သတင်းမီဒီယာကျင့်ဝတ်

မြန်မာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း (၂၀၂၀ ပြည့်နှစ်)

သတင်းအတု၊ သတင်းအမှားနှင့် လုပ်ကြံသတင်းတို့အကြောင်း သတင်းများသည် ရှေ့တန်းရောက်သတင်းများဖြစ်လာသည်။ ကိုဗစ် – ၁၉၊ ကမ္ဘာ့ကပ်ရောဂါတွင်လည်း ယင်းတို့၏ အန္တရာယ်ကို ကြုံရသကဲ့သို့ ရွေးကောက်ပွဲအတွက်ပြင်ဆင်လာကြချိန်တွင်လည်း ထို အန္တရာယ်များ၏ ရနံ့သည် ထွက်လာခဲ့သည်။ ထင်ရှားသည့်သာဓကမှာ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး၊ ဦးဇော်ဌေးအား ရာထူးမှဖယ်ရှားလိုက်သည်ဆိုသော သတင်းအတု၊ အမှားကိစ္စပင်ဖြစ်သည်။ မီဒီယာထောင်ခြင်း၊ လူမှုကွန်ရက်တွင် ဂရု(ပ်)ဖွဲ့ခြင်းနှင့် ပေ့ချ်ထောင်ခြင်းများအား ငွေကျပ်သိန်းထောင်ချီသုံးစွဲ၍ သတင်းအတု၊ အမှားများကို ထုတ်လုပ်နေကြောင်း၊ ယင်းတို့ကို စိစစ်ဖော် ထုတ်၍ အရေးယူမည်ဖြစ်ကြောင်း ဦးဇော်ဌေးက တရားဝင်ပြောကြားခဲ့သည်။ ထိုသို့ကြံစည်ကြခြင်းသည် ၂၀၂၀ ရွေးကောက်ပွဲအ တွက် ကြံစည်ကြခြင်းဖြစ်သည်ဟုလည်း ဆက်လက်ပြောဆိုထားသည်။

            သတင်းအတု၊ သတင်းအမှားနှင့် လုပ်ကြံသတင်းများအား တိုက်ဖျက်နိုင်ရန်ကြိုးပမ်းသည့်အစီအစဉ်များကို သတင်းဌာန အချို့က အကောင်အထည်ဖော်နေသည်ကို တွေ့ရပါသည်။ ထို့အတူ အရပ်ဘက်အဖွဲ့အစည်းများကလည်း ကြိုးပမ်းနေကြပါသည်။ သတင်းသမားများဘက်သို့ ကြည့်ပါကလည်း သတင်းသမားများသည် သတင်းမီဒီယာကျင့်ဝတ်ကို ခါးဝတ်ပုဆိုးလို မြဲမြဲခိုင်ခိုင်ဝတ် ဆင်ခါ သတင်းလုပ်ငန်းကို လုပ်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် ကျနော်သတင်းထောက်ပါ၊ ကျမသတင်း ထောက်ပါ၊ ဘယ်မီဒီယာ၊ ဘယ်သတင်းဌာနကဆိုရုံမျှဖြင့် ထိုသူတစ်ဦးကို သတင်းသမားဟုဆိုနိုင်မည် မဟုတ်ပါ။ သတင်းအတု၊ သတင်းအမှားနှင့် လုပ်ကြံသတင်းများကို ထုတ်လုပ်နေသောအစုအဖွဲ့များအကြားတွင် သတင်းသမား၊ သတင်းစာဆရာအမည်ခံ၊ သတင်းသမားမဟုတ်သော သတင်းသမားများနှင့်သတင်းဌာနများ ရှိနေပါသည်။ ထိုအခါ သတင်းသမား ဟုတ်၊ မဟုတ် မည်သို့ အကဲဖြတ်မည်နည်းဆိုသော မေးခွန်းရှိလာပါသည်။ ထို့အတွက် စာရေးသူ၏ အဖြေမှာ ရိုးရှင်းလွယ်ကူပါသည်။ သတင်းသမားနှင့် သတင်းမီဒီယာကို သတင်းမီဒီယာကျင့်ဝတ်ဖြင့် အကဲဖြတ်နိုင်ပါသည်။ သတင်းမီဒီယာကျင့်ဝတ်သည် သတင်းသမားနှင့်သတင်း ဌာနများကို အကဲဖြတ်နိုင်သည့် မှတ်ကျောက်လည်းဖြစ်ပါသည်။

ကျင့်ဝတ်နှင့်အညီ နေထိုင်လုပ်ကိုင်သူများကို သတင်းသမားကောင်းဟု သတ်မှတ်ကြောင်း၊ ကျင့်ဝတ်ဆိုသည်မှာ ၀တ္တရား အရ လိုက်နာကျင့်ကြံရသည့်အရာဖြစ်ကြောင်း၊ ဥပဒေရေးဆွဲပြဠာန်းထားသည် မဟုတ်သော်လည်း သတင်းမီဒီယာကျင့်ဝတ်အား ချိုးဖောက်သူများကို သိက္ခာမဲ့သူများအဖြစ် နှာခေါင်းရှုံ့လေ့ရှိကြကြောင်း ဆရာလူထုစိန်ဝင်းက စာနယ်ဇင်းကျင့်ဝတ်(၁၆)ဆောင်းပါး တွင် ထည့်သွင်းရေးသားခဲ့သည်။ အဖွဲ့အစည်းတစ်ခုမှနေ၍ သတင်းမီဒီယာသမားများကို အခကြေးငွေပေးပြီး ပေ့ချ်ထောင်ခြင်းနှင့် အခကြေးငွေယူ၍ သတင်းဖော်ပြခြင်းများသည် သတင်းစာပညာဆိုင်ရာကျင့်ဝတ်ပြဿနာဖြစ်သည်ဟု ရန်ကုန်သတင်းစာပညာသင် တန်းကျောင်းတည်ထောင်သူ သတင်းစာဆရာ ဦးရဲနိုင်မိုးကလည်း ဇွန် ၂၇ ရက်ထုတ် 7Day News သတင်းစာ၏ ဆက်သွယ်မေး မြန်းချက်တွင် အတိအလင်းပြောဆိုထားသည်။

သတင်းမီဒီယာကျင့်ဝတ်ကို ၂၀၁၄ ခုနှစ်၊ မေလ(၃)ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ သတင်းမီဒီယာကျင့်ဝတ်တွင် ကျင့်ဝတ်စုစုပေါင်း(၂၇)ခုနှင့်မှတ်ချက်(၂)ခု ပါဝင်သည်။ ထိုကျင့်ဝတ်များကို သတင်းမီဒီယာဥပဒေ(၂၀၁၄)ကို ပြဠာန်းပြီးနောက် ထုတ်ပြန်ခဲ့သည်။ ပုံနှိပ်ဖြစ်စေ၊ ရုပ်သံဖြစ်စေ၊ မည်သို့သော် သတင်းသမားဖြစ်စေကာမူ ကျင့်သုံးအပ်သောကျင့်ဝတ်အဖြစ် အတည်ပြု ခဲ့ကြသောကျင့်ဝတ်ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်(၂၀၁၄)မတိုင်မီကလည်း စာနယ်ဇင်းကျင့်ဝတ်ဟူ၍ ရှိခဲ့ကြောင်း၊ လွတ်လပ် ရေးမရမီကာလက ရှေးလူကြီးများညှိနှိုင်းဆွေးနွေးချမှတ်ခဲ့သော အခြေခံကျင့်ဝတ်များရှိခဲ့ကြောင်း၊ ၁၉၅၀ ပြည့်နှစ်များအတွင်းတွင် မြန်မာနိုင်ငံသတင်းထောက်များအသင်း(BRA)နှင့် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(BJA)တို့က ကိုယ့်အသင်းနှင့်ကိုယ် သတ် မှတ်ထားသော ကျင့်ဝတ်စည်းကမ်းရှိခဲ့ကြောင်းနှင့် စာနယ်ဇင်းအားလုံးအကျုံးဝင်သော စည်းကမ်းကျင့်ဝတ်ဆိုသည်ကို ၁၉၆၂ ခုနှစ် မှာ စတင်ဖွဲ့စည်းခဲ့သော BPC(Burma Press Council)၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီလက်ထက်တွင် ပေါ်ပေါက်လာကြောင်း ဆရာလူထုစိန်ဝင်း၏ စာနယ်ဇင်းကျင့်ဝတ်(၁၆)ဆောင်းပါးအရ သိရပါသည်။ Burma Press Council, BPC စတင်ဖွဲ့စည်းသည့်နှစ် ကို ဆရာ ဂါဒီယန် ဦးစိန်ဝင်း၏ အခြေပြ သတင်းစာပညာစာအုပ်တွင် ၁၉၆၁ ခုနှစ်ဟု ဖော်ပြထားသောကြောင့် ၁၉၆၀ ပြည့်နှစ် နှောင်းပိုင်းတွင် စာနယ်ဇင်းကျင့်ဝတ်ဟူ၍ ရှိခဲ့ဖူးကြောင်း ယေဘုယျမှတ်သားထားနိုင်သည်။

            သတင်းမီဒီယာကျင့်ဝတ်လမ်းညွှန်(၂၀၁၄)သည် သတင်းတည်းဖြတ်မှုနှင့် မီဒီယာများတွင် ပုံနှိပ်ထုတ်လွှင့်သည့်အကြောင်း အရာပိုင်းများနှင့်ပတ်သက်ပြီး ကောင်စီက လက်ခံကျင့်သုံးမည့် စံချိန်စံညွှန်းများကို ပြဠာန်းသတ်မှတ်ပေးသည်။ ကောင်စီသည် မီဒီ ယာလောက၏ မိမိဘာသာ ထိန်းချုပ်/ထိန်းညှိမှုစနစ်ကို အကောင်အထည်ဖော်ရန်တာဝန်ရှိရာ မီဒီယာများ၏ လုပ်ကိုင်ဆောင်ရွက်မှု နှင့်ပတ်သက်ပြီး ကန့်ကွက်တိုင်ကြားမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဤလမ်းညွှန်(သတင်းမီဒီယာကျင့်ဝတ်)က စံချိန်စံညွှန်း များကို ပြဠာန်းပေးသွားမည်ဖြစ်သည်။ ဤကျင့်ဝတ်လမ်းညွှန်သည် သတင်းစာ၊ ဂျာနယ်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှအစ၊ ကြော်ငြာအဆုံး၊ မီဒီယာပုံစံများအားလုံးနှင့် သက်ဆိုင်အကျုံးဝင်မှုရှိသည်ဟု မှတ်ယူရမည်။ ဤသတင်းမီဒီယာကျင့်ဝတ်လမ်းညွှန် သည် အများပြည်သူနှင့်သက်ဆိုင်သည့်အတွက် မည်သူမဆိုကြည့်ရှုလေ့လာနိုင်စေရမည်ဟု သတင်းမီဒီယာကျင့်ဝတ်(၂၀၁၄)ကို ထုတ်ပြန်ရာတွင် ဖော်ပြထားခဲ့သည်။ သတင်းလွတ်လပ်ခွင့်ဟူသည် အပြည်ပြည်ဆိုင်ရာလူ့ရပိုင်ခွင့်ကြေညာစာတမ်းပါ အပိုဒ်-၁၉ ဖြင့် အကျုံးဝင်သောကြောင့် သတင်းသမားနှင့်သတင်းဌာနများကို အစိုးရအနေဖြင့် ထိန်းချုပ်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်း၊ ထုတ် ဝေမှုတစ်စုံတရာ မပြုလုပ်မီတွင် ကန့်သတ်ခြင်းနှင့်ဆင်ဆာဖြတ်တောက်ခြင်းများကို မပြုလုပ်စေရန်တားမြစ်ထားသည်။

            ထို့ကြောင့် သတင်းသမားနှင့်သတင်းမီဒီယာများကို ထိန်းကြောင်းနိုင်ရန် သတင်းမီဒီယာဥပဒေပြဠာန်းခြင်း၊ သတင်းမီဒီ ယာကောင်စီဖွဲ့စည်းခြင်းနှင့် သတင်းမီဒီယာကျင့်ဝတ်များကို အတည်ပြုထုတ်ပြန်ခြင်းတို့ဖြင့် သတင်းမီဒီယာသမားများ မိမိဘာသာ ထိန်းချုပ်/ထိန်းညှိမှုစနစ်ကို ဆောင်ရွက်ကြပါသည်။ သတင်းသမား၊ သတင်းမီဒီယာများကို ထိန်းကြောင်းသည်နှင့်ပတ်သက်၍ ယူ နက်စကို၏ မီဒီယာဖွံ့ဖြိုးမှုဆိုင်ရာအညွှန်းကိန်းတွင်လည်း သတင်းမီဒီယာကျင့်ဝတ် ရှိ/မရှိနှင့် သတင်းမီဒီယာသမားများ မိမိဘာသာ ထိန်းချုပ်/ထိန်းညှိမှုစနစ် ရှိ/မရှိတို့ကို ဆန်းစစ်အကဲဖြတ်လေ့ရှိပါသည်။ သတင်းမီဒီယာများမှ သတင်းများကို သတင်းပရိသတ်သည် မိမိတို့၏ သဘောဆန္ဒအတိုင်းရွေးချယ်၍ ဖတ်ရှုကြည့်ရှုသုံးစွဲကြခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့ရွေးချယ်လိုက်သော သတင်းဌာန မှသတင်းများသည် သတင်းမီဒီယာကျင့်ဝတ်ဆိုသော စံချိန်စံနှုန်းများဖြင့် ကိုက်ညီစွာတင်ပြလာသော သတင်းများဟုတ်/မဟုတ်ကို သတင်းပရိသတ်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါသည်။ သတင်းအတု၊ သတင်းအမှားနှင့် လုပ်ကြံသတင်းများမှာလည်း သတင်းများမဟုတ် သည်ကို သတိပြုသင့်ပြီး အတုအယောင်ဖြစ်ကြောင်းဆန်းစစ်သည့် နည်းလမ်းများရှိသေးသည်ကို သတိချပ်သင့်သည်။ သတင်းမီဒီ ယာကျင့်ဝတ်သည် အများပြည်သူနှင့်သက်ဆိုင်သောကိစ္စဖြစ်သောကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သူ၏ တရား ဝင်ဝက်ဘ်ဆိုဒ်ဖြစ်သော http://myanmarpresscouncil.org/laws/media-ethic.html တွင် လွှင့်တင်ထားသည်။ ယင်းမှ ကျင့်ဝတ် ဆိုင်ရာအကြောင်းအရင်းများသည် သတင်းအပေါ် သတင်းပရိတ်သတ်က အကဲဖြတ်နိုင်မည့် စံချိန်စံညွှန်းတစ်ခုဖြစ်သည်။ ကျင့်ဝတ် နှင့်မညီသောသတင်းမီဒီယာများကို သတင်းမီဒီယာဥပဒေ(၂၀၁၄)နှင့်အညီ အရေးယူနိုင်သည်။ ယင်းပေးထားချက်မှာလည်း သတင်း ပရိသတ်များအနေဖြင့် ရယူသုံးစွဲနိုင်သော ပေးထားချက်တစ်ခုလည်းဖြစ်သည်။

ဟန်ဇော်