Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဂါစီယာ မားကွက်စ် ဆိုသူမှာ

Posted on June 12, 2019September 3, 2025 by Han Sann

ဂါစီယာ မားကွက်စ် (Photo by Jose_Lara)

ဂါစီယာ မားကွက်စ် ဆိုသူမှာ စာပေဆိုင်ရာ နိုဘယ်ဆုရရှိထားသော ကိုလံဘီယာ စာရေးဆရာတစ်ဦးဖြစ် သည်။ သူသည် လုံးချင်းဝတ္ထုရှည်များ၊ ဝတ္ထုတိုများ၊ ပြဇာတ်များကို ရေးသားခဲ့ပြီး သတင်းစာဆရာအဖြစ် လည်း အသက်မွေးခဲ့သူဖြစ်သည်။ သူ၏ စာပေသမားဘဝအစကို သတင်းစာဆရာအဖြစ်စတင်ခဲ့သော် လည်း ရသစာပေရေးသားသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

ကိုလံဘီယာအမျိုးသားတက္ကသိုလ်တွင် ဥပဒေပညာရပ်ကို လေ့လာနေရင်း သတင်းစာဆရာဘဝကို စတင်ခဲ့ သည်။ ဒေသအတွင်း ထုတ်ဝေသည့် သတင်းစာတစ်ခုတွင် ပင်တိုင်ရေးသားခဲ့သည်။ ထိုသို့ရေးသားနေရင်း ကိုလံဘီယာ၏ စာရေးဆရာများ၊ သတင်းစာဆရာများနှင့် အတွေးအခေါ်ပညာရှင်များဖြင့် စုစည်းထား သည့် Barranquilla Group ၏ တက်ကြွလှုပ်ရှားသောအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ထိုအဖွဲ့သည် ၂၀ ရာစု အလယ်ခေတ်၌ အသိပညာဆိုင်ရာနှင့်စာပေရေးရာများဖြင့် ထင်ရှား၍ အင်အားကြီးသောအဖွဲ့တစ်ခုဖြစ် သည်။ ထိုအဖွဲ့မှရရှိသော စိတ်ကူးစိတ်သန်းများနှင့်စေ့ဆော်မှုများသည် မားကွက်စ်ကို ရသစာပေဖန်တီးစေ ရန် တွန်းအားပေးခဲ့သည့် တွန်းအားများဖြစ်ခဲ့သည်။

သူ၏ လုံးချင်းဝတ္ထုရှည်ဖြစ်သည့် One Hundred Years of Solitude သည် ကမ္ဘာ့စာပေအသိုက်အဝန်း ၌ထင်ရှားပြီး ၂၀ ရာစုရသစာပေ၏ ပါရမီထူးသော၊ ထင်ရှားကျော်ကြားသော စာရေးဆရာအဖြစ် မားကွက်စ်ကို အသိအမှတ်ပြုခဲ့ကြသည်။ One Hundred Years of Solitude ကို ၁၉၆၇ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး The Autumn of the Patriarch(1975), Love in the Time of Cholera(1985)တို့ သည်လည်း မားကွက်စ်၏ ထင်ရှားသော လုံးချင်းဝတ္ထုများဖြစ်သည်။

သူ၏စာပေရေးဟန်သည် ပဉ္စလက်သရုပ်မှန်(Magic Realism) ရေးဟန်ဖြစ်သည်ဟု တံဆိပ်ကပ်ကြပြီး သူ၏စာအုပ်များသည်လည်း ပဉ္စလက်သရုပ်မှန်များသာဖြစ်သည်ဟု ဆိုကြသည့်အပြင် ပဉ္စလက်သရုပ်မှန် ကို ကျွမ်းကျင်ပိုင်နိုင်သူအဖြစ် သတ်မှတ်ကြသည်။ ၁၉၆၀ ပြည့်နှစ်မှ ၁၉၇၀ ပြည့်နှစ်များအတွင်း စာပေ၊ ကဗျာနှင့်ဝေဖန်ရေးဆိုင်ရာများတွင် ထမြောက်အောင်မြင်ခဲ့ကြသောသူများကို လက်တင်အမေရိက၏ မြည်ဟိန်းသံများ(Latin American Boom) အဖြစ်တင်စားပြောဆိုကြသည်။ ထိုသို့ တင်စားပြောဆိုကြ သည်များထဲတွင် ဂါစီယာ မားကွက်စ်လည်း ပါဝင်သည်။ ၁၉၈၂ ခုနှစ်တွင် စာပေဆိုင်ရာနိုဘယ်ဆုကို မားကွက်စ်ရရှိခဲ့သည်။ ကိုလံဘီယာ၏ ပထမဦးဆုံး စာပေဆိုင်ရာနိုဘယ်ဆုရှင်ဖြစ်ခဲ့ပြီး လက်တင်အမေရိက၏ ၄ ဦးမြောက် စာပေဆိုင်ရာနိုဘယ်ဆုရှင် ဖြစ်ခဲ့သည်။

မားကွက်စ် ရေးသားခဲ့သည့် Chronicle at a Death Foretold ကို မြသန်းတင့်က မရဏအိပ်မက်တစ်ခု၏ မှတ်တမ်းအမည်ဖြင့် ဘာသာပြန်ဆိုခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ကာ ဒုတိယအကြိမ်ကို ၂၀ဝ၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထို့အတူ မားကွက်စ်၏အကောင်းဆုံးစာပေလက်ရာဖြစ်သည့် One Hundred Years of Solitude ကို သင့်လူက ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ အမည်ဖြင့်ဘာသာပြန်ဆိုခဲ့ပြီး ၂၀၁၂ခုနှစ် အောက်တိုဘာတွင် ထုတ်ဝေခဲ့သည်။ ထို့အတူ ဂါစီယာ မားကွက်စ်၏ လက်ရွေးစင် ဝတ္ထုတိုများအမည်ဖြင့် မြသန်းတင့်၊ ကျော်လှိုင်ဦး၊ မောင်ရဲခိုင်၊ ကောင်းသာ၊ မောင်သစ်ဆင်း၊ မောင်သာမညနှင့်ညီသစ်တို့၏ ဘာသာပြန်လက်ရာများဖြင့် ၂၀ဝ၂ ခုနှစ်က ထုတ်ဝေခဲ့ကြောင်းသိရသည်။ ဂါစီယာ မားကွက်စ်ကို ၁၉၂၇ ခုနှစ်၊ မတ် ၆ ရက်တွင် မွေးဖွားခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် မက္ကစီကိုမြို့ရှိ သူနေထိုင်ရာအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၇ ခုနှစ်အရွယ် ရှိပြီဖြစ်သည်။

ဟန်ဆန်း

ကိုးကား

၁။ www.wikipedia.org

၂။ www.nytimes.com

၃။ စာရေးဆရာမ မြူမြူ ထံမှရရှိသည့် အချက်အလက်များ

အလင်းတန်းဂျာနယ်(မေလ၊ ၂၀၁၄ ခုနှစ်)တွင် ဖော်ပြခဲ့သည်။

Category: Literature

Post navigation

← တိုက်ဆိုင်မှုအစစ် ဖန်တီး‌ပေးခဲ့သလိုပါပဲ
ဂါစီယာ မားကွက်စ်၊ သူ၏လုံးချင်း၀တ္ထုနှင့်ရုပ်သံဇာတ်လမ်းတွဲ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme