နိုဝင်ဘာ ၈ အလွန် အတွေးများ

7 Day သတင်းစာတွင် ဖော်ပြခဲ့သော အက်ဆေး (၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်)

အလုပ်စားပွဲရှိရာ မျက်မြင်တန်းတည့်တည့်တွင် ပြတင်းပေါက် တစ်ပေါက်ရှိပါသည်။ ကွန်ပျူတာကို ငုံ့ကြည့်လိုက်၊ သတင်းများကို နားစွင့်လိုက်၊ တစ်နေ့တာကာလ ဖြတ်သန်းရှင်သန်နေကြသူများကို ငေးကြည့်လိုက်ဖြင့် ကိုယ့်တစ်နေ့တာသည် နေထွက်တစ်ခါ နေဝင်တစ်လှည့် ကုန်ဆုံးသွားခဲ့သည်။ တစ်နေ့နှင့်တစ်နေ့ ကုန်ဆုံးမသွားနိုင်သော အကြောင်းရင်းများမှာ ကိုယ့်ဆီချဉ်းကပ်လာသည့် အတွေးများသာဖြစ်သည်။ ပြတင်းတံခါးမှတစ်ဆင့် ကိုယ့်စိတ်အာရုံသို့ ပြေး ပြေးဝင်သည့် အတွေးများသည် မနည်းလှပါ။ နေ့စဉ် ရှင်သန် ရုန်းကန်နေကြရသည့် လူသားများသည်လည်း အတွေးများ၊ စိတ်ကူးများ၊ မျှော်လင့်ချက်များ ကိုယ်စီဖြင့် ပြတင်းတံခါးများကို ငေးကြည့်နေကြမည်သာဖြစ်သည်။  အတွေးပေါင်းမြောက်မြားစွာမှာလည်း ရှိနေခဲ့၊ ရှိနေမြဲဖြစ်မည်။ လူသားအဖြစ် ရှင်သန်နေထိုင်ရာ သက်တမ်းကာလတစ်ခုတွင် လူ သားတိုင်းသည် ဂုဏ် သိက္ခာရှိစွာ၊ အေးချမ်းစွာ၊ ချမ်းသာစွာဖြင့် နေထိုင်သွားလိုကြမြဲဖြစ်မည်။

လူသားတိုင်း၏ အခြေခံ ရပိုင်ခွင့်များနှင့် ဂုဏ်သိက္ခာများ အတွက် မည်သည့်ခွဲခြားမှုများမှ မပါဝင်သည့် အခြေခံရပိုင်ခွင့်များ ကို လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်ကတည်းက သဘောတူညီ ချမှတ်ခဲ့ကြသည်။ လူ့အခွင့်အ ရေး (Human Rights)ဟု လူ သိများထားကြသည့် လူ့ရပိုင်ခွင့် များ (Human Rights) ဖြစ်ပါ သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး က ထိုလူ့ရပိုင်ခွင့်ကြေညာစာ တမ်းကြီးကို ကြေညာခဲ့ပြီး ဖြစ်ပါ သည်။ ကြေညာစာတမ်းကြီးကို စတင်ကြေညာခဲ့စဉ်ကတည်းက ကိုယ်တို့ မြန်မာနိုင်ငံသည်လည်း သဘောတူညီခဲ့ပြီးဖြစ်ပါသည်။ လူ့ရပိုင်ခွင့်ကြေညာစာတမ်းပါအချက်များကို ကံမကောင်း အ ကြောင်းမလှစွာဖြင့် ကောင်းမွန် စွာ အကောင်အထည်မဖော်နိုင်ခဲ့ သည့်အပြင် နှစ်ပေါင်းများစွာ လည်း ထုတ်ဖော်ပြောဆိုခွင့်မရခဲ့ သော ဆင်ဆာမိနိုင်ငံရေးဝေါ ဟာရဖြစ်ခဲ့ရပါသည်။ ကြေညာ စာတမ်းပါ အခြေခံလူ့ရပိုင်ခွင့်အချက်များသည် လူတိုင်းနှင့်မဆီ မဆိုင်သလို နေထိုင်ခဲ့ရပြီး တိတ် ဆိတ်နေခဲ့ရသည်။ တကယ့်တွင် လူ့ရပိုင်ခွင့်ဆိုသည်မှာ လူသားအ ဖြစ် မွေးဖွားလာသူတိုင်း မဖြစ် မနေရရှိရမည့်  အခြေခံရပိုင်ခွင့် များ ဖြစ်ပါသည်။ ထိုရပိုင်ခွင့်များ အတွက် ပညာ၊ အဆင့်အတန်း၊ အသားအရောင်၊ ပထဝီနယ်နိ မိတ်၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံ ကြည်ရာ၊ နိုင်ငံရေးအယူအဆ၊ လူမျိုး၊ ဘာသာစကား စသည် စ သည်ဖြင့် ခွဲခြားပိုင်းခြားထားခြင်း အလျဉ်းမရှိပါဘဲ လူသားဖြစ် တည်မှုနှင့် လူသားဂုဏ်သိက္ခာအ ပေါ်တွင်သာ အခြေတည်စဉ်းစား ထားသော အချက်များဖြစ်ပါ သည်။ ထိုအချက်များကို  နိုင်ငံတ ကာစံနှုန်းများအဖြစ်လည်း မှတ် ယူနိုင်ပြီး ယင်းတို့ကို ကာကွယ် စောင့်ရှောက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် လုပ်ထုံးလုပ် နည်းများသည်လည်း အခိုင်အမာ ရှိနေပါသည်။ အခြေခံလူ့ရပိုင်ခွင့် များကို ကောင်းမွန်မှန်ကန်စွာရရှိရေးနှင့် ကျင့်သုံးနိုင်ရေးသည် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူ အရပ်သားများအတွက် အလွန်အ ရေးပါသည့်အပြင် ဒေသအတွင်း နှင့် နိုင်ငံတကာစာမျက်နှာများအ ပေါ်တွင် မှတ်ကျောက်တင် လေး စားခံရမည်ဖြစ်သည်။ လူ့အခြေခံ ရပိုင်ခွင့်ကို အလေးအနက်ထား သော နိုင်ငံတစ်ခုအဖြစ် ယုံကြည် မှုရမည့်အပြင် လူတိုင်းနှစ်သက် မြတ်နိုးသည့် အေးချမ်းသာယာစွာနေထိုင်နိုင်မှုကို ဦးတည်နိုင် မည်ဖြစ်ပါသည်။

ကိုယ်တို့ နေထိုင်ကြီးပြင်း ရာဌာနေ မြန်မာနိုင်ငံတွင် မတူကွဲ ပြားသော စုံလင်မှုများစွာ ရှိပါ သည်။ စနစ်အမျိုးမျိုး၊ ဖြတ်သန်း မှုအမျိုးမျိုးနှင့် ကမ္ဘာလုံးဆိုင်ရာ  သက်ရောက်မှု ကြီးငယ်များ ကြောင့် ထိုသို့ယင်းသို့သော မတူ ကွဲပြားစုံလင်မှုများ ဖြစ်တည်ရှင် သန်ခဲ့ခြင်းဖြစ်ပါသည်။ သဘာ၀ တရား၏  ဖြစ်တည်မှုသဘောတ ရားများလည်း ဖြစ်ပါသည်။ တစ် နည်းအားဖြင့် အရှိတရားများဖြစ် ပါသည်။ ယင်းတို့အပေါ်တွင် အ ခြေအနေအမှန်အတိုင်း မြင်တွေ့ သိမြင်နိုင်ရန် လိုအပ်ပါသည်။ အ နာဂတ်မြန်မာ့နိုင်ငံရေး အခင်းအ ကျင်းထဲတွင် အလွှာပေါင်းစုံပါဝင် ရေးနှင့် မတူကွဲပြားသော သဘော ထား၊ အမြင်ပေါင်းစုံပါဝင်ရေးကို တွေးတောတမ်းတမိပါသည်။ လူ တစ်ဦးအပေါ်တွင်ဖြစ်စေ၊ အင် အားကြီးအစုအဖွဲ့တစ်ခုအပေါ် တွင်ဖြစ်စေ၊  ဝါဒရေးရာတစ်ခုခုအ ပေါ်တွင်ဖြစ်စေ မှီခိုတည်မှီလွန်း အားကြီးပါက အလွန်အန္တရာယ် ကြီးမားကြောင်း ဖြတ်သန်းလာ သော မြန်မာ့နိုင်ငံရေးအခင်းအ ကျင်းနှင့် အတွေ့အကြုံများအရ  သိရှိကြပြီး ဖြစ်ပါသည်။ စနစ်ဆိုး ကြီးကို ကြောက်ရွံ့၍ စနစ်ဆိုးကြီး ကို ဦးဆောင်ပြင်ဆင်နိုင်မည့်သူ ကို ရွေးချယ်ကြပြီးသည့်နောက် တွင် ဗဟုဝါဒ(Pluralism)ထွန်း ကားရေးကို တွန်းအားပေးရန်လို အပ်သည်ဟု တွေးမိပါသည်။

ကိုယ်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးသည် မတူကွဲပြား သော စုံလင်မှုများဖြင့်  ဖြစ်ထွန်း တည်ဆောက်ထားသည်ပင်ဖြစ် သည်။ ကမ္ဘာမြေကြီးတွင် အဖြူ အမည်းဟုသာ နှစ်ရောင်တည်းရှိ နေသည် မဟုတ်ပါဘဲ အသွေးစုံ လှသည့် အရောင်စုံကမ္ဘာကြီးဖြစ် သည်ကို မြင်သိနိုင်ရန်လိုပါသည်။ သိပ္ပံပညာရှင်များ၏ သိမြင်တွေ့ရှိ ချက်များအရ လူသားတို့ သိမြင် နိုင်သော အရောင်အသွေးများ မှာ ၁၆ ဒသမ ၇ သန်းသာရှိသည် ဟု ဆိုပါသည်။ ထိုကိန်းဂဏန်း အရ လူတို့မြင်နိုင်သည့်  အရောင် အသွေးများစွာရှိသည်ကို သိသာ နိုင်သလို လူတို့မမြင်နိုင်သော အ ရောင်အသွေးများသည်လည်း ကိုယ်တို့ မှီတင်းနေထိုင်ရာ မြေ ကမ္ဘာတွင် ရှိနေသေးသည်ဟု တွေးမိပါသည်။ အသားအရောင်၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည် မှု၊ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် လူ မှုနေထိုင်မှု မတူညီသည်များကို သဘာဝတရားအဖြစ် လက်ခံနိုင် ပြီး လက်တွေ့ကျင့်သုံးနိုင်ရေး အရေးကြီးလှပါသည်။ ကိုယ်တို့ နေထိုင်ရာ မြေကမ္ဘာတွင် ပန်း ပေါင်းစုံပွင့်ပါသည်။ ပွင့်သောပန်း တိုင်းသည် အရောင်အသွေးစုံပါ သည်။ အဆင်းအနံ့ စုံလင်ပါ သည်။ မတူကွဲပြားပါသည်။ ဘုရားတင်ပန်း၊ ပန်ဆင်သည့် ပန်း၊ အလှထိုးပန်း၊ ဆေးဖက်ဝင် ပန်း၊ အလေ့ကျပန်းနှင့် ပင်မြင့်စံ ပန်းတို့အဖြစ် ရှင်သန်ရပ်တည်ရာ ဌာနအသီးသီးတွင် သူ့တန်ဖိုးနှင့် သူရှင်သန်ကြပါသည်။ အရောင် အသွေးသည်လည်း စုံလင်၊ ဂေ ဟစနစ်သည်လည်း မှန်ကန်၍ လှပကြမည်ကို ဆင်ခြင်တွေး တော သတိပြုမိပါသည်။

ကိုယ်တို့ မျှော်လင့်ရာ အနာ ဂတ်သည် လာမည့်ငါးနှစ်တန် သည်၊ ၁၀ နှစ်တန်သည်သာ မဟုတ်ပါ။ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံကြရာတွင် လူသား အရင်းအမြစ်များလည်း ပါဝင် လာပါသည်။ နိုဝင်ဘာ ၈၊ ရွေး ကောက်ပွဲနေ့ မဲဆန္ဒပြုကြရာတွင် သားငယ်၊သမီးငယ် မျိုးဆက်များ သစ်အတွက် နိုင်ငံရေးစနစ် ကောင်း အမွေပေးနိုင်ရေး မိဘ များအလေးပေးကြသည်ကိုသတိ ထားမိပါသည်။ အာဏာရှင်လက် ထက် ပညာရေးစနစ်အောက်နေ ထိုင်ခဲ့သူ မျိုးဆက်သစ်အများစု  စိတ်ကူးအိပ်မက်ရွေးချယ်နိုင် သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်မှာ ဆရာဝန်နှင့် အင်ဂျင်နီယာအလုပ်ပင် ဖြစ်ပါ သည်။ ပညာဖြင့်  အသက်မွေးလို ပါက အမြင့်ဆုံးလှမ်းရသော ပန်း တိုင်အဖြစ် ရည်မှန်းခဲ့ကြပါသည်။ အခြေခံပညာကျောင်းသားဘဝတစ်လျှောက်လုံးတွင် လူကြီး မိဘများ၊ ဆွေမျိုးသားချင်းနှင့် ပညာရေးအားပေးသူ အသိုင်းအ ဝိုင်းကြီးတစ်ခုလုံး၏ တူညီသော အသံမှာ ဆရာဝန်နှင့် အင်ဂျင်နီ ယာအဖြစ် အသက်မွေးရန်ဖြစ်ပါ သည်။  ထိုအသက်မွေးဝမ်း ကျောင်းပညာကို သင်ယူခွင့်မရရှိ ပါဘဲ  တခြားသောတက္ကသိုလ် ပညာရေးကို သင်ယူခွင့်ရရှိသူ အများစု၏ ဒုတိယလိုက်သော  အသက်မွေးဝမ်းကျောင်းအလုပ် အကိုင်သည် သင်္ဘောသားအလုပ် အကိုင်နှင့် ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်အကိုင်ရရှိ ရေးဖြစ်ပါသည်။ တခြားသော အသက်မွေးဝမ်းကျောင်းများကို ချဉ်းကပ်လုပ်ကိုင်ခဲ့သူများ ထို ခေတ်ထိုကာလက ရှိခဲ့သည့်တိုင် အောင် ဆိုခဲ့ပြီးသော ဆရာဝန်၊ အင်ဂျင်နီယာ၊ သင်္ဘောသားနှင့် နိုင်ငံခြားတွင် အလုပ်သွားလုပ် ရေးတို့သည်သာ လူအများစု၏ ဘဝရည်မှန်းချက်နှင့် အမြင့်ဆုံး မျှော်လင့်ချက်များ ဖြစ်ခဲ့ကြပါ သည်။

အသွင်ကူးပြောင်းရေးကာ လ ယနေ့တွင် ပညာရေးအပါအ ဝင် စနစ်များစွာကို ပြောင်းလဲနိုင် ရန် ကြိုးပမ်းနေကြရင်း လူအ များစုအကြား အသက်မွေးဝမ်း ကျောင်းဆိုင်ရာများသည်လည်း ပြောင်းလဲလာပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊  ယဉ်ကျေးမှု အစရှိသည့်နယ်ပယ် အသီးသီး အလိုက် စိတ်ဝင်စားနှစ်သက်ရာ အသက်မွေးဝမ်းကျောင်းပညာ ရပ်များကို သင်ကြားခွင့်နှင့် လုပ် ကိုင်ခွင့်များ ပိုမိုရရှိလာကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံဆိုင်ရာပေးထား ချက်များကို ခေတ္တခဏ ဘေးဖယ် ထား၍ စိတ်ကူးယဉ်တွေးတော ကြည့်ပါကမူ နိုင်ငံတော်သမ္မတ ရာထူးကိုပင် ရည်မှန်းလာနိုင် သည်။ ဒီမိုကရေစီခေတ်တွင် အ နှေးယာဉ်လုပ်သားများသည်ပင် သမ္မတဖြစ်နိုင်သည်ဟု အဆိုရှိခဲ့ သည်မဟုတ်ပါလား။ နိုင်ငံ၏ အ မြင့်ဆုံးရာထူးတစ်ခုကို လူတိုင်း သည် လွယ်လင့်တကူမရရှိနိုင် သည့်တိုင်အောင် ဖွဲ့စည်းပုံအခြေ ခံဥပဒေကပေးထားသည့်  နှစ်ကာ လအပိုင်းအခြားတစ်ခုမှာ  သမ္မတ အဖြစ်တာဝန်ထမ်းဆောင်မည် ဆိုသော ရည်မှန်းချက်ကိုတော့ လူတိုင်းက စိတ်ကူးယဉ်ခွင့် ရှိ နေသည် မဟုတ်ပါလား။

ထို့အတူ နိုင်ငံရေးရာထူးများဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်၊ ဝန်ကြီးချုပ်၊ ဝန်ကြီးအစရှိသည့်နေရာများကိုလည်း  စိတ်ကူးယဉ်အိပ်မက်လာကြပါသည်။ မျိုးဆက်သစ်သားသမီးများကို  မေးစမ်းတီးခေါက်ကြည့်သည့်အခါ  နိုင်ငံရေး သိပ္ပံပညာသင်ယူမည်။ နိုင်ငံရေးရာထူးများဖြင့် အသက်မွေးဝမ်းကျောင်းမည်ဆိုသည်များ

ကို မြင် သိထိတွေ့လာရပါသည်။ ယနေ့ နိုင်ငံရေးအခင်းအကျင်းတွင်လည်း မျိုးဆက်သစ်လူငယ်များကို ထိုက်သင့်သရွေ့ နေရာပေးလာသည်ကို မြင်သိရပါသည်။ နိုင်ငံရေးရာထူးဆိုသည်မှာလည်း ယုံကြည်ကိုးစားရပြီး လူ့သူတော်ကောင်းဖြစ်တိုင်း ထိုက်တန်သည် မဟုတ်ပါဘဲ ထိုက်သင့်သည့် အတတ်ပညာနှင့် အရည်အချင်းရှိပါမှ သင့်တော်သည်ကို သိနားလည်ခဲ့ကြပြီးဖြစ်သည်။

မျှော်လင့်ချက်ပေါင်းများ စွာ၊ ရည်မှန်းချက်ပေါင်းများစွာ၊ စိတ်ကူးအိပ်မက်ပေါင်းများစွာ ဖြင့် နေထိုင်ရှင်သန်နေကြသော လူထုလူတန်းစားအသီးသီးသည် ကောင်းမွန်သော နိုင်ငံရေးစနစ် ဖြစ်ထွန်းစေရေးအတွက် ဆန္ဒမဲ ပေး၍ နိုဝင်ဘာ ၈ ရက်ကို ဖြတ် သန်းခဲ့ကြသည်။ တစ်ဦးချင်းစီ၏ စိတ်ဆန္ဒများတွင် အတွေးများနှင့်  စိတ်ကူးယဉ်အိပ်မက်များ  ကိုယ် စီကိုယ်င ကိန်းအောင်းတည်ရှိ နေကြမည်။ လူသားတိုင်းတွင် စိတ်ပြတင်းပေါက်များ ရှိကြ သည်။ ထိုပြတင်းများကို ဖွင့်ထား လိုက်သည့်အခါ လေကောင်းလေ သန့်နှင့် အမှိုက်သရိုက်များ ကိုယ့် စီတည့်တည့်တန်းတန်း ဝင်လာ နိုင်သည်ကို ကောင်းမွန်စွာ သိကြ ပါသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင် ဘာ ၈ ရက်အလွန် လာမည့်ငါး နှစ်တာကာလတွင်လည်း လက် တွေ့ကျသော အကောင်အထည် ဖော်မှုကို အာဏာအပ်နှင်းခံရသူ များ မည်သို့မည်ပုံဆောင်ရွက်ကြ မည်ကို မင်ရောင်ခြယ်လက်သန်း လေးများက စောင့်ကြည့်အကဲ ဖြတ်ကြမည်မှာ မလွဲပါ။ လေ ကောင်းလေသန့်ကို စစ်ယူ၍ အ မှိုက်သရိုက်များကို  စုစည်းစွန့်ပစ် ကြမည်သာဖြစ်ပါသည်။

ဟန်ဆန်း

(အဆိုပါအက်ဆေးကို 7Day News Dailyတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ဖော်ပြပါရှိခဲ့သည်။)