အရေးပါသောနှစ်ကာလ(မြန်မာဝီကီပီးဒီးယား)

မြန်မာဝီကီပီးဒီးယား လိုဂို

၂၀၁၀ – ၂၀၂၀ – ၁၀ နှစ်တာ ကာလအတွင်း အလွန်သေးငယ်သော အမှုန်လေးတစ်မှုန်အဖြစ် မြန်မာဝီကီပီးဒီးယားတွင် ပါဝင်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် အလွန်သေးငယ်သော အမှုန်အဖြစ်ပါဝင်ပါသည်ဟု နှိမ့်ချရခြင်းအကြောင်းအရင်းမှာ မြန်မာဝီကီတွင် အုတ်တစ်ချပ်အဖြစ် ထုထည်ကြီးမားစွာ ပါဝင်နေသူများကို လေးစား၍ ဖြစ်ပါသည်။ သူတို့စွမ်းဆောင်နိုင်ရည်များဖြင့် ယှဉ်လိုက်ပါက ကိုယ့်အားထုတ်မှုသည် အလွန်နည်းပါ၍ ဖြစ်သည်။

ဝီကီရေးသားခြင်းကြောင့် ရေးသားသူသည် စာမူခကဲ့သို့ ငွေကြေးမရနိုင်ပါ။ ဉာဏ်ပူဇော်ခ တစ်စုံတရာမရပါ။ အချိန်ပေးရသည်။ ကိုယ့်အသိပညာအား မျှဝေလိုခြင်းအခံစိတ်၊ ပရဟိတစိတ် ထားရသည်။ အချက် အလက်ကို အားပြုရသည်။ ထင်မြင်ချက်များ၊ ယူဆချက်များ၊ ခံစားချက်များ ပါဝင်ရေးသား၍ မရနိုင်ပါ။ အကြောင်းအရာတစ်ခုကို ရေးသားပြီးသောအခါ ငါ့ဟာ၊ ငါရေးတာ၊ ငါ့မူပိုင်၊ ငါ ငါ ဆိုသောအတ္တကို စွန့်ရသည်။ စုပေါင်းရေးသားကြသည်။ စုပေါင်းဖြည့်စွက်ကြသည်။ စုပေါင်းတည်းဖြတ်ကြသည်။ ဉာဏ်ပညာ ပရဟိတကို ဖြည့်ကြခြင်းဖြစ်သည်။

မြန်မာဝီကီကို အင်ပြည့်အားပြည့်ပါဝင်နေသော အုတ်ချပ်များ ရှိပါသည်။ ကျနော် သိသ၍သာဖြစ်မည်။ ကျနော့်မသိခြင်းကြောင့် ကျန်သူများ ရှိနိုင်ပါသည်။ ကိုမြတ်သွင်၊ ကိုဇော်သက်အောင်၊ ကိုမောင်ဆန်း၊ ကိုရဲဇာနည်အောင်၊ ကိုကြည်ဖြိုးထက်၊ မရွှန်းမီ၊ ကိုပိုင်ခန့် အစရှိသူများ ဖြစ်ပါသည်။ မြန်မာဝီကီနှင့်ပတ်သက် ၍ ချန်လှပ်ထားရန် မရနိုင်သူများ ရှိပါသည်။ ကိုငွေထွန်း၊ ကိုဇော်ထွဋ်၊ ကိုရာဗီ၊ ကိုသင်ကာ၊ ကိုအောင်ကျော်မိုး(ကွယ်လွန်ရှာပြီ)၊ ကိုမြင့်ကျော်၊ ကိုမင်းသိန်း၊ ကိုဖုန်းမြင့်ခိုင် အစရှိသူများဖြစ်ပါသည်။

စာရေးသားခြင်းအလုပ်နှင့်ပတ်သက်၍ ဝီကီရေးသားခြင်းကို ကျနော်က ထည့်သွင်းထားပါသည်။ ဝီကီတွင် ကျနော်ပါဝင်ရေးသားနိုင်မှု၊ အားထည့်နိုင်မှုသည် အထက်က မိတ်ဆွေများ၏ အားထုတ်မှုဖြင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်ပါသည်။ သို့ပေတိ ကျနော့် စာရေးခြင်း၊ တည်းဖြတ်ခြင်း အလုပ်အဖြစ် ထည့်သွင်းထားပါသည်။

လောဘကင်းစွာ၊ မောဟကင်းစွာ စာရေးခြင်းဖြင့် ပရဟိတပြုနိုင်ပါသဖြင့် အမှုန်တစ်မှုန့်ဖြင့် ပါဝင်ပါသည်။ စာရေးခြင်းအလုပ်ကို ကျနော်သည် လမ်းကြုံ၍ လုပ်ခဲ့ခြင်းမဟုတ်ပါ စနစ်တကျလာခဲ့ခြင်း ဖြစ်ပါသည်။

ဟန်ဆန်း