ့ရသည်။

မြန်မာနိုင်ငံတွင် ကွန်ပျူတာကို ၁၉၇၀ ခုနှစ်နှောင်းပိုင်းကာလများက ရန်ကုန်တက္ကသိုလ်အတွင်းတွင် စတင်အသုံးပြု ခဲ့သည်။ ထိုစဉ်က အသုံးပြုခဲ့သည့်ကွန်ပျူတာများသည် ယနေ့အသုံးပြုနေသော ကွန်ပျူတာများကဲ့သို့ ပေါ့ပါးသေးငယ်သော ကွန်ပျူတာများမဟုတ်ဘဲ အလွန်ကြီးမားသောကွန်ပျူတာများဖြစ်သည်။ ထိုကွန်ပျူတာကြီးများဖြင့် တက္ကသိုလ်များနှင့် အစိုးရဌာနများသို့ သင်တန်းများပို့ချပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးကွန်ပျူတာသင်တန်းကျောင်းကို ၁၉၈၆ ခုနှစ်တွင် MCC(Myanmar Computer Company)က တည်ထောင်ခဲ့သည်။ ကွန်ပျူတာသင်တန်းများကို ပို့ချပေးခဲ့သည်။ ထို့ကြောင့် ကွန်ပျူတာဖြင့် ဒီဇိုင်းပြုလုပ်ခြင်း၊ အနုပညာဖန်တီးခြင်းကို ၁၉၉၀ ခုနှစ်နောက်ပိုင်းကာလများတွင်သာ ပြုလုပ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ အစောဆုံးကွန်ပျူတာဂရပ်ဖစ်ပြပွဲကို ၂၀ဝ၇ ခုနှစ်တွင် ပြုလုပ်နိုင်ခဲ့သည်။ ထိုကာလအစောပိုင်းနှင့် နှောင်းပိုင်း ကာလတွင် ကွန်ပျူတာအနုပညာပြပွဲအနေဖြင့်ပြသခြင်း မတွေ့ရသေးဘဲ စိတ်ဝင်စားသူလူနည်းစုကသာ ပြုလုပ်လေ့ရှိ ကြောင်း တွေ့ရသည်။

ကွန်ပျူတာအနုပညာလက်ရာတစ်ခုဖန်တီးရန် အခြေခံအားဖြင့် ကွန်ပျူတာတစ်စုံလိုအပ်မည်ဖြစ်သည်။ ထိုကွန်ပျူ တာ၌ အနုပညာလက်ရာဖန်တီးရာတွင် အသုံးပြုနိုင်သည့် အသုံးချဆော့ဝဲလ်များလည်း လိုအပ်မည်ဖြစ်သည်။ ပုံနှိပ်ထုတ်လုပ် ရန်လိုအပ်ခဲ့ပါက ပုံနှိပ်ထုတ်လုပ်ရန် အသုံးပြုမည့် ကြားခံအလွှာတစ်ခုလိုအပ်မည်ဖြစ်သည်။ ထိုကြားခံအလွှာသည် ပုံနှိပ်စက်၊ ပုံထုတ်စက်နှင့်ဓာတ်ပုံထုတ်စက်များဖြစ်နိုင်သည်။ အန်နီးမေးရှင်းကဲ့သို့ အနုပညာလက်ရာများကို ဖန်တီးခဲ့ပါက တီဗီနှင့်ဒီဗီဒီ ပြစက်ကဲ့သို့ ကြားခံအလွှာတစ်ခု လိုအပ်မည်ဖြစ်သည်။ ကွန်ပျူတာအနုပညာဆိုသောစကားလုံးနှင့် အနုပညာအမျိုးအစား သတ်မှတ်ချက်အောက်တွင် ကွန်ပျူတာနည်းပညာကို အသုံးပြုသည့်အခြေအနေအပေါ်တွင်မူတည်၍ ဖြာထွက်လာသော အနုပညာအမျိုးအစားများစွာရှိနေပါသေးသည်။

ဟန်ဇော်

အလင်းတန်းဂျာနယ်၊ အမှတ် (၇၇၂)၊ စက်တင်ဘာ(၁၆)၊ ၂၀၁၃ ခုနှစ်

ကျွန်တော့်စာမူ ဖော်ပြခံရချိန်မှာ ရလိုက်တဲ့ ခံစားမှုကို ကျွန်တော်တန်ဖိုးထားတယ်၊

ဆောင်းပါးနဲ့ ဝတ္တုကို ကလောင်နှစ်ခုခွဲပြီး ရေးနေတဲ့ ဆရာဟန်ဆန်းက စတင် ဆွေးနွေးရာမှာ “ teen Magazine ရဲ့ ကောလိပ်ဂျင်ကဏ္ဍမှာ ပထမဆုံး ဖော်ပြခံခဲ့တဲ့ စာမူလေးက တက္ကသိုလ်တက်ဖို့ မျှော်လင့်တကြီး စောင့်နေတဲ့ ဆယ်တန်းအောင် ကျောင်းသားတစ်ယောက်ရဲ့ တက္ကသိုလ်တွေ ပိတ်သွားတဲ့အချိန်၊ တက္ကသိုလ် တက်ခွင့်မရခဲ့တဲ့ ကာလတစ်ခုနဲ့ တက္ကသိုလ်ပြန်လည် တက်ရောက်ခွင့် ရခဲ့ချိန်တွေကို ရေးခဲ့တာပါ၊ အဲ့ဒီမှာ ဖော်ပြခံခဲ့ရတယ်၊ လွတ်လွတ်လပ်လပ်ရေးလိုက်တဲ့ ကျွန်တော့်စာမူ ဖော်ပြခံရချိန်မှာ ရလိုက်တဲ့ ခံစားမှုကို ကျွန်တော်တန်ဖိုးထားတယ်၊ စာရေးသားရာမှာ စည်း၊ဘောင်မထားပဲ ကိုယ်ရေးချင်တဲ့ ပုံစံအတိုင်း လွတ်လွတ်လပ်လပ် ခံစားပြီး ရေးတယ်၊ အဲ့ဒီလို ရေးလိုက်ခြင်းက ရရှိတဲ့ ရွေးချယ်မှု၊ ရလဒ်ကို ကျေနပ် နှစ်ခြိုက်မိတယ်၊ ရသစာပေကို ရေးချင်တဲ့စိတ် ဖြစ်ပေါ်လာချိန်တိုင်းမှာ လွတ်လွတ်လပ်လပ် ရေးတယ်၊ ရေးပြီး ပါလာချိန်မှာ ကျေနပ်တယ်၊ ရေးထားတာကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျေနပ်တယ်၊ အဲ့ဒီ လွတ်လပ်မှုအပေါ်လည်း ကျွန်တော် သာယာတယ်” ဆိုပြီး လွတ်လပ်မှုရဲ့ အနုပညာအပေါ် သူခံစားရသမျှ လွတ်လွတ်လပ်လပ် ပြောပြခဲ့ပါတယ်။

http://kyawhtetwin.blogspot.com/2012/02/myanmar-policy_26.html မှာ ပြန်လည်တွေ့ရှိခဲ့သည်။ အမှတ်တရတစ်ခုပါ။

ထွေသူ၏ မှတ်စု

၁။

ကျွန်တော် ရူးနေတယ်။

“ကျွန်တော် အရူးဗျ”

“မင်း မရူးပါဘူးကွာ”

“ရူးတယ်ဗျာ”

“ဟေ့ကောင်၊ အရူးက ဘယ်တော့မှ သူ့ကိုယ်သူ ရူးတယ်လို့ မပြောဘူး။ မင်းအခုလို ပြောနိုင် သေးရင်၊

မင်း မရူးသေးဘူး။”

အရူးက ရူးတယ်လို့ ပြောခဲ့ရင် ရူးတယ်လို့ မခေါ်ဘူးတဲ့။

ကျွန်တော် ရူးနေတယ်ဆိုတာ သူတို့ မယုံဘူး။

၂။

ကျွန်တော် ငိုတတ်တယ်။

စိတ်အရမ်း ထိခိုက်လာရင် ကျွန်တော် ငိုတယ်။ အားကောင်း မောင်းသန် ယောကျာ်း ရင့်မာကြီးဆိုတော့ လူကြား သူကြားထဲမှာ ကျွန်တော် ဘယ်ငိုမလဲ။ ရှက်တယ်။မြောက် ကိုးရီးယားက ဟိုချာတိတ်၊ လူကြား သူကြားထဲ ငိုတာဘယ်လောက် ရယ်ရလဲ။ ခင်ဗျာတို့ တွေ့လိုက်တယ် မဟုတ်လား။ ကျွန်တော့်ကို လူတွေက အဲဒီလို ဝိုင်းရယ်ကြမှာ။ ဒါကြောင့် ကျွန်တော်က လူကြား သူကြားထဲမှာ မငိုဘူး။ ကျိတ်ပြီးတော့ ငိုတယ်။

ငိုတဲ့သူက ငိုတယ်လို့ ပြောခဲ့ရင် သူတို့က ငိုတယ်လို့ မခေါ်ဘူးတဲ့။

ကျွန်တော် ငိုတတ်တယ်ဆိုတာ သူတို့ မယုံဘူး။

၃။

ကျွန်တော် စိတ်ကူးယဉ်တယ်။

စိတ်ကူးကမ္ဘာထဲမှာ နေရတာလောက် ပျော်စရာ ကောင်းတာ မရှိဘူး။ စိတ်ကူးထဲမှာ လုပ်ချင်တာ လုပ်လို့ရတယ်။ စိတ်ကူးထဲ ကအတိုင်း အပြင်မှာ တော့ မလုပ်မိ စေနဲ့။ အရပ်ထဲက ပြောသလို ဒုက္ခနဲ့ လှလှတွေ့ပြီး ဒုက္ခလှလှ ဖြစ်သွားမယ်။ စိတ်ကူး ထဲမှာ ခင်ဗျား ကမ္ဘာကို ခင်ဗျား ကြိုက်သလို လုပ်နိုင် တယ်။ ခင်ဗျားကို တရားဆွဲ မယ့်သူ၊ ထိန်းသိမ်းမယ့် သူ မရှိဘူး။

အမေရိကန် နိုင်ငံရဲ့ ရာသက်ပန်သမ္မတကြီးဟာ ကျွန်တော်ပဲ။ စိတ်ကူးကမ္ဘာတစ်ခုလုံးက ကျွန်တော့ကို မည်း(မဲမဟုတ်ပါ။) ပေးထားကြတယ်။ အပြတ်အသတ်ပဲ။ ခင်ဗျား မယုံဘူးလား။

သမ္မတက သမ္မတလို့ ပြောခဲ့ရင် သူတို့က ဟုတ်ပါ့ မလားတဲ့။

ကျွန်တော် ရာသက်ပန် သမ္မတ ဖြစ်တယ်ဆိုတာ သူတို့ မယုံဘူး။

၄။

ကျွန်တော် ပြုံးတယ်။

ကျွန်တော် မဲ့ပြုံး ပြုံးတယ်။ သူတို့က နှစ်လိုဖွယ် ကောင်းတယ်တဲ့။ ခက်လိုက်တာ။ ကျွန်တော်က မကျေနပ်လို့ အမြင်ကပ်လို့  မဲ့ပြုံး ပြုံးလိုက်တယ်။ ကျွန်တော်က အရာရာကို မကောင်းမြင်တတ်လို့ ဘယ်လို အခြေအနေဖြစ်ဖြစ် ပြုံးရင် မဲ့ပြုံးပဲ ပြုံးတယ်။

မဲ့သူက မဲ့တယ်လို့ ပြောခဲ့ရင် သူတို့က မျက်နှာချို တယ်တဲ့။

ကျွန်တော် မျက်နှာခါး တယ်ဆိုတာ သူတို့ မယုံဘူး။

၅။

ကျွန်တော် သွေးဆူတယ်။

စိတ်ရှိလက်ရှိ လုပ်လိုက်ချင်တဲ့ ကိစ္စတွေမှ အများကြီး။ ဒေါနဲ့မောနဲ့ ပြောလိုက်ချင်တဲ့ ကိစ္စတွေကလည်း အများကြီး။ စိတ်ရှိ တိုင်းသာလုပ်ထည့်လိုက်လို့ကတော့ ထောင်နန်းစံ ဘဝကနေ ကျွတ်မှာကို မဟုတ်ဘူး။ အရာရာကို ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတယ်။ ထိန်းရတယ်။

သွေးဆူသူက ဆူပါတယ်လို့ ပြောခဲ့ရင် သူတို့က တည်ငြိမ်ပါတယ်တဲ့။

ကျွန်တော် မတည်ငြိမ်ဘူးဆိုတာ သူတို့ မယုံဘူး။

၆။

ကျွန်တော် မြင်တယ်။

ကျွန်တော်မြင်တာကို ပြောတယ်။ ဟုတ်တယ်။ ကျွန်တော်မြင်တာ ကကြီးပဲ။ သူတို့က မဟုတ်ဘူး အင်္ဂလိပ်အက္ခရာသရီးတဲ့။ မယုံရင် ငါတို့ နေရာက လာကြည့်၊ အင်္ဂလိပ်အက္ခရာ သရီးတဲ့။ မကြည့်ပါဘူး။ ကျွန်တော် သူတို့ နေရာက သွားကြည့်ရင် သူတို့လည်း ကျွန်တော့်နေရာကနေ လာပြန်ကြည့်ပေါ့။ ဒီလိုကျတော့ မလာကြဘူး။ သူတို့ဆီပဲ လာတဲ့။

မြင်တဲ့သူက မြင်တာကိုပဲ ပြောခဲ့ရင် သူတို့က အမြင်ကျဉ်း တယ်တဲ့။

ကျွန်တော် မြင်တယ် ပြောတာ သူတို့ မယုံဘူး။

၇။

ကျွန်တော် ကိုယ်တိုင်ပဲ ရွေးချယ်ချင်တယ်။

ကျွန်တော် ရွေးချယ်ခွင့်ရှိတဲ့ကိစ္စတိုင်းကို ကျွန်တော်ကိုယ်တိုင်ပဲ ရွေးချင်တယ်။ အရွေးမှားရင် ကျွန်တော့်ဘာသာ ကျွန်တော် ခံမယ်။ အမှားလုပ်မိရင် အမှန်ကို ပြန်ရောက်အောင်လုပ်မယ်။ မရင့်ကျက်သေးရင် ရင့်ကျက်အောင်လုပ်မယ်။

ကျွန်တော်ရသင့်တဲ့အခွင့်အရေးကိုပဲ တောင်းပါတယ်။ မိရိုးဖလာတဲ့။ ရွေးခွင့်မရှိဘူးတဲ့။ လူ့အခွင့်အရေး ကြေညာစာတမ်း ကလည်း ကျွန်တော့်ကို မကယ်နိုင်ပါဘူး။ သူ့ထဲမှာတော့ ကျွန်တော်လိုချင်တာကို ရေးထားလေရဲ့။

ရွေးချယ်ခွင့်ရှိသူက ရွေးပါရစေလို့ ပြောခဲ့ရင် သူတို့က ခွင့်မပြုဘူးတဲ့။

ကျွန်တော် ကိုယ်တိုင် ရွေးချယ်နိုင်တယ်ဆိုတာသူတို့ မယုံဘူး။

၈။

ကျွန်တော် လူကောင်းပါ။

“ကျွန်တော် လူကောင်းပါ။”

“မင်း လူကောင်း မဟုတ်ဘူး။”

“လူကောင်းဗျ”

“ဟေ့ကောင်၊ သူခိုးက ဘယ်တော့မှ သူ့ ကိုယ်သူ ခိုးတယ်လို့ မပြောဘူး။ မင်းအခုလို ပြောနေရင်၊ မင်း လူကောင်း မဟုတ်ဘူး။”

မခိုးတဲ့ သူက မခိုးပါဘူး လို့ပြောရင် လူကောင်း မဟုတ်ဘူးတဲ့။

ကျွန်တော် လူကောင်း တစ်ယောက် ဆိုတာ သူတို့ မယုံဘူး။

၉။

ကျွန်တော် သူမကို ချစ်တယ်။

ချစ်တယ်။ ကျွန်တော် သူမကို အရမ်းချစ်တယ်။ ချစ်တယ်ဆိုတဲ့ ဂန္တဝင်သီချင်းထဲကလို နှလုံးသား အသည်းထဲ နစ်အောင် ချစ်နေတယ်လို့ ပြောချင်ခဲ့တယ်။

စစ်မတိုက်ခင်က မြားကုန်ခဲ့ရတဲ့ စစ်သည်တွေလို ကျွန်တော်ချစ်တဲ့အကြောင်းကို သူမက ပြောခွင့်မပေးခဲ့ဘူး။ အဘိုးတို့ အဘွားတို့၊ အဖေတို့ အမေတို့ ပြောခွင့်ရခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကို ကျွန်တော် မပြောခဲ့ရဘူး။

ချစ်တဲ့သူက ချစ်တဲ့ သူကို ချစ်တယ်လို့ မပြောရဘူးတဲ့။

ကျွန်တော် ချစ်တယ်ဆိုတာ သူမ မယုံဘူး။

၁၀။

ကျွန်တော် ဘာမှမဖြစ်ဘူး။

ဘာတွေလဲ။ ကျွန်တော် မသိဘူး။ကျွန်တော့်ကို ဘယ်ခေါ်မလို့လဲ။ မလိုက်ဘူး။ မလိုက်ဘူး။ ကျွန်တော် မလိုက်ဘူး။ ဘာဖြစ်လို့ လိုက်ရမလဲ။ ကျွန်တော် ဘာမှမဖြစ်ဘူး။ မဖြစ်ဘူး။ ကျွန်တော့်ကို ဒီအတိုင်းပဲ နေခွင့်ပေးပါ။ ဒီအတိုင်းပဲ နေပါရစေ။ ကျွန်တော် အဆင်ပြေပါတယ်။ ပြေပါတယ်။ ဘယ်လိုမှ ပြောလို့ မရပါလား။ မရဘူး။ မရတော့ဘူး။

ဘာမှ မဖြစ်တဲ့ သူက မဖြစ်ဘူး ဆိုတာ သူတို့ မယုံဘူး။

+  +  +  +  +  +

သူတို့ရဲ့ မယုံမှုတွေက ကျွန်တော့်အပေါ်ကို ပိလွန်းတယ်။ ဒီလိုပိရင်းနဲ့ ကာလတွေ ရွေ့လျားလာတယ်။ ဒေသတွေ ပြောင်းလာတယ်။ ကျွန်တော့်ရဲ့ ခံနိုင်ရည်အားလည်း ကုန်ခမ်းသွားခဲ့တယ်။

အခုတော့ ကျွန်တော့် ဂူဗိမာန်လေးမှာ ကျွန်တော် လဲလျောင်းနေပါပြီ။ ဒီနေရာကို သူတို့ပဲ အရောက်ပို့ခဲ့တယ်။ ကျွန်တော့်ကို ပို့ခဲ့ကြပြီး တစ်ပတ်လောက် ကျွန်တော့်အကြောင်းကို ဟာသလုပ်ကြတယ်။ သူတို့ အသံတွေက ပဲ့တင်ထပ်လာလို့ ကျွန်တော် ပြန်ကြားရတယ်။ သူတို့က ဒီလိုလူတွေပဲ။ ဒီလောက်တော့ ရှိလိမ့်မယ်။ ဒီလောက်တော့ ပြောလိမ့်မယ်။

ကျွန်တော် ဒီလိုဖြစ်အောင် သူတို့ပဲ လုပ်ခဲ့ကြတယ်။ သူတို့အတွက် အရသာကောင်းလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ ခါးသက်သက်။ ကျွန်တော့်ကို စည်းအပြင်ရောက်အောင် သူတို့ပဲ တွန်းပို့ခဲ့တယ်။ စည်းအပြင်ရောက်တော့ ဟားတိုက်ကြတယ်။ ထွေလွန်တဲ့ အသိုင်းအဝိုင်းထဲမှာ ကျွန်တော်ဟာ တံဆိပ်ကပ်ခံရတဲ့ သတ္တဝါတစ်ကောင် ဖြစ်နေခဲ့တယ်။

+  +  +  +  +  +

တံဆိပ်တွေ၊ လက်မှတ်တွေ၊ အသိအမှတ်ပြုမှုတွေကို ကျွန်တော် မလိုချင်တော့ဘူး။ ဒါတွေကို လိုချင်တပ်မက်အောင် သူတို့ပဲ သွေးထိုးပေးခဲ့တယ်။ သူတို့ သွေးထိုးပေး မှန်းသိလို့ ဖီဆန်တယ်။ ဖီဆန်လို့ ကျွန်တော့်ကို အပြစ်ပေးတယ်။ အပြစ်ကို ခါးစည်းခံတော့လည်း စည်းအပြင်ရောက်မဲ့ တံဆိပ်၊ လက်မှတ်၊ အသိအမှတ်တွေကို ကျွန်တော့် ကိုယ်ပေါ်ထပ်ပြီး ကပ်ကြတယ်။ ဒါတွေကြောင့် အဝေးကို ကျွန်တော်ထွက်ခဲ့ပြီ။ သူတို့လည်း ကျေနပ်ပြီး နေခဲ့ကြတယ်။

ကျွန်တော်ဟာ ကျွန်တော် မဖြစ်ခဲ့။

သူတို့ဟာ ကျွန်တော် ဖြစ်တယ်။

သင်ဟာ သင်သာ ဖြစ်ပါစေ။

ကျွန်တော့် ကံတရားဟာ သင်တို့အတွက် သင်ခန်းစာဖြစ်စေ။

ဟန်ဆန်း

Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂

ကွန့်မြူးတတ်‌သော အစားထိုး‌လောကတွင် သူတို့ အိပ်မက်များ မက်‌နေပါ‌စေ

အနုပညာဖန်တီးခြင်းသည် စိတ်ကွန့်မြူး အစားထိုးမှု(Fantastic Imigination)ဖြစ်သည်ဟု ‌ဒေါက်တာ‌ကျော်စိန်၏ ‌ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ရှုခဲ့ ဖူးသည်။ စိတ်သရုပ်ခွဲပညာရှင် ‌ဒေါက်တာဆစ်ဂမန်ဖရိုက်၏ အယူအဆတစ် ခုဖြစ်သည်ဟု မှတ်သားခဲ့ဖူးသည်။

+++

            ဖွားဖွားနှင့်‌မေ‌မေတို့ထံမှ သနပ်ခါးရနံ့ သင်းသင်း‌လေးများကို ရတတ် သည်။ သူတို့နှစ်ဦး‌ကြောင့် သနပ်ခါးရနံ့ သင်းသင်း‌လေးများကို က‌လေးဘဝ ကတည်းက ချစ်ခင်နှစ်ခြိုက်ခဲ့သည်။ စွဲလန်းခဲ့သည်။ သနပ်ခါးရနံ့များ သင်း ‌နေသည့် သူတို့ပါးနှစ်ဖက်ကို အားရပါးရ ‌မွှေးခဲ့ဖူးသည်။

+++

            ကိုယ့်၏ ဘဝတစ်‌လျှောက်လုံးကို တစ်စစီ တစ်ပိုင်းစီ ပိုင်းခြားစိတ်ဖြား ကြည့်မည်ဆိုလျှင် ကိုယ့်ဘဝ၏ အချိန်အများစုသည် စိတ်ကူးယဉ်‌တွေး‌တော မှုများနှင့်သာ ကုန်လွန်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

အ‌ကြောင်းအကျိုးမညီ ဟု ယူဆရ‌သော အ‌ကြောင်းအရာများကိုလည်း ဆွဲယူဆက်စပ်၍ စိတ်ကူးယဉ်‌လေ့ ရှိသည်။ ထိုအချင်းအရာ အ‌ကြောင်းအကျိုး အား ‌တွေ့မြင်တတ်သည့် ကိုယ့်၏ ဆရာက ‘‘မင်းက စိတ်‌စေ့‌ဆော်မှု (Motivation) သိပ်များတာပဲ’’ဟု မှတ်ချက်‌ပေး ‌ပြောဆိုခဲ့ဖူးသည်။

+++

            ကိုယ့်ဘဝ၏ တစ်စိတ်တစ်ပိုင်းသည် ဂရပ်ဖစ်ဒီဇိုင်းနာဖြစ်သည်။ ကိုယ် သည် ဂရပ်ဖစ်ဒီဇိုင်းဖြင့် မဂ္ဂဇင်း၊ ဂျာနယ်၊ လုံးချင်းဝတ္ထုစာအုပ်တို့၏ မျက်နှာဖုံး ဒီဇိုင်းများကို ပြုလုပ်‌လေ့ရှိသည်။ လုံးချင်းဝတ္ထုစာအုပ် မျက်နှာဖုံးတစ်ခုသည် ကိုယ့်အတွက် အနုပညာလက်ရာတစ်ခုဖြစ်သည်။ အ‌တွေးများ၊ ကိုယ်ပွား ခံစားမှုများ၊ စာ‌ရေးသူနှင့် ‌ဆွေး‌နွေးတိုင်ပင်ခြင်းများ၊ မျက်နှာဖုံး‌ကောင်းတစ် ခုဖြစ်လာရန် အချိန်ယူဖန်တီးရခြင်းများသည် ကိုယ့်၏ အကျင့်စရိုက် စိတ် ကူးယဉ်‌တွေး‌တောမှုနှင့် လိုက်ဖက်ညီသည်ဟု ဆိုရမည်ဖြစ်သည်။

+++

            လသည် ည‌ကောင်းကင်တွင် ဝိုင်းစက်စွာ ပြည့်ဖြိုး‌နေခဲ့သည်။ လပြည့် ည၌ ကိုယ်သည် စိတ်ကူးယဉ်‌တွေး‌တောခြင်းအမှုကို တမြည့်မြည့်ပြု‌နေမိ သည်။ ထိုစဉ်အတွင်းမှာပင် တယ်လီဖုန်းမြည်သံတစ်ခုကို လက်ခံရရှိလိုက် သည်။ ထုတ်‌ဝေသူ၏ တယ်လီဖုန်းဖြစ်သည်။ ထုတ်‌ဝေသူသည် သူ၏ ထုံးစံအတိုင်း သူလိုချင်‌သော အချက်အလက်အ‌ကြောင်းအရာများကို ခရားမှ ‌ရေလွှတ်လိုက်သကဲ့သို့ အဆက်မပြတ် ‌ပြောဆိုသွား‌လေသည်။

ကိုယ်အ‌နေနှင့် ထုတ်‌ဝေသူ ‌ပြောသွားသည်များမှ မှတ်မိသ၍ ပြန်လည် ‌ပြောဆိုရလျှင် –

‘‘လုံးချင်းဝတ္ထု အဖုံးလုပ်မယ်’’

‘‘ခင်ဗျာလိုချင်တဲ့ အချိန်‌ပေးမယ်’’

‘‘ကျွန်‌တော်စင်တင်မယ့် စာ‌ရေးဆရာမအသစ်’’

‘‘သူ့အတွက် ကျွန်‌တော် အစီအစဉ်‌တွေ အများကြီးလုပ်ထားတယ်’’

‘‘သူ့စာအုပ်ထွက်လာရင် စာအုပ်‌လောကကို နည်းနည်း‌တော့ လှုပ်သွား ‌စေချင်တယ်’’

‘‘ခင်ဗျာကို အဲဒီစာ‌ရေးဆရာမနဲ့ ‌တွေ့‌ပေးမယ်။ မ‌တွေ့ခင်၊ သူ့ဝတ္ထုကို ခင်ဗျာ ဖတ်လို့ရ‌အောင် ကိုမှန်ကြီးနဲ့ ပို့ခိုင်းလိုက်မယ်’’

‘‘ခင်ဗျာ အ‌ကောင်းဆုံးဖြစ်‌အောင်လုပ်’’ ဟုဖြစ်သည်။

ကိုယ့်အ‌နေနှင့် ‘‘ဟုတ်ကဲ့’’ ဟူ‌သော တုန့်ပြန်စကားမှအပ မည်သည့် စကားကိုမျှ ပြန်လည်‌ပြောဆိုခွင့်မရခဲ့‌ပေ။ သူ့စကားတွင် တစ်စုံတစ်ခုလိုအပ် ‌နေသည်။

သူ‌ပြောရန် လိုအပ်‌နေ‌သော စကားတစ်ခွန်သည် ‘‘ခင်ဗျာလိုချင်တဲ့ လုပ်အားခတန်ဖိုးကို အပြည့်အဝ‌ပေးမယ်’’ ဟူ‌သော စကားဖြစ်သည်ကို မျက်စိတစ်မှိတ် မကြာမီကာလအတွင်းမှာပင် လက်ခနဲ သိရှိလိုက်သည်။

ကိုယ်ရသင့်သည့် အခွင့်အ‌ရေးကို မိမိဖက်မှစ၍ ဘာ‌ကြောင့်မ‌ပြောဖြစ် ပါလိမ့်။ ကိုယ့်အ‌နေနှင့် ‌ပြောမည်ဆိုလျှင် ‌ပြောနိုင်ဆိုနိုင်သည့် အခွင့်အ‌ရေး ရှိသည် မဟုတ်ပါလား။

+++

            ‌နောက်တစ်‌နေ့ မနက်တွင် ကိုမှန်ကြီး ‌ရောက်လာသည်။ စာမှုတစ်ထပ် ‌ပေးသည်။ ‘‘ဆရာက အချိန်မီ ပြီး‌အောင်လုပ်ပါ။ အ‌ကောင်းဆုံး အဆန်းဆုံး ဖြစ်‌အောင်လုပ်ပါလို့ မှာလိုက်တယ် အစ်ကို’’ဟု ထုတ်‌ဝေသူ၏ အမှာ စကားကို ကိုမှန်ကြီးက ဖွင့်ဟ‌ပြောဆိုသည်။ ကိုယ်သည် ‘‘‌အေး’’ဟူ‌သော စကားတစ်ခွန်းမှအပ မည်သည့်စကားကိုမှ ပြန်လည်‌ပြောဆိုခြင်း မပြုပဲ ဝိုင်းစက်စက် ‌သေးသွယ်သွယ် ကလူသလို မြူသလို လက်‌ရေးများကိုသာ ‌ငေးစိုက်ကြည့်‌နေမိသည်။

+++

            သူမ၏ ဝတ္ထုသည် အချစ်ဝတ္ထုဟု ‌ခေါ်ဆိုကြ‌သော အချစ်ဝတ္ထုဖြစ်သည်။ ဝတ္ထု၏ အဓိကဇာတ်‌ကောင်ဖြစ်‌သော ‌ကောင်‌လေးနှင့်‌ကောင်မ‌လေးသည် တစ် ဦးနှင့်တစ်ဦး အလွန့်အလွန်ချစ်ကြသည်။ ချစ်သူနှစ်ဦးသည် ခံယူချက်တူညီ ကြသည်။ သူတို့နှစ်ဦးသည် တူညီ‌သောပန်းတိုင်းတစ်ခုသို့ အတူတူကူးခပ် ကြမည့်သူများဖြစ်သည်။

‌လောကသဘာဝအတိုင်း သူတို့၏ ချစ်ခရီးတစ်‌လျှောက်တွင် တစ်ဦးနှင့် တစ်ဦး အားပြိုင်မှုရှိသည်။ ပြဿနာ‌လေးများ ဖြစ်သည်။ ‌ဖြေရှင်းကြသည်။ သူတို့၏ ဘဝသည် ချိုးသွားသည်။ ‌ကွေ့သွားသည်။ ‌ကောက်သွားသည်။ တည့်သွားသည်။ ယိုင်သွားသည်။ လဲကျသည်။ ပြန်လည် ထူမတ်သည်။ တစ်ခါတစ်ရံ တစ်ပတ်လည်သည်။ တစ်ခါတစ်ရံ ‌ပေါက်ကွဲသည်။ တစ်ခါ တစ်ရံ ‌အေးမြသည်။ တစ်ခါတစ်ရံ ပူ‌ဆွေးသည်။ တစ်ခါတစ်ရံ လွမ်းဆွတ် သည်။ တစ်ခါတစ်ရံ ကြည်နှုးသည်။ သူတို့နှစ်ဦးအကြားတွင် ‌ကြေလည် သွားခြင်းမရှိ‌သော အဖုအထစ် အစိုင်အခဲ‌လေးများလည်း ငုတ်ရှိုးလျက်ရှိ ‌နေသည်။

သူမ၏ ဝတ္ထုသည် သူမအသက်သွင်းထား‌သော ဇာတ်‌ကောင်စရိုက် သဘာဝအတိုင်း နိမ့်တစ်ခါ မြင့်တစ်လှည့်၊ တက်တစ်ခါ ကျတစ်လှည့်၊ ချိုးတစ်ခါ ‌ကွေ့တစ်လှည့် သိုင်းဝန်းဖွဲ့စည်းထား‌သော အချစ်ဝတ္ထုဖြစ်သည်။

+++

ထုတ်‌ဝေသူမှ ပို့‌ပေးလိုက်သည့် သူမ၏ ဝတ္ထုတွင် ဇာတ်သိမ်းပိုင်း ပါဝင်ခြင်း မရှိ‌သေး‌ပေ။ ထုတ်‌ဝေသူကို အ‌ကြောင်းကြားသည့်အခါ ထုတ်‌ဝေသူ က သူမနှင့်‌တွေ့မှသာ ဇာတ်သိမ်းပိုင်းကို ကိုယ်တိုင်‌မေးကြည့်ရန် ‌ပြော၍ ‘‘အဖုံးလုပ်တဲ့အခါ ဇတ်သိမ်းပိုင်းကို မ‌ဖော်လိုက်နဲ့၊ ဝတ္ထုကို ပံ့ပိုး‌ပေးဖို့ပဲ ခင်ဗျာတာဝန်ယူ’’ဟူ‌သော စကားတစ်ခွန်းကို ဖြည့်စွက်‌ပြောသွားသည်။

ထုတ်‌ဝေသူ ‌ပြော‌သောစကားကို ကိုယ့်အ‌နေနှင့် ငြင်းဆိုရန်မရှိ‌သော လည်း ကိုယ့်အ‌နေနှင့် သူမ၏ ဝတ္ထုသည် မည်သို့မည်ပုံ ဇာတ်သိမ်းမည်ကို အလွန့်အလွန် သိချင်‌နေမိသည်။ ထို့‌ကြောင့် ဇာတ်သိမ်းပိုင်းမပါ‌သော သူမ၏ ဝတ္ထုမူကြမ်းကို အပြန်ပြန်အလှန်လှန် ဖတ်ရှု‌နေမိသည်။ အပြန်ပြန်အလှန် လှန် ဖတ်ရှု‌နေမိသည်။ အပြန်ပြန်အလှန်လှန် ဖတ်ရှုသည်။ ဖတ်ရှုသည်။

+++

            ဇာတ်‌ကောင် ‌ကောင်မ‌လေးသည် မိတ်ကပ်များထက် သနပ်ခါးကို ပို၍ နှစ်သက်သည်။ ‌ဖြောင့်စင်း‌နေသည့် ဆံ‌ကေသာကို ပိုင်ဆိုင်ထားသည်။  သနပ်ခါးရနံ့ သင်း‌နေ‌သော ပါးမို့မို့ကို က‌လောင်ဖြင့် ‌ထောက်၍ စဉ်းစားခန်း ဝင်‌နေတတ်သည်။ ‌ကောင်မ‌လေး၏ အမူအယာ၊ အ‌လေ့အကျင့်၊ အလှအပ၊ အသံသာသာ၊ အဆင်းအ‌သွေး၊ အဖုအချိုင့်၊ အ‌ကွေ့အ‌ကောက်တို့သည် ရင်ခုန် ‌စေသည်။ မိန်း‌မော‌စေသည်။ စွဲလန်း‌စေသည်။ တက်မက်‌စေသည်။ နိုးကြွ‌စေ သည်။ တမ်းတ‌စေသည်။ မြတ်နိုး‌စေသည်။ မြတ်နိုးသည်။

‌ကောင်မ‌လေး၏ ညို့ယူတတ်‌သော အလှအပ၊ သိမ့်‌မွှေ့‌သော အနုအရွ များ‌အောက်တွင် ‌ကောင်‌လေးသည် တဝဲလည်လည် ဖြစ်‌နေသည်။ သနပ်းခါး၏ သင်း‌သောရနံ့နှင့်အတူ ‌ကွေ့‌ကောက်ဝဲဝိုက်‌နေ‌သော တက်မက်မှု‌ကျော့ကွင်း တို့အကြားတွင် ‌ကောင်‌လေးသည် မိန်း‌မော‌နေသည်။

ကိုယ်သည် ကလူ‌သော မြူ‌သော ဝိုင်းစက်စက်‌သေးသွယ်သွယ် လက်‌ရေး များမှ တစ်ဆင့် ဇာတ်‌ကောင် ‌ကောင်မ‌လေးရှိရာသို့ တအိအိနစ်ဝင် သွားခဲ့ သည်။ ထိုသို့ နစ်ဝင်သွားရင်း…။ နစ်ဝင်သွားရင်း…။ သွားရင်း…။

ဇာတ်‌ကောင် ‌ကောင်‌လေးသည် ကိုယ်တစိမ့်စိမ့်နှင့် နစ်ဝင်သွား‌သော ကိုယ်ကိုယ်တိုင်ဖြစ်လာသည်။

+++

            ကွန့်မြူးတတ်‌သော ကိုယ်၏စိတ်သည် ခံစားမှုများကို ‌မွေးဖွား၍ စိတ် ကူးယဉ် ကမ္ဘာထဲသို့ ‌ရောက်ရှိ‌နေသည်။

‌ကောင်မ‌လေးသည် လုံးချင်းဝတ္ထုများကို မှန်မှန်‌ရေး‌နေသည်။ ‌ကောင် ‌လေးသည် ‌ကောင်မ‌လေး၏ လုံးချင်ဝတ္ထုများအတွက် မျက်နှာဖုံးဒီဇိုင်းများ ကို ပြုလုပ်‌ပေးသည်။ ‌ကောင်မ‌လေး၏ စာ‌ရေးဟန်နှင့် ‌ကောင်‌လေး၏ သရုပ် ‌ဖော်ဟန်သည် စာဖတ်ပရိသတ်အတွက် အသည်းခိုက်‌စေသည့် နှစ်ခြိုက်မှု များ ဖြစ်ခဲ့သည်။ သူတို့အတွဲညီခဲ့ကြသည်။ သူတို့အတွဲသည် လူ‌ပြောသူ‌ပြော များလာ‌သော ချစ်သူစုံတွဲဖြစ်လာသည်။ စာ‌ပေနှင့်ပတ်သက်‌သော ဂျာနယ် များ၊ မဂ္ဂဇင်းများသည် သူတို့နှစ်ဦးအ‌ကြောင်းကို တစ်စွန်းတစ်စ ‌ဖော်ပြ လာသည်။ သူတို့နှစ်ဦး၏ ဓာတ်ပုံများကို ထည့်သွင်း‌ဖော်ပြစ ပြုလာကြသည်။

သူတို့နှစ်ဦးကို အများမှ အာရုံစိုက်လာသည်။ သူတို့နှစ်ဦးကို အများက အသိအမှတ်ပြုထားကြသည်။ သူတို့နှစ်ဦးကို အများက လိုက်ဖက်ညီသည် ဟု ဆိုကြသည်။ သူတို့နှစ်ဦးကို တစ်‌ခေတ်မှာ တစ်ခါသာ ‌ပေါ်နိုင်ဖွယ်ရှိ‌သော အနုပညာ‌မောင်နှံအဖြစ် ‌ပြောဆိုလာကြသည်။ ‌ပြောဆိုကြသည်။ ‌ပြောသည်။

+++

            အ‌တွေးကမ္ဘာထဲတွင် မိနစ်ပိုင်း၊ နာရီပိုင်း ခရီးလှည့်လည်ရခြင်းသည် ပြင်ပ‌လောက၌ နှစ်‌ပေါင်းများစွာ၊ လ‌ပေါင်းများစွာ ကြာ‌ညောင်း‌အောင်‌နေ ထိုင်ရသကဲ့သို့ ရှိ‌လေသည်။ မည်သို့ပင်ဆို‌စေ တစ်ကြိမ်တစ်ခါ၌ စစ်မှန်‌သော ‌လောကအစစ်သို့ ပြန်လာရမြဲဖြစ်သည်။

+++

            သူမနှင့် ဆုံ‌တွေ့ရ‌တော့မည်။ သူမ၏ ဝတ္ထုဇာတ်သိမ်းပိုင်းကိုလည်း သိရ‌တော့မည်။ သူမ၏ ဝတ္ထုဇာတ်သိမ်းပြီး ကိုယ်တို့ ဇာတ်လမ်းစ‌တော့မည်။ စိတ်ကူးအသစ်၊ ခံစားမှုအသစ်နှင့် ဘဝအသစ်တစ်ခုစတင်ဖို့ ဖြစ်‌ကောင်းဖြစ် လာနိုင်သည်။ ကိုယ့်မှာ တိတ်တစ်ခိုးမက်‌နေသည့် အိပ်မက်တစ်ခုရှိ‌နေခဲ့သည်။ ကိုယ်အိပ်ယာဝင်သွားတိုင်း ကွန်မြူးစရာ စိတ်ကူး‌လေးများ ရှိ‌နေခဲ့သည်။ အချိန်တို့ လွတ်လပ်သွားတိုင်း စိတ်ကူး‌လေးများ ကွန်မြူးလာမြဲဖြစ်သည်။

+++

            ထို‌နေ့က သူမကို ပထမဆုံးအကြိမ်အ‌နေနှင့် ‌တွေ့ခဲ့သည်။ ဝတ္ထုထဲက ကဲ့သို့ ကဗျာဆန်‌သော ‌ကော်ဖီဆိုင်တွင် မဟုတ်။ ကိုယ်ထိုင်‌နေ‌သော ထိုင်ခုံ ‌ပေါ်က‌နေ လမ်းသွားလမ်းလာများကို မတိုက်မိ‌အောင် ‌ရှောင်တိမ်း‌ပေး‌နေ ရသည့် လမ်း‌ဘေးလက်ဖက်ရည်ဆိုင်တွင် ဖြစ်သည်။

ဆူညံပွက်‌လော‌နေ‌သော ပတ်ဝန်းကျင်၊ ပူပြင်းလွန်း‌သော ရာသီဥတုတို့ အကြားတွင် သူမသည် ဝိုင်းစက်စက်မျက်မှန်ကို တပ်ထားသည်။ ‌ခြောက် ‌သွေ့၍ မည်း‌မှောင်‌သော အသားအရည်သည် သူမ၏ မူပိုင်ဖြစ်ဟန် တူသည်။ တွန့်‌ကျေ‌နေ‌သော အဝတ်အစားတို့သည် သူမ၏ ပင်ကိုယ်ဟန်ဟု ယူဆရ သည်။

သူမ၏ ပါးပြင်တွင် ကိုယ်ချစ်‌သော သနပ်ခါးများကို ‌တွေ့ရသည်။ သနပ်ခါးတို့သည် ‌မွှေးပျံ့‌နေမည် မဟုတ်။ သူမ၏ ‌ချွေး‌စေးတို့နှင့် သနပ်ခါး တို့သည် ကွက်တိကွက်ကျား ဖြစ်‌နေသည်။ သူမ၏ ‌ကေသာတို့သည် စာ က‌လေးသိုက်ကို ‌ခေါင်း‌ပေါ်တင်ထားသကဲ့သို့ ဖြစ်‌နေသည်။

+++

            ထို့‌နေက သူမကို အစစ်အမှန်‌လောကထဲ၌ အမှန်တကယ်‌တွေ့မြင်ခဲ့ သည်။ သူမသည် သူမ၏ ဝတ္ထုဇာတ်လမ်းအ‌ကြောင်းကို တယုတယ ဖွင့်ဆို ‌ပြောပြ‌နေသည်။ ကိုယ်သည် သူမ၏ အချိုးမ‌ပြေလှ‌သော လှုပ်ရွ‌နေ‌သော ချို သာဖွယ်မရှိ‌သော သာယာနာ‌ပျော်ဖွယ်မရှိ‌သော နှုတ်ခမ်းနှင့်အသံတို့အကြားတွင် ကိုယ့်၏ ချိုသာ‌သော အိပ်မက်ရှိရာသို့သာ အကြိမ်ကြိမ်သွား‌နေမိသည်။

+++

            ဇာတ်သိမ်းခန်းတွင် သိပ်ချစ်ကြ‌သော ‌ကောင်‌လေးနှင့်‌ကောင်မ‌လေးတို့ သည် ‌ဝေးသွားကြသည်။ သူတို့သည် အ‌ဖြေတစ်ခုကို သူတို့ကိုယ်တိုင် ရှာ ‌ဖွေနိုင်ခြင်း မရှိ‌သော‌ကြောင့် ‌ဝေးသွားရခြင်းဖြစ်သည်။ ငုတ်ရှိုး‌နေ‌သော အဖု အထစ်‌လေးများသည် သူတို့နှစ်ဦးကို အနိုင်ယူသွားခဲ့သည်။

ဇာတ်သိမ်းခန်းကို ‌ရေးသားချိန်တွင် မျက်ရည်လည်ခဲ့‌ကြောင်း သူမက ကိုယ့်ကို ‌ပြောသည်။ ကိုယ် ပြုံးမိသည်။ ‘‘အနားမှာ ‌ချော့မယ့်သူ ရှိလား’’ဟု အသံမထွက်ပဲ ကျိတ်‌မေးလိုက်သည်။ ကိုယ် ပြုံးမိပြန်သည်။ ပြုံးသည်။

+++

            ‌ပြောဆိုသင့်‌သော စကားများ‌ပြောဆိုပြီး‌သောအခါ သူမနှင့်ကိုယ်တို့ လမ်း ခွဲခဲ့ကြသည်။ လက်ဖက်ရည်ဆိုင်မှ မတ်တပ်ထအရပ်တွင် ကိုယ်အနီးသို့ သနပ်ခါးရနံ့တစ်ခု ဖြတ်‌ပြေးသွားသည်။ အစစ်အမှန်နှင့် စိတ်ကူး‌လောကကို ‌ဝေခွဲရ ခက်သွားသည်။ ငယ်စဉ်က နှစ်ခြိုက်ခဲ့‌သော သနပ်ခါးရနံ့ဖြစ်‌ကြောင်း ကိုယ်သိခဲ့သည်။

သနပ်ခါးရနံ့၏ ‌နောက်သို့ ကိုယ်လိုက်ခဲ့မိသည်။ ရနံ့သည် ခပ်သုတ် သုတ်သွားသည်။ ကိုယ်အမီ လိုက်သည်။ ရနံ့သည် ‌ကွေ့ဝိုက်၍ လမ်းများ အတွင်းသို့ ဝင်သွားသည်။ ကိုယ်အမီ လိုက်သည်။

ရနံ့သည် မှန်တံခါးတစ်ခု၏ ‌ရှေ့တွင် ရပ်တန့်သွားသည်။ ရနံ့‌ပျောက် သွားသည်။ ကိုယ်၏ ဦး‌ခေါင်းသည် တဖြည်းဖြည်း ‌မော့လာသည်။ မှန်ထဲ တွင် ကိုယ်၏ ရုပ်ပုံလွှာ တဖြည်းဖြည်း ‌ပေါ်လာသည်။

+++

            ဆူညံပွက်‌လော‌နေ‌သော ပတ်ဝန်းကျင်၊ ပူပြင်းလွန်း‌သော ရာသီဥတုတို့ အကြားတွင် ကိုယ်သည် ‌လေး‌ထောင်မျက်မှန်ကိုင်အမည်းကို တပ်ထားသည်။ ‌ခြောက်‌သွေ့၍ မည်း‌မှောင်‌သော အသားအရည်သည် ကိုယ်၏ မူပိုင်ဟန် ဖြစ်သည်။ တွန့်‌ကျေ‌နေ၍ ကြယ်သီးမရှိ‌သော အဝတ်အစားတို့သည် ကိုယ့်၏ ပင်ကိုယ်ဟန်ဖြစ်သည်။ ကိုယ်၏ ပါးပြင်တွင် ‌ချွေး‌စေးများရှိသည်။ နှုတ်ခမ်း ‌မွှေးနှင့်ပါးသိုင်း‌မွှေးတို့လည်း ရှိသည်။ ဦး‌ခေါင်းထက်က ဆံပင်တို့သည် ဖြူတစ်ကွက် မည်းတစ်ကွက်နှင့် ဖရိုဖရဲဖြစ်‌နေသည်။

ကိုယ်သည် အချိုး‌ပြေပြစ်ခြင်း မရှိ‌သော ‌သေသပ်မှုမရှိ‌သော ရီ‌ဝေ‌ကြောင် ‌တောင်‌နေ‌သော ကိုယ့်၏ ရုပ်ပုံလွှာကို တစိမ့်စိမ့်ကြည့်‌နေရင်း ကိုယ့်၏ ချိုသာ‌သော အိပ်မက်ရှိရာသို့ သွား‌နေမိသည်။

+++

            သူမ၏ ဝတ္ထုထဲမှ ‌ကောင်‌လေး၊ ‌ကောင်မ‌လေးတို့၏ ဇာတ်‌ကောင်စရိုက် နှင့် ပြင်ပ‌လောကမှ ကိုယ်၊ သူမ၏ အစစ်အမှန်စရိုက်တို့သည် ‌ဖြောင့်‌ဖြောင့် ကြီး ဆန့်ကျင်လျှက်ရှိသည်။

‘‘တီထွင်ဖန်တီးသူ စာ‌ပေပညာရှင်သည် တစ်ခါတစ်ရံ သူတို့၏ ကိုယ် ရည်ကိုယ်‌သွေး အမျိုးအစားသဘာဝနှင့် တမင်သက်သက်ဆန့်ကျင်သည့် ဖန်တီမှုများကို ပြုလုပ်တတ်ကြသည်။’’ဆို‌သော စိတ်ပညာရှင်ယွန်း၏ ‌လေ့ လာ‌တွေ့ရှိချက်ကို ‌ကျောင်းသားဘဝက မှတ်သားသင်ယူခဲ့ဖူးသည်။

ကိုယ်၏ ကွန့်မြူးခံစားချက်များ၊ သူမ၏ ရသဖန်တီးမှုများကို နားလည် လက်ခံ‌ပေးနိုင်‌သောသူများ ရှိခဲ့လျှင် ‌ဒေါက်တာဆစ်ဂမန်ဖရိုက်နှင့် ယွန်းတို့ နှစ်ဦး အိပ်‌မောကျ‌နေပါ‌စေ။ ကိုယ်လည်း ကွန်မြူးတတ်‌သော အစားထိုးမှု ‌လောကရှိ သူမ၏ အပါးတွင် ‌မှေးစက်ရင် အိပ်‌မောကျ‌နေလိုသည်။

 

ဟန်ဆန်း

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ၊ ဖူးငုံမဂ္ဂဇင်း

ဘာသာပြန်ဆိုင်ရာ မူ ၁၂ ချက်

အင်္ဂလိပ်ဝေါဟာရများကို မြန်မာမှုပြုရေးအတွက် မြန်မာနိုင်ငံပညာရေးဌာနမှ ဦးဆောင်ပြီး တက္ကသိုလ်အသီးသီး၊ အစိုးရဌာန အသီးသီးမှ ပညာရှင်များနှင့် ပြင်ပပညာရှင်များ စုဝေးညှိနှိုင်းပြီး ချမှတ်ခဲ့ကြသည့် ဘာသာပြန်ဆိုင်ရာ မူ ၁၂ ချက်

၁ ။ မြန်မာလို ပြောဆိုရိုးစကားရှိလျှင် ထိုစကားမျိုးကို သုံးရန်

၂။ မျိုးခြားဝေါဟာရတစ်ခုအတွက် အဓိပ္ပါယ် အပြည့်အဝ မငုံမိစေကာမူ သင့်တင့်သော အဓိပ္ပါယ်ပေါ်ရုံမျှ ပေါင်းစပ်ဖန်တီးယူရန်

၃။ အနက်ပြန်ဝေါဟာရတွင် ရှိပြီးလျှင် ရှိရင်အတိုင်းပင် သုံးရန်

၄။ အသံလှယ်ရာ၌ အင်္ဂလိပ်အသံထွက်ကို မူတည်၍ ဖလှယ်ရန်

၅။ မြန်မာ့နှုတ်၊ အာ၊ လျှာတို့နှင့်သင့်၍ မြန်မာ့နားဖြင့် ကြားကောင်းအောင် အသံလှယ်ရန်

၆။ အဆုံးသတ် အသံအတိုင်းလှယ်ရန်

၇။ အသံလှယ်ဝေါဟာရတွင် ရှိပြီးလျှင် ရှိရင်းအတိုင်းပင်သုံးရန်

၈။ သိလွယ်သော ဝေါဟာရဖြစ်စေရန်

၉။ သင့်လျော်ပါက အရပ်သုံးဝေါဟာရကိုပင် လက်ခံရန်

၁၀။ ပညာရပ်အလိုက် အဓိပ္ပါယ်တစ်မျိုးမျိုးရှိလျှင် ခွဲခြား၍ ဝေါဟာရပြုရန်

၁၁။ အနက်တူဝေါဟာရတွင် ပါဠိနှင့် မြန်မာနှစ်မျိုး ရှိလျှင် မြန်မာဝေါဟာရကို လက်ခံရန်

၁၂။ အသံလှယ် အနက်ပြန်စသည့် ဝေါဟာရတစ်မျိုးမျိုးရှိနေလျှင် သင့်လျော်ရာ တစ်မျိုးမျိုးကို လက်ခံရန်

၁၅ ရက် ဇွန်လ ၁၅ ရက်နေ့ထုတ် Itizen Journal မှ ကူးယူဖော်ပြသည်။

ငယ်ဘဝ ငယ်အိပ်မက် ငယ်အတွေး

၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ။

သောကတွေ ကင်းဝေး ခဲ့ဖူးတဲ့ ဘ၀။ အိပ်မက် လှ⁠လှလေး တွေကို မွေးဖွားနေတဲ့ ဘ၀။

ချစ်စရာ ကလေးငယ် အဖြစ် ပြေးလွှားနေတဲ့ ဘ၀။ စားချိန် သောက်ချိန်မှာ ထမင်းပူပူ ဟင်းပူပူတွေ အဆင်သင့် ရှိနေတဲ့ ဘ၀။ အဝါရောင် အသီး၊ အစိမ်းရောင် အသီး၊ အနီရောင်အသီး၊ အရောင်ပါတဲ့ အသီးတွေကို အလှည့်ကျ အရသာ ခံခွင့် ရနေတဲ့ ဘ၀။ တစ်ပတ်တစ်ခါ ကြည့်ခွင့်ရတဲ့ ရုပ်ရှင်ကြည့်သူ ဘ၀။ တိရစ္ဆာန် ရုံထဲက အကောင်လေးတွေကို သနားစဖွယ် ကြည့်ခဲ့တဲ့ ဘ၀။ ကျေနပ်စရာ ဘ၀တွေက တိုတယ်။ နည်းတယ်။ မကျေနပ်စရာ ဘ၀တွေက ရှည်တယ်။ များတယ်။

၁ ၉၈၀ ပြည့်နှစ်၊ ဇူလိုင်လ။

ကြက်ဖကြီးက အိပ်ရာက နှိုးတယ်။ ကိုယ်မှာ လွှမ်းထားတဲ့ စောင်ကို ဖယ်လိုက်တယ်။ ခြေထောက်လေးက ကြမ်းပြင်ကို ထိတယ်။ နောက်ဖေးခန်းထဲကို ဝင်တယ်။ ဆီးအိမ်က တင်းနေတယ်။ ခန္ဓာကိုယ်ကို လိမ်လိုက်တယ်။ မီးဖိုပေါ်မှာ ရေနွေးအိုး ဆူနေတယ်။ ဆန်အိုး အဖုံးကို ဖွင့်လိုက်တယ်။ ဆန်တွေ…။

ဆန် ကွဲအိုးကို လိုက်ရှာတယ်။ ဆန်ကွဲတစ်ဆုပ် နှိုက်လိုက်တယ်။ အိမ်ရှေ့ကို ပြေးထွက်ပြီး ဖြန့်ကြဲ လိုက်တယ်။ ကြက်တစ်အုပ် ပြေးလာတယ်။ အစာကောက်ကြတယ်။

ဆီး အိမ်က တင်းလာပြန်တယ်။ အိမ်နောက် ဖေးကို ပြေးဝင်ရတယ်။ အိမ်သာ တံခါးကို ဖွင့်တယ်။ ခန္ဓာကိုယ်က ပေါ့သွားတယ်။ အိမ်သာ အပြင်ကို ထွက်တယ်။ လက်ဖောင်း⁠ဖောင်းလေး ပေါ်မှာ သွားတိုက်ဆေး ထည့်ထားတဲ့ သွားပွတ်တံ၊ ဆပ်ပြာခွက်၊ မျက်နှာသုတ် ပဝါတို့ကို တွေ့တယ်။ လှမ်းယူလိုက်တယ်။

ဟောင်း နေတဲ့ မျက်နှာက အသစ် ဖြစ်သွားတယ်။ ထမင်း စားပွဲပေါ်မှာ အငွေ့တထောင်း ထောင်းထနေတဲ့ လက်ဖက်ရည်ခွက် ရှိတယ်။ နှမ်းဆီနံ့ သင်းနေတဲ့ ကောက်ညှင်းပေါင်း ရှိတယ်။ မီးကင်ထားတဲ့ ပေါင်မုန့် ရှိတယ်။ အနီရောင် ယိုဘူး ရှိတယ်။ အဝါရောင် ထောပတ် ရှိတယ်။

လက်ဖက်ရည် ခွက်ထဲကို ကောက်ညှင်း ပေါင်းဖြူ⁠ဖြူတွေ ထည့်လိုက်တယ်။ ချိုတယ်။ ဆိမ့်တယ်။ လက်ဖောင်း⁠ဖောင်းလေးက လက်သုတ် ပဝါလေးကို ပန်းကန်ထဲ ထည့်ပြီး လာချပေးတယ်။ ခွေးဟောင်သံ ကြားရတယ်။ မုန့်ပန်းကန်ထဲက ပေါင်မုန့် နှစ်ချပ်ကို နှိုက်ယူလိုက်တယ်။

ခွေး ကလေး အောင်နက်က အမြီး နန့်နေတယ်။ ပေါင်မုန့်တွေကို တစ်ဖဲ့စီ စားတယ်။ အောင်နက်က လှမ်းကြည့်တယ်။ ပြေးတယ် လိုက်တယ်။ အောင်နက်က လိုက်တယ်။ ပြေးတယ်။ အောင်နက်က ပြန်လှည့်လာတယ်။ လိုက်တယ် ပြေးတယ်။ ရေစက်တွေ စိုလာတယ်။ ဗိုက်ထဲက နာလာတယ်။ အိမ်နောက်ဖေးကို ပြေးတယ်။ ရေအိုးထဲက ရေကို ခပ်သောက်တယ်။ ရင်ဘတ် တစ်ခုလုံး အေးသွားတယ်။ အိမ်သာ တံခါးကို ဖွင့်တယ်။ ဝင်လိုက်တယ်။ ဘောင်းဘီတို ကလေးက ပေါင်အလယ်ကို ရောက်သွားတယ်။ ပါးကလေး ရဲသွားတယ်။ ခန္ဓာကိုယ်က ပေါ့သွားတယ်။ အပြင်က အသံတစ်သံ ကြားတယ်။ အသံရှင်က လက်ဖောင်း⁠ဖောင်းလေး။

လက် ဖောင်း⁠ဖောင်းလေးက အဝတ်အစားတွေ အားလုံးကို ချွတ်ပြီး ယူသွားတယ်။ အိမ်ရှေ့ကို ပြေးထွက်တယ်။ သတင်းစာကို ဝင်တိုးမိတယ်။ သတင်းစာက အောက်ကို ကျသွားတယ်။ တွန့်လိမ်နေတဲ့ မျက်နှာ တစ်ခုမှာ အပြုံး တစ်ခုကို တွေ့ရတယ်။ ရယ်မိတယ်။ လက်ဖောင်း⁠ဖောင်းလေးရဲ့ အသံကို ထပ်ကြားရတယ်။

အိမ် ထဲမှာ မိုးရွာတယ်။ ဒေဝေါကြီး မလာဘူး။ လေမတိုက်ဘူး။ ပြေးလို့ မရဘူး။ မျက်နှာ ပေါ်ကျတဲ့ ရေတွေကို လက်နဲ့ ဖယ်ထုတ်ရတယ်။ လက်ဖောင်း⁠ဖောင်းလေးက ကိုယ်ပေါ် ရောက်လာတယ်။ လျှောက်ပွတ်တယ်။ ကိုယ်က ချောနေတယ်။ မျက်စိစပ်မှာ စိုးလို့ မှိတ်ထားရတယ်။ မျက်နှာပေါ်ကို ရေတွေ ကျလာတယ်။ မျက်လုံး ဖွင့်လို့ ရလာတယ်။ ကိုယ်ပေါ်က ရေစက်တွေကို လက်ဖောင်း⁠ဖောင်းလေးက သုတ်ပေးတယ်။ နွေးလာတယ်။ ခုန်နေမိတယ်။ ကြမ်းပေါ်မှာ ရေတွေ စိုကုန်တယ်။ ရေတွေ ခေါင်းပေါ်မှာ မရှိတော့ဘူး။

ခေါင်း ပေါ်က အနံ့လေးက မွှေးတယ်။ ပါးပေါ်က အနံ့လေးကလည်း မွှေးတယ်။ ပါးပေါ်က အနံ့ မွှေးတာနဲ့ ခေါင်းပေါ်က အနံ့ မွှေးတာချင်း မတူဘူး။ ပါးလေးက ပထမမှာ အေးနေတယ်။ တဖြည်းဖြည်း တင်းလာတယ်။ ပါးနှစ်ဖက်ကို ဖောင်းကြည့်တယ်။ တင်းနေပေမယ့် ဖောင်းလို့ရတယ်။

ဖောင်း ဖောင်းလေးက အိမ်ရှေ့ကို လာဖို့ ခေါ်တယ်။ ဝင်တိုးခဲ့ဖူးတဲ့ သတင်းစာကြီးက အောက်ကို တစ်ခါ ကျလာပြန်တယ်။ တွန့်လိမ်နေတဲ့ မျက်နှာက ရှေ့ကို ရောက်လာတယ်။ တွဲအိနေတဲ့ လက်မောင်းကို လှမ်းကိုင်လိုက်တယ်။ ပျော့⁠ပျော့အိအိ မျက်နှာက တင်းရင်းနေတဲ့ ပါးနှစ်ဖက်ဆီကို တစ်လှည့်စီ ဝင်လာပြန်တယ်။ သနပ်ခါးမှုန့်လေးတွေ ကြမ်းပေါ်ကို ကျသွားတယ်။

လက် နှစ်ဖက် ဆန့်ပြီး မိုးပေါ်ကို ထောင်လိုက်တယ်။ အပေါ်ကို မြောက်တက်သွားတယ်။ အနံ့တစ်ခု ရပြန်တယ်။ ပါးပေါ်က အနံ့နဲ့လည်း မတူဘူး။ ခေါင်းပေါ်က အနံ့နဲ့လည်း မတူဘူး။ လက်ဖောင်း⁠ဖောင်းလေးရဲ့ နှုတ်ခမ်းနဲ့ တူတဲ့ အိမ်ရှေ့ ပန်းအိုးထဲက ပန်းအနံ့မျိုး၊ မွှေးတယ်။ ကြိုက်တယ်။

ပခုံး ကို လာဖက်တယ်။ ပြန်ဖက်လိုက်တယ်။ လက်ထဲက မုန့်ကိုပေးတယ်။ ကိုယ် စားလိုက်တယ် ပြန်ပေးတယ်။ ကိုယ် စားတယ် ပြန်ပေးတယ်။ အိမ်မှာ စားရတဲ့မုန့်နဲ့ မတူဘူး။ ချဉ်လိုက် စပ်လိုက်နဲ့။ ကောင်းတယ်။ ကြိုက်တယ်။

တစ် ယောက်ပခုံး တစ်ယောက်ဖက်ပြီး အိမ်မှာ လမ်းလျှောက်လို့ မရဘူး။ မျက်နှာတွေကို မြင်ချင်ရင် မော့ကြည့်ရတယ်။ တည့်⁠တည့်ကြည့်ရင် အောင်နက်ကိုပဲ မြင်ရတယ်။ ကြက်သားအုပ် မကြီးကို ကြည့်ရင်တော့ ငုံ့ကြည့်ရတယ်။

အိမ် က ပြောတဲ့ စကားတွေကို နားမလည်ဘူး။ ဒီမှာ ပြောတဲ့ စကားတွေကို နားလည်တယ်။ ဒီမှာ လမ်းကြိတ်စက်လို့ ပြောတာကို အိမ်က တိပ်အကြည်လို့ ပြောတယ်။ တယ်လီဖုန်းလို့ ပြောတာကို အိမ်က ရီမုတ်လို့ပြောတယ်။

ထမင်း ထည့်ထားတဲ့ ဘူးကို ဖွင့်ရင် တစ်ဘူးမှာ ဟင်းတစ်မျိုး တွေ့တယ်။ မတူကြဘူး။ တူတာလည်း ရှိတယ်။ မုန့်တွေလည်း တူတယ်။ မတူတာလည်း ရှိတယ်။ လဲပြီး စားကြတယ်။ စားလို့ကောင်းတယ်။ အများကြီးလည်း စားရတယ်။ ချဉ်လိုက်၊ စပ်လိုက်၊ ခါးလိုက်၊ ချိုလိုက်၊ ကောင်းတယ်။

ကိုယ် ကနေ ရေတွေ ထွက်လာတယ်။ ဖောင်း⁠ဖောင်းလေးက အဲဒါကို ချွေးလို့ပြောတယ်။ ခေါင်းပေါ်မှာ မမွှေးတော့ဘူး။ ပါးမှာလည်း မမွှေးတော့ဘူး။ ရေစက်တွေ စိုနေတယ်။ လျှာနဲ့ တို့ကြည့်တော့ ငန်တယ်။ ဖောင်းဖောင်း လေးက ဒါကြောင့် ချွေးလို့ ပြောတာထင်တယ်။

အိမ် ထဲမှာ မိုးရွာတယ်။ ဒေဝေါကြီး မလာဘူး။ လေမတိုက်ဘူး။ ပြေးလို့ မရဘူး။ ကိုယ် ပေါ်ကရေစက်တွေကို လက်ဖောင်း⁠ဖောင်းလေးက သုတ်ပေးတယ်။ နွေးလာတယ်။ ကြမ်းပေါ်မှာ ရေတွေစိုကုန်တယ်။ အိမ်ထဲမှာ မိုးတိတ်သွားပြီ။

အိမ် ထဲမှာ ရုပ်ရှင်ရုံသေး⁠သေးလေး ရှိတယ်။ အိမ်ထဲက ရုပ်ရှင်ရုံရှေ့မှာ ထမင်းစားလို့ ရတယ်။ ရုပ်ရှင်ထဲမှာ ကြွက်ကလေးက ပြေးတယ်။ ကြောင်ကြီးက လိုက်တယ်။ ကြောင်ကြီး အိပ်နေရင် ကြွက်ကလေးက သွားစတယ်။ ပါးစပ်ရှေ့ကို လက်ဖောင်း⁠ဖောင်းလေး ရောက်လာမှ ဝါးထားတာတွေ ဗိုက်ထဲကို မျိုချ လိုက်တယ်။ နင်သွားတယ်။ ရေသောက် ချရတယ်။ ပန်းကန်ထဲမှာ ထမင်းနဲ့ဟင်း မရှိတော့ဘူး။ ဗိုက်ထဲကလည်း တင်းနေတယ်။ ပါးစပ်မှာလည်း ပေနေတယ်။ ရေတစ်ခွက်သောက် လိုက်တယ်။ လက်ဖောင်း⁠ဖောင်းလေးက ပါးစပ်ကို လာသုတ်ပေးတယ်။ ရုပ်ရှင်ထဲမှာ ကြောင်နဲ့ကြွက်က လိုက်တမ်း ပြေးတမ်း ကစားနေတုန်းပဲ။ မနက်ကျရင် ကြောင်နဲ့ကြွက်လို ကစားရဦးမယ်။ အောင်နက်ရဲ့ အသံ။ ကြားတယ်။

အိမ် ရှေ့ကို ထွက်သွားတယ်။ အောင်နက်ကို သွားကြည့်တယ်။ အောင်နက်က ထမင်းစား နေတယ်။ မော့မကြည့်ဘူး။ အောင်နက်က ပန်းကန်ထဲက ထမင်းကို သူ့ဘာသာသူ ပါးစပ်နဲ့ စားတယ်။ သူ့လိုစားကြည့်လို့ရရင် ကောင်းမယ်။ ဖောင်း⁠ဖောင်းလေးက အဲဒါကို မကြိုက်ဘူး။ မသိအောင် လုပ်ကြည့်ဦးမယ်။

မျက်လုံး က လေးလာတယ်။ ပြူးထားလို့ မရတော့ဘူး။ လက်ဖောင်း⁠ဖောင်းလေးက သွားပွတ်တံနဲ့ ဆပ်ပြာကို ပေးပြန်တယ်။ ခြေထောက် ဆေးတယ်။ ကိုယ်ပေါ်က အဝတ်တွေကို ချွတ်လိုက်တယ်။ ရှေ့မှာ ဘောင်းဘီ တစ်ထည်ကို ကားပေးထားတယ်။ အပေါက် နှစ်ခုထဲကို ခြေထောက် တစ်ချောင်းစီ ထည့်လိုက်တယ်။ အင်္ကျီ ကြယ်သီးတွေကို တပ်တယ်။

အိပ်ရာ ထဲကို သွားတယ်။ လှဲအိပ်လိုက်တယ်။ လက်ဖောင်း⁠ဖောင်းလေးက စောင်ကိုခြုံပေးတယ်။ သူ့မျက်နှာက ကိုယ့်ပါးထဲကို နစ်ဝင်သွားတယ်။ မျက်လုံးတွေကို မှိတ်လိုက်တယ်။ အောင်နက်ကို မြင်မိတယ်။ အောင်နက်မှာ အိပ်ရာ မရှိဘူး။ စောင်မရှိဘူး။ ကောက်ရိုးတွေတော့ ရှိတယ်။ အောင်နက်ကို ခေါ်ချင်တယ်။ ခေါ်ရင် လက် ဖောင်း⁠ဖောင်းလေးက ကြိုက်မှာ မဟုတ်ဘူး။ အိပ်တော့မယ်။ မျက်လုံးတွေ ပိတ်လိုက်တယ်။ ကြက်ဖကြီး အော်တဲ့အခါ အိပ်ရာက ထရမယ်။

ဧည့်ခန်း ထဲမှာ စာအုပ်တစ်အုပ် တွေ့တယ်။ မျက်နှာလုံးမှာ ရုပ်ရှင် မင်းသမီး ဓာတ်ပုံတွေ့တယ်။ လှတယ်။ ကြည့်လို့ကောင်းတယ်။ သူ့မျက်လုံးက စကား ပြောနေသလိုပဲ။ ကာတွန်းတွေ ပါတဲ့ စာမျက်နှာကို လှန်လိုက်မိတယ်။ ကာတွန်းတွေကို ဖတ်တယ်။ ရယ်ရတယ်။ တချို့ကို မသိဘူး။ မရယ်ရဘူး။

ကာ တွန်း တစ်ခုကို တွေ့တယ်။ ကာတွန်းထဲမှာ ကလေး တစ်ယောက်နဲ့ လူကြီး တစ်ယောက်ပါတယ်။ ကလေးက လူကြီးကို မော့ကြည့်နေတယ်။ လူကြီးက ကလေးကို ငုံ့ကြည့်နေတယ်။ စာတွေလည်း ရေးထားတယ်။ ဖတ်ကြည့်တယ်။

ကလေး ခေါင်းပေါ်က တိမ်ရေးသလို အကွက်မှာ လူကြီး ဖြစ်ရရင် ကောင်းမှာပဲ ရေးထားတယ်။ လူကြီးခေါင်းပေါ်က တိမ်ရေးသလို အကွက်မှာ ကလေး ဖြစ်ရရင် ကောင်းမှာပဲ ရေးထားတယ်။ မရယ်ရဘူး။

စိတ်ကူးမိတယ်။ ကာတွန်းထဲက ကလေးလို လူကြီး ဖြစ်ချင်တယ်။

၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်။

စာအုပ် စင်ထဲက မဂ္ဂဇဆ်ၸ(အဟောင်းတွေကို ဆွဲထုတ်မိတယ်။ ၁၉⁠၉၀ ပြည့်နှစ်၊ ဇူလိုင်လထုတ် မဂ္ဂဇင်းတစ်အုပ် ထွက်လာတယ်။ ရုပ်ရှင်မင်း သမီးတစ်ယောက်ပုံကို မျက်နှာဖုံး တင်ထားတယ်။ ငယ်⁠ငယ်က သိပ်လှတာပဲ။ ဒါကြောင့် ဖေ⁠ဖေတို့၊ လေး⁠လေးတို့ အသည်း စွဲခဲ့တာကိုး။ သဘောကျတယ်။ စွဲလောက်တယ်။ ခုတော့ သူ့ကို ရုပ်ရှင်ထဲမှာ အမေခန်းကပဲ တွေ့တော့တယ်။ လက်ကလေးတွေလည်း တွန့်နေပြီ။

မဂ္ဂဇင်း စာရွက်တွေကို တစ်ရွက်ချင်း လှန်မိတယ်။ ကာတွန်းတွေ ပါတဲ့ စာမျက်နှာကို ရောက်သွားတယ်။ ဖတ်မိတယ်။ ရယ်မိတယ်။ ပြုံးမိတယ်။ တွေးမိတယ်။ သက်ပြင်းချမိတယ်။

ကာ တွန်း တစ်ခုကို ဖတ်မိပြန်တယ်။ ကာတွန်းထဲမှာ ကလေး တစ်ယောက်နဲ့ လူကြီးတစ်ယောက် ပါတယ်။ ကလေးက လူကြီးကို မော့ကြည့်နေတယ်။ လူကြီးက ကလေးကို ငုံ့ကြည့်နေတယ်။ သူတို့နှစ်ယောက်ရဲ့ အတွေးတွေကို စာအဖြစ် ရေးထားတယ်။ ကလေးက လူကြီး ဖြစ်ရရင် ကောင်းမှာပဲလို့ တွေးနေတယ်။ လူကြီးက ကလေး ဖြစ်ရရင် ကောင်းမှာပဲလို့ တွေးနေတယ်။ ပြုံးမိတယ်။ တွေးမိတယ်။ တမ်းတတယ်။ ကာတွန်းထဲက လူကြီးလို ကလေး ဖြစ်ချင်တယ်။

စာ ဖတ်ခန်းထဲကို သမီးကလေး ပြေးဝင်လာတယ်။ လက်ထဲမှာ ကိုင်ထားတဲ့ မဂ္ဂဇင်း စာအုပ်ကို ရုတ်တရက် ဆွဲလုသွားတယ်။ စာအုပ်ကို ကြမ်းပေါ် ချလိုက်တယ်။ မျက်နှာဖုံးကို သေချာကြည့်တယ်။ မျက်လုံးလေးတွေ ဝိုင်းသွားတယ်။ ပြုံးတယ်။ သေချာ ပြန်ကြည့်တယ်။ မျက်လုံးတွေ ဝိုင်းပြန်တယ်။ ခေါင်းညိတ်တယ်။ မဂ္ဂဇင်း စာအုပ်ကို ယူပြီး ပြန်ပြေးလာတယ်။ မျက်နှာကို မော့ကြည့်တယ်။ သမီးကလေး အားယူနေတယ်။ တစ်ခုခု ပြော တော့မယ်။

ရင်ဘတ်မှာ တဒိန်းဒိန်း ခုန်နေတယ်။ သမီးကလေး အသံကို အားစိုက်ပြီး နားထောင်နေတယ်။ သမီးလေးက အားယူပြီး ပြောတယ်။

“ဖေဖေ သမီး လူကြီးဖြစ်ရင် ချာရေးမယ်”

ဟန်ဆန်း (Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၁)

ကျွန်ုပ်အကြောင်း ကိုယ်ရေးအကျဉ်းသည်ကား …။ ဤသို့

၁။ တစ် နေ့၌ ဂန္ထဝင် စကားလုံး ကောင်းကင် မောင်ရင်ညို ဆိုသူသည် အိမ်ဖျားထက်သို့ မိုးများ ယိုစိမ့်လာ၍ အိပ်မရဘဲ ရှိနေလေသည်။

ယင်းသို့ အိပ်မရသော အခါ မောင်ရင်ညိုသည် အတွေးများကို တောင်သို့တစ်ခါ မြောက်သို့တစ်လှည့် ပို့လျက် ရှိလေ၏။ အတွေးများကို တောင်တစ်ခါ မြောက်တစ်လှည့် ပို့ရင်း မောင်ရင်ညို၏ အတွေး အပိုင်းအစ တစ်ခုသည် တောင်မရောက်၊ မြောက်မရောက် နေရာ တစ်ခုတွင် ရပ်တန့် သွားခဲ့သည်။ ထိုသို့ ရပ်တန့် သွားသည်နှင့် အတူ မိုးခြိမ်းသံ တစ်ခုသည်လည်း အချိန်ကိုက် ပေါ်ပေါက်လာခဲ့သည်။

မောင်ရင်ညို တွေးမိလေသော အတွေးသည်ကား အခြားမဟုတ်။ သူ၏ ကိုယ်ရေး အကျဉ်းကို ကြိုတင် ရေးသားထားရန် ဖြစ်လေ၏။ ယင်းကြောင့် မောင်ရင်ညိုသည် ဘုတ်အုပ်နှင့် မင်တံကို ယူလတ္တံ့ပြီး သူ၏ ကိုယ်တိုင်ရေး ကိုယ်ရေး အကျဉ်းကို စတင် ရေးသား လေသတည်း။ ထိုအချိန်တွင် မိုးသက်လေပြင်းတို့သည် မောင်ရင်ညို့ အိမ်ကို ရိုက်ခတ်သောကြောင့် အိမ်သည် တသိမ့်သိမ့် လှုပ်ခါ နေတော့သည်။

၂။ မောင်ရင်ညိုသည် သူ၏ အမည်ကို ဘုတ်အုပ်၏ ထိပ်ဘက်အလယ် လောက်တွင် မောင်ရင်ညို(ဂန္ထဝင်စကားလုံး ကောင်းကင်)ဟု ရေးထိုးလိုက်သည်။ ယင်းနာမည် အောက်တွင် သူ၏ မွေးနှစ်ဖြစ်သော ၁၉၇၉ ခုနှစ်ကို ရေးထိုးလိုက်ကာ သူ၏ သေနေ့ ဖြစ်နိုင်သော နေ့ကို မှန်းဆရန် ခဲယဉ်း၍ နှစ်ထောင်ကျော် နှစ်များကို ကိုယ်စားပြုသည့် အနေဖြင့် ၂၀xx ခုနှစ်ဟု ရေးထိုးလိုက်သည်။ ယင်းနောက် သူ၏ ကိုယ်ရေး အကျဉ်းကို အောက်ပါအတိုင်း ရေးသားလေ၏။

က။ မောင်ရင်ညိုကို ၁၉၇၉ ခုနှစ်၊ မြန်မာခုနှစ် ၁၃၄၁၊ ဇူလိုင်လ ၁၃ ရက်၊ ဝါဆို လပြည့်ကျော် ၁၄ ရက်နေ့တွင် အဘ ဦးမောင်ရင်၊ အမိ ဒေါ်ညိုတို့မှ မွေးဖွားသည်။ တစ်ဦးတည်းသော သား၊ တစ်ဦး အရူးဟု အရပ်က ဆိုကြသည်။ မွေးရပ်ကိုမူ စုံစမ်း မသိနိုင်၍ ယခု အခါတွင် ဖော်ပြနိုင်ခြင်း မရှိပေ။ ၁၉၈၅ ခုနှစ်တွင် ရွာဦးကျောင်း၌ ဘုန်းတော်ကြီး စာသင် ယူခဲ့၍ ၁၉⁠၉၆ ခုနှစ်တွင် ဘ၀ တက္ကသိုလ်မှ ကျောင်းဆင်းခဲ့သည်။

၁၉⁠၉၇ ခုနှစ်၌ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း အရပ်ရှိ လေးထောင့်ကန် လမ်းမကြီးတွင် ဆိုက်ကားနင်းသော အလုပ်ကို စတင် လုပ်ကိုင်ခဲ့သည်။ ယင်းသို့ ဆိုက်ကား စတင်နင်းစဉ်တွင် လေးထောင့်ကန် လမ်းမကြီးသည် ကတ္တရာ လမ်းမကြီး ဖြစ်ခဲ့ပြီး ယခုကာလ ၂၀၁၀ ပြည့်နှစ်၌ ယင်းလမ်းမကြီးသည် ကွန်ကရစ် လမ်းမ အဖြစ်သို့ ရောက်ရှိ နေခဲ့သည်။

ဆိုက်ကား စတင် နင်းချိန်တွင် ခရီးတို အတွက် ဆိုက်ကားနင်းခ ၃၀၀ ကျပ် ရရှိ၍ ခရီးရှည် အတွက် ဆိုက်ကားနင်းခ ၅၀၀ ကျပ် ရရှိလေသည်။ ယခု ကာလတွင် ခရီးတို အတွက် ဆိုက်ကားနင်းခ ၅၀၀ ကျပ်ရရှိ၍ ခရီးရှည် အတွက် ၁၀⁠၀၀ ကျပ်အထိ ရရှိခဲ့သည်။ ၁၉⁠၉၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ကျွန်ုပ်၏ ဝင်ငွေသည် တိုးလာသည်ဟု ယူဆ ရသော်လည်း အိမ်၌ ရှိလတ္တံ့သော အဘနှင့် အမိတို့က အသုံးစရိတ် မလုံလောက်ဟု ဆိုကြလေသည်။

ခ။ ကျွန်ုပ် မောင်ရင်ညို၏ တစ်နေ့တာ လုပ်ငန်းစဉ်များကို မောင်ရင်ညို့ တစ်နေ့တာ အဖြစ် ဤနေရာတွင် ဖော်ပြလိုပေသည်။ (ရုပ်မမြင်သံ မကြား ဖြစ်၍ စာအဖြစ်သာ ဖတ်ကြပါကုန်။)ကျွန်ုပ် မောင်ရင်ညိုသည် မနက် ၅ နာရီခန့်တွင် အိပ်ရာမှ နိုးထ၍ ကိုယ်လက် သန့်စင်ပြီးသော် ထမင်းကြမ်း ခဲကို ငါးပိရည်ကျိုဖြင့် လွေးလေ၏။ ယင်းနောက် ဆိုက်ကားပိုင်ရှင် ဖြစ်သူ အုံနာထံ သွားရောက်၍ ဆိုက်ကား ထုတ်ယူပြီး ကျွန်ုပ်၏ တစ်နေ့တာ အလုပ်ကို စတင်သည်။

မနက် ဝေလီဝေလင်း အခါဖြစ်၍ ဆိုက်ကားကို နှစ်ကြောင်း၊ သုံးကြောင်းခန့် မောင်းနှင်ရတတ်၏။ မိန်းမတို့၏ အလှအစစ်ကို မနက် စောစောတွင် ကြည့်ရှုရသည်ဟု ကျွန်ုပ် မှတ်သားဖူးသော်လည်း ဆိုက်ကားနင်း သက်တမ်း တစ်လျှောက်တွင် ကျွန်ုပ်သည် စာ၌ဆိုသော မိန်းမတို့၏ အလှ အစစ်ကို မမြင်တွေ့ဖူးပေ။

အထက်တွင် ဆိုခဲ့လေသလို ဆိုက်ကားနှစ်ကြောင်း၊ သုံးကြောင်း နင်းသော် ကျွန်ုပ်၏ အိတ်ကပ်တွင် ငွေတစ်ထောင်ခန့် စီလေသည်။ ယင်းသို့ စီလျှင် ကျွန်ုပ်သည် ဆိုက်ကားဂိတ် အနီးရှိ ရွှေကြေးစည် လက်ဖက်ရည် ဆိုင်သို့ ယွန်းလေ၏။ ရွှေကြေးစည် လက်ဖက်ရည် ဆိုင်သို့ ရောက်လျှင် ကျွန်ုပ်သည် ၃၀၀ ကျပ်တန် လက်ဖက်ရည်ကို မှာယူ သောက်သုံး၍ ၅၀ ကျပ်တန် စီးကရက် ၂ လိပ်ကို ဖွာလေ၏။ ထို့နောက် ဆိုင်ရှင် ဦးလေးကြီးအား ကျသင့်ငွေ ၄၀၀ ကျပ်ကို အစဉ် ပေးသွင်းခဲ့သည်။ ယင်းကဲ့သို့ အမှုကို ကျွန်ုပ်သည် နေ့စဉ်ပြုလေ၏။

ယင်းသို့ နေ့စဉ် ပေးသွင်း၍ အားပေးခဲ့သော ငွေကြေးများကို စုပေါင်းတွက် ချက်သော် ဆိုင်ရှင်ဦးလေးကြီးကို အားပေးခဲ့သည်မှာ မနည်းလှပေ။ အကယ်၍ ယင်းဆိုင်ရှင်သည် စားသုံးသူ အခွင့်အရေးကို ချိုးဖောက်ခဲ့သည် ရှိသော် ဆိုင်ရှင် ဦးလေးကြီးမှ ကျွန်ုပ်ကို မနည်းမနော လျော်ကြေး ပေးရနိုင်ဖွယ် ရှိသည်။ သို့သော် ယင်းလက်ဖက်ရည်ဆိုင်သည် ယနေ့အထိ ဤသို့ ပြုမူနိုင်သော အမူအရာ မတွေ့ရသေးပေ။

ဂ။ လက်ဖက်ရည် သောက်ပြီးသကာလ ကျွန်ုပ်သည် ဆိုက်ကားနင်းခြင်း အမှုကို ဆက်လက်ပြု လုပ်လေသည်။ နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် ထမင်းစားရန် ဆိုက်ကားဂိတ်မှ အိမ်သို့ ပြန်လေသည်။ ယင်းသို့ အိမ်သို့ပြန်လျှင် အများက စာရေးဆရာ ပေါက်စဟု ခေါ်ဆိုသော စာရေး ဆရာဟာညံ⁠ညံနှင့် တွေ့တတ်လေသည်။ ထိုကဲ့ သို့တွေ့တိုင်း စာရေးဆရာ ဟာညံ⁠ညံက “ဘော်ဒါကြီး။အိတ်ကပ်ထဲ ဘယ်လောက် စီပလဲ” ဟု မေးလေ့ရှိသည်။ ထိုအခါ ကျွန်ုပ် အိတ်ကပ်ထဲတွင် ငွေပမာဏ မည်၍မည်မျှ ရှိသည်ကို ယင်းစာရေးဆရာအား ပြောပြရလေသည်။ ထိုသို့ ပြောတိုင်းတွင် စာရေးဆရာ ဟာညံ⁠ညံက“အားကျတယ်ဗျာ”ဟု ပြန်ပြောတတ်ပေသည်။

စာရေးဆရာ ဟာညံညံ ထိုသို့ပြောတိုင်း ကျွန်ုပ်စိတ်ထဲတွင် “တူမလား။ ငါက ရုပ်သဘောတွေ အားကိုးနဲ့ အလုပ်လုပ်တယ်။ မင်းက ဘုတ်အုပ်နဲ့ မင်တံပဲ အားကိုးတယ်။ ပြီးတော့ တောင်ရေးခြစ်၊ မြောက်ရေးခြစ်လုပ်တယ်။ ဟင့် တူမလားကွ” ဟု တီးတိုး ရေရွတ်မိတတ်၏။ ယင်းတို့ကို စိတ်ထဲရှိသည့် အတိုင်း ယင်းအား ထုတ်ပြောရန် မဖြစ်ချေ။ အဘယ့်ဆိုသော် အခါ တစ်ပါးက ဟာညံ⁠ညံကို ကျွန်ုပ်ထိုသို့ ပြောဆိုမိရာ ညနေ၌ သင်းသည် ဘဲခေါင်းဆိုင်တွင် ထိုင်စောင့်၍ ကျွန်ုပ် နားမလည်သော စကားများ ပြော၍ ပြန်လည် ချေပလေ၏။ သူ၏ နောက်တွင်လည်း ရေးဖော် သောက်ဖက်ဆိုသူများ အမြဲရှိနေ ၍ ကျွန်ုပ်သည် ဟာညံ⁠ညံအား မလှန်ဝံ့ပေ။ ထို့ အပြင် စားသောက်ထားသည့် အပိုင်းအစများ အားလုံးကို ကျွန်ုပ်က အပြစ်ကျေကြေး အဖြစ် ငွေစ များဖြင့် ရှင်းပေးရ၏။ ယင်းကား စာရေးဆရာ ဟာညံ⁠ညံနှင့် ကျွန်ုပ်၏ ပတ်သက်မှု တစ်ပိုင်း ္စ ဖြစ်ပေသည်။

ဃ။ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ကျွန်ုပ်သည် မိခင်ကြီး ချက်ပြုတ် ကျွေးမွေးသော ထမင်းနှင့် ဟင်းကို စားလေ၏။ ထို့နောက် နေ့လယ်ခင်း တစ်ရေးအိပ်လေ၏။ ညနေ ၃ နာရီ ဝန်းကျင်တွင် ကျွန်ုပ်သည် အိပ်စက်ရာမှ ထ၍ မိခင်ကြီး ဖျော်ပေးသော ကော်ဖီမစ်ကို သောက်လေ၏။ ယင်းနောက် ဆိုက်ကားပေါ်သို့ တက်၍ ဆိုက်ကားဂိတ်သို့ ပြန်ထွက်လာ၏။ ထို့နောက် ကျွန်ုပ် လုပ်ရန်ဖြစ်သည့် ခရီးသည် ဆိုသူတို့အား ဆိုက်ကား နင်း၍ လိုရာအရပ်သို့ ပို့ဆောင်ပေး ရလေသည်။ ယင်းသို့ ပို့ဆောင်ရာတွင် အသက် အရွယ်ကြီး ရင့်သူတို့ ပါဝင်၏။ အလွန် လေးလံသော ခန္ဓာကိုယ်ကြီးများကိုလည်း တင်၍ နင်းရတတ်၏။ အလွန်ပေါ့ပါးသော ခန္ဓာကိုယ်များကိုလည်း သယ်ဆောင်ရတတ်၏။ ကလေးများလည်း ပါ၏။ တစ်ခါတစ်ရံ ခွေးများကိုလည်း အိမ်တစ်အိမ်မှ တစ်အိမ်သို့ ဆိုက်ကားနင်း၍ ပို့ပေးရတတ်၏။

ဆိုက်ကားဂိတ် အနီးတွင် စူပါဈေးကြီးဟု ခေါ်၍ ပျိုမဒီ အငယ်လေးများ လာလေ့ရှိသည့် ဈေးဆိုင် အစုအဝေးကြီး တစ်ခု ရှိလေသည်။ ယင်း ဈေးဆိုင် အစုအဝေးကြီးသို့ စကတ်တို၊ ပေါင်တိုနှင့် ဂျင်းအကျပ်ဝတ်သည့် ပျိုမဒီငယ်များ လာတတ်ကြလေ၏။ ပျိုမဒီငယ်တို့သည် အခါတစ်ပါး၌ ကျွန်ုပ်၏ ဆိုက်ကားကို သုံးလေ၏။ စကတ်တို၊ ပေါင်တိုတို့သည် ကျွန်ုပ်၏ ဆိုက်ကားကို အသုံး ပြုသည့်အခါ ကျွန်ုပ်သည် ရင်ဖို၍ ရင်တုန်ရပေသည်။ အဘယ့်ဆိုသော် သင်းတို့သည် ကျွန်ုပ်၏ ဆိုက်ကား ရှေ့ခန်းတွင် ထိုင်ကြ၏။ ထိုသို့ ထိုင်၍ ကျွန်ုပ်၏ ဆိုက်ကားကို စီးလျှင် သင်းတို့၏ စကတ်တိုများသည် လေတစ်ချက် အဝှေ့ကို ခံနိုင်မည် မဟုတ်ပေ။ ယင်းကြောင့် သင်းတို့ကိုယ်စား ရင်ဖို ရင်တုန်ဖြစ်၍ စိတ်မသက်မသာ ဖြစ်ရလေသည်။

ညနေ ၆ နာရီနှင့် ၇ နာရီဝန်းကျင်တွင် ကျွန်ုပ်သည် ဆိုက်ကားနင်းခြင်း အလုပ်ကို ရပ်နား ၍ ဆိုက်ကားပိုင်ရှင် အုံနာထံသို့ ဆိုက်ကား ပြန်အပ်ရလေသည်။ ထိုသို့ ပြန်လည် အပ်နှံရာတွင်လည်း ဆိုက်ကား တစ်နေ့တာ ငှားရမ်းခဟု ဆို သော အုံနာခ ငွေစ တချို့ကို ပေးအပ်ရ၏။ ယင်းအမှု ကိစ္စတို့ ပြီးလေသော အခါ ကျွန်ုပ်သည် အိမ်သို့ ပြန်လေ၏။ တစ်ခါတစ်ရံ ဘဲခေါင်းဆိုင်သို့ သွားလိုသော်လည်း စာရေးဆရာ ဟာညံ⁠ညံနှင့် တွေ့၍ သူ၏ တရားများကို နာယူရမည် ကြောက်သောကြောင့် ရှောင်ရှားလေ၏။

အိမ်သို့ ပြန်ရောက်လေသော အခါ မိခင်ကြီး ချက်ပြုတ် ကျွေးမွေးသော ညစာ ထမင်းကို စားသောက်၍ ရုပ်မြင်သံကြားဟု ခေါ်တွင်သော အိမ်တွင်း ဓာတ်ရှင်ပြစက် ရှေ့သို့ ရောက်လေ၏။ ယင်းနောက် ကျွန်ုပ်သည် အိမ်တွင်း ဓာတ်ရှင် ပြစက်ရှေ့တွင် အိပ်ပျော်တတ်သကဲ့သို့ တစ်ခါတစ်ရံ အိမ်ဖျားထက်တွင် အိပ်ပျော် တတ်လေသည်။ ယင်းသို့ အိပ်ပျော်ခဲ့လျှင် မနိုးနိုင်တော့ဘဲ မနက် ၅ နာရီမှ ဘုန်းကြီးကျောင်း အုန်းမောင်းနဲ့ အတူ ပြန်လည် နိုးထရပေသည်။

ယင်းသို့ လည်ပတ်နေသော ကျွန်ုပ်၏ တစ်နေ့တာ လုပ်ငန်းများကို ဆိုက်ကားဂိတ် အနီးတွင် နေထိုင်သည့် မှတ်တမ်းဓာတ်ရှင် ဒါရိုက်တာ ဓာတ်ခဲက ဓာတ်ရှင် ဇာတ်လမ်းအတို ရိုက်ကူးလေသည်။ ယင်းတို့ရိုက်ကူးပြီးသည့် နောက်ပိုင်း ကာလများမှ စ၍ မှတ်တမ်း ဓာတ်ရှင်ဒါရိုက်တာ ဓာတ်ခဲက

“ကိုရင်ညိုကြီး ဓာတ်ရှင်မင်းသား ဖြစ်သွား ပြီနော်။ ကျွန်တော့် ဇဝန လိုက်ပို့ ”ဟုဆိုကာ ကျွန်ုပ် ဆိုက်ကားကို အဖိုးအခ မပေးဘဲ အမြဲ စီးလေသည်။

ဓာတ်ခဲပြောသဖြင့် ကျွန်ုပ်သည် ဓာတ်ရှင် မင်းသားဘွဲ့ခံရသော်လည်း ကျွန်ုပ်သည် ဓာတ်ခဲ၏ အစ်ကို ဓာတ်ရှင်မင်းသားကဲ့သို့ လူအလယ်တွင် ဝိုင်းကြည့်မခံရပေ။ ဆိုက်ကားနင်းခြင်းအမှု ကို ကောင်းစွာလုပ်နိုင်၏။ ဆိုက်ကားဆရာ အစည်းအဝေး၌ အရေးပေး ခံရ၏။ ဆိုက်ကားဂိတ်၌ ဂိတ်မှူး ဖြစ်ခဲ့ရ၏။ ကျွန်ုပ်၏စကားဩဇာသည် အောင်၏။ ဤသို့ အရေးပေးမှုများရခဲ့ဖူး၏။

အခါတစ်ပါးကလည်း ကျွန်ုပ်တို့ ဆိုက်ကား ဂိတ်အနီးတွင် နေထိုင်သည့် ပါးဖောင်းဖောင်း အနုပညာ ဇနီးမောင်နှံသည် ကျွန်ုပ် ဆိုက်ကားကို တစ်နေ့တာ ငှားရမ်း၍ ပါးဖောင်းဖောင်း အနုပညာ လုပ်ဖူးလေ၏။ ယင်းကိစ္စရပ်ကို စာရေးဆရာ ဟာညံ⁠ညံအား ထုတ်ဖော် ပြောမိလေသည်။ ဟာညံ⁠ညံသည် ပါးဖောင်းဖောင်း အနုပညာ ဆိုသည့် အသံကို ကြားသည်နှင့် ကျွန်ုပ်အား အလွန်ဒေါသ ထွက်၍ ကန်ကျောက်လေသည်။ ယင်းနောက်

“ပါးဖောင်းဖောင်း မဟုတ်ဘူး။ ပါဖောင်း မင့်ကွ။ ပါဖောင်းမင့်။ မင်းလိုအကောင်ရဲ့ ဆိုက်ကားကို အခုလို အနုပညာ ပစ္စည်းအဖြစ် ဂုဏ်မမြောက်သင့်ဘူးကွာ” ဟု အော်ဟစ်လေသည်။ ကျွန်ုပ် မောင်ရင်ညိုသည် ဟာညံ⁠ညံ၏ စကားလုံးတို့ကို ယနေ့တိုင် နားလည်ခြင်း မရှိရိုး အမှန်ပေ။ ထို့အတူ ကျွန်ုပ်သည် ဟာညံ⁠ညံအား ကြောက်ရွံ့၏။ ကျွန်ုပ်၏ အချစ်။ ကျွန်ုပ် ရည်ငံ နေသူနှင့်လည်း ဟာညံ⁠ညံကြောင့် ဝေးခဲ့ရပေ၏။ ကျွန်ုပ်သည် ဤအကြောင်းကို ဤနေရာ၌ ဋီကာ မချဲ့လိုပေ။ ဋီကာချဲ့မိက မျက်ရည်မိုးရွာ၍ သင်္ဃန်းကျွန်း အရပ်၌ ရေကြီး နိုင်ပေသည်။

ကျွန်ုပ် မောင်ရင်ညိုသည် ဘ၀ တစ်သက်တာလုံးတွင် ဤသို့နေထိုင်ခဲ့ပြီး လက်ရှိ ကာလတွင် အဘ ဦးမောင်ရင်၊ အမိ ဒေါ်ညိုတို့နှင့် အေးချမ်းစွာ နေထိုင်လျက် ရှိလေသည်။ ကျွန်ုပ်၏ ဇနီးနှင့် သားသမီးတို့ကို ဖော်ပြလိုသော်လည်း ကျွန်ုပ်၌ ဖော်ပြရန်မရှိပေ။ ဤကား ကျွန်ုပ်အကြောင်း အကျဉ်းပေ။မောင်ရင်ညို(ဂန္ထဝင်စကားလုံး ကောင်းကင်)

၃။ မောင်ရင်ညိုသည် ထိုကဲ့သို့ သူ၏ ကိုယ်တိုင်ရေး ကိုယ်ရေး အကျဉ်းကို ရေးသားပြီးသော အခါ ဆိုက်ကား နင်းဖော် နင်းဖက်တို့ကို ပြသလေသည်။ ထိုအခါ ဆိုက်ကား နင်းဖော်နင်းဖက်တို့က မောင်ရင်ညိုအား

“မင်းက ဒါတွေ မလိုပါဘူးကွာ”ဟု ပြောဆိုကြသည်။

ထိုအခါ မောင်ရင်ညိုက “ငါက ဘာလို့ မလိုရမှာလဲ။ ဟိုတစ်နေ့က ဘဲခေါင်းဆိုင်မှာ သေသွားတဲ့ စာရေးဆရာ ဟာညံညံ အသုဘတုန်းက ဒါမျိုး စာရွက်တွေ ပေးတယ်ကွ။ ဟာညံ⁠ညံတောင် ဒါမျိုး လုပ်ခဲ့ သေးတာပဲ။ မင်းတို့ကလည်း” ဟု ပြန်လည်ပြောဆို ချေပလေသည်။

၄။ ထိုတစ်နေ့က မောင်ရင်ညိုသည် ညဘက် အိပ်ရေးပျက်၍ ရွှင်ပျ လန်းဆန်းခြင်း မရှိဘဲ ထိုင်းမှိုင်းနေ၏။ ညက ရွာခဲ့သောမိုးသည် မနက်မိုးလင်း တွင် သူမဟုတ်သကဲ့သို့ ပြုမူနေပြီး နေမင်းကို အလှည့်ပေးကာ ပူပြင်းစေလေသည်။ ထိုဒဏ်ကို မောင်ရင်ညိုလည်း ခါးစည်း ခံနေရ၏။ စာရေး ဆရာ ဟာညံ⁠ညံကိုလည်း သတိရနေ၏။ လွမ်းသလို၊ စိတ်မကောင်းသလို၊ ငြီးစီစီ ဖြစ်သလိုရှိ နေ၏။ တစ်ခါတစ်ရံလည်း ဟာညံညံ မရှိခြင်းသည် ကောင်းလေ၏ဟု တွေးနေသည်။

အမှန်တွင်ကား မောင်ရင်ညိုသည် စာရေး ဆရာ ဟာညံ⁠ညံကို အားကျခဲ့ပြီး မောင်ရင်ညို့အား ဂန္တဝင် စကားလုံး ကောင်းကင်ဟု ခေါ်ဆိုရ ခြင်းသည်လည်း မောင်ရင်ညို၏ ဤသို့ လုပ်ရပ်များကြောင့် ဖြစ်တန်၏။ မည်သို့ပင် ဆိုစေ မောင်ရင်ညို၏ လုပ်ရပ်သည် စာရေးဆရာ ဟာညံ⁠ညံကို ခြေရာ တိုင်းသဘိသို့ ရှိလေသည်။ မောင်ရင်ညိုက ကျေနပ် နေလို၍ စာရေး ဆရာ ဟာညံ⁠ညံက မသိနိုင်တော့ပေ။ ဤတွင် ဤဇာတ်လမ်း ပြီးဆုံးလေသတည်း။

ဟန်ဆန်း (Teen မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၀)

တိုက်ဆိုင်မှုအစစ် ဖန်တီး‌ပေးခဲ့သလိုပါပဲ

၂ဝ၁ဝ ပြည့်နှစ် ‌မေလ(၁၆)ရက်‌နေ့ ည ၇ နာရီ ဝန်းကျင်မှာ ‌သောကြာကြယ်ဟာလကို ‌ဖောက်လို့ ဖြတ်သန်းခဲ့တယ်။ လူတစ်စု လူတချို့က ‌ကောင်းကင်ကို ‌မော့ကြည့်‌နေကြတယ်။ ည ၈ နာရီနဲ့ ၉ နာရီ ဝန်း ကျင်မှာ ‌သောကြာကြယ်နဲ့ လတို့ရဲ့ ဓာတ်ပုံ‌တွေ သတင်း‌တွေကို ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ အင်တာနက်‌ပေါ် မှာ ‌တွေ့မြင်‌နေရတယ်။ အဲဒီအချိန်က အနုပညာကြယ်တစ်ပွင့် အ‌ဝေးကို ထွက်ခွာသွားလိမ့်မယ်လို့ မထင်မိ ခဲ့ဘူး။

ည ၁ဝ နာရီမှာ တယ်လီဖုန်းသံက ကျယ်ကျယ်‌လောင်‌လောင် ‌အော်မြည်လိုက်တယ်။ ‌အော်မြည် လိုက်တဲ့ တယ်လီဖုန်းအသံနဲ့အတူ အနုပညာရှင် သု‌မောင် ကွယ်လွန်ပြီဆိုတာ သိလိုက်ရတယ်။ ဆရာ သု‌မောင်ကွယ်လွန်ခြင်းနဲ့အတူ ဖြစ်ခဲ့တဲ့ဖြစ်ရပ်‌တွေက သူသုံးနှုန်း‌လေ့ရှိသလို တမင်္ဂလာ(တမင်တကာ) တိုက်ဆိုင်ခဲ့‌လေသလား။

ဆရာသု‌မောင်ကို ၁၉၅၁ ခုနှစ် မတ်လ ၁၃ ရက်‌နေ့မှာ ‌မွေးဖွားတယ်။ ဖခင် စာ‌ရေးဆရာ၊ ဒါရိုက် တာသာဓုနဲ့ မိခင် မူလတန်း‌ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်ခင်ညိုတို့ရဲ့ ဒုတိယ‌မြောက်သား။ သူဟာ စာ‌ရေး ဆရာ၊ အဆိုတော်၊ သရုပ်‌ဆောင် ဝင်းဦးနဲ့ ‌မွေး‌နေ့တူတယ်။ ဆရာဝင်းဦးလိုပဲ ဆရာသုမောင်ဟာ စာ‌ရေး ဆရာ၊ အဆို‌တော်၊ ရုပ်ရှင်သရုပ်‌ဆောင် တစ်ဦးဖြစ်ခဲ့တယ်။ မတ်လ ၁၃ ရက်‌နေ့ဟာ သု‌မောင်နဲ့ ဝင်းဦးတို့ ရဲ့ ‌မွေး‌နေ့တူခြင်းအပြင် အခြား‌သော အမှတ်ရစရာအင်္ဂါရပ်‌တွေ ရှိ‌နေတယ်။

စာ‌ပေအသိုင်းအဝန်း၊ အနုပညာအသိုင်းအဝန်းမှာ ဆရာ ကျားဘညိမ်းမျိုးဆက်နဲ့ ဆရာသာဓု မျိုး ဆက်တို့ကို ကျားစင်ဒီဂိတ်နဲ့သာဓုအင်န်ဆန်းလို့ အမှတ်သညာပြုခဲ့ကြဖူးတယ်။ ဆရာ‌မောင်ဝဏ္ဏနဲ့ ဆရာ ဦးဝင်းငြိမ်း။ ဆရာဆန်နီညိမ်းနဲ့ ဆရာသု‌မောင်။ ဆရာမင်းလူနဲ့ ဆရာမျိုးမြင့်ညိမ်း။ ခုလို အတွဲညီမှု‌တွေနဲ့ မိသားစုနှစ်စုရဲ့ အဖြစ်အပျက်‌တွေက အမှတ်ရစရာ‌တွေ ရှိနေခဲ့တယ်။ အချိန်ကာလသိပ်မကွာပဲ သူတို့ရဲ့ မိခင်‌တွေ ကွယ်လွန်တယ်။ ‌မေလ ၁၆ ရက်‌နေ့မှာ ဆရာဦးဝင်းငြိမ်းဟာ ဘန်‌ကောက်မြို့က‌နေ ကျန်းမာ‌ရေး အတွက် ‌ဆေးကုသမှုခံယူပြီး ရန်ကုန်မြို့ကို ပြန်‌ရောက်ခဲ့တယ်။ ဆရာသု‌မောင်လည်း အဲဒီ‌နေ့မှာ ကွယ်လွန် တယ်။

ဈာပနအခမ်းအနားမှာ ဂါဝရပြု ချိတ်ဆွဲဖို့ ဆရာသု‌မောင်ရဲ့ ပုံတူပန်းချီကို ပန်းချီဆရာ ‌မောင်ညို ဝင်းနဲ့ ပန်းချီဆရာ ‌မောင်‌မောင်သိုက်တို့က ‌ရေးဆွဲ‌ပေးခဲ့တယ်။ ‌မေလ ၁၆ ရက်‌နေ့ဟာ ဆရာ‌မောင်‌မောင် သိုက်ရဲ့ ‌မွေး‌နေ ဖြစ်တယ်။ ပန်းချီဆရာ ‌မောင်ညိုဝင်းကလည်း ဆရာသု‌မောင်ရဲ့ ဖခင်ဖြစ်သူ ဆရာသာဓု ကွယ်လွန်ချိန်မှာ ဂါဝရပြု ပုံတူပန်းချီ‌ရေးဆွဲ‌ပေးခဲ့ဖူးတယ်။

ဆရာသု‌မောင်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို ‌မေလ ၁၆ ရက်‌နေ့က‌နေ ‌မေလ ၂ဝ ရက်‌နေ့အထိ ၅ ရက်တိုင်တိုင် မသဂြိုလ်‌သေးဘဲ ထားခဲ့တယ်။ ၅ ရက်မထားပဲ ထုံးတမ်းစဉ်လာအတိုင်း ၃ ရက်နဲ့ သဂြိုလ်ခဲ့မယ်ဆိုရင် ဈာပနအခမ်းအနား ကျင်းပတဲ့‌နေ့ဟာ ‌မေလ ၁၈ ရက်‌နေ့ဖြစ်ခဲ့မယ်။ ‌မေလ ၁၈ ရက်‌ နေ့ဟာ ဆရာသု‌မောင်ရဲ့ ညီဖြစ်သူ စာ‌ရေးဆရာမင်းလူရဲ့ ‌မွေး‌နေ့ဖြစ်တယ်။

၂ဝ၁ဝ ပြည့်နှစ် ‌မေလအတွင်းမှာ ကွယ်လွန်ခဲ့တဲ့ ထင်ရှားသူ‌တွေကို ပြန်ကြည့်ရင် – စာ‌ရေးဆရာ သာဂဒိုး၊ ပန်းချီဆရာ ကဗျာဆရာ သန်းမြင့်အောင်(သင်း‌ဝေ‌အောင်)၊ ဆရာသု‌မောင်၊ သခင်စိုးမြင့်၊ သခင် ထိန်ဝင်း တို့ကို ‌တွေ့ရတယ်။ ဆရာသု‌မောင်ဟာ ‌သောကြာ‌နေ့မှာ ‌မွေးဖွားသူမဟုတ်။ အင်္ဂါနေ့မှာ ‌မွေးဖွား သူ ဖြစ်တယ်။ မည်သို့ပင်ဆို‌စေ အမည်ရဲ့‌နေ့နံကို ကြည့်ရင် ‌သောကြာနံပါပဲ။ သူနဲ့ ‌ရှေ့ဆင့် ‌နောက်ဆင့် ကွယ်လွန်သူ‌တွေဟာလည်း ‌သောကြာနံပါပဲ။ ‌သောကြာဆိုတာလည်း ဗီးနပ်‌ခေါ်တဲ့ အနုပညာရဲ့အမှတ် အသားတစ်ခုပဲ။ လကို ဖြတ်သန်းခဲ့တဲ့ ကြယ်ဟာလည်း ‌သောကြာကြယ်ပါ။ ဆရာသု‌မောင် ‌မွေးဖွား‌ပေးခဲ့ တဲ့ အနုပညာမျိုးဆက်သစ်ရဲ့ အနုပညာအမည်ကလည်း ဖိုး‌သောကြာ။

၂ဝ၁ဝ ပြည့်နှစ် ‌မေလရဲ့ အပူဒါဏ်ကို လူသား‌တွေ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ တစ်နှစ်မှာ တစ်ခါပွင့်တဲ့ သစ္စာရှိတယ်ဆိုတဲ့ ပိ‌တောက်။ ဧပြီမှာ သင်္ကြန်မိုးရဲ့ ဖတ်ဆွတ်မှု မရလို့ ဖူးသာဖူး၏ မပွင့်ခဲ့ ကြ။ ဆရာ သု‌မောင်ဟာ ဆရာဝင်းဦးလို မန်းသင်္ကြန်ရဲ့ အသည်း‌ကျော်ပဲ။ ဒါ‌ပေမယ့် ဧပြီမှာ ပိ‌တောက်‌တွေ မပွင့်ကြဘူး။ ဒီတစ်နှစ်ဖြင့် ပိ‌တောက်ရနံ့၊ ပိ‌တောက် ပသာဒကို မမြင်ရ‌တော့ဘူးရယ်လို့ ‌တွေးထင်ထားခဲ့ တယ်။ မိုးရွာဖို့လည်း ‌မျှော်ခဲ့ရတယ်။

၂ဝ၁ဝ ပြည့်နှစ် ‌မေလ ၁၆ ရက်‌နေ့ ညမှာ မိုး‌ကောင်းကင်က အုံးမှိုင်း မှိုင်းရှိခဲ့တယ်။ ‌နောက်တစ်‌ နေ့မှာ ဟန်မ‌ဆောင်နိုင်လို့ ငိုချရသလို သွန်းဖြိုး‌တော့တယ်။ ပိ‌တောက်‌တွေက အရိပ်အ‌ရောင်မပြပဲ တင်းခံ လို့ အံကြိတ်‌နေကြတယ်။ ပိ‌တောက်ရနံ့၊ ပိ‌တောက်ပသာဒကို မ‌ပေးကြဘူး။ ‌နေ့တစ်‌နေ့ကို ‌စောင့်‌နေကြ‌လေ သလား။

‌မေလ ၂ဝ ရက်‌နေ့မှာ ဆရာသု‌မောင်ကို ‌နောက်ဆုံး နှုတ်ဆက်ကြ‌တော့မယ်။ သူ့ကို ချစ်သူခင်သူ‌ တွေ တဖွဲဖွဲ‌ရောက်‌နေကြတယ်။ သူ့ရဲ့ ရုပ်ရှင်အသိုင်းအဝန်း၊ စာ‌ပေအသိုင်းအဝန်း၊ ဂီတအသိုင်းအဝန်း၊ ပန်းချီအသိုင်းအဝန်းက ချစ်သူခင်သူ‌တွေလည်း ‌ရောက်ရှိ‌နေကြပြီ။

သူတို့‌တွေပဲလား။ ဘယ်ဟုတ်မလဲ။ သူ့ရဲ့ ပရိသတ်‌တွေပါ ‌ရောက်ရှိ‌နေကြတယ်။  သူ့ပရိသတ်‌တွေက –

သူ့ရဲ့ စာ‌တွေကို ဖတ်ချင်‌သေးတယ်တဲ့။ သူ့သီချင်း‌တွေကို နား‌ထောင်ချင်‌သေးတယ်တဲ့။ သူ သရုပ်‌ ဆောင်ခဲ့တဲ့ ရုပ်ရှင်ကား‌တွေကို ပြန်ကြည့်ချင်တယ်တဲ့။

ဆရာ သု‌မောင်ရဲ့ ကျန်ရစ်ခဲ့တဲ့ ရုပ်ကလပ်ဆီသို့ သူ့ရဲ့ ပရိသတ်တစ်ဦး ‌လျှောက်သွားတာကို သတိထားမိ လိုက်တယ်။ ရနံ့တစ်ခု ရလိုက်တယ်။ အ‌ရောင်တစ်ခု မြင်လိုက်တယ်။ ပိ‌တောက်‌တွေပါလား။ မြင်ရပြီ။ ပိ‌တောက်တွေကို မြင်ရပြီ။ ‌ဪ သူတို့က ဆရာသု‌မောင်ကို လွမ်းဆွတ်‌ကြောင်း ‌ပြောပြဖို့ ဂုဏ်ပြုဖို့ ဒီ‌နေ့မှ တစ်ခုတ်တရ ပွင့်လာကြတာကိုး။ တကယ့် ပိ‌တောက်ပန်းအစစ်‌တွေက လွမ်းလွမ်း‌ဆွေး‌ဆွေးနဲ့ ပွင့်ခဲ့ကြ တယ်။

ဆရာသု‌မောင်အတွက် လွမ်းသူပန်းခြင်း‌တွေ စင်မြင့်တစ်ခုမှာ အစီအရီ ရှိ‌နေတယ်။ ဓာတ်ပုံ ကင်မရာတစ်လုံးက မှတ်တမ်းတင်ဖို့ ‌ရွှေ့လျား‌နေတယ်။ တစ်‌နေရာ အ‌ရောက်မှာ မှတ်တမ်းတင်သူ ဓာတ်ပုံ ဆရာကို စာတမ်းတစ်ခုက သတိရလာ‌စေတယ်။ ဆရာသု‌မောင်ဟာ သူ့ဖခင် ဆရာသာဓု မကျန်းမာခဲ့စဉ်က ‌နွေအခါမှာ အိမ်‌ခေါင်မိုး‌ပေါ် ‌ရေပန်းတင်‌ပေးခဲ့ပြီး ဆရာသာဓုကို အပူဒါဏ်မှ သက်သာ‌စေခဲ့တယ်။

ထိုအသိကို လင်းလက်‌ပေးလိုက်တဲ့ လွမ်းသူ့ပန်းခြင်းမှ စာတမ်းက –

ဖခင်ကြီး ဦးသာဓုအတွက်

မိုး‌ရေအတု ဖန်တီး‌ပေးခဲ့‌သော

ကိုဗလ (ခ) ကိုသု‌မောင်

အခု‌တော့ . . .

ပြည်သူလူထုအတွက် မိုး‌ရေအစစ် ဖန်တီး‌ပေးခဲ့သလိုပါဘဲဗျာ…

‌ရေငတ်‌နေကြတဲ့ ပြည်သူလူထုကိုယ်စား ‌ကြေကွဲမှုများစွာနှင့်

တချိန်က ရုပ်ရှင်သရုပ်‌ဆောင်

 ဟန်ဆန်း

(အလင်းတန်းဂျာနယ်၊ ၂၁၊ ဇွန်၊ ၂၀၁၀ ပြည့်နှစ်)

(မောင်ဗလအလွမ်းပြေ သုမောင်အမှတ်တရ စာစုများ၊ ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာ)

မြို့အမည်ဖြင့် ကျင်းပသည့် ဘားကမ့်

ဘားကမ့် ဆိုသည်
ဘားကမ့်ဆိုသည်မှာ ပညာရပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ‌တွေ့ဆုံသော တွေ့ဆုံပွဲတစ်ခု ဖြစ်သည်။ ‌တွေ့ဆုံပွဲပုံစံသည် သမားရိုးကျ ပွဲကျင်းပပုံ‌များနှင့် မတူပဲ ဝါသနာ၊ ရည်မှန်းချက် တူညီသူများ စုစည်း၍ အ‌တွေ့အကြုံ၊ အသိပညာ‌များအား ဖလှယ်ကြသည့် ပုံစံမျိုးဖြစ်သည်။ ပုံမှန်လုပ်‌နေကျ နည်းပညာ‌ ဟော‌ပြောပွဲ‌များ၊ အလုပ်ရုံ‌ဆွေး‌နွေးပွဲ‌များ ပြုလုပ်သကဲ့သို့ နည်းပညာများအား သရုပ်‌ဖော်ပြသခြင်း သက်သက်မဟုတ်ပါ။ အ‌ကြောင်းအရာတစ်ခုအား ဦးတည်‌ဆွေး‌နွေးသော ကွန်ဖရမ့်(conference) ပုံစံမျိုး လည်း မဟုတ်ပါ။ ဘားကမ့်သို့ တက်‌ရောက်လာသူ‌များ ကိုယ်တိုင် ပူး‌ပေါင်း‌ဆွေး‌နွေး ပါဝင်မျှ‌ဝေနိုင်သော ကွန်ဖရမ့်(user generated conference) တနည်းအားဖြင့် ကွန်ဖရမ့် မဟုတ်သော ပုံစံ (unconference) ဟု ‌ခေါ်ဆိုနိုင်သည်။

Barcamp Logo
Barcamp Logo

ဘားကမ့်သည် တတ်ကျွမ်းသူ‌များက မတတ်ကျွမ်းသူ‌တွေကို သင်ကြား‌ပေးသည့် ပုံစံသို့ မသွား ပါ။ လူတိုင်း၌ ကိုယ်ကျွမ်းကျင်သည့် အ‌ကြောင်းအရာ‌များ၊ တစ်ခြားသူများသို့ အသိပညာ မျှ‌ဝေနိုင်မည့် အပိုင်း‌များ ကိုယ်စီရှိကြသည်ဟု ဘားကမ့်က ယူဆသည်။ ထို့ကြောင့် အပြန်အလှန် အကျိုးသက်‌ရောက်မှု ရှိစေသော(interactive) ‌ဆွေး‌နွေးဖလှယ်မှု ပုံစံမျိုးဖြင့် ဘားကမ့်ကို ကျင်းပသွားလေ့ရှိသည်။ ယင်းကြောင့် နည်းပညာ၊ အသိပညာများအား ဖြန့်ဝေသော ပုံစံသည် သမားရိုးကျပုံစံများမှ ခွဲထွက်သွားခဲ့သည်။ ဘားကမ့်တွင် စည်းကမ်း‌များ၊ အချိန်ကိုက်ပြုလုပ်ရမည့် အစီအစဉ်‌များ မရှိပါ။ အချင်းချင်းမှ တူညီစွာ စိတ်ဝင်စားသော အ‌ကြောင်းအရာများကို ပြောပြ‌ဆွေး‌နွေးနိုင်သည်။ အ‌ကြောင်းအရာ‌များအား လွတ်လွတ်လပ်လပ် ‌ဆွေး‌နွေးဖလှယ်ကြပြီး၊ ‌ပြောဆို‌ဆွေး‌နွေးကြသော ‌ခေါင်းစဉ်များ၏ ဦးတည်ရာအတိုင်း အလိုက်သင့် လိုက်ပါ‌ ဆွေး‌နွေးကြခြင်းဖြစ် ဘားကမ့်များကို ကျင်းပကြသည်။
ဘားကမ့်၏ အနှစ်သာရနှင့်အသက်ဝင်မှုမှာ မိမိကိုယ်တိုင် ပါဝင်‌ဆွေး‌နွေးခြင်း (participation) ဖြစ်သည်။ ဘားကမ့်အား နား‌ထောင်ရုံသက်သက် တက်‌ရောက်ခြင်း မဟုတ်ပဲ ကိုယ်သိချင်သော အ‌ကြောင်းအရာများအတွက်‌ မေးခွန်း‌များ၊ ကိုယ်သိထားသည်များကို ရှင်းပြ၊ ‌ပြောပြနိုင်ရန် ပြင်ဆင်မှု‌များဖြင့် တက်‌ရောက်ရန် လိုအပ်သည်။ ကိုယ်‌မေးလိုက်သည့် ‌မေးခွန်းမှ တစ်ဆင့် အများ‌မှ မစဉ်းစားမိသေးသော အ‌ကြောင်းအရာတစ်ခုကို ‌ဖော်ထုတ်‌ပေး နိုင်သကဲ့သို့ ကိုယ်‌ပေးလိုက်သည့် နည်းလမ်းတစ်ခုသည် တစ်ခြားတစ်‌ယောက်အတွက် တန်ဖိုးရှိပြီး လိုအပ်သော နည်းလမ်းတစ်ခုလည်း ဖြစ်‌နေနိုင်သည်။ ဘားကမ့်၏ သဘာဝသည် ကိုယ်တိုင် သိရှိထားသည့် အချက်များကို ပေး၍ ကိုယ်မသိသော အချက်များကို ရယူနိုင်သည့် သဘာဝလည်းဖြစ်သည်။

ဘားကမ့်အစပိုင်း ကာလာများ
ဘားကမ့်အား အ‌မေရိကန်နိုင်ငံ ကယ်လီဖိုးနီယားမြို့မှာ ၂ဝဝ၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်‌နေ့အထိ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့သည်။ ထိုမှ တစ်ဆင့် ‌မြောက် အ‌မေရိက၊ ‌တောင် အ‌မေရိက၊ အာဖရိက၊ ဥ‌ရောပ၊ အ‌ရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံများတွင် ရှိသည့် နိုင်ငံ‌ပေါင်း ၃၅ဝ ‌ကျော်၌ ကျင်းပနိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် ရှိသည့် မွန်ဘိုင်း၊ နယူး‌ဒေလီ၊ ဘန်‌ကောက်၊ ဖနွမ်းပင်နှင့် ‌ဘေဂျင်မြို့များတွင်လည်း ကျင်းပနိုင်ခဲ့သည်။

မြို့အမည်ဖြင့် ကျင်းပကြသည့် ဘားကမ့်များ
နိုင်ငံတကာမှာ ပြုလုပ်သော ဘားကမ့်များအား ‌လေ့လာကြည့်သောအခါ နိုင်ငံအမည်များဖြင့် ဘားကမ့်များကို မ‌တွေ့ရပဲ Barcamp London, Barcamp New York City, Barcamp Los Angeles, Barcamp Boston စသဖြင့် မြို့အမည်များကို အစွဲပြု၍ ကျင်းပကြကြောင်း တွေ့ရသည်။ ယင်း သို့ ကျင်းပသည့်အခါ၌လည်း အ‌တွေ့အကြုံရှိသူများက ဝိုင်းဝန်းကူညီ‌ ပေးကြသည်ကို ‌တွေ့ရပြီး ဆိုင်ရာ မြို့ခံများကသာ ဦး‌ဆောင်ကျင်းပလေ့ရှိကြောင်း တွေ့ရသည်။

ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ၌ ကျင်းပနိုင်ရန် ကြိုးစားခဲ့သည့် ဘားကမ့်ရန်ကုန် ၂၀၁၀ အကြောင်း ဆောင်းပါးအား ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းတွင် ၂၀၁၀ ဇန်နဝါရီလက ရေးသားဖော်ပြခဲ့သည်။ ထိုဆောင်းပါးမှ မလိုအပ်သည့် အစိတ်အပိုင်းများအား ပြင်ဆင်၊ ဖြည့်စွက်၊ တည်းဖြတ်၍ ယခု ဆောင်းပါး အား ရေးသားတင်ပြသည်။ ရန်ကုန်နှင့်မန္တလေးမြို့များအပြင် အခြားသော မြို့ကြီး မြို့ငယ် မြို့လေးများ၌ လွပ်လပ်ပေါ့ပါးသည့် နည်းပညာဖလှယ်ပွဲများ ကျင်းပနိုင်ရန်နှင့် နည်းပညာအသုံးပြုမှု ကျယ်ပြန့်လာစေ ရန်လည်း ရည်ရွယ်သောအားဖြင့် ယခုဆောင်းပါးအား တင်ပြအပ်သည်။

ဟန်ဇော်