၁၉၁၇ ခုနှစ် မတ်လထုတ် သူရိယမဂ္ဂဇင်း အမှတ်(၁)တွင် မောင်သိန်းတင် မသိန်းရှင် အမည်ရသောဝတ္ထုတို စတင်ဖော်ပြခဲ့သည်။ ရေးသူမှာ ဆရာကြီး ရွှေဥဒေါင်းဖြစ်သည်။ ထိုဝတ္ထုတိုမှာ မြန်မာ့စာပေလောကအတွက် အရေးပါသော စာပေအရေးအသားတစ်ခုဖြစ်ခဲ့သလို မြန်မာ့ ပထမဆုံးဝတ္ထုတိုတစ်ပုဒ်လည်း ဖြစ်သည်။ ထိုဝတ္ထုတိုထက်စောသော၊ ဝတ္ထုတိုဟုသတ်မှတ်နိုင်သော အရေးအသားကို အထောက်အထားအားဖြင့် မတွေ့ရသေးဟုဆိုပါသည်။

မောင်သိန်းတင် မသိန်းရှင် ဝတ္ထုတိုကို မြန်မာ့ပထမဆုံးဝတ္ထုတိုအဖြစ် မြန်မာစာပေလေ့လာသူများက သတ်မှတ်ထားကြပါသည်။ ၁၉၁၇ ခုနှစ် မတိုင်မီတွေ့ရသောဗုဒ္ဓစာပေဝတ္ထုများမှ အချို့သောစာပေအရေးအသားများနှင့် ဦးပုည၏ စာပေအရေးအသားအချို့ကို ဝတ္ထုတိုဟုဆိုနိုင်ကြောင်း သုံးသပ်ကြပေမဲ့ မြန်မာဝတ္ထုတိုဟု တိတိကျကျသတ်မှတ်ထားသော အရေးအသားမှာ မောင်သိန်းတင် မသိန်းရှင် သာဖြစ်ပါသည်။ ဆရာကြီး ရွှေဥဒေါင်း၏ ဝတ္ထုတိုကိုဖော်ပြသော သူရိယမဂ္ဂဇင်းသည် အမှတ်(၁)ဖြစ်သည်။ ၁၉၁၇ ခုနှစ် မတ်လတွင် ထုတ်ဝေသော မဂ္ဂဇင်းအသစ် တစ်စောင်ဖြစ်သည်။ ထိုမဂ္ဂဇင်းတွင် ဝတ္ထုတိုအရေးအသားပုံစံဖြစ်သော စာမူများပေးပို့ရန် စတင်ဖိတ်ခေါ်ခဲ့ပြီး ဝတ္ထုတိုပြိုင်ပွဲပြုလုပ်ခဲ့ပါသည်။ ထိုဖိတ်ခေါ်မှုသည် ဝတ္ထုတိုမျိုးဆက်သစ်များမွေးဖွားခြင်းအတွက် လမ်းစတစ်ခု ဖြစ်ပါသည်။

၁၉၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျွန်ုပ်သည် သူရိယမဂ္ဂဇင်းအယ်ဒီတာအဖြစ်နှင့် သူရိယတိုက်သားတစ်ယောက်ဖြစ်လာ၏။ သူရိယတိုက်အုပ် နှစ်ယောက်(ဦးဘဖေနှင့်ဦးလှဖေ)တို့သည် ကျွန်ုပ်၏ လက်စွမ်းလက်စကို မြင်ကြသည်နှင့် သူရိယမဂ္ဂဇင်းထုတ်ဖို့ အကြံဖြစ်ပေါ်လာကြသည်ဟု နောင်တွင်သိရ၏ ဟုလည်းကောင်း၊ ၁၉၁၇ ခုနှစ် မတ်လထုတ် ပထမဦးဆုံး သူရိယမဂ္ဂဇင်းတွင် ကျွန်ုပ်၏ မောင်သိန်းတင် မသိန်းရှင် ဝတ္ထုတို တစ်ပုဒ်ထည့်သွင်းပြီးနောက်တွင် တိုက်အုပ် ဦးလှဖေက ရှားလော့ဟုမ်း(Sharlock Holmes)၏ စုံထောက်ဝတ္ထုများကိုမှီးပြီး မြန်မာဝတ္ထုရေးရန် အကြံပေးသည့်အလျောက် ဧပြီလထုတ် သူရိယမဂ္ဂဇင်းတွင် စုံထောက်မောင်စံရှားဝတ္ထု ရှေးဦးစွာထွက်ပေါ်လာပါသည် ဟုလည်းကောင်း ဆရာကြီးရွှေဥဒေါင်းက တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ စာအုပ်၊ တတိယကဏ္ဍ၊ မောင်သိန်းဖေမှ ကိုဖေသိန်းသို့ အခန်းတွင် ရေးသားခဲ့သည်။

ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် ဝတ္ထုတိုအရေးအသားကို ဆရာကြီး ရွှေဥဒေါင်းနှင့်သူရိယမဂ္ဂဇင်းတို့ တိုင်ပင်၍ စတင်ခဲ့သည် ဟုယူဆနိုင် ပါသည်။ ကျွန်ုပ်၏ မောင်သိန်းတင် မသိန်းရှင် ဝတ္ထုတို ဟုရေးသားခဲ့သောကြောင့် ဆရာကြီးရွှေဥဒေါင်းသည် သူ၏အရေးအသားကို ဝတ္ထုတိုဟု တိတိကျကျသတ်မှတ်ခဲ့ကြောင်း သိသာလှပါသည်။

ဝတ္ထုတိုများကို မည်သည့်အချိန်တွင် မည်သူက စတင်ခဲ့သနည်းဟု ရှာဖွေသောအခါ ၁၉၁၇ ခု မတ်လတွင် စတင်ထုတ်ဝေသည့် သူရိယမဂ္ဂဇင်းပါ မောင်သိန်းတင် မသိန်းရှင် ဝတ္ထုထက်စောသော ဝတ္ထုတိုကိုမတွေ့ရှိရသေးပါ ဟု ဦးကြီးမောင်(ငွေဥဒေါင်း)က ၁၉၇၈ ခုနှစ် မတ်လ၌ ကျင်းပခဲ့ သော ဝတ္ထုတိုစာတမ်းဖတ်ပွဲတွင် မြန်မာဝတ္ထုတိုသမိုင်း အမည်ဖြင့် ဖတ်ကြားသောစာတမ်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာကာလပေါ်ဝတ္ထု(Novel)သည် ၁၉၀၄ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ မြန်မာဝတ္ထုတို(Short Story)သည် မြန်မာဝတ္ထု(Novel)ထက် ၁၃ နှစ် နောက်ကျပြီးမှသာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ ဝတ္ထုတို(Short Story)ထက် နောက်ကျသောအရေးအသားမှာ ရသစာတမ်း(Eassy) ဖြစ်ပါ သည်။ မောင်သိန်းတင် မသိန်းရှင် ဝတ္ထုတိုဖော်ပြခဲ့သည့် ၁၉၁၇ ခုနှစ် မတ်လမှစတင်ရေတွက်လျှင် လာမည့်နှစ်ဖြစ်သော ၂၀၁၇ ခုနှစ်သည် မြန်မာ့ဝတ္ထုတိုရာပြည့်နှစ် ဖြစ်ပါသည်။

ဟန်ဆန်း

ကိုးကားစာရင်း

၁။ တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ၊ ရွှေဥဒေါင်း

၂။ မြန်မာဝတ္ထုတိုသမိုင်း၊ ဦးကြီးမောင်(ငွေဥဒေါင်း)၊ ဝတ္ထုတိုစာတန်း(ပထမတွဲ)

၃။ ကိုလိုနီခေတ်မြန်မာစာပေသမိုင်း၊ မောင်ခင်မင်(ဓနုဖြူ)