ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း

‘လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်’ကို  လူတိုင်း၏ အခြေခံရပိုင်ခွင့်အဖြစ် အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့် ကြေညာစာတမ်း (Universal Declaration of Human Rights, UDHR)၏ အပိုဒ် ၁၉ တွင် ထည့်သွင်းထားသည်။

‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ကို ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ကြသည်။ ‘Freedom of Expression’, ‘Freedom of Speech’ကို ‘လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်’၊‘လွတ် လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်’၊ ‘လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်’ စသည့် အသုံးအနှုန်းများဖြင့် ဘာသာပြန်သုံးစွဲကြသည်။ လူတိုင်း၏ အခြေခံရပိုင်ခွင့်၊ ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်၊ အုပ်ချုပ်ရေးစနစ်ကို တည့်မတ်သည့် နည်းလမ်း၊ ပွင့်လင်းမြင်သာမှုကို အားပေးသော အမူအကျင့်၊ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော အင်အားနှင့် လူ့ဂုဏ်သိက္ခာရှိမှုအတွက် အရေးပါသည့် ဂုဏ်သတ္တိများရှိကြောင်းတို့ကို လူ့ရပိုင်ခွင့် ကာကွယ်မြှင့်တင်သူ (Human Rights Defender)များက ဆွေးနွေးတင်ပြလေ့ရှိကြသည်။ ‘လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်’ကို  လူတိုင်း၏ အခြေခံရပိုင်ခွင့်အဖြစ် အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့် ကြေညာစာတမ်း (Universal Declaration of Human Rights, UDHR)၏ အပိုဒ် ၁၉ တွင် ထည့်သွင်းထားသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် လူ့ရပိုင်ခွင့်ကြေညာစာတမ်းကို အတည် ပြုနိုင်ခဲ့ခြင်း (၇၂)နှစ်ပြည့်မြောက် သည်။ ကြေညာစာတမ်းကို အတည်ပြုခဲ့ကတည်းက မြန်မာနိုင်ငံသည် သဘောတူညီထားခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း သဘောတူညီချက်ပါ ရပိုင်ခွင့်များကို မြန်မာနိုင်ငံတွင် နေထိုင်သူများသည် ပြည့်စုံစွာရရှိခြင်းမရှိပါဘဲ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ဆုံးရှုံးခဲ့ရသော ရပိုင်ခွင့်များထဲ တွင် ‘လွတ်လပ်စွာ ထုတ် ဖော် ပြောဆိုခွင့်’သည် ရှေ့တန်းနေရာ မှ ပါဝင်ခဲ့ရသည်။ လူတစ်ဦးချင်း၏ ရပိုင်ခွင့်ဖြစ်သော ‘လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်’ ဆုံးရှုံးခဲ့ သကဲ့သို့ ယင်းတွင် အကျုံးဝင်နေသော ‘မီဒီယာလွတ်လပ်ခွင့်’၊ ‘စာပေလွတ်လပ်ခွင့်’၊  ‘အနုပညာ လွတ်လပ်ခွင့်’များမှာလည်း နှစ် ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ‘လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်’ ဖြင့် ဆက်နွှယ်နေသော စီတန်းလှည့်လည်ခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်နှင့် ကိုးကွယ်ယုံကြည်ခွင့်များသည်လည်း တားဆီးပိတ်ပင်မှု၊ ကန့်သတ်မှုများစွာတို့ဖြင့် နှစ်ပေါင်းများစွာ ဆုံးရှုံးနေခဲ့ရသည်။ လူသားအဖြစ် မွေးဖွားလာစဉ်ကတည်းက ရခဲ့ပြီး ဖြစ်သော ‘လွတ်လပ်စွာ  ထုတ်ဖော်ပြောဆိုခွင့်’ သည် အာဏာရှင်စနစ်များအောက်တွင် နစ်နာမှုမြင့်မားစွာဖြင့် ဆုံးရှုံးခဲ့ရသည်။ အခြေခံရပိုင်ခွင့်သာမက ‘ထုတ်ဖော်ပြောဆိုမှု’ကို ကျင့်သုံးခြင်းကြောင့်ရရှိလာသော  လူ့ဂုဏ်သိက္ခာရှိမှုများသည်လည်း ဆုံးရှုံးနစ်နာခဲ့ရသည်။ ‘မီဒီယာနှင့် စာပေလွတ်လပ်ခွင့်’ကို ကျင့်သုံး ခြင်းကြောင့် ထောင်နှစ်ရှည်ကျ ခံရခြင်း၊ ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ရခြင်း၊ စာနယ်ဇင်းဖြင့် အသက်မွေးဝမ်းကျောင်းမှုကို ထိပါး နှောင့်ယှက်ကန့်သတ်ခြင်းနှင့်  မိသားစုဘ၀ ပျက်စီးရခြင်းများသည် ထင်ရှားသည့်အထောက်အထားများစွာဖြင့် ရှိခဲ့သည်။ ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော် ဖိနှိပ်ခံထားခဲ့ရသည်။

အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့် ကြေညာစာတမ်း၊ အပိုဒ် ၁၉ ၌ ‘လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိကြောင်း၊ ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင် သတင်းအချက်အလက်နှင့် အတွေးအခေါ်အယူအဆများကို  သတင်းမီဒီယာတစ် ရပ်ရပ်မှတစ်ဆင့် နယ်နိမိတ်အပိုင်းအခြားမရှိ ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချိခွင့်တို့လည်း ပါဝင်ကြောင်း’ ထုတ်ဖော်ပြောဆို မှု လွတ်လပ်ခြင်းနှင့်ပတ်သက်၍ ဖော်ပြထားသည်။ ‘ထုတ်ဖော် ပြောဆိုမှုလွတ်လပ်ခြင်း’ သည် အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့် ကြေညာစာတမ်းပါ အပိုဒ် ၁၈ နှင့် အပိုဒ် ၂၀ တို့၏ ပြဋ္ဌာန်းချက်များ ဖြစ်သည့် ‘လွတ်လပ်စွာထင်မြင်ယူဆခွင့်’၊ ‘လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်’၊ ‘လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းခွင့်’၊ ‘အဖွဲ့အစည်းများတွင် ပါဝင်ခွင့်’နှင့် ‘ငြိမ်းချမ်းစွာစုဝေးခွင့်’များဖြင့်လည်း  နှီးနွှယ်ဆက်စပ် ချိတ်ဆက်နေသည်။ ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ကြောင့် ရရှိလာသော  အကျိုးရလဒ်များရှိသည်။ လူသားတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုမှအစပြု၍ ဂုဏ်သိက္ခာ ရှိမှုနှင့် လူမှုဘဝဖွံ့ဖြိုးရေးကို အားပေးသည်။ မိမိထင်မြင်ယူဆချက်ကို လွတ်လပ်စွာထုတ်ဖော်နိုင်သည့် အတွက် လုံခြုံခြင်း၊ ငြိမ်းချမ်းခြင်းနှင့်  အပြန်အလှန်လေး စားနားလည်ခြင်း အမူအကျင့်ကို တိုးပွားစေသည်။ အုပ်ချုပ်သူအစိုးရအဖွဲ့များနှင့် ဩဇာအာဏာရှိသူများ၏ စွမ်းဆောင်မှုများ၊ အမူအကျင့်များကို ထောက်ပြဝေဖန်နိုင်ခြင်း၊ မကျေနပ်မှုများကို ထုတ်ဖော်နိုင်ခြင်း၊ မေးခွန်းထုတ်နိုင်ခြင်း၊ စွပ်စွဲပြစ်တင်နိုင်ခြင်းနှင့် နစ်နာဆုံးရှုံးရသည့် အရေးကိစ္စများကို ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် ထုတ်ဖော်နိုင်သောကြောင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အားပေးသည်။ ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ ကြောင့် အစိုးရများနှင့် အုပ်ချုပ်သူများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုများ ရှင်သန်အားကောင်းစေရန် အထောက်အကူပြုစေသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု အားကောင်းခြင်းတို့ ကြောင့် လူ့ရပိုင်ခွင့်ချိုးဖောက်မှုများကို ကျူးလွန်ရန်ခက်ခဲလာသည်။ ချိုးဖောက်ခံရသည်များရှိခဲ့ ပါကလည်း ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ကို ကျင့်သုံး၍ ထုတ်ဖော်နိုင်သည်။ ထိုအခါ လူ့ ရပိုင်ခွင့်ချိုးဖောက်ခံရမှု အလွန်နည်းပါးသော  လူမှုဘဝဝန်းကျင် အခင်းအကျင်းတစ်ခု ဖြစ်ထွန်းလာနိုင်မည်ဖြစ်သည်။ ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ဆိုသည်မှာ စည်းလွတ်ဝါးလွတ်၊ စည်းမဲ့ကမ်းမဲ့ ကျင့်သုံးချင်တိုင်း ကျင့်သုံးခွင့်ရှိသော လွတ်လပ်ခွင့်၊ ရပိုင်ခွင့်မဟုတ်ပါ။ ကျင့်သုံးသူသည် သူ၏ ထုတ်ဖော်ပြောဆိုမှုအတွက် တာဝန်ခံမှုနှင့် တာဝန်ယူမှုရှိရမည်ဖြစ်သည်။ ကျင့်သုံးခြင်းကြောင့် တစ်ပါးသူ၏ ရပိုင်ခွင့်များနှင့် ဂုဏ် သိက္ခာကို ထိပါးခြင်းအား မဖြစ်စေရပါ။ ‘ထုတ်ဖော်ပြောဆိုမှု’ကို ထိန်းသိမ်းကန့်သတ်ရန်  လိုအပ်လာသည့်အခြေအနေရှိခဲ့ပါက၊ ကန့်သတ်ရန်လိုအပ်သည့် အခြေအနေဖြစ်ပါက ဥပဒေဖြင့် ထိန်းသိမ်းကန့်သတ်နိုင်သည်။ ထိုသို့ကန့်သတ်ရာတွင်လည်း ကန့်သတ်နိုင်သည့် အခြေအနေနှင့် မကန့်သတ်နိုင်သည့်အခြေအနေများကို အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များနှင့် စံချိန် စံနှုန်းများတွင် လုပ်ထုံးလုပ်နည်း များနှင့်တကွ ရှင်းလင်းစွာဖော်ပြထားသည်။ ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ကို ကျင့်သုံးနိုင်သည့် နည်းလမ်းပေါင်း များစွာရှိသည်။ ‘ထုတ်ဖော်ခြင်း’၊ ‘ရေးသားခြင်း’၊ ‘ပြောဆိုခြင်း’ဆိုသော နည်းလမ်းများကိုသာမက အခြား နှစ်သက်ရာနည်းလမ်းများကိုပါ သုံးစွဲနိုင်သည်။ ပြည်သူ့ရေးရာနှင့်  နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ  အပြည်ပြည်ဆိုင်ရာသဘောတူ စာချုပ်(ICCPR)၊ အပိုဒ် ၁၉၊ အ ပိုဒ်ခွဲ ၂ ကလည်း ထုတ်ဖော်ပြောဆိုမှုကို ကျင့်သုံးနိုင်သည့်အခြေအနေကို ‘အနုပညာပုံစံဖြင့် ဖြစ်စေ (သို့မဟုတ်)မိမိရွေးချယ်သည့် အခြားသော သတင်းမီဒီယာမှတစ်ဆင့်ဖြစ်စေ နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်း ကောင်း (သို့မဟုတ်)ပုံနှိပ်ခြင်းဖြင့် သော်လည်းကောင်း သတင်းအချက်အလက်များနှင့်  အတွေးအခေါ်များအားလုံးကို လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချိ ခွင့်တို့ ပါဝင်စေရမည်’ဟု ဖွင့်ဆိုထားသည်။ လူတိုင်း၏ ရပိုင်ခွင့်ဖြစ်ကြောင်း၊ ရပိုင်ခွင့်ကျင့်သုံးခြင်းအတွက် မည်သည့်နယ်နိမိတ် သတ်မှတ်ချက်မှ မရှိစေရ ကြောင်းနှင့် အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၁ တွင် လူတိုင်းသည် နှောင့်ယှက်မှုကင်းစွာဖြင့် ထင်မြင်ယူဆပိုင်ခွင့်ရှိကြောင်း ဆက်လက်ဖွင့်ဆိုထားသည်။ အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့်ကြေညာစာတမ်း(UDHR)နှင့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်(ICCPR)တို့သည် ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ကို အာမခံချက်ပေးထားသော  သဘောတူစာချုပ်ကြီးများဖြစ်သည်။ မြန် မာနိုင်ငံအနေဖြင့် ပြည်သူ့ရေးရာ နှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်(ICCPR)ကို လက်မှတ်ရေးထိုးထားခြင်းမရှိသေးပါဘဲ လက်မှတ်ရေးထိုးနိုင်ရန်အတွက် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းအသီးသီးတို့က တိုက်တွန်းနှိုးဆော်လျက်ရှိသည်။ ထို့အတူ အာဆီယံလူ့ရပိုင်ခွင့် ကြေညာစာတမ်းတွင်လည်း ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ကို ဖော်ပြထားသည်။ မြန်မာနိုင်ငံကလည်း သဘောတူညီထားသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၊ အခန်း ၈၊ နိုင်ငံ သားများ၏ မူလတာဝန်နှင့်အခွင့်အရေးများ၊ ပုဒ်မ ၃၅၄ တွင်‘ထုတ် ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’နှင့် ပတ်သက်၍ ဖော်ပြထားသော်လည်း ပြဋ္ဌာန်းချက်ပါ အချက်အလက်များတွင် ခြွင်းချက်များပါဝင်နေခြင်းနှင့် အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့် စံချိန်စံညွှန်းများဖြင့် မကိုက်ညီသောကြောင့် ‘ပေးကားပေး၏ မရ’ ဟု အပြစ်တင် ဝေဖန်ခြင်းနှင့် မေးခွန်းထုတ်ခြင်း ကို ခံနေရသည်။

ထို့အတူ ‘ထုတ်ဖော်ပြောဆို မှု လွတ်လပ်ခြင်း’ကို ကန့်သတ်၊ နှောင့်ယှက်၊ ဟန့်တားနေသော တည်ဆဲဥပဒေများလည်း မြန်မာ နိုင်ငံတွင် များပြားစွာရှိနေသည်။ ယင်းတို့သည် ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ကို ကန့်သတ်နေသောကြောင့် လူတစ်ဦးချင်းတစ်ယောက်ချင်းမှအစပြု၍ မီဒီယာ၊ စာပေ၊ အနုပညာနှင့်  အခြားသော နယ်ပယ်ကဏ္ဍအသီးသီး၏ ဖြောင့်မတ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည်။ ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ကြောင့် ဖြစ်ထွန်းရမည့် ရလဒ်ကောင်းများဖြင့် ဝေးကွာနေရမြဲဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် နှင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းနှစ် များတွင် ‘ထုတ်ဖော်ပြောဆိုမှု  လွတ်လပ်ခြင်း’ ရှိလာသည်ဟု ပြောဆိုတတ်ကြသည်။

ယင်းသည် ၂၀၁၀ ပြည့်နှစ်  မတိုင်မီကာလအခြေအနေများဖြင့် နှိုင်းယှဉ်၍ ပြောဆိုကြခြင်းသာဖြစ်သည်။ ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’၏ ပေးထားချက်၊ ယူဆချက်၊ သဘောတရား၊ စံနှုန်းများဖြင့် ယှဉ်ထိုးသုံးသပ်ကြခြင်း မဟုတ်ပါ။ ပြည့်ဝသော ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ ဟုတ်၊ မဟုတ် အကဲဖြတ်သည့် ညွှန်းကိန်းများသည် နိုင်ငံတကာစံချိန်စံညွှန်းများအဖြစ် ခိုင်မာစွာ ရှိသည်။ ယင်းတို့မှာ ဥပဒေဆိုင်ရာ အခြေခံအဆောက်အအုံ ညွှန်းကိန်း(Structural)၊ လုပ်ထုံးလုပ်နည်းဆိုင်ရာညွှန်းကိန်း (Process) နှင့်  ရလဒ်ဆိုင်ရာညွှန်းကိန်း (Outcome)တို့ဖြစ်ပါသည်။ ရပိုင် ခွင့်ဆိုင်ရာကျွမ်းကျင်သူများနှင့် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများသည် ထိုညွှန်းကိန်းများဖြင့်သာ တိုင်းတာအကဲဖြတ်၍ ‘ထုတ်ဖော်ပြောဆိုခွင့် လွတ် လပ်ခြင်း’ရေချိန်ကို ကြည့်ကြမည် ဖြစ်သည်။ ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ရရှိသည်ဟု မှတ် ကျောက်တင်ခံနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ပါ ပြဋ္ဌာန်းချက်မှစ၍ တည်ဆဲဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖျက်သိမ်းခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်း တို့ကို ဆောင်ရွက်ရမည်။ ဥပဒေအတိုင်း မှန်ကန်စွာဆောင်ရွက်နိုင်မည့် လုပ်ထုံးလုပ်နည်းကောင်းများ မှန်ကန်အားကောင်းရန်လိုမည်။ ယင်း၏ နောက်ဆက်တွဲအကျိုးအဖြစ် ရလဒ်ဆိုင်ရာညွှန်းကိန်းတွင် ရလဒ်ကောင်းများရရှိလာမည်။ သို့မှသာ နှစ်ပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့ရသော၊ လက်လွတ်ဆုံးရှုံးခဲ့ရသော ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’သည် မူလပိုင်ဆိုင်သူ ပြည်သူ့လက်ဝယ် သို့ မှန်ကန်ပြည့်ဝစွာ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ အာမခံချက်အပြည့်အဝရှိသော ‘ထုတ် ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ လည်း ဖြစ်လာမည်။ ဒီမိုကရေစီ အုတ်မြစ်လည်း ခိုင်ခံ့လာမည်။

ဟန်ဇော်

(အဆိုပါဆောင်းပါးကို 7Day News Daily တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ဖော်ပြပါရှိခဲ့သည်။)