အရေးပါသောနှစ်ကာလ(3-ACT)

3-ACT ရုပ်ရှင်မဂ္ဂဇင်း အမှတ် ၅

၂၀၂၀ ပြည့်နှစ်သည် ကိုယ့်အတွက် အလွန်အရေးပါသောနှစ်တစ်နှစ်ဖြစ်သည်။

ကိုယ်ဝါသနာကြီးသည့်၊ ကိုယ်အသက်မွေးဝမ်းကြောင်းလိုသည့် စာပေ၊ အနုပညာ၊ ရုပ်ရှင်လုပ်ငန်းများအတွက် စာပေအလုပ်၊ အနုပညာအလုပ်ကို ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နာရီပေါင်းများစွာ အချိန်ပေး၍ ကိုယ်စွမ်းရှိသ၍ ဉာဏ်စွမ်းရှိသ၍ အားထုတ်နိုင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ် ၁၀ နှစ်တာကာလအတွင်း ၂၀၂၀ ပြည့်နှစ် ဇွန်မှ ဒီဇင်ဘာအထိလများသည် ကိုယ့်အတွက် စိတ်အချမ်းသာဆုံး၊ အကျေနပ်ဆုံးအချိန်များဖြစ်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဆုံးဖြစ်ခဲ့သကဲ့သို့ ၁၀ နှစ်အတွင်း အကျေနပ်ရဆုံးသော ကာလတစ်ခုလည်းဖြစ်သည်။

ထိုသို့သော ကျေနပ်ရသည့်များထဲတွင် 3-ACT လည်း တစ်ခုအပါအဝင်ဖြစ်သည်။ 3-ACT သုံးနှစ်၊ စာအုပ် ၅ အုပ်၊ အမှတ်တရပေါင်းများစွာ ရှိသည်။ အယ်ဒီတာအဖြစ် ဘ၀ဖြတ်သန်းရသည့်အချိန်များစွာအနက် 3-ACT အယ်ဒီတာဘ၀ကို အကျေနပ်ဆုံးဖြစ်သည်။

ယခုလည်း 3-ACT #5 မှာ ဆောင်းပါးများ ရေးနိုင်ခဲ့သကဲ့သို့၊ စာတည်းအလုပ်ကိုလည်း ကောင်းမွန်စွာလုပ်နိုင်ခဲ့ပါသည်။ မြန်မာသို့ ရုပ်ရှင်စရောက်သည့် ၁၉၂၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ် ခရီးလမ်းကို Aung Phyoe အောင်ဖြိုးနှင့်အတူ ရေးသားရသည်မှာ အလွန်ကျေနပ်စရာဖြစ်သည်။ စာအုပ်ပေါင်းများစွာ၊ အချက်အလက်ပေါင်းများစွာ၊ ဝက်ဘ်ဆိုဒ်ပေါင်းများစွာ၊ ဆွေးနွေးငြင်းခုန်မှုပေါင်းများစွာ၊ အွန်လိုင်းအစည်းအဝေးပေါင်းများစွာဖြင့် ရက်ပေါင်းနာရီပေါင်းများစွာ ကြာခဲ့သည်။ ကိုအောင်ဖြိုးနှင့် ကျနော်တို့ ခွန်အားရှိသ၍ အားထုတ်ထားသည့်၊ Moe Myat May ZarChi မိုးမြတ်မေဇာခြည်နှင့် Zune Ei Htet ဇွန်အိထက်တို့ ပံ့ပိုးထားသည့် အရည်အသွေးများဖြင့် ကိုယ်ကျေနပ်နိုင်သော အထူးဆောင်းပါးတစ်ပုဒ်ဖြစ်လာသည်။

ကိုယ့်ဆန္ဒ၊ ကိုယ့်စိတ်ကူးဖြစ်သည့် မြန်မာ့ရုပ်ရှင်တွင် ရှိခဲ့သော ပထမဆုံးအကြောင်းအရာတွေကို ခွန်အားရှိသ၍ ရေးခွင့်ရနေခြင်း၊ ၀ဿန်ရုပ်ရှင်ပွဲတော် ၁၀ နှစ်ပြည့် အကြောင်းရေးသားနိုင်ခြင်းတို့သည် ကျေနပ်စရာများဖြစ်သည်။ ( ၂၀၁၀-၂၀၂၀၊ ၁၀ နှစ်တာကာလအတွင်း ၀ဿန်ရုပ်ရှင်ပွဲတော်နှင့်ပတ်သက်ခဲ့သည်များအတွက် ကျေနပ်ရသည်များ သီးခြားရှိပါသေးသည်။ ၂၀၂၀ ပြည့်နှစ်၊ ၁၀ နှစ်ပြည့် ၀ဿန်ရုပ်ရှင်ပွဲတော်မှာ ပါဝင်ခွင့် ရခဲ့ခြင်းသည်လည်း ကိုယ့်ရဲ့ ၂၀၂၀ ပြည့်နှစ်အကျေနပ်ဆုံးကာလဖြစ်ပါသည်။ Thu Thu Shein သူသူရှိန်၊ Thaid Dhi သိဒ္ဓိ၊ Myo Min Khin ကိုမျိုးမင်းခင်၊ Moe Thorn ကိုအောင်ကိုတို့ကို ကျေးဇူးတင်ရပါသည်။)

ထို့အပြင် 3-ACT ဖြင့်အကြောင်းပါ၍ အလုပ်အတူတွဲလုပ်ခွင့်ရခဲ့သောသူများ၊ ရင်းနှီးကျွမ်းဝင်ခဲ့သူများ များစွာရှိလာပါသည်။ ထိုသူများအားလုံးကိုလည်း ကျေးဇူးတင်ရသကဲ့သို့ မိတ်ကောင်းဆွေကောင်းတိုးပွား၍ မင်္ဂလာရှိလှပါသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက်၊ ည ၈ နာရီမှာ 3-ACT #5 မိတ်ဆက်ပါမည်။ မြန်မာ့ရုပ်ရှင်ရာပြည့်အလွန် ရုပ်ရှင်ပညာရေးအကြောင်းကို ကိုမင်းထင်ကိုကိုကြီး၊ မခင်ထွေးငယ်၊ မိုးမြတ်မေဇာခြည်၊ ပြည့်ဇော်ဖြိုး၊ နေဝန်းနီ၊ လင်းထက်အောင်တို့နှင့်အတူ ပါဝင်ဆွေးနွေးမည်။

ဆုံကြ ပြောကြ ဆွေးနွေးကြပါစို့။

ဟန်ဆန်း